နိုင်ငံတကာရေးရာ

မောင်ဥက္ကလာ – မတွေးဝန့်စရာ – နတ်ကြီးတဲ့ ဖေ့ဘုတ်၊ အချစ်အတွက်ဆို

မောင်ဥက္ကလာ – မတွေးဝန့်စရာ – နတ်ကြီးတဲ့ ဖေ့ဘုတ်၊ အချစ်အတွက်ဆို

ထွေထွေရာရာ ဤကမ္ဘာ (သြဂုတ်လ ၂၂၊ ၂၀၁၄)

ဤမြေကမ္ဘာ လူထဲကလူတွေရဲ့  မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိတ်ဆွေစာဖတ်သူများဖတ်ဖို့ မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

 

အပစ်မတော် တစ်ချက်

ဖေ့ဘုတ်အပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ကြွားဝါကြ၊ တာဝန်တစ်ခု၊ အလုပ်ကြီးတစ်ခုလို မိုးလင်းမိုးချုပ် တနေကုန် အချိန်ပေးပြီး ဘာလုပ်နေတယ်၊ ဘယ်ရောက်နေတယ်၊ ဘာစားနေတယ်၊ ဘယ်လို ခံစားနေရတယ်၊ ဘာရောဂါဖြစ်နေတယ် စုံလို့ပုံလို့ ဓါတ်ပုံတွေရိုက်တင်၊ ဗီဒီယိုတွေတင်နဲ့ အလုပ်ရှုပ်နေကြတဲ့ လူတချို့ ကို တွေ့ဖူးကြုံဖူးကြမှာပါ။ အသိမိတ်ဆွေကတစ်ယောက် ပြောတယ် … ဒီလူတွေ ကျောင်းစာကို အဲဒီလို အချိန်ပေးပြီးလုပ်ကြရင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီး ဟားဗတ် (Harvard University)၊ အော့စဖိုဒ် (Oxford) တို့ကို တိုးချဲ့ ပြီး လက်ခံရလိမ့်မယ်။ ငွေရတဲ့ အလုပ်လုပ်ဆိုလည်း အဲဒီလောက် အချိန်အားစိုက်ပြီး လုပ်ကြရင် ရလိုက်မယ်ငွေတွေ ထားစရာတောင် ရှိမှာမဟုတ်ဘူးတဲ့။ သူပြောတာ မှန်သလိုလို။ [စာရေးသူ]

ဒီလို ဖေ့ဘုတ်ဘော်ဘော်တွေ ကြိုက်အောင် (Like)၊ သဘောကျ၊ သဘောမတူတာတွေ (Comment) ရေးအောင်၊ စိတ်ထဲကလိကလိဖြစ်အောင် စာတွေ၊ ပုံတွေကို တမျိုးနဲ့တမျို မရိုးအောင် တင်ကြတဲ့အထဲမှာ မက်စီကိုနိုင်ငံ၊ မက်စီကိုမြို့  (Mexico City) နေ အသက် (၂၁) နှစ်အရွယ်၊ အော်စကာ အဂူလာ (Oscar Aguilar) တစ်ယောက်လည်း အပါအဝင်။ တနေ့  သူငယ်ချင်းတစ်စုနဲ့ အရက်သောက်နေချိန် သူလုပ်နေကြအတိုင်း ဓါတ်ပုံရိုက်ပြီး ဖေ့ဘုတ်တင်မယ်ပေါ့။ ဒီတကြိမ်တော့ ခပ်မိုက်မိုက်လေး ပိုဖြစ်အောင် သူ့ကိုယ်ပိုင်သေနတ်နဲ့ ပို့စ်အမျိုးမျိုးပေးရိုက်မယ်ဆိုပြီး သေနတ်ကို နားထင်တေ့ပြီး ‘တွေ့လား ပစ်လိုက်မယ်၊ သေသွားမယ်၊’။ ဒီစတိုင်ဆို ကောင်မလေးတွေ ပိုခိုက်မလား၊ ကြိုက်မလား။ သူ မကြည်တဲ့သူတွေဆိုရင် တွေ့လား ဒါဘာလဲ ဆိုတဲ့ အတွေးရူးနဲ့ Selfie ကိုယ်ပုံကိုယ်ရိုက်လုပ်နေတုန်း သေနတ်ကျည်ပေါက်ပြီး သူ့အတွေးတွေ အကုန်လုံး ပွင့်ထွက်သွားတော့တယ်။ အိမ်နီးနားချင်းတွေက သေနတ်သံကြောင့် ရဲကို အကြောင်းကြားလိုက်တာကြောင့် ရဲနဲ့ ဆေးရုံကားတွေရောက်ရှိလာချိန်မှာတော့ နားထင်ပွင့် သေဆုံးနေတဲ့ အော်စကာ အလောင်းကို တွေ့ရတယ်။ သေနတ်ဆိုတာ မဆော့ရဘူး၊ နတ်ကြီးတယ်ဆိုတာ ဒီကောင်လေး မသိဘူးလားနော်။  [New York Post သတင်း]

 

အသွားမတော် တလှမ်း

သူများတွေနဲ့ တမူးထူးခြားအောင် လုပ်ကြတဲ့ ချစ်သူစုံတွဲတွေကို ကြားဖူးတွေ့ဖူးကြမှာပါ။ လေယာဉ်ပေါ်က လေထီးနဲ့ ခုန်ချပြီး မင်္ဂလာပွဲ ဆင်နွှဲကြသူတွေ၊ ရေအောက်ငုပ်ပြီး ချစ်ကတိသစ္စာပြုကြတဲ့ ချစ်သူတွေ၊ တောင်ထိပ်တက်ပြီး တောင်းဆုပြုကြသူတွေနဲ့ အမျိုးမျိုးစုံလို့။ စာဖတ်သူတွေကော ဘယ်လို ထူးထူးဆန်းဆန်းတွေ လုပ်ကြလဲ။ အရင်ခေတ်တွေ၊ ရုပ်ရှင်တွေထဲမှာတော့ မြန်မာအတွဲတွေက ဘုရားသွားကျောင်းတက် ဆုတောင်းသစ္စာပြုကြတယ်နော်။ [စာရေးသူ]

ဒီလို ထာဝရအမှတ်တရဖြစ်အောင် လုပ်ကြပြုကြသူတွေအထဲ အရှေ့ ဥရောပ ပိုလန်နိုင်ငံက စုံတွဲကလည်း ထူးထူးခြားခြား၊ ဆန်းဆန်းပြားပြား လုပ်ပြချင်လို့လားမသိ။ နိုင်ငံတကာခရီးသွားတွေ အလည်အပတ် အသွားများတဲ့ ပေါ်တူဂီနိုင်ငံ အနောက်ဖက်ကမ်းခြေရှိ ခဘိုဒရိုခ (Cabo da Roca) တောင်ထိပ်တက်ပြီး  ချောက်ကမ်းပါးမှာ သည်းထိပ်ရင်ဖို Selfie ကိုယ်ပုံကိုယ်ရိုက်လုပ်နေတုန်း ခြေချော်လက်ချော်ဖြစ်ပြီး ကံဆိုးစွာနဲ့ ချောက်ကမ်းပါး အောက်ဖက် လှိုင်းထန်နက်ရှိုင်းတဲ့ အတ္တလန်တစ်သမုဒ္ဒရာထဲကျ ရေနှစ်သေဆုံးခဲ့ကြတယ်။ ကံကောင်းတော့ သူတို့နဲ့အတူတွဲ ဓါတ်ပုံရိုက်ခံကြတဲ့ အသက် (၅) နှစ် (၆) နှစ်အရွယ် သားသမီးများတော့ ချောက်ကမ်းပါးပေါ်မှာ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အခုလောလောဆယ် ခလေးတွေကို ပိုလန်အစိုးရက စောင့်ရှောက်ထားပြီး၊ သူတို့ရဲ့  စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများကို စစ်ဆေးမှုများ ပြုလုပ်နေတယ်။ တောစောင့်တောင်စောင့်နတ်တွေ မကြိုက်တာ ဘာတွေ သွားလုပ်လဲမသိဘူးလို့ တောတောင်နတ်ကြီးတယ်လို့ ယုံကြတဲ့ ရွှေမြန်မာတွေက ပြောမှာသေချာတယ်။ (Washington Post သတင်း)

 

ချစ်တာတခုပဲ သိတယ်

တစ်ညတာ မခွဲခွါနိုင်တဲ့ အသက် (၂၂) နှစ်အရွယ် ကိန္နရီမလေး အလီရှာ ဝါလစ်ခ် (Alicia Walicke) တစ်ယောက် သူ့ကြောင့် အကျဉ်းစံနေရတဲ့ မောင်တော်ကို တွေ့မြင်ချင်တဲ့စိတ်၊ ထိန်းမနိုင်သိမ်းမနိုင် တောက်လောင်လာတာကြောင့်  အကြံကုန် ဂဠုန်ဆားချက် ဥာဏ်တစ်ထွာတစ်မိုက်နဲ့ စွန့်စားခန်း ဝင်တော့တယ်။ သူနေထိုင်ရာ တက်ဆက်ပြည်နယ် (Texas) အောင်စတင်မြို့  (Austin) ရှိ ဓါတ်ဆီဆိုင်တစ်ဆိုင်ကိုဝင်ပြီး တန်းဖိုး (၃) ဒေါ်လာ (၉၉) ပြားတန် ဝိုင်းအရက်တစ်ပုလင်းကို ဗြောင်ခိုးယူသွားတယ်။ ဒီလို ပေါ်တင်ကြီး ပီပြင်တဲ့ လုပ်ရပ်ကြောင့်၊ ဆိုင်ရှင်က ရဲကို ချက်ချင်းအကြောင်းကြား ခေါ်လိုက်တယ်။ ရဲတွေ ရောက်ရှိလာတော့ ဘယ်မှမပြေးဖို့ အကြံအစည်းရှိတဲ့ အလီရှာကို ဆိုင်နောက်ဖက် ကားရပ်နားရာနေရာမှာ အေးအေးဆေးဆေး ဝိုင်းအရက် သောက်နေတာကို တွေ့ရှိပြီး ဖမ်းဆီးလိုက်တယ်။ အဲဒီအခါမှ ရဲသားကြီးတွေလည်း အလီရှာရဲ့   ရင်နာစရာ ဇာတ်ကြောင်းစုံကို သိရတော့တယ်။ ရဲတွေက သူကို ဝိုင်းအရက်ပုလင်း ခိုးယူမှုနဲ့ ဖမ်းမှ ထောင်ထဲမှာရှိတဲ့ သူ့ချစ်သူနဲ့ပြန်ဆုံ အတူနေနိုင်မယ်ပေါ့။ သူထင်တဲ့အတိုင်း ရဲက အလီရှာကို ဝိုင်းအရက်ပုလင်း ခိုးမှုနဲ့ ဖမ်းဆီးအရေးယူခဲ့ပြီး၊ လူမြင်ကွင်းမှာ သောက်စားမူးယစ်မှုအတွက်လည်း ဒဏ်ငွေ ဒေါ်လာ (၅၀၀၀) ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်လိုက်တယ်။

အကျဉ်းစံနေတဲ့ သူမောင်တော်နဲ့ တွေ့ခွင့်ရမရကို ရဲက ဘာမှ ထုတ်ဖော်မပြောကြားဘူး။ သေချာတာကတော့ အမျိုးသားအကျဉ်းထောင် နဲ့ အမျိုးသမီးအကျဉ်းစခန်းတို့က တနေရာစီဖြစ်တယ်။ ဘယ်ထောင်မှ အမျိုးသားနဲ့ အမျိုးသမီး အတူရောမထားဘူး။ ဒီလို ဥာဏ်နီဥာဏ်နက်ကောင်းကြောင့် ဒဏ်ငွေများစွာဆောင်ရပြီး ရက်ပေါင်းများစွာ ဝေးကွာနေရအုံးမယ့် အကြံကြီးတဲ့ ကိန္နရီမလေးဘဝ သနားစရာနော်။ (Fox သတင်း)

 

ရွှေလည်တိုင်ကို အနမ်းပေးချင်တယ်

ခိုင်ထူးရဲ့  ရွှေလည်တိုင်သီချင်းကြောင့် ဒီလို ဖြစ်သွားလားမသိ။ အမေရိကန်အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် (California) သူလေး အသက် (၂၄) နှစ်အရွယ် အမန်ဒါ ဟော် (Amanda Hall) တစ်ယောက်ရဲ့  အချစ်က အထူးအဆန်းလို့ ဘယ်သူငြင်းမလဲ။ သူက လည်ပင်ရှည်ရှည်၊ အရပ်မြင့်မြင့်၊ ထောင်ထောင်မောင်းမောင်း ရှိသူကို နှစ်ခြိုက်သူ ဖြစ်တယ်လို့ ပြောလို့ရတယ်။

ဒါကြောင့် တညနေ အမေရိကန်အလယ်ပိုင်း ဝစ်ကွန်ဆင်ပြည်နယ် (Wisconsin)၊ မဒီဆင်မြို့  (Madison) မှာရှိတဲ့ တိရစ္ဆာန်ရုံထဲကို ဝင်ရောက်လည်ပတ်တယ်။ အစောင့်တွေအလစ်မှာ သူ့ချစ်သူရှိရာ ခြံဝန်ထဲကို ခိုးဝင်လိုက်ပြီး သံတိုင်းကြားမှာ နားဆက်နေတဲ့ အသက် (၂) နှစ်အရွယ်၊ အရပ် (၁၂) ပေမြင့်တဲ့ ဝဲလီ အမည်ရှိတဲ့ သစ်ကုလားအုတ်ကလေးကို အကြင်နာ အားဘွား တစ်ချက်ပေးလိုက်တယ်။ သူဆီကို အဟန့်အတား၊ ရန်အပေါင်းကျော်လွှာပြီး  ရောက်ရှိလာတဲ့ လူသားမင်းသမီးလေးရဲ့  အကြင်နာကို အသိမှတ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ရှည်လျားတဲ့ လျှာကြီးနဲ့ အမန်ဒါမျက်နှာကို တချက်လျက်ပေးလိုက်တယ်။ ချစ်တဲ့ ဝဲလီရဲ့  အနမ်းကို ကျေနပ်ခံစားနေတုန်း၊ ဗြုန်းဆို ဂျာမဏီတိုက်စစ်မှုးရဲ့  ကန်ချက်ထက် ပြင်းထန်တဲ့ ဝဲလီရဲ့  ကန်ချက်ကြောင့် အမန်ဒါ မျက်နှာထူပူပြီး ကြယ်မြင်လမြင် ဖြစ်သွားတော့တယ်။ တိရစ္ဆာန်ရုံအစောင့်တွေ အချိန်မီရောက်ရှိလာလို့ ကံကောင်းလို့ မသေ သံချောင်းတို့အမေ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ တားမြစ်နယ်မြေထဲ ကျူးကျော်ခိုးဝင်မှု (တပ်မြေဆို ပိုဆိုးသွားမယ်)၊ တိရစ္ဆာန်များကို နှောက်ယှက်မှုနဲ့ ဖမ်းဆီးပြီး၊ ဒဏ်ငွေ ၆၈၆ ဒေါ်လာ ပေးဆောင်စေတယ်။ ဝိုင်းအရက်ပုလင်းခိုးတဲ့ အလီရှာ ပေးဆောင်ရတဲ့ ဒဏ်ငွေလောက် မများပေမယ့် သူ့ခင်မျာ မျက်နှာထူထူပူပူနဲ့ ပေးဆောင်ရတာပဲ။

ကိုကို giraffe သစ်ကုလားအုတ်တွေက kiss (အားဘွား) ပေးပြီးရင် kick (ဗြစ်ကနဲ့ဖြစ်အောင် ကန်တတ်တာ) ကို ဒီကောင်မလေး မသိတော့ ခံလိုက်ရတာပေါ့။ သစ်ကုလားအုတ်တွေရဲ့  ကန်ချက် ဘယ်လောက်ပြင်းသလဲဆိုရင် အာဖရိက ဆာဟာရသဲကန္တာရမှာ ကျက်စားကြတဲ့ ကေသရာဇာခြင်္သေတွေတောင် မကြာခဏ သစ်ကုလားအုတ်ကန်လို့ သေပွဲဝင်ကြရတယ်။ (ABC သတင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts