တူမောင်ညို သူတို့အာဘော်

တူမောင်ညို – နောက် တစ်လှမ်းဆုတ်ပေးလိုက်ပြီ သတိသာထားကြပေတော့

တူမောင်ညို – နောက် တစ်လှမ်းဆုတ်ပေးလိုက်ပြီ  သတိသာထားကြပေတော့

 (၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်)

သြဂုတ်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ကြတဲ့ (ဗိုလ်) ဦးအောင်မင်းတို့ (UPWC) နဲ့ နိုင်ဟံသာ၊ ဗိုလ်ဂွန်မော်တို့ (NCCT) ညှိနှိုင်းခဲ့ ကြတဲ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မြန်မာ့အလင်း၊ကြေးမုံ၊မြဝတီ အစိုးရပိုင်/စစ်တပ်သတင်းစာတွေကတော့ တညီတညွတ်တည်း အခုလို ခေါင်းစဉ်တပ်ကြပါတယ်။

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းပါ ကွဲလွဲချက်များအား အချောသပ်နိုင်သည်အထိ ဆွေးနွေးသွားမည်” တဲ့။

ပုဂ္ဂလိက မီဒီယာတွေကတော့ တမူထူးခြားစွာ အခုလိုခေါင်းစဉ်တွေတပ်ကြတယ်။

–    “ဖက်ဒရယ်ပြည်ထောင်စုစနစ် ထူထောင်ရန် အစိုးရသဘောတူ” (၇ ရက်နေ့စဉ်သတင်းစာ)

–    “တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်တောင်းဆိုချက် အစိုးရ သဘောတူညီ” (RFA – မြန်မာဘာသာဝဘ်ဆိုဒ်)

–    “ဖယ်ဒရယ်ဖွဲ့စည်းရေး ဆွေးနွေးဖို့ အစိုးရ သဘောတူ” (VOA – မြန်မာဘာသာဝဘ်ဆိုဒ်)

–    “ဖက်ဒရယ်ပြည်ထောင်စု ကို အစိုးရဘက်က လက်ခံ ” (BBC – မြန်မာဘာသာဝဘ်ဆိုဒ်)

–    “ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူ အစိုးရသဘောတူ” (DVB – မြန်မာဘာသာဝဘ်ဆိုဒ်)

–    “ဖက်ဒရယ် ပြည်ထောင်စု စနစ် အစိုးရ လက်ခံပြီ” (မဇ္ဈိမ – ဝဘ်ဆိုဒ်)

–    “UPWC နှင့် NCCTတို့၏ ဆွေးနွေးပွဲပထမနေ့တွင် NCCT ဘက်ကတင်ပြသည့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး မူ ကို အစိုးရဘက်မှ လက်ခံ” (ELEVEN – ဝဘ်ဆိုဒ်)

မီဒီယာတွေသတင်းခေါင်းစီးတပ်ပုံက သွေးရိုးသားရိုးမှဟုတ်ပါရဲ့လား။ ဒီ သတင်းခေါင်းစီးတွေကို အမှုမဲ့၊ အမှတ်မဲ့၊ ဖတ်လိုက် ရင် “ဖက်ဒရယ်ဖုတ်သွင်းရထားဆိုက်ပြီ” လို့ပင်ထင်စရာရှိပါတယ်။ ဝမ်းသာလွန်းလို့ မျက်ရည်များတောင်လည်ရှာတယ်လို့ ဆိုကြဦးမ လားမသိပါဘူး။

မီဒီယာတွေအနေနဲ့မေးသင့်တဲ့မေးခွန်းတစ်ခုကတော့ စစ်တပ်ပိုင်မြဝတီသတင်းစာမှာ “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ ၆ ရပ် (The six peace principles)” ဆိုပြီးဖော်ပြခဲ့တဲ့ “ကာချုပ်မူ ၆ ရပ်”  ကို  အစိုးရ၊ လွှတ်တော်နဲ့စစ်တပ်ဘက်က လုံးဝဖယ်ရှားရုပ်သိမ်း လိုက်ပြီလား။

“ဖက်ဒရယ်ပြည်ထောင်စုစနစ်” ထူထောင်ရန် ရေခံမြေခံတွေ အစိုးရ/လွှတ်တော်နဲ့စစ်တပ်တို့ ဘက်မှာ ခိုင်ခိုင်မာမာရှိနေပြီ လား။

ပြတ်ပြတ်သားသားပြောနိုင်တဲ့ ပထမအချက်ကတော့ “၂၀၀၈အခြေခံဥပဒေ” တည်မြဲနေသမျှ လူမျိုးစုံပြည်သူများ လိုလား တောင့်တနေတဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလိုလားနေတဲ့ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော  “ဖက်ဒရယ် ပြည်ထောင်စု” လုံးဝ (လုံးဝ) မပေါ်ပေါက်နိုင်ပါ။

ဒုတိယအချက်က  ၁၄ သြဂုတ်ရက်နေ့က နိုင်ငံတော်သမ္မတ(ဗိုလ်) ဦးသိန်းစိန် ၊ ဒုတိယသမ္မတ (၁) စိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ(ဗိုလ်)ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ (ဗိုလ်)ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင် လှိုင်တို့ ပါဝင်တဲ့  “ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC)” အစည်းအဝေးကနေ ဗိုလ်အောင်မင်းတို့(UPWC) အတွက် “မူဝါဒထပ်မံချပေး”လိုက်တဲ့ကိစ္စဖြစ်ပါတယ်။  ဘာတွေချပေးသလဲဆိုတာ အသေးစိတ်မသိနိုင်ပါဘူး။ ဗိုလ်အောင်မင်းတို့တော့ သိမှာပေါ့။

ဗိုလ်အောင်မင်းတို့(UPWC) အတွက်  “မူဝါဒ ထပ်မံချပေး” ပေးလိုက်လို့ ထစ်နေတဲ့ကိစ္စ “အဆင်ပြေ” သွားတဲ့ သဘောဖြစ်ပါ တယ်။ ဘယ်လို “အဆင်ပြေ” သွားတာလဲဆိုတာကတော့ “ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်တဲ့သဘော” လို့ယူဆပါတယ်။ ဒီလိုယူဆ ဖို့ အတွက် ဦးလှမောင်ရွှေ ပြောစကားတွေကို သာဓကပြုလို့ရတယ်။

ဦးလှမောင်ရွှေက အခုလိုပြောတယ်။

“တိုင်းရင်းသားတွေဘက်ကတင်တဲ့ အဆိုပြုတဲ့အထဲမှာ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုလို့ အဆိုပြုတယ်။ ကျနော် တို့ (UPWC) ဘက်ကအဆိုပြုတာကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်နဲ့အညီ ပြည်ထောင်စုစနစ်ကို အခြေခံတဲ့ ဖက်ဒရယ်နိုင်ငံဆောင်ရွက်ရန်ဟာကို ပြန်အဆိုပြုတာ တိုင်းရင်းသားတွေဘက်က လက်ခံတဲ့အတွက် အဲဒီအချက်က ပြီးသွားပြီပေါ့ဗျာ။ အဲဒါကတော့ အဓိကဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေမှာလည်း အားလုံးနီးပါး အဆင်ပြေသွားပါတယ်” လို့ ပြောပါတယ်။

သူပြောသွားတဲ့အထဲမှာသိပ်ရှင်းပါတယ်။

“နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်နဲ့အညီ ပြည်ထောင်စုစနစ်ကို အခြေခံတဲ့ ဖက်ဒရယ်နိုင်ငံဆောင်ရွက်ရန်” တဲ့။

ဒါကို တိုင်းရင်းသားတွေဘက်ကလက်ခံတဲ့အတွက် အဆင်ပြေသွားတာပါလို့ပြောပါတယ်။

တကယ်တော့ “ဖက်ဒရယ်ပြည်ထောင်စုကိစ္စ” ကို ဗိုလ်အောင်မင်းတို့ (UPWC) မှာ ဖြတ်လို့မရတာမို့ “နိုင်ငံရေးဆွေးနွေးပွဲများ မှာဆုံးဖြတ်ကြဖို့ ” ရွှေ့ဆိုင်းလိုက်တာသာဖြစ်ပါတယ်။ single text (မူကြမ်း) ရေးဆွဲရာမှာ  ညှိမရလို့ “နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေး ဖို့ရွှေ့ဆိုင်းလိုက်တာသာဖြစ်ပါတယ်။  ဒီလိုရွှေ့ဆိုင်းလိုက်တာကို မီဒီယာများက သတင်းခေါင်းစီးတပ်နေကြသလို “အစိုးရဘက်က ဖက်ဒရယ်ပြည်ထောင်စု တည် ထောင်ရန် သဘောတူသည်/လက်ခံသည်” လို့ ဘယ်လိုမှပြောလို့မရနိုင်ပါဘူး။ ပြောလို့မဖြစ်သေးပါဘူး။  ဦးလှမောင်ရွှေပြောတဲ့စကား ထဲက  အခရာကျတဲ့စကားစုကတော့ “နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်နဲ့အညီ” ဆိုတာပါပဲ။

“ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” ဆိုတာ  မူကိစ္စဖြစ်ပါတယ်။ မူကိစ္စဆိုတာ ဆွေးနွေးညှိနှိုင်းရတာခက်ခဲပါတယ်။ တစ်ဖက်က  (အစိုးရ/လွှတ်တော်/တပ်မတော်) လို့ ဆိုနေကြတဲ့ ဗိုလ်သိန်းစိန်/ဗိုလ်ရွှေမန်း/ဗိုလ်မင်းအောင်လှိုင် တို့က “၂၀၀၈ အခြေခံ ဥပဒေ” ဆိုတာကို အလျော့မပေးစတမ်း အသေဆုတ်ကိုင်ထားတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်ကလည်း “တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး” ဆိုတာဟာ နှစ်ပေါင်း ၆၀ နီးပါး ကိုင်စွဲတိုက်ပွဲဝင်လာခဲ့တဲ့ကိစ္စဖြစ်ပါတယ်။

မူဆိုင်ရာကိစ္စတွေကို နှစ်ဖက်လုံးက လွယ်လွယ်အလျော့မပေးနိုင်ပါဘူး။ တစ်ဖက်ဖက်က တစုံတရာ အလျော့ပေးလိုက်ရင် တော့ ပြဿနာဟာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားနိုင်ပါလိမ့်မယ်။

သေချာတာတော့ အုပ်စိုးသူအဆက်ဆက်ဘက် (ဖဆပလ- တော်လှန်ရေးကောင်စီ- မဆလ- နဝတ-နအဖ) က “တန်းတူရေး နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး” အရေးအတွက် ဘယ်တုန်းကမှ ဘယ်လိုနည်းနဲ့မှ လိုက်လျောခဲ့ တာမရှိခဲ့ဖူးတဲ့ အချက် ပါပဲ။

ဒါကို “စကားလုံးအရ/ဝေါဟာရအရ” ကပ်သီးကပ်သပ်ငြင်းခုန်နေကြတယ်လို့ ထင်နေတဲ့သူ/ပြောနေတဲ့သူတွေရှိနေပါတယ်။

ပါတီ၊ အဖွဲ့အစည်း၊လူမျိုးအတွက် ရပ်တည်လှုပ်ရှား၊ တိုက်ပွဲဝင်ကြတဲ့အခါမှာ သက်ဆိုင်ရာမူပေါ်လစီ၊သဘောထားတွေကို စကားလုံးတွေနဲ့ရေးသားချမှတ်ကြရတာပါ။ ဆွေးနွေးပြောဆိုထုတ်ပြန်ကြရတာပါ။ စကားလုံးတွေဝေါဟာရတွေမပါဘဲ၊ ဘယ်လိုငြင်းခုန် ကြမလဲ။ ဘယ်လိုဆွေးနွေးညှိနှိုင်းကြမလဲ။ ဘယ်လိုထောက်ခံကြမလဲ၊ ဘယ်လိုကန့်ကွက်ကြမလဲ၊ဘယ်လိုဝေဖန်ကြမလဲ။ အခြေခံကျတဲ့ မူဝါဒပိုင်းတွေကို ညှိနှိုင်းပြေလည်မှုရသွားကြပြီဆိုတဲ့အခါမှတော့ “စကားလုံးတို့ဝေါဟာရတို့” ဆိုတာဟာ လက်အောက်ခံ ပြဿနာဖြစ် သွားတတ်ပါတယ်။  မူကျတဲ့ ပြဿနာမပြေလည်သေးသမျှတော့ စကားလုံးတွေ/ဝေါဟာရတွေနဲ့ ဆွေးနွေးငြင်းခုန်နေကြရဦးမှာပါ။

(ဖဆပလ) (တော်လှန်ရေးကောင်စီ) (မဆလ) (နဝတ-နအဖ) နဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရထိ အုပ်စိုးသူအဆက်ဆက်ဟာ အချိန်ယူလှည့်စားဖြိုခွဲပြီးနောက် စစ်ရေးနည်းနဲ့ချေမှုန်းတာကိုသာ အဓိကလက်နက်အဖြစ်စွဲကိုင်အသုံးပြုခဲ့ကြပါတယ်။

ဆိုရှယ်လစ်အတု၊ ၊ အမျိုးသားညီလာခံအတုတွေနဲ့ လှည့်စားခဲ့ပြီးပါပြီ။ သစ်ပါမစ်၊ ကျောက်မျက်ရတနာလုပ်ကွက်၊ ကားပါမစ် စတာတွေနဲ့ ကိုင်ထားတဲ့လက်နက် လဲလှယ်ဖူးခဲ့ကြပြီပဲ။

အခုလည်း “စည်းကမ်းပြည့်ဝသောဒီမိုကရေစီခေတ်” မှာ“စည်းကမ်းပြည့်ဝသော ဖက်ဒရယ်အတု” နဲ့လှည့်စားမှာပါ။

ဗိုလ်သိန်းစိန်/ ဗိုလ်ရွှေမန်း/ ဗိုလ်မင်းအောင်လှိုင်တို့ဘက်က နောက်တစ်လှမ်းဆုတ်ပေးလိုက်ပြီ၊ ရှေ့နှစ်လှမ်းတက်လိမ့်မယ် သတိသာ ထားကြပေတော့။

Photo – DVB


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “တူမောင်ညို – နောက် တစ်လှမ်းဆုတ်ပေးလိုက်ပြီ သတိသာထားကြပေတော့
  1. တစ်ကောင်ကျွေးပြီး..သုံးကောင်ပြန်စား..ကင်း..အထိအရယူလိုက်.တဲ့ကစားနည်းပါ..တိုင်းရင်းသားတွေကလည်း..အခါပေါင်းမရေတွက်နိုင်လောက်အောင်.ခံခဲ့ရဘူပြီးမို့..ဒီလောက်လည်း.မ.အ.ပါ..တကောင်ကျွး.လည်း.တကောင်စားပါဘဲ..ဒါပေမဲ့.ခံယူချက်ချင်းကတော့.မိုးနဲ့မြေ.ကွာခြားပါတယ်.တိုင်းရင်းသားခေါင်းဆောင်တွေဖက်က.အာဏာနဲ့.အသပြာတွေကို.မက်မောလို့..တော်လှန်ရေးကို.လက်နက်ကိုင်ပြီး.လုပ်နေကြတာမဟုတ်လို့ပါဘဲ..လူလူချင်းတန်းတူညီမျှ.အခွင့်ရေးရရှိ.သက်ရှင်.ချစ်ခင်စွာ.တစ်ပြည်ထောင်စုတွင်း..ပျော်ရွှင်စွာနေထိုင်သွားနိုင်ဖို့ပါဘဲ..

  2. စစ်အုပ်စုကိုတော့ လုံးဝကိုမယုံလို့ ဆောက်ဖြစ်မှ ကျောင်းဒကာဆိုတဲ့ စကားတောင် မတန်ဘူးဗျာ။

Comments are closed.