Han Thit Naing ဓာတ်ပုံသတင်း

ဟန်သစ်နိုင် – ထူးအိမ်သင်ရဲ့ ချစ်ခြင်းအားဖြင့် ၁၀နှစ် လွမ်းဆွတ်ပွဲ ကျင်းပ

ဟန်သစ်နိုင် – ထူးအိမ်သင်ရဲ့ ချစ်ခြင်းအားဖြင့် ၁၀နှစ် လွမ်းဆွတ်ပွဲ ကျင်းပ
သြဂုတ် ၁၆၊ ၂၀၁၄   

ကွယ်လွန်သူ၊ နိုင်ငံကျော်အဆိုတော် ထူးအိမ်သင်ရဲ့ချစ်ခြင်းအားဖြင့် (၁၀)နှစ်ပြည့် အမှတ်တရလွမ်းဆွတ်ပွဲကို ကဗျာဆရာ မင်းထက်မောင်နှင့်  ဂီတ၊ ပန်းချီ၊ ကဗျာဝါသနာရှင် ကျောင်းသားလူငယ်သူငယ်ချင်းများ စုစည်းပြီး ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ Home ခမ်းမတွင် သြဂုတ် ၁၄ ရက်ကပြုလုပ်သည်။

ထူးအိမ်သင်သည်အဘ ဦးထွန်းမြင့်၊ အမိ ဒေါ်မြရင်တို့မှ ဇူလိုင် ၁ရက် ၁၉၆၃ခုနှစ် တွင် ပုသိမ်မြို့မှမွေးဖွားပြီး  သူ၏နာမည်အရင်းမှာ ကျော်မြင့်လွင်ဖြစ်သည်။ မူလတန်းပညာကို အမှတ် (၂၀ ) အ.မ.ကမှာ ပညာသင်ကြားပြီး အ.ထ.က( ၃)မှ ဆယ်တန်းအောင်သည်။ ၁၉၇၉-၈၀ ခုနှစ်တွင် ဧရာဝတီတိုင်း ပုသိမ်ဒေသကောလိပ်တွင်ပညာသင်ကြားသည်။ ၁၉၈၁ခုနှစ် တွင် မော်လမြိုင်တက္ကသိုလ်မှာ ပညာဆက်လက်သင်ကြားပြီး ရုက္ခဗေဒနှင့် အောင်မြင်ခဲ့သည်။ မော်လမြိုင်ရှိ ဂီတဆရာ ဦးအောင်စိုးဆီ(RC Fraosis)မှ ဂီတသင်္ကေတနှင့် ဂီတပညာများသင်ယူခဲ့သည်။ ၁၉၈၆ တွင် ပထမဆုံးတေးစီးရီးအဖြစ် “နာရီပေါ်မှမျက်ရည်စက်များ”အခွေကို စတင်ထုတ်သည်။  ၂၀၀၄ ခုနှစ်သြဂုတ်လ ၁၄ရက် နံနက် ၁၁နာရီ မိနစ်၄၀တွင် ကွယ်လွန်ခဲ့သည်။ ဇနီး သွယ်သွယ်ထွေးနှင့် သမီးမိကွန်ထောတို့ကျန်ရစ်ခဲ့သည်။

အဆိုတော်ထူးအိမ်သင်ရဲ့ မိတ်ဆွေသူငယ်ချင်းဖြစ်သူ ကဗျာဆရာမင်းထက်မောင်က ပြောပြရာတွင် ပုသိမ်တွင်စုံဆည်းခဲ့သော လူငယ်တစ်စုသည် အနုပညာကိုယ်စီဝါသနာပါသူများဖြစ်ကြပြီး ယခုအခါ တေးရေးမြင့်မိုးအောင်၊ ထူးအိမ်သင်၊ ကဗျာဆရာမင်းထက်မောင်၊ ပန်းချီဆရာမြင့်ဝင်းမောင်၊ ထိပ်တင်သောင်း စသောသူများပါကြောင်း၊ ထူးအိမ်သင်သည်သီချင်းလောကထဲမရောက်ခင်တွင် ကဗျာရေးခြင်း၊ ဝတ္ထုရေးခြင်း စာဖတ်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ ကဗျာရေးသာရာတွင် သူ၏ကလောင်အမည်မှာ ရှပ်မှူးကျော်ဖြစ်ပြီး ကိုရှပ်လို့လည်းခေါ်ခဲ့ကြောင်း၊ နာမည်ကြီးလာသည့်တေးရေးတေးဆိုဘဝတွင်လည်း ကိုငှက်ခေါ် ထူးအိမ်သင်သည် စာပေနယ်ရော နိုင်ငံရေးနယ်များတွင်ပါ ဆောင်ရွက်ခဲ့ကြောင်းပြောသည်။

 

 

ကဗျာဆရာမင်းထက်မောင်သည် ထူးအိမ်သင်ကွယ်လွန်စဉ် အမှတ်တရကဗျာတပုဒ်ရေးစပ်ခဲ့သည်။ ၄င်းကဗျာကို ရွတ်ဆိုပြသည်။ ကဗျာခေါင်းစဉ်မှာ “သူငယ်ချင်းရေ” …

သေတဲ့သူက သေသွားပေမယ့်

ရှင်တဲ့သူက နေလို့မရဘူး

မြင်ယောင်တယ်၊ လွမ်းတယ်၊

မင်းအသံတွေငါကြားတယ်

ရင်းရင်းနှီးနှီးပေါင်းခဲ့တယ်

အကြောင်းသိခက် … နဲနဲထဲမှာ မင်း ငါ ပြောဖို့ တစ်ယောက်လျော့သွားပြီ…..

ဟုစသည်ဖြင့် ရွတ်ဆိုပြသည်။

 

ချစ်ခြင်းအားဖြင့် ထူးအိမ်သင်ရဲ့ (၁၀)နှစ်ပြည့်အတွက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က သူကိုယ်တိုင်ရေးဆွဲသော ထူးအိမ်သင်ရုပ်ပုံပန်းချီကားကို လာရောက်ပေးအပ်သည်။ ကိုမင်းကိုနိုင်ကပြောကြားရာတွင် …

“ထူးအိမ်သင်သည် အင်အားသုံးပြီး အနိုင်မကျင့်ခဲ့ဘူး၊ သူဟာ သူရဲ့ချစ်ခြင်းအားဖြင့် မျိုးတစေ့ချရုံ၊ ရေကုန်ရေခမ်း မကြွေပန်းတွေ ပွင့်ပြခဲ့ပါတယ်” ဟုပြောသည်။

(၁၀)ပြည့်အမှတ်တရပွဲတွင် ထူးအိမ်သင်ရဲ့ နာမည်ကျော်ကြားခဲ့သော တေးစီးရီးတိတ်အခွေများ၊ သူ့ရဲ့ရုပ်ပုံပန်းချီကားများ၊ ဓာတ်ပုံများ၊ ကဗျာများ၊ သူအမြဲဝတ်လေ့ရှိသော ဝတ်စုံကိုချိတ်ဆွဲထားပြီး ကျောင်းသားလူငယ်များက ထူးအိမ်သင်အမှတ်တရ တီရှပ်များကိုဝတ်ဆင်ထားကြသည်။

မိတ်ဆွေသူငယ်ချင်းများကလည်း ထူးအိမ်သင်ရေးခဲ့သောကဗျာများကို ရွတ်ဆိုခဲ့သည်။  ကိုငှက်ကြီး (ခေါ်) ထူးအိမ်သင်ကိုချစ်သော ဝါသနာရှင်ကျောင်းသားလူငယ်များက ဂီတ၊ ကဗျာ၊ ပန်းချီကို တပြိုင်နက် တီးခတ် ရွတ်ဆို ရေးဆွဲခြင်းများဖြင့် လွမ်းဆွတ်ဂုဏ်ပြုခဲ့သည်။ အဆုံးသတ်တွင်လည်း ထူးအိမ်သင်သီဆိုခဲ့သော  “ကြယ်တွေစုံတဲ့ည”၊ “မနက်ခင်းပွင့်တဲ့ပန်းကလေးထက်ကိုပိုမွှေးတာ” ၊ “မင်းလေးကိုသိပ်သတိရ”  စသည့်သီချင်းများကို အားလုံးသံပြိုင်သီဆိုခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts