မိုးမခကို ပေးတဲ့စာ

ကျောင်းသားမိဘတစ်ဦး ရေးသားတဲ့ ဟင်္သာတတက္ကသိုလ်မှ “အကျင့်ပျက် ဆရာ/ဆရာမများ”

ကျောင်းသားမိဘတစ်ဦး ရေးသားတဲ့ ဟင်္သာတတက္ကသိုလ်မှ “အကျင့်ပျက် ဆရာ/ဆရာမများ”
မိုးမခပေးစာ၊ သြဂုတ် ၁၄၊ ၂၀၁၄

စကားဦးအနေနဲ့ ကျွန်တော့်အကြောင်းလေးနည်းနည်းပြောပါရစေဗျာ။ ကျွန်တော်ဟာ မူလတန်းကျောင်းအုပ် (အငြိမ်းစား)တစ်ယောက်ပါ။ သမီးနှစ်ယောက်ရှိပါတယ်။ သမီးတွေငယ်ငယ်အချိန်တုန်းက တောရွာမှာ ကျောင်းဆရာတစ်ယောက်အနေနဲ့ ဘ၀ကို ပင်ပင်ပန်းပန်း ရုန်းကန်လှူပ်ရှားခဲ့ရပါတယ်။ ကျွန်တော့်မိသားစုက တခြားရွာမှာ နေကြပါတယ်။ တစ်ပတ်တခါ ဆိုသလို စက်ဘီးနဲ့ မိသားစုဆီကို ပြန်ဖြစ်ပါတယ်။ တောရွာတွေရဲ့ ဓလေ့ထုံးစံအရကတော့ မိမိတို့ရွာကို လာရောက်တာဝန်ထမ်းဆောင်တဲ့ ကျောင်းဆရာ/ဆရာမတွေကို အိမ်ဦးခန်းမှာတင်ပြီး လေးလေးစားစား ဆက်ဆံကြပါတယ်။ ကျွန်တော့်အနေနဲ့လည်း သူတို့သားသမီးလေးတွေရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ ဖွံ့ဖြိုးစေဖို့အတွက် မိမိတတ်ကျွမ်းသမျှ  အစွမ်းကုန် ကြိုးစားသင်ကြားပေးပါတယ်။

ဒီလိုဘ၀မျိုးနဲ့ စေတနာအရင်းခံပြီး ကျွန်တော်အခု အငြိမ်းစားတစ်ယောက်ဖြစ်သည်အထိ ကြိုးစားခဲ့ပါတယ်။ Gratuity ရတဲ့ ငွေလေးနဲ့  တောမှာ ခြံလေးတစ်ခြံဝယ်ပြီး ကိုယ်ပိုင်နေထိုင်နိုင်တဲ့ အနေအထားဖြစ်လာပါတယ်။  ယခုလည်း လက်ရှိနေတဲ့ရွာမှာ အကူကျောင်းဆရာအနေနဲ့  တစ်ပြားတစ်ချပ်မှ မယူပဲ ပညာဒါနအနေနဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။ အကြီးမကတော့ မိခင်နဲ့အတူ အိမ်ဆိုင်ကလေးဖွင့်ပြီး ရွာမှာ နေပါတယ်။

စာရှည်သွားတယ်ဆိုရင် ခွင့်လွှတ်ပါဗျာ။ ကျွန်တော် အဓိကပြောချင်တဲ့ အကြောင်းအရာက ကျွန်တော့်မိသားစုရဲ့ အခြေအနေကို သိမှ နှိုင်းယှဉ်ဖော်ပြလို့ရမှာဖြစ်လို့ပါ။

ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းအရာက ကျွန်တော့်သမီး အငယ်ဆုံးလေး အဝေးသင်တက္ကသိုလ်တက်ရတဲ့ အကြောင်းပါ။ ကျွန်တော်သိထားတဲ့ အဝေးသင်ပညာရေးဆိုတာ အလုပ်တစ်ဖက်နဲ့ နေ့စားဝန်ထမ်းတွေ၊ ကျွန်တော်တို့လို အထောက်အပံ့များများမပေးနိုင်တဲ့ မိဘတွေအတွက် အကုန်အကျသက်သာပြီး၊ ဘွဲ့တစ်ခုကို အကုန်အကျအသက်သာဆုံးနဲ့ သင်ယူနိုင်စေဖို့လို့ ယူဆပါတယ်။

ကျနော်သမီးက သိပ္ပံဘာသာရပ်တစ်ခုတက်နေပါတယ်။ pratical တက်ဖို့ နှစ်ပတ်ခြားတစ်ခါ မြို့ကို သွားရပါတယ်။ အခု စာမေးပွဲဖြေဆိုဖို့ နှစ်လလောက်အလိုမှာ ကျူရှင်ဆိုတာ စတက်ရပါတော့တယ်။ ကျူရှင်သင်ရမယ် ဆိုတော့လည်း ကျနော်စိတ်ထဲမှာ ကိုယ့်သမီးအနေနဲ့ သင်ယူလက်ခံမှုစွမ်းရည် အားနည်းလို့ တက်ရတယ်ပဲထင်ခဲ့မိတယ်။ ဒီတစ်ပတ် သမီးပြန်လာတော့ အကြောင်းစုံမေးမိကာမှ အကြောင်းစုံသိရတော့တယ်ဗျာ။

၁။ ဆရာ/ဆရာမများ ကျောင်းတွင် ပြည့်စုံစွာ သင်ကြားခြင်းမရှိ၊ ၀တ်ကျေတန်းကျေသာသင်သည်။

၂။ ထို့အတွက် ကျောင်းသား/ကျောင်းသူများမှာ ထိုဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများ၏ ကျောင်းပြင်ပတွင် သင်ကြားသော ကျူရှင်သို့ တက်ရောက်ရသည်။ (ကျူရှင် ကာလမှာ သုံးပတ်(သို့)လေးပတ်သာကြာမြင့်)

၃။ ကျူရှင်သင်ကြားခမှာ တစ်ဘာသာခြင်း အပြတ်(တစ်သောင်းခွဲ(သို့)နှစ်သောင်း) ပေးရပါသည်။

၎။ ကျူရှင်သင်ကြားရာတွင် ငှားရမ်းသင်ကြားခွင့်ပြုသည့် နေအိမ်(သို့)ခြံဝင်း ငှားရမ်းခအား သင်ကြားသူ ကျောင်းသား/ကျောင်းသူများမှ စုပေါင်းကျခံရပါသည်။

၅။ အတန်းတစ်တန်းလျှင် ကျောင်းသား/ကျောင်းသူ (၁၀၀ ယောက် မှ ၁၇၀ ယောက်) အတွင်း တက်ရောက်သင်ကြားနေပါသည်။ ကျောင်းသား/ကျောင်းသူ အားလုံးနီးပါး ကျူရှင် သင်ကြရပါသည်။ ကျူရှင်သင်ဖို့အတွက် ဆရာ/ဆရာမများကိုယ်တိုင် စာသင်ခန်းအတွင်းတွင် စည်းရုံးပါသည်။ အချို့ ဆရာ/ဆရာမများမှာ ခြိမ်းခြောက်သည့် သဘောတောင် သက်ရောက်ပါသည်။  ဥပမာ- စာမေးပွဲအောင်လိုလျှင်  ကျူရှင်တက်မှရမည် ဟု ပြောဆိုမှု။

၆။ ဆရာ/ဆရာမများမှ ဦးဆောင် ကျင်းပသော ဆရာကန်တော့ပွဲကို ဟင်္သာတတက္ကသိုလ်မှသာ ကြားဖူးရသည်။

ကျွန်တော့်အနေဖြင့် အဆိုပါ ကျောင်းတက်သည့် ကုန်ကျစရိတ် အားလုံးစုစုပေါင်းမည်မျှဖြစ်သည်ကို တွက်ချက်မပြလိုတော့ပါ။ လူကြီးမင်းတို့ အနေဖြင့် သဘောပေါက်လောက်ပြီဟုထင်မိပါသည်။ ဆရာကန်တော့တာ ကျောင်းသား/ကျောင်းသူများမှ မိမိတို့ ဆန္ဒဖြင့် ပူဇော်ထိုက်သူကို ပူဇော်စေချင်ပါသည်။   ယခုကျနော်တင်ပြသည့် အချက် (၆)ချက်မှာ အပိုကုန်ကျစရိတ်များဟု ထင်မြင်မိပါသည်။ ကျွန်တော်တင်ပြသည့် အချက် (၆)ချက်မှာ ဟင်္သာတတက္ကသိုလ်တွင် အမှန်တကယ်ဖြစ်ပျက်နေမှုများဖြစ်ပါသည်။ ပါမောက္ခချုပ်ကြီးအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။ ယခုတင်ပြသည်မှာ ဟင်္သာတတက္ကသိုလ်ကြီးနှင့် ပါမောက္ခချုပ်ကြီး၏ ဂုဏ်ကျက်သရေ ညိုးနွမ်းညစ်နွမ်းမှုမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ မိမိတက္ကသိုလ်၏ အကျင့်ပျက် (သူတောင်စားသာသာ) ဆရာ/ဆရာမများအား စေတနာပြည့်ဝသော ဆရာကောင်း၊ ဆရာမကောင်းများဖြစ်စေရန် လမ်းညွှန်ဆုံးမစေချင်ပါသည်။

ယခုတင်ပြသည့် အကြောင်းအရာများမှာ “ အကျင့်ပျက် ဆရာ/ဆရာမများ” ကို သာ ရည်ရွယ်တင်ပြခြင်း ဖြစ်ပါသည်။ စေတနာမှန်ဖြင့် သင်ကြားနေသော ဆရာကောင်း/ဆရာမကောင်းများလည်း ဟင်္သာတတက္ကသိုလ် တွင် ရှိပါကြောင်း တင်ပြလိုက်ပါသည်။

ကျောင်းသားမိဘတစ်ဦး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ကျောင်းသားမိဘတစ်ဦး ရေးသားတဲ့ ဟင်္သာတတက္ကသိုလ်မှ “အကျင့်ပျက် ဆရာ/ဆရာမများ”
  1. yes it is sad and it is probably happening all over the country. But you have to remember that it might not be people s fault 100 percent. the system makes people to become this way. It will take many many years and may be even generations to fix/change things.

  2. ကျူရှင်မတက်တဲ့ သူတွေလည်းရှိပါသည်။ စုံစမ်းကြည့်ပါ။ဆရာများဘက်က လိုက်ပြောခြင်းမဟုတ်ပါ။အချို့ကျောင်းသားများက မိဘများထံမှ ကျူရှင်ဘိုးတောင်းကာ သုံးပြစ်ကြခြင်းမျိုးလည်းရှိပါသည်။ သမီးပြောတိုင်းမယုံပါနှင့်။ကျူရှင်ကိုလည်းအားမပေးပါ။ စဉ်းစားရန်ဖြစ်ပါသည်။

Comments are closed.