ကဗျာ

မောင်စိုးချိန် – ပဉ္စလက်အတတ်မာယာလေးဆယ်

မောင်စိုးချိန် – ပဉ္စလက်အတတ်မာယာလေးဆယ်
သြဂုတ် ၈၊ ၂၀၁၄

 

ပြုပြင်ပြောင်းလဲရေး
အသစ်
ခေတ်စကားလုံး
မီးဟုန်းဟုန်း။

လေပြေလေညင်းတအုပ်
ကသုတ်ကရက်
ရုတ်တရက် တိုက်ခတ်
ဇာတ်တိုက်ထားတယ်။

လွတ်လပ်ရေး
အမြဲစိမ်းသစ်တောကင်းမဲ့
စစ်မီးနွေကန္တာရ
ဘဝလွင်တီးခေါင်ထဲ
ခြောက်သွေ့ပိန်ကပ်
ပါးလှပ် လူအပင်တွေကို
စိမ်းစိုလန်းဆန်းဖို့
အညွန့် အခက်ဝေဆာဖို့
နိုင်ငံရေး ရာသီဥတု
တွန်းပို့နေခဲ့။

ဒီမိုကရေစီ နှင်းပွင့်နှင်းမှုံ
အနည်းဆုံး ဖွဲဖွဲသုန်သုန်
ကဆုန်မိုးပြေးလိုလို
တကယ့်ဟန်ရေးပြ
ကြဲချ။

လွတ်လပ်ရေး ရွက်နု
အခက်အညွန့် မလွန့်နိုင်ဘူး။

ဖိနှိပ်မှု ကောင်းကင်ထဲ
ပြုပြင်ပြောင်းလဲရေး မိုးတိမ်ထဲ
မိစ္ဆာက လွှင့်ပြ
တကြော့ နှစ်ကြော့
လူတချို့ခေါင်းမော့ ကြိုဆိုကြ
တခေတ်ဆန်းပြီ ဆိုပြီး။

ပဉ္စလက် မိုးတိမ်နောက်
ကောက်ကောက်ပါသွားသူ
သစ္စာဖောက်
သစ္စာပျောက်သူ
ရေတွက်မကုန်
တပြုံတခေါင်း။

အဖိနှိပ်ခံတွေ
မွန်ကြပ်တိုက်ခိုက်လာတဲ့အခါ
မာယာသုံးဆယ်
ဇာတ်မင်းသမီးရဲ့ မာယာလေးဆယ်
မိစ္ဆာက သုံးတယ်။

တပတ်ပြန်လျှော့သရောင်
ဒါပေမဲ့ စစ်အာဏာနှောင်ကြိုး
ထပ်တိုးပြီးရစ်
ရစ်သည်ထက်ရစ်ဆဲ
မပြောင်းမလဲ။

ပဉ္စလက်မာယာ
စစ်အာဏာရှင်စနစ်
အမြစ်စွဲနေသေးသမျှ
ဘဝဆိုး ကြမ္မာဆိုး
ဆိုးကျိုးသိန်းသောင်း
ကိန်းအောင်းနေဦးမှာ။

မောင်စိုးချိန်
ဇူလိုင် ၁၄၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts