ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ရှစ်လေးလုံးရဲ့ စာမျက်နှာ အခန်း (၂၆)

ကျော်ဟုန်း – ရှစ်လေးလုံးရဲ့ စာမျက်နှာ အခန်း (၂၆)
သြဂုတ် ၇၊ ၂၀၁၄
 

ဒီမိုရဲဘော်အပေါင်းတို့
ရဟန်း ရှင်လူ၊ ပြည်သူအပေါင်းတို့၊
ရှစ်လေးလုံးရဲ့ စာမျက်နှာ အခန်း(၂၆)
ဖွင့်ကြည့်လိုက်ကြ။

ပြည်သူ့ ဒုက္ခတွေဟာ
သွားလေရာ လာလေရာမှာ ဒရွတ်တိုက်ပါ
တချို့ က ဒုက္ခကို အရောင်ဆိုး ခံခွပ်
တချို့ က ဒုက္ခကို အသိုဏ်းရှု မာန်စွန့် 
တချို့ က ဒုက္ခကို ဗန်းပြလို့  ဟန်ညွန့် 
ဘယ်လိုပင် မူတွေကွဲပြား
ဒုက္ခဟာ ဒုက္ခသည်ပြည်သူကို စားနေတယ်။

ရှစ်လေးလုံးရဲ့ စာမျက်နှာ အခန်း (၂၆) မှာ …
လမ်းဘေးမီးတိုင်အောက်မှာဖြစ်ဖြစ်
စာသင်ချင်လွန်းတဲ့ ကလေးတွေတွေ့ ရတယ်၊
အဲဒီကလေးတွေကို အခြေအနေမဲ့ဆိုပြီး ရဲကဖမ်းတယ်၊
“ပညာရေးဖြင့် ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကြီးထူထောင်အံ့” ဆိုတဲ့
ဆိုင်းဘုတ်ကြီး ခန့် ညားသလောက်
ရွာကျောင်းတွေက လယ်စောင့်တဲထက် စုတ်ပြတ်နေတယ်၊
ဘွဲ့ ရ၊ ဘွဲ့ လွန်တွေ နိုင်ငံခြားအိမ်ဖော်လုပ်ဖို့ ထိ အလုပ်ရှားနေတယ်၊
ကျောင်းမနေနိုင်တဲ့ ကလေး၊ လူငယ်တွေ ထုနဲ့ ဒေး
ဗမာ့ပညာရေးမြင့်မားနေပုံတွေ တွေ့ လား၊
ကျောင်းသားသမဂ္ဂကြီး ပြန်ဆောက်ပေးဆိုရုံနဲ့ မလုံလောက်သေးဘူး
လူတိုင်းစာသင်နိုင်ရေးနဲ့   ကမ္ဘာ့အဆင့်မီပညာသင်နိုင်ရေးဟာ
ကျောင်းသားတိုင်းတောင်းဆိုတိုက်ပွဲဝင်ရမဲ့ ကိစ္စ။


ရှစ်လေးလုံးရဲ့ စာမျက်နှာ အခန်း (၂၆) မှာ …
တို့မီး၊ ရှို့ မီး၊ လောင်မီးတွေလဲ
နွေရာသီမှ မဟုတ်၊ ၃ ရာသီလုံး စိတ်မအေးနိုင်ကြ၊
ခုလုတ်တိုက်မိလို့  တရုတ်ကြီးဝမ်ပေါင်က ရိုက်တယ်၊
မီဒီယာပျက်မွှေသတင်းကြောင့် မန်းဆူပူမှုဖြစ်တယ်၊
တရုတ်မီး၊ ကုလားမီး၊ နောက်ကွယ်က လက်မည်းကြီးရှို့ တဲ့မီး
ပြည်သူတွေကို ပတ်လည်ဝိုင်းပြီး အလှည့်ကျလောင်နေတယ်။


ရှစ်လေးလုံးရဲ့ စာမျက်နှာ အခန်း (၂၆) မှာ …
လူပြက်မဟုတ်တဲ့ လူပျက်ဝန်ကြီးတွေရဲ့ဟာသ ခဏခဏ ကြားရတယ်၊
ဥပဒေစိုးမိုးမှုမရှိဘဲ လေထဲဆောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြဇာတ်တွေ ကတယ်၊
၂၀၁၅ မှာ ရတဲ့ဘက်က သွေးစုပ်နိုင်ဖို့  PR မြည်သံဟိန်းထတယ်၊
၎-၃-၆ ကို အဝေးဆုံးရောက်ဖို့   လက်မှတ် ၅-သန်း ရထားတယ်၊
“ပြည်သူ့ အသံ လွှတ်တော်နာခံ” ဆွံ့ အ နားမကြားဖြစ်နေတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ
ပြည်ပရောက် မြန်မာပညာရှင်တွေ
ဖိတ်ခေါ်ခဲ့တဲ့ သမတစကား
ကိုမောင်မောင်ဝမ်း အခမဲ့ပညာသင် ဒါနပြုခွင့်ပိတ်
ပြည်နှင်ဒဏ်ပေးခံရတာကို ကြည့်၊
ဇော်ဦးတို့လိုမျိုး  ဒီမိုသစ္စာဖောက်ကို
သူတို့ဒေါက်တိုင်လုပ်ထားတာကိုကြည့်။


ဒီမိုရဲဘော်အပေါင်းတို့၊
ရဟန်းရှင်လူ၊ ပြည်သူအပေါင်းတို့၊
ရှစ်လေးလုံးရဲ့ စာမျက်နှာ အခန်း (၂၆)
ဖတ်ဖြစ်အောင် ဖတ်ကြ။


သမိုင်းဝင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဟာ
တနှစ်တခါ ရာသီစာ အခမ်းအနားလုပ်ရုံလေး
ရှစ်လေးလုံးမှာ ကျုပ်ကဘာလုပ်ခဲ့ ချီးခြောက်ရေနူးရုံလေး
ခါတော်မီ နှုတ်ခွန်းဆက်ပြောကြရုံလေး
ခါတော်မီ ကမ္ဘာမကြေဘူး သီချင်းဆိုပြီး ရဲရဲတောက်ပြရုံလေး
ခါတော်မီ ကြေညာချက်ထုတ်ပြီး ကိုယ့်လူကို ဝေငှရုံလေး
ရှစ်လေးလုံးအခမ်းအနားမှာ ဇာတ်ပွဲလို ကပြပျော်နေရုံလေးနဲ့  မပြီး။
ကြေညာချက်၊ ဆုံးဖြတ်ချက်အတိုင်း
မနှေးအမြန် အကောင်အထည်ဖော်နိုင်ပါမှ
ရှစ်လေးလုံးရဲ့ စာမျက်နှာ လှပမယ်။


အာဏာရှင် သမတ ၃ ဦး ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံး
အရသာခံပြီး ဂုဏ်မယူနေနဲ့ ဦး။
အာဏာရှင်တွေ မပြတ်သေးတာ သိကြ၊
ခရိုနီတွေပေါ်လာတာကို သိကြ။
ဘိန်းရာဇာ ငွေမည်းသမားတွေ စီးပွားရေးလက်ဝါးကြီးအုပ်ထားတာကို သိကြ၊
အာဏာရှင်ဟောင်း မြေးမြစ်တွေ ဘီလျှံနဲ့ ချီ ချမ်းသာနေတာကို သိကြ၊
ဗိုလ်ချုပ်တွေ ဒေါ်လာနဲ့ ချမ်းသာတာကို သိကြ၊
လယ်သမားနဲ့ လက်ထိပ်ခေတ်ရောက်နေတာကို သိကြ၊
အလုပ်သမားနဲ့ သပိတ်ငယ်ခေတ် ရင်းနှီးနေတာကို သိကြ။

ဒါတွေဟာ ရှစ်လေးလုံးနဲ့  ဘာဆိုင်လဲမထင်နဲ့ 
အဏာရှင်ဖြိုခဲ့တဲ့ ရှစ်လေးလုံးဟာ
အာဏာရှင် အမြစ်မဖြတ်နိုင်လို့ 
ဆက်နွယ်ခံစားနေရတဲ့ ပြည့်ဒုက္ခအကျိုးဆက်တွေကွ။


သေချာတာက ..
တစ်ကြို ၂၀၁၅ ကျားကွက်မှာ
ဟိုဘက်က တိတ်တိတ်ပုန်း၊ ဖိန့် ဖိန့် သုံး
အကုန်လုံး ပြင်ဆင်ထားတယ်၊
ဒီဘက်က…
စည်းဝိုင်းထဲမှာ ကျားမြီးဆွဲဖို့ 
ဘာပြင်ဆင်ထားကြသလဲ။

သေချာတာက …
“လွတ်လပ်မှ အမျှဝေပါ”
ညီမလေး ၀င်းမော်ဦး မှာခဲ့တဲ့ သူ့ ဆန္ဒ
ရှစ်လေးလုံး စာမျက်နှာ အခန်း (၂၆) အထိ
သူလို ဒီမိုအာဇာနည်တွေအတွက်
ခုထိ  အမျှမဝေနိုင်သေးဘူး။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts