မှတ်စုမှတ်တမ်း အခန်းဆက်များ အုန်းနိုင်

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၇)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၇)
သြဂုတ် ၅၊ ၂၀၁၄

     “နယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များရဲ့အသံ”

အစီအစဉ်(၈)ကတော့   ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ အစီရင်ခံစာကို တိုင်းနဲ့ပြည်နယ်  အလိုက် ကိုယ်စားလှယ် တွေက ဝေဖန်ဆွေးနွေးကြတာပါ..။ မနေ့က ကျနော် တို့ ပဲခူးတိုင်းရဲ့ အကြို ညှိနှိုင်းပွဲတုန်း ကတော့ ….တိုင်း ကိုယ်စား စကားပြောသူ တစ်ယောက်တည်း ရွေးရမယ်ဆိုပြီး…. အမျိုးသားဒီမိုကရေစီပါတီက ဒေါက်တာစိန်ဝင်းကို ရွေးခဲ့တဲ့အတွက် ..ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်းက ရေးကြီးခွင်ကျယ်လုပ်ခဲ့ပေမယ့် ဒီနေ့  အစီအစဉ်မှာတော့ ပြည်နယ်နဲ့တိုင်းတစ်ခုကို ကိုယ်စားလှယ် သုံးဦးအထိ ပြောခွင့်ပေးပါတယ်..။

အခမ်းအနားမှူးက ကြေညာတော့ အနားက သဲကုန်းကိုယ်စားလှယ် ဦးအေးက လက်တို့ပြီး “မနေ့က ဦးစိုးသိန်း ဘာဖြစ်တာလဲ” လို့ မေးပြီး…. “ပဲခူးတိုင်းအတွက် နှစ်ဦးတည်းရှိသေးတယ်၊ ခင်ဗျားလည်း တက်ပြောဗျာ”..လို့ ဆက်ပြောပါတယ်..။ ကျနော်ကလည်း  ဒီလို..ဖိုးပြောချင် မဟုတ်ပါ..။  ဒါလောက်လည်း ရေးကြီးခွင်ကျယ်မလုပ် ချင်လို့ မနက်ကတည်းက ဦးမြတ်လှကိုလွှဲပေးပြီးပါပြီ..။

စ ပြောသူကတော့ ကချင်ပြည်နယ် မိုးညှင်းကိုယ်စားလှယ် ဦးကျော်မောင်ပါ…။  သူပြောတဲ့ အထဲမှာလည်း အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ဘာလုပ်နေတာလဲလို့ မဲဆန္ဒရှင်တွေက အားမလိုအားမရမေးနေတယ် ဆိုတာ ပါပါတယ်။

နောက်တစ်ယောက်က မံစီကိုယ်စားလှယ် ဦးဂျေအမ်နော်လာပါ။ သူကလည်း အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ  အဖမ်းခံထားရတဲ့  နိုင်ငံရေးအကျဉ်းသားများ   ပြန်လွှတ်ပေးရေးကို အမြန်ဆုံးဆောင်ရွက်ရန် ပြောပါတယ်။ နောက် ဗန်းမော်ကိုယ်စားလှယ် ဦးပုထွေး ခေါ်..ဗန်းမော်ညိုနွဲ့ ပြောပါတယ်။

ဒီကြားထဲ သဝဏ်လွှာတချို့  ဝင်လာလို့ အခမ်းအနားမှူးက ကြားဖြတ် ကြေညာပေးပါတယ်..။  မျိုးချစ်ဒီမိုကရက်တစ် တပ်ပေါင်းစုဌာနချုပ်နဲ့ ကျောင်းသားလူငယ်အဖွဲ့တို့က သဝဏ်လွှာများပါ..။

ဒီနောက်တော့ ကယားပြည်နယ်က လွိုင်ကော်(၁) ကိုယ်စားလှယ် ဦးဘိုးသင်း၊ ရှားတောကိုယ်စားလှယ် ဦးအောင်တင်၊ လွိုင်ကော်(၂) ကိုယ်စားလှယ်  ဦးတက်ဒီဘိုးရီတို့  ဆွေးနွေးရာမှာ  လွှတ်တော်အမြန် ခေါ်ယူ ရေး..၊ စစ်မှန်တဲ့ဒီမိုကရေစီအစိုးရ အမြန် ပေါ်ပေါက်ရေးနဲ့  ယာယီရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ (မူကြမ်း)ဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီ ပြည့်ဝ ပါလိမ့်မယ်လို့ ယုံကြည်ကြောင်း တင်ပြသွားပါတယ်။

နောက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကိုယ်စားလှယ် ဦးကြင်ဌေး၊ မြဝတီ ကိုယ်စားလှယ် ဦးစိန်ဗိုလ်နဲ့   ကော့ကရိတ်(၁) ကိုယ်စားလှယ်   ဦးမန်းမြိုင်အေး တို့က ဆွေးနွေးရာမှာ   အာဏာလွှဲပြောင်းရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး..၊  အဝေးရောက်ကျောင်းသားများ  ပြန်လည်ရောက်ရှိရေးပါသလို အခြေခံဥပဒေ ရေးဆွဲရေးမှာ အဖွဲ့ချုပ်နဲ့ နဝတ သဘောကွဲလွဲနေတာကို ပြေလည်စေဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)မှာ တိုင်းရင်းသား လူနည်းစုများရဲ့ အခွင့်အရေးများ ပါဖို့ သေချာစေလိုကြောင်းများ ပါရှိပါတယ်။

ဒီနောက် အစည်းအဝေး နံနက်ပိုင်းကို နားလိုက်ပြီး နေ့လည်စာ စားကြပါတယ်..။ မွန်းလွဲ(၁)နာရီ၊ မိနစ်(၄၀)မှာ ညနေပိုင်း အစည်းအဝေးကို ပြန်စပြီး ချင်းပြည်နယ် ကိုယ်စားလှယ်များ ဆက်ဆွေးနွေးပါတယ်။

မတူပီမြို့နယ် ကိုယ်စားလှယ် ဦးရွှေထန်းက ပြည်သူက ယုံယုံကြည်ကြည် မဲဆန္ဒပေးလိုက်တဲ့သူတွေရဲ့လက်ထဲကို နဝတ အမြန် အာဏာ လွှဲပြောင်းပေးဖို့ကလွဲလို့ အခြားလမ်းမရှိပါဘူးလို့ပြောပါတယ်…။

ပလက်ဝ(၁)ကိုယ်စားလှယ် ဦးကျော်ထွန်း ကတော့ အဖွဲ့ချုပ် ဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူးနဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ အဝေးရောက် ကျောင်းသားများ ပြန်လာရေး တို့ကို အခိုင်အမာ သစ္စာစကား ဆိုပါလို့ပြောပါတယ်။

တီးတိန်(၁)က ဦးဂင်ထန်ကတော့ လွှတ်တော်ကို ရက်ပေါင်း ကိုးဆယ် အတွင်း ခေါ်ပေးဖို့နဲ့ အခုယာယီရေးဆွဲထားတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းရင်းသား လူမျိုးစုများပါတဲ့ ကော်မတီတစ်ခု ဖွဲ့စည်းပြီး ကျွမ်းကျင်သူများနဲ့ ညှိနှိုင်းသင့်ကြောင်း ဆွေးနွေးပါတယ်..။

နောက် စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်က ကိုယ်စားလှယ် ဒေါ်ဆယ်ဆယ် ကတော့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ တိုင်းရင်းသား လူမျိုးစုများ အပါအဝင် တစ်ပြည်လုံး အရေး ဖြစ်နေတာကို အေးမနေစေလိုကြောင်း…၊အမြန်လွတ်မြောက်ရန် ဆောင်ရွက်သင့် ကြောင်း ပြောပါတယ်။

ကလေးဝ ကိုယ်စားလှယ် ဦးတင်မောင်ကတော့ နဝတက ကတိပြုထားတဲ့အတိုင်း အာဏာလွှဲပြောင်း ပေးဖို့ တောင်းဆိုရမယ်..။ လွှတ်တော်ကို  စက်တင်ဘာ(၁၅) ရက်နေ့ အတွင်း ခေါ်ဆိုပေးဖို့တောင်းဆိုတာဟာ လုပ်ခွင့်ရှိလို့ လုပ်တာဖြစ်ပြီး အာဏာရူးတာ မဟုတ်လို့  ပြတ်သားစွာ လုပ်ကြပါလို့ ပြောပါတယ်..။

မြင်းမူ မဲဆန္ဒနယ်က ဦးဘာဘာ ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲမယ့် ပြည်သူ့လွှတ်တော်ဟာ  အာဏာအပြည့် အဝ ရှိရမယ်လို့ ပြောပါတယ်။

ဒီနောက် ထပ်မံရောက်ရှိလာတဲ့ သဝဏ်လွှာတွေ၊ ပေးပို့တဲ့အဖွဲ့အစည်းအမည်များကို အခမ်းအနားမှူး ဦးစိန်လှဦး က ဖတ်ကြားပါတယ်။ ဒီမိုကရက်တစ် လူ့အခွင့်အရေးပါတီ၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်၊ လွတ်လပ်သော မြန်မာနိုင်ငံ ပြည်သူများအဖွဲ့ချုပ်နဲ့ လူငယ်ကျောင်းသားအဖွဲ့အစည်းများဖြစ်ပါတယ်။

တနင်္သာရီတိုင်းရဲ့ ထားဝယ်မြို့နယ် ကိုယ်စားလှယ် ဦးစိုးညွန့်က ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၀(ခ) နဲ့ တားဆီးထားတာဟာ သူ့ရဲ့အဖွဲ့က လွှတ်တော်မှာအများစုအရွေးခံရတာနဲ့ကို အလိုအလျောက် ပျက်ပြယ်သွားရမယ့် အခြေအနေမှာ အခု ဒီအတိုင်းပဲ ရှိနေတာ ဥပဒေနဲ့မညီပါဘူး..။ ဒါကို ပြင်းထန်စွာ ကန့်ကွက်သင့်ကြောင်း တင်ပြ သွားပါတယ်..။

ကော့သောင်း ဦးလှမင်းကတော့ လူထုက မဲပေးပြီးတဲ့နောက် သူတို့ မဲပေးတဲ့အဖွဲ့ ဘာလုပ်နေသလဲလို့ အကဲခတ်နေကြတာ။ ကိုယ်စားလှယ်များနဲ့ အဖွဲ့ချုပ်ဟာ စွမ်းစွမ်းတမံ တင်းတင်းရင်းရင်းလုပ်ဖို့ လိုအပ်နေပြီလို့ပြောပြီး.. လောင်းလုံ(၂) ဦးချိန်ဟင် ကတော့ စီးပွားရေးလုပ်ငန်းတွေစဖို့ ကောင်းနေပြီ၊ အပြောင်းအလဲလုပ်ဖို့ အမြန် လိုအပ် နေပြီလို့ ပြောသွားပါတယ်။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်(၂)က ဦးမြတ်လှက မဲပေးရာမှာ ပြည်သူကတာဝန်ကျေခဲ့ပါပြီ..။  ကျွန်တော်တို့ ကိုယ်စားလှယ် တွေဘက်က တာဝန်မကျေရင် ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင်ရာရောက်မှာမို့  ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့ ရက်ချိန်း သတ်မှတ် တောင်းဆိုဖို့ တင်ပြသွားပါတယ်..။

ပေါက်ခေါင်း ကိုယ်စားလှယ် ဦးစိန်ဝင်းက ရွေးကောက်ပွဲပြီးရင် လွှတ်တော် ခေါ်ရမယ်။ အာဏာသုံးရပ် ဟာလည်း ပြည်သူ့လွှတ်တော်မှာပဲ ရှိရမယ်။ ဘယ်သူကမှ ပြည်သူကို ဆန့်ကျင်ပြီး ကျင့်သုံး နေရတော့မှာ မဟုတ်ဘူးဆိုတာ နဝတကို တောင်းဆို  ရမယ်လို့ပြောသွားပါတယ်။

နောက် မကွေးတိုင်း မင်းဘူးကိုယ်စားလှယ် ဦးစိုးမြင့်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင်လက်မှတ်ထိုးပြီး တောင်းဆိုရမယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှသာ ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်နိုင်မယ်လို့ယုံကြည်တယ်။ ပြည်ထောင်စု တစ်ခုလုံးရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်း နိုင်မယ့် အရည်အသွေး၊ မျိုးရိုးဗီဇ၊ စေတနာ၊ အနစ်နာခံမှု၊ သီလ၊ သမာဓိ စတဲ့  အရည်အသွေးများနဲ့ ပြည့်ဝကုံလုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ရှေ့တန်းတင် တောင်းဆိုရမယ်လို့ တင်ပြပါတယ်..။

အထက်မင်းလှ ကိုယ်စားလှယ် ဦးချစ်တင်က ပြည်သူ့လွှတ်တော် အစည်းအဝေးအမြန်ခေါ်ပေးဖို့ နဝတမှာ တာဝန်ရှိကြောင်း..။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ပြည်သူ့လွှတ်တော်ကပဲ ရေးဆွဲရမှာဖြစ်တယ်..။ နဝတ ဆီက အာဏာကို ငြိမ်းချမ်းသော နည်းနဲ့ လွှဲပြောင်းယူနိုင်ဖို့ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်၊ အဆင်သင့် ပြင်ထားတာကို ထောက်ခံ တယ်လို့ ဆွေးနွေးပါတယ်။

ပခုက္ကူ(၁) ဦးကြည်မင်းကတော့   လွှတ်တော် ပြင်ဆင်ရေး ကော်မတီ  တစ်ရပ် ဖွဲ့စည်းဖို့   အကြံပြု သွားပါတယ်။

ညနေ(၄)နာရီခွဲမှာ ပထမနေ့ အစည်းအဝေးကို ရပ်နားလိုက်ပါတယ်..။ ဒီအချိန်ကျမှပဲ တစ်နေ့လုံး ညိုနေတဲ့ မိုးက သည်းသည်းမည်းမည်း ရွာချလိုက်ပါတယ်..။

ဂန္ဒီခန်းမလှေကားကဆင်းလာတဲ့ ကိုယ်စားလှယ်တွေဆီကို လမ်းဘေး ပလက်ဖောင်း ပေါ်က တစ်နေ့လုံးစောင့်ပြီး အားပေးနေတဲ့ပရိသတ်က ပြိုဆင်းလာပါတယ်။ ကိုယ်စားလှယ်များ ထွက်လာ နိုင်အောင် အလယ်က လမ်းဖွင့်ပေးပြီး ဘေးနှစ်ဖက်က လူထုကြီးကကြိုဆိုနေပါတယ်..။ မိုးပေါက်တွေက တအားမို့လို့ ထီးဖွင့်မယ် လုပ်တော့  …..

“လူအုပ်ကြီးက ကိုယ်စားလှယ်ကြီးတွေကို ကြည့်ချင်၊ မြင်ချင်လို့ ကြိုဆိုနေတာပါ၊ ထီးမဆောင်းပါနဲ့” ..လို့ လုံခြုံရေး တာဝန်ယူတဲ့ လူငယ်များက သတိပေးလို့ ဒီအတိုင်းပဲ မိုးရွာထဲဆင်းလိုက်တယ်..။ လူထုကြီးကလည်း ထီးမဆောင်းကြပါ..။ လူထုကြီးရော၊ ကိုယ်စားလှယ်များပါ   မိုးရေတွေနဲ့စိုရွှဲပြီး အေးမြသွားပါတော့တယ်..။

“ကိုယ်စားလှယ်ကြီးများ ကျန်းမာပါစေ”

“ကိုယ်စားလှယ်ကြီးများကို လေးစားပါတယ်”

“ကိုယ်စားလှယ်ကြီးများကို ယုံကြည်ပါတယ်”

ဆိုတဲ့အသံတွေအပြင် လက်ကိုဖမ်းဆွဲတဲ့သူ၊ ကိုယ်လုံးကို ဆီးဖက်တဲ့ သူတွေနဲ့မို့  တရွေ့ရွေ့ပဲ လူစီးကြောင်းကြီး အတိုင်း ထွက်လာရပြီး ဗိုလ်အောင်ကျော်လမ်းပေါ်အထိ လူထုကြီး အကြားက လမ်းလျှောက်ရတုန်းပါပဲ..။ မဟာဗန္ဓုလလမ်းနား ရောက်တော့ ကျနော်တို့  အကြားမှာ တရွေ့ရွေ့ မောင်း လာတဲ့ ဆလွန်းကား၊ နောက်ပွင့်ကားကလေးတွေ ပါလာပြီး…

“ကားပေါ်တက်လိုက်ခဲ့ပါ၊ ဆင်းချင်တဲ့နေရာကျမှဆင်းပါ”.. ဆိုတဲ့ အဘိယာစက ပြုတာတွေကြောင့် နီးတဲ့ကားတစ်စီးပေါ် တက်လိုက်ပါတယ်..။ ကားပေါ်ရောက်တော့မှ တစ်ကိုယ်လုံး စိုရွှဲနေပြီမို့   တိုက်ပုံအင်္ကျီ ချွတ်လိုက်ပြီး အထဲက ရှပ်လက်ရှည်ကို လက်ခေါက်တင်လိုက်တယ်..။ လက်ကိုင်ပုဝါနဲ့ ရေတွေ သုတ်လိုက်တယ်။ ဒီအချိန်မှာ.. မိုးတွေရွာပြီး မိုးရွှဲနေတာပဲ ခပ်ကောင်းကောင်းပါ..။  ဘာပြုလို့လဲဆိုတော့ မျက်လုံးထဲက မျက်ရည်တွေက ထိန်းမနိုင်၊ သိမ်းမရ ဖြစ်နေလို့ပါ..။ကိုယ့်ဖာသာ  ငိုတာမဟုတ်ဘူးဆိုတာကတော့ သိပေမယ့် မျက်ရည်ကတော့ ထိန်းမရပါ။

အနော်ရထာလမ်း နားရောက်တော့မှ လမ်းကြုံစီးတဲ့ကားကလေးက ဆင်းပြီး (၃၃)ဘတ်စ်ကားနဲ့ ပြန်ခဲ့ပါတယ်။ ဒီနေ့တော့ ..အိမ်ရောက်မှ အိမ်နီးချင်း အိမ်တစ်အိမ်က သတင်းစာငှားပြီး ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ၁/၉၀ကြေညာစာတမ်းကို သေသေချာချာ ဖတ်ရပါတယ်..။  တမင်တကာကျွန်တော်တို့(၂၈)ရက်နေ့နဲ့ (၂၉)ရက်နေ့ လုပ်မှာကို ကြိုပြီး (၂၇)ရက်နေ့စွဲနဲ့ ထုတ်လိုက်တာပါ..။ ဒါလည်းပဲ ကျနော်တို့ဘက်က ကြိုတင်စီစဉ်တာတွေက  ပေါက်ကြားတဲ့အတွက် အချက်အလက်တွေ သိပြီး ကာကွယ်ခြိမ်းခြောက်တာတွေ ပါပါတယ်။

Photo Credit – AseanDigest.net 500 × 350


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts