အတွေးအမြင် ဒေါက်တာဓမ္မပီယ

ဒေါက်တာဓမ္မပိယ (ITBMU) –ေ၀၀ါးနေသော တွေးစိတ်များဖြင့် ရှုမြင်သုံးသပ်လျှင်

ဒေါက်တာဓမ္မပိယ (ITBMU) –ေ၀၀ါးနေသော တွေးစိတ်များဖြင့် ရှုမြင်သုံးသပ်လျှင်
သြဂုတ် ၅၊ ၂၀၁၄

အရင်အပတ်က သမဂ္ဂဂျာနယ်မှာ အတွေးအမြင်နှင့် ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။  ̏အမြင်မတူတဲ့အတွေးများနှင့် တိုင်းပြည်ငြိမ်းချမ်းရေးကို မည်သို့တည်ဆောက်ကြမည်နည်း̋  ဆိုတဲ့ ဆောင်းပါးပါ။  လူတစ်ယောက်မှာ စိတ်ကောင်းတွေမွေးမြူနိုင်ဖို့၊ စိတ်ကောင်းတွေရှိလာနိုင်ဖို့ ဘယ်လိုတွေးမလဲဆိုတဲ့ သဘော တရားကို ဗုဒ္ဓစ်စ် ဆိုက်ကိုလိုဂျီရှုဒေါင့်ကနေ ရေးသားတင်ပြခဲ့ခြင်းပါ။

မြန်မာနိုင်ငံတော်ကြီးကို ငြိမ်းချမ်းတဲ့အသွင်နဲ့ ရှိနေတာကို မြင်လိုသူတို့အတွက် မိမိတို့ရဲ့ ကိုယ်ပိုင် အတွေးအမြင်များကို ကိုယ်တိုင်ဆန်းစစ်နိုင်အောင် ဗုဒ္ဓစ်စ် ဆိုက်ကိုလိုဂျီရှုဒေါင့်မှနေ၍ သုံးသပ်တင်ပြထား ခြင်းဖြစ်တယ်။

အများသိပြီးဖြစ်တဲ့အတိုင်း ဗုဒ္ဓစ်စ် ဆိုက်ကိုလိုဂျီပညာရပ်ဆိုတာ စိတ်ကို အထူးပြုလေ့လာတဲ့ ပညာရပ် ဖြစ်လို့ အသိခက်တယ်။ သိမ့်မွေ့နက်နဲတယ်။ ဗုဒ္ဓစ်စ် ဆိုက်ကိုလိုဂျီပညာရပ်မှာ စိတ်ရဲ့သဘောသဘာဝကို သိနိုင်တဲ့ အချက်အလက်တွေ များစွာပါဝင်နေတာမို့ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ တခါတရံမှာ ဆိုက်ကို ပညာရပ်ကို လေ့လာရင်း စိတ်ကို ရွှင်လန်းတက်ကြွစေတယ်။ တခါတရံမှာလည်း ဒီပညာရပ်ကို လေ့လာရင်း စိတ်ကို ပို၍ေ၀၀ါးရှုပ်ထွေးစေတယ်။ ဒီအခါမျိုးမှာ အတွေးစိတ်တွေဖြစ်မိတယ်။ ဘာသာရပ်ကြောင့် စိတ်တွေကိုေ၀၀ါးစေတာလား။ သို့မဟုတ်ေ၀၀ါးနေတဲ့စိတ်တွေကြောင့် ဘာသာရပ်ကို လေ့လာရာမှာ ခက်ခဲနေတာလား ဆိုတဲ့ အတွေးမျိုးတွေဖြစ်ပေါ်လာခြင်းပါ။

ဘုရားဟောဒေသနာမှာ စိတ်ရဲ့မူလသဘာဝက ကြည်လင်သန့်ရှင်းနေတယ်လို့ဆိုတယ်။ ၀င်းလက် နေတယ်လို့ လက်ခံထားကြတယ်။ သို့သော် လောဘ ဒေါသ မောဟစတဲ့ သဘောသဘာဝများနှင့် ရောထွေးခံ လိုက်ရတဲ့အခါမျိုးမှာ စိတ်ရဲ့မူလအရည်အသွေးများဟာ ပြောင်းလဲသွားတတ်တယ်လို့ အဆိုပြုထားတယ်။ ဥပမာ၊ စိတ်ဟာ လောဘနှင့်ယှဉ်တွဲခံလိုက်ရရင် ထိုလောဘကြောင့် လိုချင်စိတ်တွေဖြစ်လာတယ်။ ဒေါသနှင့် ယှဉ်တွဲခံလိုက်ရရင် ထိုဒေါသကြောင့် မုန်းတီးစိတ်တွေ၊ နာကြည်းစိတ်တွေ၊ အထင်အမြင်လွဲမှားမှုတွေ တသီကြီး ဖြစ်လာတယ်။ မောဟနှင့်ယှဉ်တွဲ ခံလိုက်ရပြီဆိုရင်တော့ ထိုမောဟကြောင့် စိတ်တွေဟာေ၀၀ါးသွားတတ်ပြီး၊ အသိကင်းမဲ့တဲ့သူဟာ အမှောင်ထဲမှာ သွားလာနေရသလို အမှား၊ အမှန်ကို ဝေခွဲမရနိုင်အောင်  ဖြစ်သွားတတ်ခြင်းပါ။

စိတ်ရဲ့မူလသဘာဝကို အနီးစပ်ဆုံး ရှုမြင်သုံးသပ်ကြည့်ချင်ရင် လောဘ ဒေါသ မောဟတရားများ ဖြစ်ခွင့်နည်းပါးနေသေးတဲ့ ကလေးငယ်တစ်ယောက်ရဲ့စိတ်ကို သုံးသပ်ကြည့်နိုင်ခြင်းပါ။  ကလေးငယ်များရဲ့ စိတ်ဟာ အချိန်တိုင်းလိုလို ကြည်လင်နေတတ်ပြီး၊ စိတ်ကို ရောင်ပြန်ဟပ်နေတဲ့ သူ့ရဲ့မျက်လုံးအစုံဟာ အပြစ်ကင်းစင်တဲ့သဘောကို ထင်ဟပ်စေတယ်။ တစ်ခုစဉ်းစားမိတာက ကလေးငယ်များလည်း တွေးတဲ့ သဘောတော့ ရှိနိုင်တယ်ဆိုတဲ့အချက်ပါ။ သို့သော် သူတို့အတွေးများဟာ အစွန်းရောက်တဲ့သဘောမျိုး မရှိတာကြောင့် စိတ်ရဲ့မူလအရည်အသွေးများဟာ ထင်ရှားနေဆဲဖြစ်တယ်လို့ ပြောဆိုနိုင်ခြင်းပါ။

ထိုကြောင့် တွေးစိတ်များကို လေ့လာကြည့်တဲ့အခါ တွေးစိတ်မှာ လောဘစသော စေတသိက်များနှင့် အရောအနှောခံရတဲ့အခါမျိုးရှိသလို တခါတရံမှာ အတ္တနှင့် (ဒိဋ္ဌိစေတသိက်နှင့်) တခါတရံမှာ မာနနှင့်လည်း ရောထွေးဖြစ်နေတတ်ခြင်းပါ။ ထိုအခါမျိုးမှာ တွေးစိတ်ရဲ့အနေအထားဟာ အရောင်ဆိုးခံရတဲ့ အနေ အထား မျိုးသို့ ရောက်ရှိသွားတတ်ခြင်းပါ။ ဥပမာ၊ စိတ်ကို အတ္တအရောင် အဆိုးခံထားရတဲ့ အချိန်အခါမျိုးတွေမှာ လူမှုရေးကိစ္စတွေမှာ အတ္တအစွန်းတွေ ထွက်နေတတ်ပြီး၊ မာနအရောင်ဆိုးခံထားရတဲ့ အချိန်အခါမျိုးမှာတော့ ပုဂ္ဂိုလ်ရေးရာကိစ္စတွေမှာ မာနတံခွန်တွေ အစွန်းထွက်နေတတ်တာကို တွေ့မြင်နိုင်ခြင်းပါ။

အတ္တ မာနစတဲ့ အကုသိုလ်စေတသိက်တွေနှင့် ယှဉ်တွဲခံထားရတဲ့ စိတ်အစဉ်မှာ မလွဲမသွေ အ၀ိဇ္ဇာ (အသိတရားကို ကင်းမဲ့စေတဲ့တရား) လို့ခေါ်တဲ့ မောဟတရားက အမြဲတမ်းယှဉ်တွဲနေတတ်တာကို အဘိဓမ္မာသဘော ဉာဏ်နှင့်မသက်ဝင်နိုင်သူများအတွက် သိနားလည်နိုင်မည်မဟုတ်ပါ။ ဒီတော့လဲ ငါပြောတာ အမှန်၊ ငါလုပ်တာအဟုတ်ဆိုတဲ့ေ၀၀ါးတဲ့စိတ်တွေဟာ အားကောင်းနေတတ်ခြင်းပါ။ အ၀ိဖ္ဇာက (မှားမှန်း၊ မှန်မှန်းမသိအောင်) ပြုစားထားလေတော့ ထိုလူရဲ့စိတ်အနေထားဟာ အလိုလိုပဲ အသိမဲ့၊ ဉာဏ်မဲ့တဲ့ အန္ဓပုထုဇဉ် ဘ၀မျိုးသို့ ရောက်ရှိသွားတတ်ခြင်းပါ။

အန္ဓပုထုဇဉ်ဆိုတာ မိုက်မိုက်ကန်းကန်း လုပ်တတ်တဲ့လူကို (အကြမ်းဖျင်းအားဖြင့်) ခေါ်ဝေါ်သုံးစွဲ ပြောဆိုတတ်ကြခြင်းပါ။ ဘာပဲဖြစ်ဖြစ် အန္ဓပုထုဇဉ်တွေ တွေးတဲ့အတွေးနှင့် ကလျာဏပုထုဇဉ်တွေ (သူတော် ကောင်းစိတ်ရှိတဲ့ ပုထုဇဉ်တွေ) တွေးတဲ့ အတွေးတွေဟာ များသောအားဖြင့် ခြားနားနေတတ်ခြင်းပါ။

ဥပမာ၊ ကလျာဏပုထုဇဉ်များက ကုသိုလ်စိတ်တွေများများ ဖြစ်ပွားခွင့်ရအောင် တွေးတယ်။ အန္ဓ ပုထုဇဉ်များကတော့ အထိန်းအကွပ်မရှိ (အကုသိုလ်နှင့်ယှဉ်တဲ့စိတ်တွေနဲ့) တွေးချင်ရာကို တွေးတတ်ကြတယ်။

လူမှန်ရင် တွေးတတ်တဲ့သဘောတရားရှိနေတာကို လက်ခံနိုင်ပါတယ်။ သို့သော် စိတ်လွတ်၊ ကိုယ် လွတ် သဘောမျိုးနှင့် မတွေးကြဖို့ပါ။ ဘာကြောင့်လဲဆိုရင် အတွေးဆိုတာ မှန်တာတွေရှိနိုင်သလို၊ မှားနေတာ တွေလည်း ရှိနေနိုင်ခြင်းပါ။ မိမိတွေးတဲ့အတွေးပေါ်မှာ ပြန်လည်တွေးတောတတ်တဲ့ အလေ့အကျင့်မျိုး၊ သိုမဟုတ် သတိတရားမျိုး ရှိမထားသူများအတွက်   “တွေးစိတ်များရဲ့ နောက်ကွယ်မှာ …↔ ဘာတွေ ဖြစ်လာ နိုင်တယ်ဆိုတာ မသိနိုင်ခြင်းပါ။ ထိုကြောင့် မိမိတွေးတဲ့အတွေးပေါ်မှာ ပြန်လည်တွေးတော ဆင်ခြင်တတ်တဲ့ အလေ့အကျင့်မျိုးကို စနစ်တကျ ပြုလုပ်ထားသင့်တယ်။ သို့မဟုတ် လေ့ကျင့်ထားသင့်တယ်။ အတွေးမှားလို့ အပြောမှားတယ်၊ အတွေးမှားလို့ အမြင်မှားတယ်ဆိုတာ သတိနည်းသူတို့မှာသာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘော သဘာဝတွေပါ။

တခါတရံ တစ်စုံတစ်ခုအပေါ်မှာ သံသယစိတ်များဝင်နေလို့ တွေးတာမျိုးတွေလည်း ရှိနေတတ်ခြင်းပါ။ ထိုအခါ တွေးစိတ်ကို သံသယစိတ်လို့ ပြောနိုင်၊ မပြောနိုင် စဉ်းစားမိတတ်ကြတယ်။ တွေးစိတ်ကြောင့် သံသယ စိတ်များ ဖြစ်ပေါ်လာနိုင်တာဖြစ်ပေမဲ့ သံသယစိတ်ဆိုတာ တွေးစိတ်မဟုတ်ပါ။ ယုံကြည်မှုများကို ပျက်ပြားစေတဲ့ သဘောတရားတစ်မျိုးပါ။

လူတစ်ယောက်ဟာ ရုတ်တရက်ကြီးဆိုသလို ဘ၀အလှည့်အပြောင်းတွေ ဖြစ်သွားတယ်ဆိုပါတော့။ ဥပမာ၊ ဆင်းရဲတဲ့ဘ၀ကနေ ချမ်းသာသွားတာ၊ ပညာမတတ်တဲ့ဘ၀ကနေ ပညာတတ်ကြီးဖြစ်သွားတာ စသည်မျိုးပါ။ ထိုလူရဲ့ ပြောင်းလဲမှုဟာ တွေးစိတ်ကို အခြေခံပြီး ဖြစ်ရတယ်ဆိုတာ အခိုင်အမာပြောနိုင်ခြင်းပါ။

တွေးစိတ်မှာ အင်အားတွေ ပါဝင်နေခြင်းပါ။ ဆိုလိုတာက တွေးစိတ်ကြောင့် သာယာလှပတဲ့ ဘ၀တစ်ခုကို ဖန်တီးနိုင်သလို၊ ထိုတွေးစိတ်ကြောင့်ပင် ကယ်လို့၊ ကူလို့မရနိုင်တဲ့ ဆင်းရဲ့ကြပ်တည်းတဲ့ ဘ၀များ ဆီသို့လည်း ရောက်သွားနိုင်ခြင်းပါ။ ထို့ကြောင့် ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော၊ ဘာပဲတွေးတွေး မိမိပြုလုပ်တဲ့ အမှုကို ပြန်လည်ဆန်းစစ်တတ်တဲ့ အလေ့အကျင့်ကောင်းကို ပြုလုပ်ထားတဲ့သူဟာ ကံကောင်းခြင်းဆီသို့ ကိုယ်တိုင် လမ်းပြခေါ်ဆောင်သွားနိုင်သူလို့ ပြောဆိုနိုင်ခြင်းပါ။

တွေးစိတ်ကို စနစ်တကျ ပြန်လည်သုံးသပ်တတ်တဲ့ အလေ့အကျင့်မျိုးကို ပြုမထားနိုင်သူများအတွက် အသက်ရှင်နေတဲ့ဘ၀မှာ ၀မ်းသာခြင်းထက် ၀မ်းနည်းခြင်းတွေက များနေတတ်ခြင်းပါ။ ကောင်းကျိုးထက် ဆိုးကျိုးတွေက ပိုမိုများပြားနေတတ်ခြင်းပါ။ ဘာကြောင့်လဲဆိုရင် တွေးစိတ်တွေရဲ့ နောက်ကွယ်မှာ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကြိုတင်တွေးဆ မထားနိုင်လို့ပါ။

ဒီနေရာမှာ လူငယ်တစ်ယောက်ရဲ့ဖြစ်အင်ကို သာဓကလေးတစ်ခုအနေနှင့် ထုတ်ပြချင်တယ်။ တစ်ခါက လူငယ်တစ်ယောက်ဟာ သူ့ချစ်သူ မိန်းကလေးတစ်ယောက်အပေါ်မှာ နားကျည်းစိတ်တွေဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ သူမောင်းနှင်လာတဲ့ ကားလမ်းရဲ့တစ်ဖက်မှာရှိတဲ့ ပလက်ဖေါင်းပေါ်မှာ တခြားကောင်လေး တစ်ယောက်နှင့် အတူလက်တွဲပြီး ပြုံးပြုံးရွှင်ရွှင် လမ်းလျှောက်သွားနေတဲ့ သူ့ချစ်သူမိန်းကလေးကို ရုတ်တရက် ဆိုသလို တွေ့လိုက်ရတယ်။ ဘာပြောကောင်းမလဲ စိတ်ထဲမှာ နာကျည်းလွန်းလို့ ကိုယ်တိုင်မောင်းနှင်လာတဲ့ ကားနှင့် တိုက်သတ်ပစ်ချင်တဲ့အတွေးတွေ ဖြစ်လာတယ်။ ချက်ခြင်းပဲ တိုက်သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူတွေးတဲ့ တွေးစိတ်ရဲ့နောက်ကွယ်မှာ ဒါကို လုပ်လိုက်ရင် ဒီဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ သူသတိမမူနိုင်တော့ဘဲေ၀၀ါးနေတဲ့စိတ်တွေနှင့် သူ့ချစ်သူကို ကားနှင့်တိုက်သတ်ဖို့ ရုတ်တရက် ကားကို ချိုးကွေ့လိုက်တယ်။ ကားကို ချိုးအကွေ့မှာ ဆန့်ကျင်ဘက်ကားလမ်းမှ အရှိန်ပြင်းစွာနှင့် မှောင်းနှင်လာတဲ့ လောရီကားကြီးနှင့်တိုက်မိပြီး ထိုနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။ သူ့အဖြစ်က ရင်နင့်စရာပါ။ သို့သော်ေ၀၀ါးနေတဲ့စိတ်ဆိုတာ အမှားကို ပြုမိတတ်တယ်ဆိုတာ သူကိုယ်တိုင် သိမသွားခြင်းအတွက် ၀မ်းနည်းမိခြင်းပါ။

သူ့အတွေးက သူကိုယ်တိုင် သေဖို့မရည်ရွယ်ပါ။ မုန်းသူကို သေစေချင်လို့ တမင်ကို ကားနှင့် ၀င်တိုက် ပစ်တာ။ ဒါပေမဲ့ သူ့အတွေးရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့အန္တရာယ်ကို ကိုယ်တိုင်မစဉ်းစားနိုင်တော့တဲ့ သူ့အဖြစ်ဟာ ကြေကွယ်ဖွယ်ရာ အဖြစ်ဆိုးနှင့် ကြုံတွေ့သွားခဲ့ရခြင်းပါ။

ဒီနေရာမှာ ဖြစ်စဉ်ကို သင်ခန်းစာ ယူတတ်မယ်ဆိုရင်တော့ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုး၊ အပြစ်ကို သတိမူနိုင်တဲ့ အလေ့အကျင့်မျိုးကို ပြုလုပ်မထားနိုင်ကြတဲ့ အတ္တများတဲ့ပုထုဇဉ် လူသားတို့ရဲ့စိတ်ဟာ အကာ အကွယ်မဲ့နေခြင်းသဘောကို ဖေါ်ပြနေခြင်းပါ။ တိုင်းပြည်တစ်ခုမှာ သို့မဟုတ် ဥပဒေမခိုင်မာသေးတဲ့နိုင်ငံမျိုးမှာ နေကြရတဲ့ပြည်သူများရဲ့ဘ၀ဟာလည်း အလားတူသင်ခန်းစာမျိုးနှင့် နှိုင်းခိုင်းဖေါ်ပြနိုင်ခြင်းပါ။

တကယ်တော့ အတွေးဆိုတာ မတွေးတတ်ရင် အကုသိုလ်စိတ်တွေလည်း များစွာဖြစ်တယ်၊  အန္တရာယ် တွေလည်း များစွာကျရောက်လာနိုင်တယ်။ ဘုရားလက်ထက်က သာဓကတစ်ခုပါ။ ဘုရားရှင်လက်ထက် တော်က မြတ်စွာဘုရားရဲ့ ဦးရီးတော်လည်းဖြစ်၊ ယောက္ခမလည်းဖြစ်တဲ့ သုပ္ပဗုဒ္ဓမင်းဟာ တူဆိုလည်းဟုတ်၊ သမက်ဆိုလည်းဟုတ်နေတဲ့ ဘုရားလောင်းအပေါ်မှာ မကျေမနပ် ဖြစ်နေတဲ့ကိစ္စပါ။ နာကြည်းမှုတွေဖြစ်နေတဲ့ တွေးစိတ်များကြောင့် ဘုရားလောင်းပြုမူသွားတဲ့ လုပ်ရပ်အပေါ်မှာ  ခွင့်လွတ်နားလည်ပေးလို့ ဘယ်လိုနည်းနဲ့မှ မရနိုင်အောင်ဖြစ်နေခြင်းပါ။

ဖြစ်ရတဲ့အကြောင်းရင်းက အသက်တမျှချစ်ရတဲ့ သူ့သမီးလေးကို တရားဝင် ထိမ်းများလက်ထပ်ထားပြီး၊ သူ့သမီးလေး သားဖွားတဲ့နေ့ သွေးသွေးနုနု သားနုနုဖြစ်နေတဲ့အချိန်မှာ ကိုယ့်တစ်ဖို့အတွက်ကိုသာကြည့်ပြီး ဖခင်တစ်ယောက်ရဲ့တာဝန်ကို မယူဘဲ ကိုယ်လွတ်ရုံးပြီး တောထွက်သွားတဲ့ကိစ္စပါ။ ဒီကိစ္စကြောင့် ဘုရားလောင်း သိဒ္ဓတ္ထအပေါ်မှာ ဘယ်လိုနည်းနဲ့မှ ခွင့်မလွတ်နိုင်အောင်ရှိနေခြင်းပါ။ ဆွေမျိုးခြင်းမို့ မျက်နှာထောက်ထားနေရ သော်လည်း သူ့စိတ်ထဲမှာတော့ ̏ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေနိုင်̋ တဲ့ကိစ္စမျိုးပါ။ သူအတွေးမှာ ̏မင်းလို သိဒ္ဓတ္ထဘက်မှာ ဆင်ခြေရှိသလို၊ ငါ့လို မိဘဖဘက်မှာလည်း ဆင်ခြေရှိတယ်̋ ဆိုတာကို အခိုင်အမာ စွဲကိုင် ထားခြင်းပါ။ ထိုကြောင့် ဘုရားလောင်းသိဒ္ဓတ္ထ ဘုရားဖြစ်လာပြီဖြစ်သော်လည်း လုံးဝခွင့်မလွတ်နိုင်အောင် ရှိနေခြင်းပါ။

ဒီကြားထဲ ̏တစ်ပူပေါ် နှစ်ပူဆင့်̋ဆိုသလို နောက်ထပ် မကျေနပ်စရာ အကြောင်းတစ်ခုက ပေါ်ပေါက် လာပြန်တယ်။ သူ့သာသနာတော်အတွင်းသို့ (ဘုရားရဲ့သာသနာတော်အတွင်းသို့) ရဟန်းအဖြစ်နဲ့ ၀င်ရောက် လာတဲ့ သူ့သားဒေ၀ဒတ်ကို သင့်တော်တဲ့ ရာထူးဌာနန္တရကိုမပေးပဲ လျစ်လျူရှုထားတဲ့ကိစ္စပါ။

ဒီအကြောင်းနှစ်ချက်က သူအတွက် ကမ္ဘာနမကျေနိုင်အောင် ဖြစ်ခဲ့ရပြန်တယ်။ ဒီတွေးစိတ်တွေက သူ့ဘ၀ကို အမြဲတမ်းလိုလို လွမ်းမိုးထားတာကြောင့် သူ့အတွေးတွေဟာ ဘုရားဘာပဲလုပ်လုပ် ဆန့်ကျင်ဘက် အနေနှင့် မြင်ပြီး၊ ဘုရားဘာပဲပြောပြော သူ့အတွက်တော့ လက်မခံနိုင်စရာအကြောင်းတွေချည်း ဖြစ်နေခဲ့တယ်။ ဒါကြောင့် သားသမီးများအတွက် ဘုရားအပေါ်မှာ နာကျည်းနေတဲ့စိတ်တွေ၊ေ၀၀ါးထွေပြားနေတဲ့စိတ်တွေနှင့် သုပ္ပဗုဒ္ဓမင်းဟာ သေတဲ့နေ့အထိ မြတ်စွာဘုရားကို အတိုက်အခံပြုခဲ့တယ်။ သူ့ဘ၀ရဲ့နောက်ဆုံးနေ့မှာ မြတ်စွာ ဘုရား ဆွမ်းခံကြွလာတော်မူမည့်လမ်းကို ပိတ်ဆို့ခဲ့တဲ့ အကုသိုလ်ကံကြောင့် မြေမျိုခြင်းကို ခံသွားခဲ့ရရှာတယ်။

သားသမီးများအပေါ်မှာ သံယောဇဉ်ကြီးလွန်းတဲ့ ဖခင်တစ်ယောက်ရဲ့စိတ်ထားကို အားပေးရမှာလား၊ ဖေးမရမှာလား တွေးမိခြင်းပါ။ သို့သော် ဉာဏ်နှင့်ဆင်ခြင်ကြည့်မယ်ဆိုရင်တော့ ̏သံဝေဂဖြစ်စရာပါ̋ ဆိုတဲ့ အဖြေဟာ နောက်ဆုံးအဖြေပဲ ဖြစ်မှာပါ။

မြန်မာနိုင်ငံတော်ကြီးအကြောင်းကို တွေးကြည့်မယ်ဆိုရင်လည်း မကျေနပ်နိုင်စရာအကြောင်တွေက များစွာရှိနေခြင်းပါ။ သို့သော် ကိုယ်တိုင်ကေ၀၀ါးနေသော စိတ်များဖြင့် တိုင်ပြည်ကို အဝေးကြည့်၊ အနီးကြည့် ကြည့်ကြမည်ဆိုလျှင် တိုင်းပြည်ရဲ့ အခြေအနေကို တစ်စိုက်မတ်မတ် ကြိုတင်လေ့လာသင့်ခြင်းပါ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဥပဒေစိုးမိုးရေးကအစ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တယားကြီး ဘယ်လောက် လည်ပတ် နေနိုင်ပြီလဲဆိုတဲ့ အခြေအနေများကို စနစ်တကျ လေ့လာထားသင့်ခြင်းပါ။ ထိုအခါမှာ အကြောင်းနဲ့၊ အကျိုးနဲ့ ဝေဖန်သုံးသပ်ပြနိုင်ခြင်းအတွက် တိုင်းပြည်တိုးတက်တာကို မြင်လိုသူတိုင်းက ကျေးဇူးတင်မဆုံးရှိနေမှာပါ။

ဖေ့စ်ဘုတ်ကို သုံးတတ်ကာမျှဖြင့်၊ ဗိုက်ဗာမှာပို့ထားတဲ့ မက်ဆေ့ခ်ျများကို ဖတ်တတ်ရုံမျှဖြင့်၊ အီးမေးလ်ကို ပို့တတ်ရုံမျှဖြင့် တိုင်းပြည်တစ်ခုရဲ့ အသွင်ကူးပြောင်းရေးမှာ မိမိကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်နေ သည်ဟု မဆိုနိုင်သေးပါ။ ဒီမိုကရေစီစနစ်မှာ ကိုယ့်အခွင့်ရေးကို ရှေ့တန်းတင်ပြီး ပြောနေရုံမျှဖြင့်လည်း တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်နေသူများထဲမှာ မိမိကိုယ်တိုင်ပါဝင်နေသည်ဟု မဆိုနိုင်သေးပါ။

ကိုယ်လုပ်တာမှ ကောင်းတယ်လို့ အထင်ရှိနေတဲ့ အကောင်းမြင်ဝါဒီတွေလို့ ကိုယ့်ကိုယ်ကို အထင်ရှိနေတဲ့လူတွေ ဒီလူ့အသိုက်အ၀န်းမှာ များများရှိနေသမျှကာလပတ်လုံး ဒီလူမျိုးတွေနေတဲ့ တိုင်း ပြည်ကြီးဟာ ဘာမှဖြစ်လာဦးမည်မဟုတ်ပါ။ ထို့ကြောင့်ေ၀၀ါးနေတဲ့စိတ်တွေကို ဖယ်ရှားပြီး၊ အသွင်းကူး ပြောင်းစ မြန်မာနိုင်ငံကြီးရဲ့ဖြစ်အင် (လူမှုရေး၊ ပညာရေး၊ စီးပွားရေးစသည်)ကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ် နိုင်ကြမည်ဆိုလျှင် မဝေးလှသော အနာဂတ်ကာလများမှာ မြန်မာနိုင်ငံတွင်းမှာ နေသူအားလုံး အေးမြတဲ့ မေတ္တာရိပ်အောက်မှာ ပျော်စရာကောင်းတဲ့ ဘ၀များကို ပိုင်ဆိုင်လာနိုင်ကြလိမ့်မည်ဟု ယုံကြည်ထားမိခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပိယ (ITBMU)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts