အီကြာအော် – “ဖွတ်ကလေးနှင့် ခက်သေးရွာတွင် ပီအာနှိုက်ခြင်း”
မိုးမခသရော်စာ၊ ဇူလိုင် ၂၈၊၂၀၁၄
အီကြာအော်တယောက် သူ၏မျက်နှာကို အီးမှန်ထားသကဲ့သို့ သုန်မှုန်နေသည်။ သူတို့ ခက်သေးရွာကလည်း နာမည်နှင့်လိုက်အောင် ခက်ကိုခက်လှသည်။ လွယ်နေတာကို ခက်အောင်လုပ်သည့်နေရာတွင် ကျွမ်းကျင်လိမ်မာလှသော ခက်သေးရွာမှ လူဂျီးအပေါင်းကိုလည်း ရွှေမေတ္တာသာ ပိုသချင်တော့သည်။ အခုလည်း ထမင်းချက်စရာ ဂက်စ်က ၀ယ်မရတော့၍ ထင်းမီးနဲ့သာ ထမင်းချက်နေရသည်။ “ရွာနားကမြက် ရွာနွားမစား” ဆိုသော စကားကို “ရွာနားက ဂက်စ်၊ ရွာနားမထား”ဟု လူဂျီးများက ပြောင်းထားသည်။
ခက်သေးရွာ လူဂျီးအပေါင်း ရွှေဥာဏ်တော်စူးရောက်ပြီး ရှိသမျှ ဂက်စ်တွေကို တခြားရွာများသို့ ရောင်းပစ်သည်။ ရွာကထွက်သော ဂက်စ်များ သုံးလို့မကုန်သဖြင့် ရောင်းပစ်ရသည်ဟု ဟစ်သော လူဂျီးများက ဟစ်ကြသည်။
“ဆရာအော်ကို မတွေ့တာ ကြာသွားပြီ…။ဘာတွေ ဖြစ်နေတာလည်း ဆရာအော်ရဲ့ ….”
မျက်နှာမှုန်နေသော အီကြာအော်ကို ဖွတ်ကလေးက ဖားသော လေသံဖြင့် ပြောလိုက်လေသည်။ ဖွတ်ကလေးတယောက် သူ့ဆရာ အီကြာအော်ကို မတွေ့တာ ကြာပြီဖြစ်သဖြင့် ခေါက်ဆွဲထုပ်တထုပ်ဖြင့် လာကန်တော့ပန်းဆင်ခြင်းဖြစ်သည်။
ခေါက်ဆွဲထုပ်၏မျက်နှာဖြင့် အီကြာအော်၏ သုန်မှုန်နေသော မျက်နှာက အနည်းငယ် ၀င်းပသွားရသည်။ အီကြာအော်တယောက်လည်း ခက်သေးရွာသားပီပီ လက်ဆောင်ကတော့ အလွန်မက်သည်။ ရွာလူဂျီးများကဲ့သို့ လယ်မြေ၊ အိမ်မြေတကွက်လောက် လက်ဆောင်ရသည် မဟုတ်သော်ငြားလည်း ခက်သေးရွာသားတို့ ထုံးစံအတိုင်း “ဂါ”သည်ကို သဘောနှစ်ခြိုက်လှသည် မဟုတ်ပါလား။
“မင်းကလည်းကွာ…၊ အလကားလုပ်လို့”
ပြောသာပြောရသည် အီကြာအော်၏ စိတ်ထဲတွင်မတော့ “အမြည်းလေး၊ အရည်လေးပါ ၀ယ်မလာရကောင်းလား”ဟု အပြစ်တင်ချင်သလိုလိုပင် ဖြစ်လိုက်သေးသည်။ ခက်သေးရွာသားအများစုလိုပင် “ဆရာကို ဂါ ခြင်းတရား”ကို နှစ်သက်လှပေသည်။
“မင်းလည်း ပေါ်မလာတာ ကြာပါရောလား ဖွတ်ကလေးရ”
“ကျနော်လည်း ယုန်ကန်ဆေးရုံကြီး ပြင်ဆင်ရေးကိစ္စ၊ လူနာဆောင်တွေ ရွှေ့ရေးကိစ္စတွေနဲ့ ရှုပ်နေလို့ပါ ဆရာအော်ရဲ့ ”
“ဒါနဲ့…မင်း “ပီအာ”အကြောင်း ဘာကြားသေးလည်းကွ”
အီကြာအော်က တပည့်ကျော်ဖွတ်ကလေးအား သိချင်ဇောဖြင့် မေးလိုက်လေသည်။
“ဘယ်….“ပီအာ”လည်းဆရာအော်”
“ဘယ် …“ပီအာ”ရမှာလည်းကွ၊ “ပီအာ”ဆိုတာ “ပီအာ”ပေါ့ကွ၊ P နဲ့ R နဲ့ ကိုပြောတာ”
အီကြာအော်က စိတ်မရှည်သောလေသံဖြင့် “ဒါလေးတောင် မသိရကောင်းလား”ဟူသော မျက်နှာပေးဖြင့် မေးလိုက်လေသည်။
“ကျနော်တို့ ဆေးရုံကြီးက “ပီအာ”ကတော့ စအိုနှိုက်တာပေါ့”
လူနာဆောင်ဝင်ဝတွင် အစောင့်လုပ်ရင်း လူနာအပေါင်းကို ခွဲစိတ်ဆောင်တွင် ၀မ်းချူ၊ စအိုနှိုက် လုပ်နေကျမို့လို့ “ပီအာ(PR)”ဆိုသည့် “ဆေးစကားအရ စအိုနှိုက်ခြင်း”ကို နားရည်ဝနေသော ဖွတ်ကလေးက အားရပါးရဖြင့် အီကြာအော်ကို ရှင်းပြလေတော့သည်။
“ဟေ့ကောင် ဖွတ်ကလေး.. မင်းပြောတာ ကြားရတာနဲ့တင် ငါတော့ အော့အန်ချင်သလိုလို ဖြစ်လာပြီ…။ မင်းဝယ်လာတဲ့ ခေါက်ဆွဲထုပ်တောင် စားချင်စိတ် ကုန်သွားပြီ”
အီကြာအော်က တကယ်ကို ရွံရှာသည့် မျက်နှာပေးနှင့် တပည့်ကျော် ဖွတ်ကလေးကို ပြောလိုက်လေသည်။
“ငါပြောတာ..အဲဒီ…မင်းဂျီးဒေါ် “ပီအာ”ကို ပြောတာ မဟုတ်ဘူးကွ”
“ဟာ…ဆရာအော်ကလည်း..ကြံကြံဖန်ဖန်..၊ ကျနော့်ဂျီးဒေါ်တောင် မလွတ်တော့ဘူး…”
ဖွတ်ကလေးလည်း ခေါင်းပွတ်၍ အီကြာအော်ကို ပြောလိုက်လေသည်။
“ဆရာအော်က ဒါဆိုရင် ဘယ် “ပီအာ”ကို ပြောတာလည်း”
“ဒီလိုကွ…”
အီကြာအော်က ခက်သေးရွာသားပီပီ ဆရာကြီးစတိုင်ဖြင့် သူပဲသိ၊ သူပဲတတ် ပုံစံဖြင့် စတိုင်ပေးလိုက်လေသည်။
“ငါပြောတဲ့ “ပီအာ”က စအိုနှိုက်တဲ့ “ပီအာ”တော့ မဟုတ်ဘူးကွ၊”
“အဲဒါဆိုရင်….ဘာနှိုက်တဲ့ “ပီအာ”လည်း ဆရာအော်”
“အေးကွ… မင်းပြောမှ ငါလည်း စဉ်းစားမိတယ်…၊ ငါပြောတဲ့“ပီအာ”က ဘာနှိုက်လည်း တော့မသိပါဘူးကွာ…၊ ကြောင်တောင်နှိုက်တာလား မသိပါဘူးကွာ”
“ဘယ်လို“ပီအာ”လည်း၊ လုပ်ပါဦး ဆရာအော်ရဲ့..”
ဖွတ်ကလေးလည်း သိချင်စောဖြင့် အီကြာအော်ကို မေးလိုက်လေ၏။
“ပီအာ”ဆိုတာက ….တို့ ခက်သေးရွာရဲ့  လူဂျီးရွေးပွဲမှာ အခုသုံးမယ့် စံနစ် အသစ်ပေါ့ကွ…”
“ဟာ….ဒါဆိုရင်တော့ လူဂျီးတွေ ၀မ်းချုပ်နေလို့နေမှာပေါ့….၊ ကျနော့ တာဝန်သာ ထားလိုက်ပါ..”
“မင်းကလည်းကွာ အရေးထဲမှ ၀င်ပြီး လက်သရမ်းချင်သေးတယ်…၊ အခုဟာက ၀မ်းချုပ်တာထက် ဆိုးတယ်ကွ”
“ဘယ်လိုများ ဆိုးတာလည်း ဆရာအော်”
“တို့ ခက်သေးရွာမှာ…လူဂျီးရွေးပွဲလုပ်ရင် အခုလက်ရှိက မဲအများဆုံးလူဂျီးပဲ လူဂျီးလုပ်လို့ ရတယ်လေ”
“ဆရာ့ “ပီအာ”နဲ့က ဘယ်လိုများ သက်ဆိုင်နေလဲ”
“ပီအာ” ဆိုတာ အချိုးကျ၊ ဝေပုံကျ လူဂျီးလုပ်ရမယ့် စံနစ်ကွ”
အီကြာအော်က ဆရာကြီးလေသံဖြင့် ဖွတ်ကလေးကို ရှင်းပြလိုက်သည်။
“သဘောက…မဲအများဆုံးရတဲ့သူလည်း လူဂျီးလုပ်…၊ ဒုတိယ ရတဲ့သူလည်း လူဂျီးလုပ်တဲ့ စံနစ်ပေါ့…”
“အဲဒါဆိုရင်လည်း ဘာဖြစ်လို့ မဲပေးပွဲ လုပ်နေရသေးလည်း ဆရာအော်ရယ်၊ ပြိုင်သူတိုင်း လူဂျီးသာလုပ်ခိုင်းလိုက်တော့ပေါ့..”
“အေးလေကွာ..တို့ ခက်သေးရွာမှာ လူဂျီး ဖောင်းပွမှုတွေ ဖြစ်လာတော့မှာပေါ့…”
“မြင်မြင်သမျှ ပါမောက္ခ” ဆိုတဲ့ စကားကနေ “ မြင်မြင်သမျှ ပီအာနှိုက်ကြ.. အဲ..ပီအာက” ဆိုပြီးပြောရမလို ဖြစ်နေမှာပေါ့ ဆရာအော်”
“အေးပေါ့ကွ…အကုန်သာ“ပီအာနှိုက်ရင်”…. ဟာကွာ ဖွတ်ကလေး …ငါလည်း မင်းနဲ့ပေါင်းပြီး နှိုက်တဲ့ဆီ ရောက်သွားပြီ…၊ ခက်သေးရွာ တရွာလုံး အကုန်သာ ပီအာစံနစ်နဲ့ အရွေးခံကြရင် မင်းနဲ့ ငါပဲ ရွာထဲမှာ ပီအာမဟုတ်တဲ့သူ ကျန်တော့မယ်ထင်တယ်…”
ထိုစဉ်အခါတွင် မီးဖိုချောင်ထဲတွင် ဟင်းချက်နေသော ဒေါ်အွန်မေးက အီကြာအော်ကို လှမ်းပြီး…
“ကိုအော်…..၊ ပီအာတွေ အီကြာတွေ လုပ်မနေနဲ့တော့ ဒီတခါ ကိုခိုနီတို့ ဆူပါမားကက်ရောက်ရင် ၀မ်းနှုတ်ဆေးတဗူးလောက် ၀ယ်ခဲ့ပါဦး၊ အမေက ၀မ်းချုပ်နေလို့တဲ့…”
“ဖွတ်ကလေးရေ ဒီတခါတော့ မင်းရဲ့  “ပီအာ”အလှည့်ပဲ…”ဟု နှစ်ကိုယ်ကြားတိုးတိုး ပြောလိုက်လေသည်။
ဖွတ်ကလေးလည်း တွန့်သွားပြီး “ဒီ..“ပီအာ”တော့ ကျုပ်က ကြောက်တယ် ဆရာအော်ရေ့ ” ဟုဆိုကာ ကြောက်လန့်တကြား ထွက်ပြေးသွားလေတော့သတည်း….။ ။
သဗေသတ္တာကမ္မသကာ
အီကြာအော်