ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – “မနက်ကအတွေး ညမှာအဆုံးသတ်ခဲ့တယ်”

 ဆောင်းယွန်းလ – “မနက်ကအတွေး ညမှာအဆုံးသတ်ခဲ့တယ်”

ဇူလိုင် ၂၆၊ ၂၀၁၄

မနက်ကတူးထားခဲ့တဲ့ စိတ်ကူးကို
နေ့မကူးခင်မှာပဲ
အမိအရ ပြန်မျှားခေါ်နေခဲ့ရပေါ့..

ကောက်ကြောင်းကို ပြန်ကောက်ကြည့်တော့
အပိုင်းအစတချို့ကို ပြန်ရတယ်…

မိုးလင်း မိုးချုပ်
ကိုယ့်ကိုယ်ကို ပရိုမိုးရှင်းလုပ်နေရတာ အရသာတဲ့လား

ဘာထည့်စားစား တည့်ကိုမတည့်လှဘူး
အာရုံတွေစားပြီး နောက်ကျိလွန်းလို့ပါ…..

ကမ္ဘာကြီးသာ လွတ်ပြီးလပ်သွားခဲ့တယ်
ကဗျာတွေ မလွတ်လပ်ခဲ့သေးဘူး…

သူ့အဖေရဲ့ သားဖြစ်ရတာနဲ့
သူ့အမေရဲ့ သမီးဖြစ်နေရပုံတွေကို

ဘယ်လိုစိတ်ကူးမျိုးနဲ့
အရူးဘုံမြှောက် လက်ခေါက်မှုတ်ပေးရမှာလဲ…

မျောက်လွတ်သွားတဲ့ အကိုင်းကိုကော
ဘယ်သူက ဓားနဲ့ချိုင်ခဲ့ပြန်တာလဲ…

အပြောကျယ်တဲ့ လောကကြီးထဲမှာ
ကျယ်ကျယ်ပြောနေတဲ့ အကောင်ဟာ
ကိုယ့်ခံတပ်ကို ကိုယ်ပြန်ခြံခတ်နေတာပဲ…

ဇာတ်လိုက်သား ဇာတ်လိုက်ဖြစ်တာနဲ့
လူကြမ်းသား လူကြမ်းဖြစ်ရတာ
ဘာဘာ ဘာမှ မဆန်းဘူး…

နေသာတဲ့ ကမ္ဘာအစွန်းမှာ နေသာသလိုနေရင်း
အာဏာရှင်အဘိုးရဲ့မြေး
ငြိမ်းချမ်းရေးဖခင်ဖြစ်သွားတဲ့ပုံမျိုးကို

နေသာသလို ထိုင်ကြည့်နေရတာကမှ
လူဖြစ်ရတဲ့ အရသာပေါ့….

လောလောဆယ်အထိကတော့
ဘာဆို ဘာမှ အရသာမရှိခဲ့သေးဘူး ။            ။

Photo – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts