ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – သခင်ကိုယ်တော်မှိုင်းသာ ရှိစေချင်

ဖိုးထက် – သခင်ကိုယ်တော်မှိုင်းသာ ရှိစေချင်
ဇူလိုင် ၂၂၊ ၂၀၁၄

ပြီးခဲ့သော တစ်ပါတ်က ကျွန်တော့်လက်ထဲကို ဆရာမကြီး လူထုဒေါ်အမာ ရေးသော “ဆရာကြီး သခင်ကိုယ်တော်မှိုင်း” စာအုပ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ဒီလို စာအုပ်အကောင်းစားကြီးတွေကို တွေ့တိုင်း ကျွန်တော့်ကို ချစ်ခင် မြတ်နိုးကြသော လူများက သူတို့မဖတ်ရသေးခင်မှာပင် ဦးဦးဖျားဖျား လက်ဆင့်ကမ်းပေးကြတာ အလွန်ကြီးသော အတိတ်ကုသိုလ်ကံဟု ဆိုရမည်လား မသိ။ ကျေးဇူး တင်ပါတယ်ဆိုသည့် စကားထက် ပိုမိုလေးနက် နက်ရှိုင်းသော စကားလုံးရှိလျှင် ယူငှင်သုံးစွဲပြီး ကျေးဇူး တင်ချင်သည်။

စာအုပ်၏ အဆင်အပြင်ကိုလဲ ကြည့်ပါအုံးတော့။ စာအုပ်အဖုံးက ပင်နီဖျဉ်ကျမ်းစနဲ့ အုပ်ပြီး ဆရာကြီး  ရဲ့ ပုံကြမ်းလေးနှင့် ရိုးရိုးယဉ်ယဉ် မြန်မာမှု့၊ မြန်မာ့ဟန်ပန် အပြည့်။ မြန်မာပညာရှိကြီး သခင်ကိုယ်တော်မှိုင်းနှင့် စာအုပ်ရဲ့ အပြင်အဆင်က အလွန်တရာမှ ပနံရလွန်းလှသည်။  ဒီစာအုပ်ကို ကျွန်တော် ဖတ်ဘူး သလိုလိုရှိသည်။ သို့သော် ဘယ်မှာ၊ ဘယ်သူ့ဆီမှာ၊ ဘယ်အချိန်က ဖတ်ဘူးမှန်းတော့ မမှတ်မိတော့။ ကိုယ်ပိုင် စာအုပ်အဖြစ် ရှိမနေတာတော့ သေချာသည်။ အခု ပြန်ဖတ်တော့ တစ်ချို့ အကြောင်းအရာတွေ ကျွန်တော်ဖတ်ဘူးခဲ့တာ သေချာသည်။ စာကို သေသေချာချာ ကြေကြေညက်ညက် မဖတ်ဘဲ လူတတ်ကြီးလုပ်ချင် စိတ်များဖြင့်၊ အုပ်ရေများများ ဖတ်ဘူးတယ်ဟု လူပေါ် လူဇော်လုပ်လိုသော စိတ်များဖြင့် စာဖတ်ခဲ့သောကြောင့် မမှတ်မိခဲ့တာလဲ ဖြစ်နိုင်သည်။

အခုတော့ ကျွန်တော် သေသေချာချာ အချိန်ယူပြီး စာအုပ်ကို ဖတ်နေမိသည်။ ဆရာကြီးရဲ့ စာတွေဟာ ကျွန်တော်တို့လို အပေါ်ယံစာရှပ်ဖတ်သည့် စာဖတ်ပရိတ်သတ် အကြိုက်စာတွေ မဟုတ်ဘူးလို့ ကျွန်တော်ထင်သည်။ မြန်မာစာပေ သမိုင်း၊ နောက်ခံ နိုင်ငံရေး သမိုင်း၊ မြန်မာ့ သမိုင်းတွေကို နှံ့စပ်သော စာဖတ်နာသည့် သူများ အတွက်ကတော့ ဆရာကြီးရဲ့ စာတွေကို ဖတ်ရတာ အလွန်အရသာ ရှိပေမည်။ ကျွန်တော့်အတွက်ကတော့ ဆရာကြီး ဆိုတာ မြန်မာ့လွတ်လပ်ရေး သမိုင်းမှာ ဗိုလ်ချုပ်တို့လို လူတွေကတောင် လေးစားရတဲ့ လူကြီး။ သတင်းစာ ပညာရှင်ကြီးဆိုသည့် အသိလောက်ဘဲ ရှိသည်။ ဆရာကြီး၏ ဋီကာတွေကို ခရီးသွား ဟန်လွှဲ စာဖတ်ရင်း တွေ့မိရင် ကသောကမျော ဖတ်ချသွားပြီး နောက်ကွယ်က ဘာကို ပြောချင်တာလဲ ဆိုတဲ့ အရသာကို မဖော်နိုင်ခဲ့တာ များခဲ့သည်။

ဆရာကြီး ရွှေဥဒေါင်း၏ ဘ၀တစ်သက်စာ မှတ်တမ်းများထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်း ကျွန်တော်ဖတ်ဘူးခဲ့သည်။ ငြိမ်းချမ်းရေး ဟောပြောပွဲတွေ နယ်လှည့် ဟောပြောကြတော့ လွယ်အိတ်လေး တစ်လုံးဘဲ ပါသည့် ကရိကထ အလွန်နည်းသည့် လူကြီးကို မျက်စိထဲ ပြေးမြင်ပြီး အားကျမိသည်။ ကိုယ်ရေး ကိုယ်တာကို အတတ်နိုင်ဆုံး ကျုံ့ထားသော လူကြီး အကြောင်းကို ဖတ်ကာ အလွန်ဇီဇာကြောင်ကြသော လူများ၊ ကရိကထ အလွန်များကြသော လူများကို ကိုယ်ကိုယ်တိုင်ကျတော့ ထူးမခြားနားပါဘဲနှင့် စိတ်မရှည်ဖြစ်နေမိခဲ့သည်။

ကျွန်တော်တို့က အင်္ဂလိပ်စာကို ထုံးလိုမွှေ၊ ရေလိုနှောက် တတ်မြောက်ကြသည့် ဆရာမြသန်းတင့်၊ ဆရာနတ်နွယ်၊ ဆရာကြီး တက်တိုးတို့ကို အားကျ အထင်ကြီးကျသည်။ မြန်မာစာတစ်ခုတည်း တတ်တယ်ဆိုသည့် ဆရာများဆိုလျှင် လူမပြောနှင့် ဘုန်းတော်ကြီးတွေတောင် သိပ်အထင်မကြီးကြသည့် လူမှုကွန်ယက် စိတ်ဓာတ်တွေ ရှိနေတတ်ကြသည်။ ခေတ်ပညာတတ် အမြင်တွေ လွန်လွန်ကဲကဲ ရှိနေတတ်ကြသည်ဟု ဆိုရမည်လား မသိ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို မြန်မာစာ တစ်ခုတည်း တတ်တဲ့ ဘုန်းကြီးကျောင်းထွက် အနီကြီးပါဗျာဟု လူမှုကွန်ယက်မှာ နာမည်ရနေသည့် လူတစ်ယောက်က အလွတ်သဘောမှတ်ချက်ပေးတာ ကျွန်တော်ကြားဘူးသည်။

ဆရာမကြီး လူထုဒေါ်အမာက စကားပြောပုံစံဖြင့် အချက်အလက်တွေကို ရေဆုံး မြေဆုံး လိုက်ပြီး နှိုက်နှိုက်ချွတ်ချွတ်ရေးတတ်သူကြီး ပီပီ ဆရာကြီး၏ ဘ၀ ကောက်ကြောင်းတွေက စာဖတ်သူ ကျွန်တော့်မျက်စိထဲမှာ ထင်းထင်းကြီး ပေါ်လာခဲ့သည်။ ဆရာကြီးရဲ့ စာတွေကို ပိုမိုပြီး လေးလေးစားစား ဖတ်တတ်ရကောင်းမှန်း သိလာသည်။ စာဖတ်ခြင်းရဲ့ အဓိပ္ပါယ်ဆိုတာ သိပ်ပြီး ကျယ်ဝန်း နက်ရှိုင်းသလောက် ယူတတ်ရင် အလွန်ရပြီး မယူတတ်ရင် အချိန်ကုန် လူမုန်းများတာဘဲ အဖတ်တင်တယ်လို့ ကျွန်တော်ကောက်ချက် ချမိသည်။

ဆရာကြီးရဲ့ အကြောင်းတွေကို ဖတ်ရင်း ဆရာကြီးရဲ့ ကိုယ်ရေးကိုယ်တာ အလွန်နည်းပြီး လူသူတော်ကောင်းကြီး ဆိုတာထက် လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်တို့လို ခေတ်ပညာတတ်လူတွေကို နည်းပေးလမ်းပြ လုပ်နိုင်သည့် အတွေးတွေကို အံ့သြရသည်။ ဗုဒ္ဓဘာသာဝင်စစ်စစ်ကြီးပီပီ မေတ္တာတရား လက်ကိုင်ထားပြီး အသက်အရွယ် အလွန်ကြီးကာမှ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မမောမပန်း အလုပ်တွေ လုပ်ခဲ့တာကို သြချယူရသည်။ ကျွန်တော်တို့ အသက် ၇၀ ဆိုလျှင် သေလူပါဆိုတဲ့ စိတ်မမွေးမိအောင် အတော်ကြီး ကြိုးစားရမည်။ ဆရာကြီးကတော့ ပြည်တွင်း ငြိမ်းချမ်းရေးသာ မက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ပါ ကမ္ဘာပါတ်လိုက်သေးသည်။ တရုတ်ပြည်၊ ရုရှား၊ ဟန်ဂေရီ၊ သီရိလင်္ကာ။ ငြိမ်းချမ်းရေးအတွက် ဆရာကြီးရဲ့ စိတ်ဇောတွေ ဘယ်လောက်များ ကြီးများ ပြင်းထန်ခဲ့ လေသလဲဆိုတာ တွေးကြည့်ရုံနဲ့ ရှင်းရှင်းကြီး မြင်နိုင်သည်။

ပြည်တွင်းမှာ ဖဆပလ နဲ့ ကွန်မြူနစ်တွေ ကွဲကြ ပြဲကြတော့ သူမနာ၊ ကိုယ်မနာ စေ့စပ်ညှိနှိုင်းကြဖို့ နှစ်ဖက်စလုံးက သူ့တပည့် သားမြေးတွေကို ဆရာကြီးက ဖြောင်းဖြခဲ့ရှာသည်။ အဘိုးကြီး ဘုန်းကြီးကျောင်းထွက်ကြီး နိုင်ငံရေး ဘာမှ နားမလည်ဘူး၊ မသိဘူးလို့ သတ်မှတ်ခဲ့ကြဟန် တူသည်။ အခုတော့ ပြည်တွင်းစစ်က ကမ္ဘာ့ ဂရင်းနစ်စာအုပ်ဝင်နေပြီ။ အရှည်ကြာဆုံး ပြည်တွင်းစစ်တဲ့။ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံတွေကို ဆရာကြီး တက်တိုင်း သူ့ကို လာရောက်နှုတ်ဆက်သူတွေကို ငြိမ်းချမ်းရေး မရမချင်း မသေသေးပါဘူးလို့ ပြန်ပြီး နှုတ်ဆက်သတဲ့။ ဆရာကြီး ဆုံးတော့ ၂၂ ဇူလိုင် ၁၉၆၄။

အခု လာမည့် ၂၂ ဇူလိုင် ၂၀၁၄ ဆိုရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆုံးတာ နှစ်ငါးဆယ် ပြည့်ပြီပေါ့။ ဆရာကြီး ဆုံးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ငါးဆယ်အတွင်း ကမ္ဘာကြီးရဲ့ အခြေအနေကို ဆရာကြီးသာ သိမယ်ဆိုရင် ဘာတွေများ ပြောလေမလဲ။ နှစ်ဖက်လုံး မကောင်းတဲ့ အစ္စရေးနဲ့ ပါလစတိုင်း အရေးကို ဘာပြောမလဲ။ သူများတွေ မြှောက်ပေးတိုင်း ဟိုဒင်းတက်အောင် က။ တစ်နယ်တည်း သားချင်း သတ်နေရုံနဲ့ အားမရဘဲ ခရီးသည်တင်လေယာဉ်ကို ပစ်ချတဲ့ လူတွေကို ဘာပြောမလဲ။ အပြီးမသတ်နိုင်သေးတဲ့ အီရတ်စစ်မီးတောက်တွေကို ဆရာကြီးက ဘာပြောမလဲ။ ဆရာကြီးသာ သက်ရှိထင်ရှား ရှိသေးရင် ဒီကိစ္စတွေအတွက် ငြိမ်းချမ်းရေး စကားတွေ ပြောနေအုံးမှာပါဘဲ။ အသက်အရွယ်မှ မထောက်ဘဲ ကမ္ဘာပါတ်နေအုံးမှာပါဘဲ။ ဒါပေမယ့် ဆရာကြီးက လူသူတော်ကောင်းကြီး ပီပီ ငြိမ်းချမ်းရေး ကြိုးစားကြဖို့ အေးအေးဆေးဆေး ယဉ်ယဉ်ကျေးကျေး ပြောမှာပါဘဲ။

ကျွန်တော်တို့ ပြည်တွင်းက သူ့မြေးက မွေးတဲ့ သားတွေလောက်သာ ရှိတဲ့ ငြိမ်းချမ်းရေး စင်တာ ဆိုပြီး ညနေတိုင်း ယမကာ မှီဝဲနေကြတဲ့ ငြိမ်းချမ်းရေး အဖွဲ့ဝင်တွေကိုရော ဘာပြောမှာတဲ့လဲ။ ငြိမ်းချမ်းရေး အတွက်ဆိုပြီး ပြည်သူတွေကြားမှာ Without ကားနဲ့ သေနတ်ခါးကြားချိတ်ပြီးသွားနေတဲ့ တိုင်းရင်းသားစစ်တပ် အထက်အရာရှိတွေကိုရော ဘာပြောချင်မှာလဲ။ ကားပါမစ်တွေကိုရော ဆရာကြီးက ကွမ်းကြီး မြုံ့ရင်း ပြုံးကြည့်နေနိုင်မယ်လို့တော့ မထင်ဘူး။ ဆရာကြီးသာ ရှိနေသေးရင် ဦးအောင်ဆန်းတို့တောင် စိတ်ထဲ မထင် မထင်သလို ပြောခဲ့တာ ဆိုတော့ အခု လက်ရှိ ငြိမ်းချမ်းရေး ပညာရှင်ကြီးများကို “ခွေးမသား…ခွေးမသား…ခွေးမသား….သုံး ခွေးမသား” လို့ ဆဲမှာ အသေအချာပါဘဲ။

သြော်…အခုတော့ ဆရာကြီး ဗြဟ္မ့ပြည်မှာ ရှိနေခဲ့တာ နှစ်ပေါင်း ငါးဆယ်။ ကျွန်တော်တို့မှာက ဆရာကြီး အသေအချာ ဆဲမယ့် ဒီ ခွေးမသားတွေ လက်ထဲမှာ အချင်းချင်း ဖက်ကိုက်ရဆဲ။ သူမနာ၊ ကိုယ်မနာဆိုတာ ဒင်းတို့ နားမလည်ဘူး အဘိုးရလို့ ကျွန်တော် သွားပြောရင် “တယ်…ဒီခွေးမသားက” လို့ ကျွန်တော့်ကိုပါ ဆဲလေမည်လား မသိ။

ဖိုးထက်

(သရုပ်ဖော် ပန်းချီသန်းဌေးမောင်၊ သူ့ဖေ့စ်ဘွတ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts