အတွေးအမြင် ဒေါက်တာဓမ္မပီယ

ဒေါက်တာဓမ္မပိယ (ITBMU) – မည်သူကို ရည်ညွှန်း၍ ဗိုလ်ချုပ်ပြောခဲ့သနည်း

ဒေါက်တာဓမ္မပိယ (ITBMU) – မည်သူကို ရည်ညွှန်း၍ ဗိုလ်ချုပ်ပြောခဲ့သနည်း
ဇူလိုင် ၂၀၊ ၂၀၁၄

လွန်ခဲ့တဲ့ (၁၉-၇-၁၉၄၇) ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ဇူလိုင်လ (၁၉) ရက်နေ့မှာ လုပ်ကြံခံခဲ့ကြရတယ်။ ဒီနေ့ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် တိုင်းရင်းသားများ အပါအ၀င် မြန်မာတစ်မျိုးသားလုံးက ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးပြီး  (၁၉) ဇူလိုင် မမေ့နိုင်̋ ရယ်လို့ သမိုင်းမော်ကွန်း ထိုးခဲ့ကြတယ်။

အာဇာနည်နေ့မတိုင်မီ ရက်များဆီက အာဇာနည်နေ့ကြီး နီးလာပြီဆိုတဲ့အသိနှင့် ဗိုလ်ချုပ်နှင့်ဆက် စပ်တဲ့ အကြောင်းအရာတွေကို ပိုမိုသိရှိနိုင်ရန် ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာရွက်စာတမ်းများ၊ စာအုပ် စာပေများကို လှမ်လှောကြည့်မိတယ်။ ဗိုလ်ချုပ်အောင်ဆန်း၏ ̏မမေ့နိုင်သောမိန့်ခွန်းများ̋ နှင့် ̏ဗိုလ်ချုပ် အောင်ဆန်း အဆိုအမိန့် ၁၀၀ ပုံရိပ် ၁၀၀နှင့် ယနေ့လူငယ်များအတွက် စံပြဗိုလ်ချုပ်̋ ဆိုတဲ့ စာအုပ်နှစ်အုပ် ကိုလည်း ဖတ်ဖြစ်ခဲ့တယ်။

အမှတ်မထင် ဗိုလ်ချုပ်သဘောထားကို ထင်ဟပ်စေတဲ့ ၁၉၄၄-ခု၊ သြဂုတ်လ၊ အလယ်ပစ္စယံ ညီလာခံမှာ ဗိုလ်ချုပ်ပြောသွားတဲ့ မိန့်ခွန်းများကို ပြန်လည်ဖတ်ရှုခွင့်ရတယ်။ ငယ်ငယ်က မိမိကြားဖူးထား တာက ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီမိုကရေစီစနစ်ကို လိုလားသူမဟုတ် ဆိုရှယ်လစ်စနစ်ကိုသာ လိုလားသူ၊ ဘာသာ သာသနာကို မယ်မယ်ရရ လေးစားလိုက်နာသူမဟုတ် နိုင်ငံတော်တိုးတက်ရေးကိုသာ ဇွတ်တရွတ် ဆောင်ရွက်လုပ်ကိုင်နေသူစသည်ဖြင့် ကြားခဲ့ရဖူးတယ်။ အဲဒီအချိန်က စာရေးသူဟာ ငယ်ရွယ်သူလည်းဖြစ်၊ ဗိုလ်ချုပ်အကြောင်း ဖတ်စရာစာအုပ်ကလည်း မိမိတို့ပတ်ဝန်းကျင်မှာ ရှာဖတ်လို့မရနိုင်တဲ့အနေအထားမျိုး ဆိုတော့ ဒို့ဗိုလ်ချုပ်က ဒီလိုကြီးလားလို့ အကြားစကားကို အခြေခံပြီး ဗိုလ်ချုပ်အပေါ်မှာ အတွေးတွေ၊ အမြင်တွေ မှားခဲ့တယ်။

စာဖတ်ရင်း ဗိုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းမှာ သံဃာတော်များအပေါ်မှာ ဗိုလ်ချုပ်သဘောထားကို သိခွင့်ရခဲ့တယ်။ သံဃာတော်တို့ရဲ့ ကျေးဇူးကို တိုင်းပြည်သိအောင် ၁၉၄၄-ခုနှစ်၊ သြဂုတ်လမှာ ကျင်းပသွားတဲ့ အလယ်ပစ္စယံညီလာခံမှာ ပြောသွားတဲ့မိန့်ခွန်းဟာ စာဖတ်သူရဲ့ နှလုံးဘ၀င်ကို အနက်ရှိုင်းဆုံး အသိအမြင်ကို မွေးဖွားပေးနိုင်ခဲ့တယ်။

ထိုညီလာခံမှာ ဗိုလ်ချုပ်ပြောသွားခဲ့တဲ့ မိန့်ခွန်းများကို ဖတ်ရှုနေရင်း မဆီမဆိုင် ဂျဝါဟာလာ နေရူး (Jawaharlal Nehru) ရေးတဲ့ ̏ချစ်သမီးသို့ ပေးစာ̋ (Letters from a Father to His Daughter) ဆိုတဲ့ စာအုပ်လေးကို ပြေးပြီးသတိရမိတယ်။ ဆယ်နှစ်အရွယ်သာ ရှိသေးတဲ့ သမီးငယ်လေး အင်ဒရာ ဂန္ဒီ (Indira Gandi)ကို နိုင်ငံရဲ့သမိုင်းကြောင်းနှင့် ယဉ်ကျေးသော နိုင်ငံကြီးသားတို့၏အကြောင်းများကို သမီးငယ်လေး သိရအောင် ထောင်ထဲကနေ ရေးလိုက်တဲ့စာတွေဖြစ်တယ်။ ပေးစာပေါင်း သုံးဆယ်ပါဝင်ပြီး၊ မူလက အင်္ဂလိပ်လို ရေးသားခဲ့သော်လည်း နာမည်ကျော်စာရေးဆရာ မန်ရှီ ပရီချန့်ဒ် (Munshi Premhcand) က အင်္ဂလိပ်မှ ဟန္ဒီလို ဘာသာပြန်ခဲ့တယ်လို့ သိရတယ်။

လောကအကြောင်း၊ လူတွေအကြောင်း၊ လူမျိုးတွေ ကိုးကွယ်နေတဲ့ ဘာသာသာသနာအကြောင်း ဒီလိုအကြောင်းအရာတွေ ပါဝင်နေတာမို့ အသက်အရွယ် နုနယ်နေသေးတဲ့ သမီးငယ်လေးကို  နားလည်နိုင် အောင် စိတ်ရှည်လက်ရှည်နှင့် ဖခင်တစ်ယောက်က ရေးထားတဲ့စာတွေပါ။  ဖခင်ဖြစ်သူဟာ ဗဟုသုတက လည်းကြွယ်၊ စာပေကလည်းတတ်၊ နိုင်ငံရေးသဘောတရားများကလည်း ကျွမ်းကျင်ဆိုတော့ သမီးလေးထံ ပေးတဲ့ ပေးစာကို ဖတ်ရသူတိုင်း သဘောကျနှစ်ခြိုက်ခဲ့ကြတယ်။

ဗိုလ်ချုပ်မိန့်ခွန်းနှင့် မြန်မာနိုင်ငံရဲ့အခြေအနေကို ဆက်စပ်တွေးကြည့်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ ၁၉၄၂-ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာ လက်ထပ်ခဲ့ကြတယ်ဆိုတာ သမိုင်းမှတ်တန်း များအရ သိထားပြီးဖြစ်တယ်။ သို့သော် ၁၉၄၄-ခုနှစ်၊ သြဂုတ်လ အလယ်ပစ္စယံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းဖြစ်နေတော့ ဒီမိန့်ခွန်းဟာ ဘယ်သူကို အထူးရည်စူးပြီး ပြောတယ်ဆိုတယ် သဲကွဲစွာ မသိရပါ။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်မှာ သားနှစ်ယောက် ထွန်းကားနေပြီဖြစ်လို့ သားနှစ်ယောက်အတွက် (အသိတရားရှိလာမဲ့ အရွယ်မှာ သံဃာတော်မျုားရဲ့ ဂုဏ်ကျေးဇူများကို သားသမီးများ သဲသဲကွဲကွဲ သိနိုင်အောင်  ကြိုတင်ရည်ရွယ်၍) မိန့်ခွန်းပြောခဲ့ခြင်းမျိုးလား၊ သို့မဟုတ် မြန်မာနိုင်ငံတော်သူ၊ နိုင်ငံတော်သား တိုင်းရင်းသား ညီအကိုတွေကို မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံရဲ့ အနေအထားကို လေ့လာသုံးသပ်ရာမှာ သံဃာတော်များရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည်အတွက် မည်၍မည်မျှ အရေးပါတဲ့ နေရာမျိုးမှာ ရှိနေကြောင်းကို သိစေလို၍လား သဲကွဲစွာ မသိရပါ။ သို့သော် ဗိုလ်ချုပ်ကိုယ်တိုင်က သံဃာတော်များရဲ့ ဂုဏ်ကျေးဇူးများကို မိန့်ဟသွားတဲ့အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်မိခြင်းပါ။ ဗိုလ်ချုပ်ပြောတဲ့ စကားဟာ လေးနက်နေတဲ့ စကားမျိုး ဖြစ်လို့ ဒီဆောင်းပါးမှာ အထူးကိုးကားပြီး တင်ပြထားခြင်းဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း ထိုမိန့်ခွန်းကို ပြောဆိုနေခဲ့တဲ့အချိန်မှာ ဗိုလ်ချုပ်ရဲ့ သမီးလေးကို အမေက မွေးဖွားပေးခြင်း မရှိခဲ့သေး၍ သမီးငယ်ကို ဗိုလ်ချုပ်ရည်ရွယ်သည်၊ မရည်ရွယ်သည်ကိုမူ အတိအကျ မသိနိုင်ပါ။ သို့သော် အဖေကို ချစ်တဲ့သမီးဖြစ်လို့ အဖေပြောတဲ့စကား၊ အဖေချွေခဲ့တဲ့မိန့်ခွန်းတွေဟာ သမီးတစ်ယောက် အနေနှင့် သူမဖြတ်သန်းနေရတဲ့ ဘ၀ခရီးတစ်လျှောက်လုံးအတွက် အင်အားတွေ ဖြစ်ရှိနိုင်ပြီး၊ တန်းဖိုးမဖြတ် နိုင်တဲ့ မိန့်ခွန်းတွေ ဖြစ်နေမယ်ဆိုတာ  ဥာဏ်ကြီးတဲ့သမီးအတွက် အထူးပြု၍ ပြောနေရန် လိုမည်မထင်ပါ။

၁၉၄၄-ခု၊ အလယ်ပစ္စယံမှာ ဗိုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းက ဒီလိုပါ။

     ̏ကျွန်ုပ်တို့တိုင်းပြည်တွင် သံဃာတော်အရှင်သူမြတ်များသည် ရာဇ၀င်တစ်လျှောက်လုံး ကျွန်ုပ်တို့ လူမျိုး၏ရှေးက မားမားမတ်မတ်ရပ်လျှက် မြင့်မြတ်သောအမှုမျိုးကိုသာ ပြုခဲ့ကြပေ၏။ ရှေးအခါများ၌ သံဃာတော်အရှင်မြတ်များသည် ကျွန်ုပ်တို့ တစ်မျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြ ပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သံဃာတော်အရှင်သူမြတ်များ ပညာသင်ကြားပေးလျှက် ရှိသောကြောင့် မြောက်မြားစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။

အချုပ်မှာ သံဃာတော်အရှင်သူမြတ်များ၏ စေတနာ၊ လုံးလကြောင့် ကျွန်ုပ်တို့၏စိတ်ဓာတ် မြင့်မြတ်မှု အသွင်အပြင် ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရများကို ခံတော်မူထိုက်ကြပေ၏။

ကျွန်ုပ်တို့ နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြသည် ဖြစ်သောကြောင့် အခြားဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀၀ အတွင်း လိမ်းကပ်၍ လာခဲ့သော ချေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်နိုင်ခဲ့ပါလျှင် ဗုဒ္ဓသာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာပါလိမ့်မည်ဟူ၍ ယူဆရပါသည်။

သို့ဖြစ်သောကြောင့် ယခု သံဃာတော်အရှင်မြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည်ဘုရား၊ အရှင်သူမြတ်များဘုရား၊ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြကုန်သည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူ ကမ္ဘာသားတို့ မေတ္တာတရားများပွားများ၍ သမစိတ္တနှင့် ညီရင်းအကို၊ မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။

အရှင်မြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တစ်ကမ္ဘာလုံး ကိုးကွယ်ဆည်းကပ်သည်တို့ကိုလည်း မြင်ချင်ပါသည်။ တပည့်တော်တို့ နိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးမှာပင် မေတ္တာတရား၊ သမစိတ္တသဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတစ်မျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။

ဤသို့သော ဆောင်ရွက်မှုသည် သာသနာဘက်ကကြည့်၍ မြင်ြ့မတ်သည်မဟုတ်ပါ။ တပည့်တော်တို့ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား ညီညွတ်ရေး တရားများကို ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ လွတ်လပ်စွာ ဘာသာ တရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ကာလဒေသ မရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူန ဘ၀မှ လွတ်မြောက်မှု စသည်တို့ဖြစ်ပါသည်။

အရှင်မြတ်တို့သည် သုံးလူ့ထွဋ်ထား မြတ်စွာဘုရား သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်း အပ္ပမာဒေန သမ္ပါဒေထ မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဘို့ တပည့်တော်တို့ ဗမာလူမျိုးတစ်မျိုးလုံးကို ဆုံးမတော်မူပါဘုရား̋  တဲ့။ ထူးခြားတဲ့ မိန့်ခွန်းပါ။

ပင်ကိုယ်ကပင် ရှင်းရှင်းပြောတတ်တဲ့ ဗိုလ်ချုပ်ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ပြောသွားတဲ့ မိန့်ခွန်းစကား၌ တိုင်းပြည်နှင့်လူမျိုးအတွက် အထူးအထွေ ထည့်ပေါင်းပြောဆိုစရာ မရှိပါ။ သို့သော် ဗိုလ်ချုပ်စကားသည် တိုင်းပြည်နှင့် လူမျိုးအတွက် လေးလေးနက်နက် ပြောဆိုထားခြင်းဖြစ်၍ လေးနက်တဲ့စကားကို ပေါ့ပေါ့ဆဆ နေတတ်သော မြန်မာလူမျိုးများ ဘာကို ဗိုလ်ချုပ်ပြောချင်သည် သိများမှ သိကြပါလေစ။ ဘာကို ဗိုလ်ချုပ်ဆိုလိုချင်တဃ်ဆိုတာကို ဥာဏ်ဖြင့် သုံးသပ်မှုများ ပြုများမှ ပြုနိုင်ကြပါလေစ ရယ်လို့ ဒီမိန့်ခွန်းကို ဖတ်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်မိခြင်းပါ။ ဘာပဲဖြစ်ဖြစ် ဖခင်နှင့်တူတဲ့ ဗိုလ်ချုပ်ကို တကယ်ချစ်တယ်၊ သူ့စကား များကို တကယ်ယုံကြည်ကြတယ်ဆိုရင်တော့ သားသမီးနှင့်တူတဲ့ တိုင်းသူ ပြည်သားများဟာ ဗိုလ်ချုပ်ပြောတဲ့ လမ်းစဉ်ကို အကောင်းဆုံးလိုက်နာနိုင်အောင်၊ ခိုင်ခိုင်မြဲမြဲ အကောင်အထည်ဖေါ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်တယ်။ ̏ပြောသူရှိရင် လိုက်နာသူလည်း ရှိရမှာပါ̋ ဆိုတဲ့ အဆိုအမိန့်လေးကိုလည်း သတိရနေမိခြင်းပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

(Illustration Credit – ပန်းချီသန်းဌေးမောင်၊ ဖေ့စ်ဘွတ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဒေါက်တာဓမ္မပိယ (ITBMU) – မည်သူကို ရည်ညွှန်း၍ ဗိုလ်ချုပ်ပြောခဲ့သနည်း
  1. Very good. I think Buddhist monks should preach compassion and loving kindness. They should not preach hatred , racism and bigotry.

  2. ခုနှစ်ကလေး နဲနဲလွဲနေတာကလွဲလို့မှတ်သားစရာပါ။(ဗိုလ်ချုပ်မိန့်ခွန်းနှင့် မြန်မာနိုင်ငံရဲ့အခြေအနေကို ဆက်စပ်တွေးကြည့်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ ၁၉၄၂-ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာ လက်ထပ်ခဲ့ကြတယ်ဆိုတာ သမိုင်းမှတ်တန်း များအရ သိထားပြီးဖြစ်တယ်။ သို့သော် ၁၉၉၄-ခုနှစ်၊ သြဂုတ်လ အလယ်ပစ္စယံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းဖြစ်နေတော့ ဒီမိန့်ခွန်းဟာ ဘယ်သူကို အထူးရည်စူးပြီး ပြောတယ်ဆိုတယ် သဲကွဲစွာ မသိရပါ။ )၁၉၉၄ဖြစ်နေတာပြင်လိုက်ယင်ကောင်းမှာပါ။

Comments are closed.