မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၄)

ဂန္ဒီခန်းမ ကြေညာစာတမ်း (၄)
အုန်းနိုင်
ဇူလိုင် ၈၊ ၂၀၁၄
 
 

● ဂန္ဒီခန်းမအစည်းအဝေး
(၂၈) ရက်နေ့မှာတော့ မနေ့က တာဝန်ယူထားတဲ့ကိစ္စကြောင့် စောစောပဲအိမ်ကထွက်ပါတယ်။ ဇေယျဝတီလမ်း   အိမ်ကထွက်ပြီး မီးရထား လမ်းကျော် စလင်းကွင်းရှေ့က  နံပါတ် (၃၃) ကားကို စီးပါတယ်။ ဆူးလေဘုရားလမ်းကိုရောက်တော့  (၃၃) ကားတွေ   မဟာဗန္ဓုလလမ်း အတိုင်း ဆက်မသွားပဲ ဆူးလေဘုရား လမ်းကွေ့..အထက်ဘက်တက်သွားပြီး   ဗိုလ်ချုပ်လမ်းကျမှ အရှေ့ဘက်ဆက်သွားပါတယ်..။  ဒါကြောင့် စိန်ပေါကျောင်းရှေ့မှာဆင်းပြီး ဗိုလ်အောင်ကျော်လမ်းအတိုင်း အောက်ဘက်ကို ခြေလျင်လျှောက်ခဲ့ပါတယ်။ မဟာဗန္ဓုလ လမ်းကျော်တော့ ရဲတွေနဲ့ ကျောင်းသားလုံခြုံရေးတွေ တွေ့ရပါတယ်…။ လွယ်ထားတဲ့လွယ်အိတ် စမ်းကြည့်ပါတယ်..။ အကုန် လှန်လှော ရှာဖွေတာတော့ မဟုတ်ပါ…။ ဂန္ဒီခန်းမရှေ့မှာတော့ အေးအေးချမ်းချမ်းပါပဲ..။ ကျောင်းသားလူငယ် လုံခြုံရေးတွေပဲ တွေ့ရ ပါတော့တယ်..။
ပေါင်းတည်မြို့နယ် ကိုယ်စားလှယ်ဆိုတာပြောပြတော့ သူတို့က သပြေညွန့်ကလေးများ ပေးအပ်ပါတယ်..။

အပေါ်တက်သွားတော့ ပေါင်းတည်က အဖွဲ့ချုပ်လူငယ်မှာလုပ်နေတဲ့ ပေါင်းတည်စည်းကော်မတီဝင် ကိုဌေးလွင်ကို တွေ့ရပါတယ်။ သူ တို့က လူငယ်ရန်ပုံငွေကောက်ပြီး ဂန္ဒီခန်းမ အစည်းအဝေးအတွက် ဖိုင်ကာဗာတစ်ခု ပေးပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံပုံ နှိပ်ထားပါတယ်..။ စားပွဲပေါ်က စာရွက်စာတမ်းတွေမှာ ကိုယ့်အမည်ရှာပြီး  ရောက်ကြောင်းလက်မှတ်ထိုးတော့ ရင်ထိုးတံဆိပ်ဖဲပြားတစ်ခု ပေးပါတယ်.။ အမည်နဲ့မြို့နယ်ပါတဲ့ ပလတ်စတစ်ရင်ထိုးတစ်ခု ပေးပါတယ်..။ ဒါတွေကို..ကိုဌေးလွင်အကူအညီနဲ့ တပ်ဆင်နေတုန်း ကျောင်းသားလူငယ်တွေ ပွေ့ပြီးချီမလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရောက်လာပါတယ်..။  ဒေါက်တာအုန်းမောင်  (မိုးမိတ်) လို့ သိလိုက်ရ ပါတယ်..။ သူ့ရဲ့သားကို အင်္ဂလန်သွားပြီး ဆေးကုတဲ့အကြောင်းနဲ့ သူကိုယ်တိုင်က မသန်မစွမ်းဖြစ်နေတဲ့အကြောင်း သူ..ရေးထားတဲ့ “ကျွန် တော့်သားကြီး” ဆိုတဲ့   စာအုပ်ဖတ်ဖူးကတည်းက သိနေတာပါ။ အခုလို…လူကိုယ်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မိုးမိတ်ကိုယ်စား လှယ်အဖြစ် တွေ့မြင်လိုက်ရတော့ ချက်ခြင်းပဲ သွားပြီးနှုတ်ဆက်လိုက်ပါတယ်။ နှုတ်ဆက်ပြီး..သူလက်မှတ်ထိုးနေတုန်း ကျနော်လည်း..ခန်းမထဲ ဝင်လိုက်ပါတယ်။

ဂန္ဒီခန်းမကို အရင်က တစ်ခါမှမရောက်ဖူးပါ..။ အကျယ်က ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ (ဂျပ်ဆင်) ခန်းမလောက် ကျယ်ပါတယ်..။ ခန်းမအတွင်း
ပဲခူးတိုင်းကိုယ်စားလှယ်များ  ရှိရာနေရာကို  တာဝန်ကျ လူငယ်များ လိုက်ပို့လို့ ရောက်သွားပါတယ်..။ နေရာကို ဝင်မထိုင်ခင်ပဲ လူတော် တော်စုံနေလို့ မနေ့က ညနေအကြောင်း ပြောပြီး ကျနော် ပြင်ဆင်ထားတဲ့ စာရွက်တွေကို ထုတ်လိုက်ပါတယ်..။ အဲဒါ ..ကျနော့်ကိုပြောဖို့ သဘောတူသလား။ တခြား…ဘယ်သူ့ တင်ချင်သေးသလဲလို့မေးတော့   ဒေါက်တာစိန်ဝင်းပြောဖို့ ဗဟိုအလုပ်အမှုဆောင်က လက်ခံလိုက် ပါပြီ..။ ဒေါက်တာစိန်ဝင်းက ပဲခူးတိုင်း အနောက်ခြမ်းကမို့ ..အရှေ့ခြမ်းဘက်က  ကိုယ်စားလှယ် ဦးမြတ်လှပြောလိမ့်မယ်လို့…တိုင်းစည်း ရုံးရေးမှူးတစ်ဦးဖြစ်တဲ့   ကျောက်တံခါးကိုယ်စားလှယ်  ဦးလှဦးကပြောပြီး ဦးမြတ်လှက ကျနော့်ဆီကစာရွက်တွေ လှမ်းယူလိုက်ပါတယ်..။ အော်…. ဒီလိုတော့လည်း လွယ်လှချည်လားလို့ စိတ်ထဲထင်လိုက်ပေမယ့်… ဒီအချိန်မျိုးမှာ အကျယ်အကျယ် မပြောလိုတော့လို့ ကိုယ့် နေရာပဲ ကိုယ်ဝင်ထိုင် လိုက်ပါတယ်။

အခန်းရဲ့အဆင်အပြင်ကို ကြည့်လိုက်တော့ စင်မြင့်ရဲ့နောက်ခံအားလုံး အနီရောင်ခြယ်ထားပြီး အလယ်မှာ အဖွဲ့ချုပ်အလံချိတ်ထားပါတယ်။ အလံရဲ့အပေါ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း   ဂျပန်ခေတ် စစ်ဝတ်စုံနဲ့ ရောင်စုံ ဓာတ်ပုံကြီး ချိတ်ထားပါတယ်။ ဘေးနှစ်ဖက်မှာတော့ပြည်ထောင်စုအလံနှစ်ခုစီနဲ့  အဖွဲ့ချုပ်အလံတစ်ခုစီ တိုင်ထူပြီး စိုက်ထားပါတယ်။ အလယ်မှာ သဘာပတိနေရာရှိပြီးရှေ့ဘက်မှာစကားပြော စင်မြင့်ရှိပါတယ်..။ ဘယ်ဘက်အစွန်းနားမှာ.. အခမ်းအနားမှူး စင်မြင့်ရှိပါတယ်..။ ပရိသတ်နဲ့   မျက်နှာချင်းဆိုင် စင်မြင့်ရဲ့ ဘေးနှစ်ဘက်မှာ တော့ လက်ဝဲဘက်က  ဦးတင်ဦးပုံနဲ့ လက်ယာဘက်ကဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူ ဆေးရောင်စုံပန်းချီကားကြီး  များချိတ်ဆွဲထားပါ တယ်..။

ဘေးဘက်နံရံတွေမှာတော့   မူလအဆင်အပြင်ဖြစ်ပုံရတဲ့ လက်ဝဲဘက်မှာ ဂန္ဒီကြီးရဲ့ပုံနဲ့  ဂန္ဒီကို ဦးနုက တွေ့ဆုံနေတဲ့ ဓာတ်ပုံကြီးများ.။ လက်ယာဘက်မှာတော့ ဂန္ဒီနဲ့ဒေါက်တာ ရာဘင်ဒြာတဂိုးတို့ရဲ့  ဓာတ်ပုံကြီးများ ချိတ်ဆွဲထားပါတယ်..။ ခန်းမရဲ့ တိုင်တိုင်းမှာတော့   အဖွဲ့ချုပ် အလံများ ကပ်ထားပါတယ်..။ ခန်းမကို  နှစ်ပိုင်းခွဲထားပြီး  နောက်ပိုင်းမှာ ထမင်းစားပွဲ တွေ ပြင်ထားတာမို့  စားသောက်ခန်း   ခွဲထားတယ်လို့ ထင်ရပါတယ်။ ရှေ့ပိုင်းကို ကိုယ်စားလှယ်တွေနဲ့ ပရိသတ်အတွက် ထိုင်ခုံတွေ ချထားပါတယ်။ သတင်းစာဆရာတွေ၊ လူမျိုးစုအဖွဲ့အ စည်းများက ဧည့်သည်တွေလာကြပါတယ်။ နိုင်ငံခြားသားများလည်း တွေ့ရပါတယ်။ (၉) နာရီမှာ  အခမ်းအနားစကြောင်း   အခမ်းအနားမှူး   ဦးစိန်လှဦးက ကြေညာပါတယ်။ သဘာပတိအဖြစ်ဦးကြည်မောင်က ဆောင်ရွက်ပါတယ်။

ဒ်ီနေ့အခမ်းအနားအစီအစဉ်ကတော့
၁။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း..။

၂။ ဒီမိုကရေစီတိုက်ပွဲ  အဆက်ဆက်တွင်  အသက်စွန့်လွှတ်ခဲ့ကြရသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိန်းအမှတ်အဖြစ် ရှစ်စက္ကန့် ငြိမ်သက် အလေးပြုခြင်း။

၃။အဖွဲ့ချုပ်ဥက္ကဌ  ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသား  အားလုံးလွတ်မြောက် ရေးအတွက် ဆုတောင်းမေတ္တာပို့သရန် (၁) မိနစ် ငြိမ်သက်ခြင်း။

၎။ သဘာပတိ မိန့်ခွန်းပြောကြားခြင်း။

၅။ ပဏာမ ညှိနှိုင်းအစည်းအဝေးကြီးသို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏အစီရင်ခံစာ တင်သွင်းခြင်း။

၆။ အဖွဲ့ချုပ် မြို့နယ်အဖွဲ့များနှင့်အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဆက်ဆံရေးလမ်းညွှန်စာတမ်း ဖတ်ကြားတင်ပြခြင်း။

၇။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် စပ်လျဉ်းသော အစီရင်ခံစာ တင်သွင်းခြင်း။
(နေ့လည်စာသုံးဆောင်ရန် ရပ်နားချိန်)

၈။  ပဏာမ ညှိနှိုင်းအစည်အဝေးကြီးသို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တင်ပြချက်များကို  ပြည်နယ်တိုင်း အလိုက် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း။ (ပြည်နယ်တိုင်းတစ်ခုလျှင်မိနစ်(၃၀)၊ ကိုယ်စားလှယ် သုံးဦးစီထက် မပိုပဲ ဆွေးနွေးကြရန်) တို့ဖြစ်ပါတယ်။

ဒါကပထမနေ့အစီအစဉ်ပါ။

အပြင်မှာတော့ ဂန္ဒီခန်းမနဲ့ကပ်လျက်ဗိုလ်အောင်ကျော်လမ်းနဲ့ ကုန်သည်လမ်းဘက်မှာ အဖွဲ့ချုပ် လူငယ်များလုံခြုံရေးတာဝန်ခံတွေက အဆောက်အဦ မျက်နှာစာနှစ်ဖက် ပလက်ဖောင်းပေါ်မှာရှိပြီး    လမ်းအလယ်မှာတော့ လက်နက်ကိုင်  အဖွဲ့အစည်းများ တန်းစီရှိပါတယ်..။လမ်းဟိုဘက်ပလက်ဖောင်း နှစ်ခုမှာတော့ အများပြည်သူ၊ ကျောင်းသားနဲ့ ရဟန်းရှင်လူ…ကြိတ်ကြိတ်တိုးအောင် ရှိနေပါတယ်။  အေးအေးလူလူထိုင်နေတဲ့သူ..၊ဂန္ဒီခန်းမရဲ့ တတိယထပ်ကို လှမ်းမျှော်နေတဲ့သူ..၊ လုံခြုံရေးတွေရဲ့အခြေအနေကို အကဲခတ်နေတဲ့သူ စသဖြင့်ပေါ့။ ဒီနေ့မှာ… ဒီလမ်းကို ကားတွေမသွားရအောင် ပိတ်ထားတာမို့ လမ်းအန္တရာယ်လည်း ကင်းကင်းနဲ့အပေါ်ကို မျှော်ကြည့်နေတာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts