U Win Tin ကိုရာဇာ လူများ၊ ရုပ်ပုံလွှာများ ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ကိုရာဇာ – ဦးဝင်းတင်နဲ့ ပင်နယ်တီကို ဘေးကန်ခြင်း (ဘောလုံးပွဲ )

ဦးဝင်းတင်နဲ့ ပင်နယ်တီကို ဘေးကန်ခြင်း (ဘောလုံးပွဲ )
ဦးဝင်းတင်နဲ့နေထိုင်ခြင်း
ကိုရာဇာ၊ ဇူလိုင် ၈၊ ၂၀၁၄

အဘရှိရင်တော့ကြိုက်မယ် မထင်ဘူးဗျ….။ အခုလိုချိန်ထိ အဘကို တသသဖြစ်နေတုန်း။

“အဘရေ … အဘ ရဲ့ ။ မထူးပါဘူးအဘရယ်၊ ကျနော့်ကို ခနစောင့် ကျနော်လည်း သိပ်ခံတောမ့ယ်မထင်ဘူး၊ နှစ်ယောက်ပေါင်း တစ်လောင်းလုပ် တခေါင်းထဲမြှုပ်လိုက်ရအောင် … “ ဆိုတော့ အဘက….

“အေး … မဆိုးဘူး၊ အချိန်ကော လူတွေရောအကုန် သက်သာနည်းပဲ။ မဆိုးလှပါဘူး…”

ဆိုပြီး ကျနော်နဲ့သေမင်းကို ရောနှောလှောင်ပြောင်သွားတာ မေ့မရသေးဘူးလေ။ အဘမွေးနေ့မှာ အဘလိုပုဂ္ဂိုလ်တွေ ဘာမှလုပ်စရာမလိုပါဘူး။ အိမ်ဦးခန်းကနေ “အဟမ်း” ဆိုပြီးချောင်းဟန့်ပေးနေရင် ကျနော်တို့လူငယ်တွေမှာ အားတက်ရပါတယ်။ အိမ်ဦးခန်း အဟမ်းသံလေး ပေးပါအုံးဆိုတဲ့ ကိုပေါ့်(မင်းကိုနိုင်) တောင်းဆိုချက်ကို များတယ်များ ထင်လို့ မလိုက်လျောလေသလား … အဘရဲ့။ ကျနော့်ငိုချင်းက ခုကမ္ဘာ့ဖလားပွဲ လာတော့မယ်ဆိုတော့ ပိုမိုပြင်းထန် ရှည်လျားလာတယ်ထင်ပါရဲ့။

အဘဦးဝင်းတင်က ဘောလုံးပွဲတွေကို ခုံခုံမင်မင် ကြည့်တတ်သူလည်းဖြစ်ပါတယ်။ ဘောလုံးပွဲကိုအသင်း စွဲမထားပဲ ကြည့်ရှုသုံးသပ်တတ်သူပါ။ ဘောလုံးပွဲအကောင်းအဆိုး ကျိုးကြောင်းမျှ ဝေဖန်တတ်ပြပြီး ဘောလုံးအသင်းတွေကစားခြင်းဟာ အနုပညာပါရင်ပါသလို နိုင်ငံရေးဖက် ခပ်ဆင်ဆင်လို့လည်း ပြောတတ်သူဖြစ်ပါတယ်။ ဘောလုံးသင်းတွေက တစ်ဦးချင်း နာမည်ကြီးတာနဲ့ပတ်သက်ပြီးလည်း …

“မဆိုင်ဘူးကွ…၊ ကစားတာကတော့ ဆယ့်တစ်ယောက်ပဲ။ တစ်ယောက်ထဲ နာမည်ကွက်ကြီးချင်ကြီးနေ တတ်တာ။ သူ့ကျော်ကြားမှုနဲ့သူပေါ့ကွာ။ ခုနောက်ပိုင်း မင်းတို့ခေတ်ဆို ရုပ်ချော မချောတောင် နာမည်ကြီးသေးမဟုတ်လား။ ဒီလိုပဲပေါ့ကွာ – နိုင်ငံရေးပါတီတစ်ခုမှာလည်း အကုန်လုံးထောင်ကျ သေကြကျေကြ … ဒါပေမယ့် နာမည်တက်တော့ တစ်ယောက်တလေ  ဆိုတာမျိုးကို နားလည်ထားရမယ်…”

လွှတ်လှ … ဘောလုံးပွဲနဲ့ယှဉ်ပြီး နိုင်ငံရေးကို သုံးသပ်ပြနေတာလည်း လွှတ်လှပဲ။

အဘနဲ့ကျနော် နိုင်ငံရေးရာသီကြမ်းတွေဖြတ်သန်းရင်း ပရီးမီးယားလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေ၊ လာလီဂါ၊ ချန်ပီယံလိဂ်အစရှိ ညတွေကိုလည်း အတူတူကြည့်ပြီး ဖြတ်သန်းခဲ့ကြတာဖြစ်ပါတယ်။ ဘာစီလိုနာကစားဟန်ကို သဘောကျပေမယ့် ဘာစီလိုနာပရိသတ်မဟုတ်ပါ…။ အင်းစိန်အိမ်မှာ၊ ကျောက်ကုန်းအိမ်မှာ၊ စိန်ချယ်လမ်းအိမ်တွေမှာ အစောဘောလုံးပွဲတွေကြည့်ရင်း အားပေးခဲ့တာတွေဟာ မမေ့စရာပါ။ အခုလာမယ့်ကမ္ဘာ့ဖလားပွဲ အားခဲပြီးနွှဲမယ့်အဘကတော့ မစောင့်နိုင်မအောင့်နိုင် စောစောစီးစီး ထွက်ခွာသွားခဲ့ပါပြီ….။ အဘကို ဒီတစ်ခါတော့ ကျနော်ပြန်ပြော ခဲ့တာလေး ပြောချင်တယ် အဘရေ။

“လူ့ဘ၀ကြီးမှာ အထူးသဖြင့်တော့ နိုင်ငံရေးနယ်ပယ်မှာ ပင်နယ်လ်တီကို ဘေးကန်သင့်တယ်လို့ ထင်ရင် ဘေးကို ကန်ထုတ်ပစ်သင့်တယ်ထင်တယ်အဘ …” ဆိုတော့

အဘက “ပြောပါအုံး။ မင်း ဒဿနကို …” ဆိုတော့

“အဘတို့ထောင်ထဲမှာပဲ – အဘ။  ၂၀၀၅လောက်က ထင်တယ်။ အာဆင်နယ် – နယူးကာဆယ်ပွဲ ကြည့်ရတယ်။ အဲ့ဒီမှာ အလယ်တန်းက ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို အာဆင်နယ်တိုက်စစ်မှုး အွန်နရီနဲ့ နယူးကာဆယ် နောက်ခံလူ ကိုစီရယ်နီတို့ ယှဉ်ပြေးပြီးလုကြတယ်။ မမျှော်လင့်ပဲ အွန်နရီက သူ့ခြေထောက်သူ တက်နင်းပြီး လဲကျသွားတယ်။ ဒိုင်လူကြီးဟောင်းဝက်ဝဘ် နောက်ကနေ ပြေးလိုက်လာပြီး ခရာမှုတ်တယ်။ ကိုစီရယ်နီ လူချတယ်ထင်ပြီး ပင်နယ်တီပေးလိုက်တယ်။ ပင်နယ်တီကို အွန်နရီက ဘေးကန်ထုတ်ပစ်တယ် – အဘ …” ဆိုတော့

“ဒီဘောလုံးသမားနှလုံးသားက လှပလှချေလား၊ ဒီလိုစိတ်နေစိတ်ထားများများ ပြန့်ပွားသင့်တယ် … ထင်တယ်ကွာ၊  သူနဲ့ပတ်သက်ပြီး ထူးခြားချက်ရှိသေးလား”

ဆိုတော့

“ရှိတယ်အဘ။ သူကလည်း စင်းလုံးချောမဟုတ်ဘူး။ သူ့အသင်း နိုင်ဖို့ဆိုရင် ပြစ်ဒဏ်ဘောကို အမြန်ကန်ထည့်လိုထည့်။ သူ့အသင်းနိုင်နေရင် ထောင့်ကန်ဘောနေရာ ဘောလုံးယူ သွားပြီးတော့ နင်းထားပေါ့။ မကောင်းစိတ် မွေးတယ်တော့ ပြောမရဘူးပေါ့။ ဒါပေမယ့် ကောင်းတာလည်းမဟုတ်ပြန် ဘူး …” ဆိုတော့

“သူ့အသင်းနိုင်ဖို့ လုပ်သင့်တယ် ထင်တာ လုပ်မှာပေါ့ကွာ။ လူ့ဘ၀က ဂုဏ်သိက္ခာရှိဖို့လိုသလို နိုင်ဖို့လည်း လိုသေးတာပေါ့ကွာ…။ ဘယ်လိုနိုင်သလည်း ဆိုတာ စကားပြောတာပေါ့။ ဒိုင်နဲ့ပေါင်းညစ်၊ တစ်ဖက်အသင်းက ကောင်းတဲ့ကောင် လူချ …  ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလို့ထင်တယ်။ ငါ့အဖို့ကတော့ နိင်ဖို့ထက် ဂုဏ်သိက္ခာရှိတာ ပိုကောင်းမယ်မြင်တယ်။ အေး….ဂုဏ်သိက္ခာရှိရှိ နိုင်တာမျိုးဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ကွာ…..။”

ကျနော်လည်း ကျနော့်ဘ၀ ပင်နယ်တီလွဲခြင်း ဒါမှမဟုတ် ပင်နယ်တီရအောင် မကြိုးစားခြင်း၊ ကံကြမ္မာ ပေးလို့ရတဲ့ပင်နယ်တီကို ကန်ဖို့လုပ်နေတုန်း ဒိုင်မဟုတ်၊ ဘာမဟုတ်လူတွေ ဘောလုံးပြန်သိမ်းသွားလို့ မကန်ဖြစ်လိုက်ရတာတွေကို မပြီးနိုင်မစီးနိုင် ရင်ဖွင့်ဖြစ်ပါတယ်။ အဘကလည်း ကျနော့်ရင်ဖွင့်သံကို မငြီးတမ်းကို နားထောင် ပေးနေပါတယ်။ ကျနော့်ဒေါမနသကို ခံစားနားလည်ပေးနေတဲ့ အဘကို အားနာလာလို့ စကားစဖြတ်ပြီးချိန် အဘကိုကြည့်လိုက်တော့ ကျနော့်ကို သေချာငေးစိုက်ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်နေတာ အတော်ကြာပါတယ်။

“ဒီလိုပါပဲကွာ … လူတယောက်နဲ့တယောက် တွေးခေါ်တာခြင်းမတူဘူးကွ။ အချို့ နိုင်တာလုပ်ရတာ ဂုဏ်သိက္ခာလို့ ထင်မြင်နေတတ်ပြီးတော့၊ အချို့လူတွေအတွက်ကျတော့ ဂုဏ်သိက္ခာက ဘ၀ ပေါ့ကွာ။ မင်းသိမှာပေါ့။ အခုနိုင်ငံကြီးတွေမှာ ကိုယ့်တာဝန်ကိုယ်မကျေလို့ ဘောလုံးသင်းမန်နေဂျာတွေ နှုတ်ထွက်နေကြတာ၊ ၀န်ကြီးတွေ၊ သမ္မတတွေနှုတ်ထွက်နေကြတာ။ အဲ့ဒါ သိက္ခာဂုဏ်ကြောင့်ပေါ့….။”

စကားကလေး စပြုလာတော့ …

“ဒါဆိုအဘ ကျနော်တို့ဆီကငနဲတွေကျတော့ ဘာဖြစ်လို့ ရာထူးမြဲရေးပဲ ဦး စားပေးနေသလဲ” ဆိုတော့ အဘက ရယ်တယ်။ “ငါက ‘လူတွေအကြောင်း’ ပြောနေတာပါကွ….” တဲ့။

ဒါဆို ကျနော်က ဘာအကြောင်းများပြောမိသလည်း ကိုယ့်ဖာသာမနည်း စဉ်းစားနေတာခု အဘအသက်ထွက်သည်အထိ စဉ်းစား မရသေးပါဘူး။ (တကယ်လို့များ ဒီစာဖတ်ပြီး စဉ်းစားမိသူတွေရှိရင်တော့ ကျနော့်ကို အကြံပြုစေချင်ပါတယ်) ပြီးတော့ အဘက ထပ်ရယ်တယ်။ မင်းမို့လို့လည်း ကြံဖန်ပြောတယ်။ ငါကလည်း အမေးရှိလို့ အဖြေရှိနေရတယ်။ မင်းနဲ့ပေါင်း ငါပါရော ထောင်းခံနေရအုံးမယ် ကြည့်လုပ်အုံးကွ…..” တဲ့။

ကျနော်ကတော့ အဘကိုယ်တိုင်သည်ပင်လျင် ကြိုးစားလို့ရတဲ့ပင်နယ်တီ၊  ကံကြမ္မာမျက်နှာသာပေးလို့ရ တဲ့ပင်နယ်တီ၊ တစ်ဖက်ကလူချလို့ရတဲ့ ပင်နယ်တီတွေကို ဘယ်နှလုံးလောက်များ ဘေးကန်ထုတ်ပစ်ခဲ့သလဲ ဆိုတာ အဘ စကားတွေထဲ ကြားကြားနေရလို့ လိုက်ရေနေမိသေးတယ်။ ဘောလုံးပွဲကို အဘကနိုင်ငံရေးနဲ့ ဆက်စပ်ပြပါသေးတယ်။

“ဘောလုံးပွဲက နိုင်ငံရေးလည်း သင်ခန်းစာရတယ်။ ကိုယ့်တစ်ယောက်ချင်း ဘယ်လောက်ကောင်းကောင်း၊ ကိုယ့်အသင်းဖော် မကောင်းရင် သွားပြီ။ ကိုယ့်အသင်းဖော်တွေက ကောင်းပြီး ကိုယ့်ကိုယ်တိုင် အရည်ချင်းမရှိရင်လည်းမရဘူး။ အေးပေါ့ကွာ တစ်ဦးချင်း ထူးချွန်နေကြရင်တော့ ပိုကောင်းတာပေါ့။ နိုင်ငံရေးမှာ ငါ့ကို ဆော်ကြနှက်ကြတာရှိတယ်။ ဒါတွေလည်း ငါသိတယ်။ လုပ်တာ အကုန်ဝိုင်းလုပ်၊ နာမည်ထွက်တော့ တဦးတစ်ယောက်ထွက် … ဆိုတာမျိုး တွေးဟန်ရှိပါတယ်။ မင်း အဲ့လို လိုက်တိုင်းကြေးဆို ငါက တခြားနိုင်ငံရေးခေါင်းဆောင်တွေထက် နာမည်ထွက်သင့်တာပေါ့ … ဟုတ်ဘူးလား။ အခု ငါ့ကျော်ကြားမှုက သူ့အိုးသူ့ဆန် တန်ရုံလေး ဖြစ်နေတာပါကွ။ အေး မင်းလည်း အသင်းသားစိတ်ဓာတ်ကို မွေး။ တစ်ဦးချင်းလည်းထူးချွန်အောင်ကျင့်။ ပင်နယ်လ်တီ ဘေးကန်တာ မကန်တာ … အခြေနေအချိန်ခါလိုက်တဲ့ လိပ်ပြာလုံမှုမျိုးနဲ့လည်း တည်တယ်။”

ဟုတ်ပါတယ်….အဘပြောတဲ့ဒဿနနဲ့ ကျနော် ကမ္ဘာ့ဖလားပွဲ ကြည့်ပါ့မယ်။ အားလုံးလည်း အဲ့သလိုမျိုး ကြည့်စေချင်ပါတယ်။ အထူးသဖြင့်တော့ ကျနော်တို့နိုင်ငံရေးသမားတွေ ဒီစိတ်များများထားဖို့ လိုအပ်မယ်ထင်ပါတယ်။ နောက်ဘ၀တကွေ့မှာ ကျနော်တို့အကြောင်းကြောင်းကြောင့် ရလာမယ့် ပင်နယ်လ်တီတွေ ရှိပါလိမ့်အုံးမယ်။ ဂိုးပေါက်ထဲ ကန်သင့်၊ မကန်သင့်ဆိုတာ စဉ်းစားချင့်ချိန်စေချင်ပါသေးတယ်။ ကျနော်ကတော့ ခုကတည်းက ပင်နယ်လ်တီပေါင်းမြောက်များစွာကို ဘေးကန်ထုတ်ပစ်နေပါပြီလို့ အဘကို တမ်းတ သတိရစိတ် ဖြေသိမ့်နေပါတယ်။

(Illustration – သြရသ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts