သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင်(မုံရွာ) – စင်ကာပူက လာဘ်စားမှု၅ခုနဲ့ မြန်မာ ၂၀၁၄

 

Singapore’s Top 5 Corruption Cases (So Far)

စင်ကာပူက လာဘ်စားမှု၅ခုနဲ့ မြန်မာ ၂၀၁၄

ဇော်အောင်(မုံရွာ)၊ ဇူလိုင် ၈၊ ၂၀၁၄

 

ရယ်စရာဖြစ်ရပ်တစ်ခု လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က ကိုထွန်း စင်ကာပူကို အလုပ်ရှာဖို့ရောက်လာပါတယ်။ အဖေက မန္တလေးမြို့ လူဝင်မှုကြီးကြပ်ရေး  လ.ဝ.က အရာရှိတစ်ဦးရဲ့ သားဖြစ်ပါတယ်။ အလုပ်ရှာလို့ရပါတယ်။ ဒါပေမဲ့ အစိုးရဆီက အလုပ်လုပ်ခွင်ပါမစ် EP မကျပါဘူး။ ကုမ္ပဏီသေးလို့ဖြစ်မှာ ဆိုပြီး၊ နောက်အလုပ်တခုပြောင်းလျှောက်တာလဲ မကျပါဘူး။  ကုမ္ပဏီ၅ခုလောက် လျှောက်ပြီး ၆လလောက် ကြာတဲ့အထိ မရပါဘူး။ ရီဂျတ် Reject ပဲဖြစ်နေပါတယ်။ အဲဒီတုန်းက ၆လအထိ ဗီဇာသက်တမ်းတိုး စင်ကာပူမှာနေခွင့် လွယ်ကူလှပါတယ်။ ပိုက်ဆံလဲရှိ၊ ကူမဲ့မိတ်ဆွေတွေလဲရှိပါတယ်။ တခြားသူငယ်ချင်းတွေဆို တစ်လ၊ နှစ်လဆိုရင်ရတယ်။ သူ့ကျမှ ခက်ခဲနေတယ်။ ငွေထောက်ပံ့ပေးတဲ့ မိဘကိုလည်း ဖုန်းဆက်၊ သတင်းပို့နေရပါတယ်။ စင်ကာပူ လ.ဝ.က ပါမစ်မရလို့ အဆင်မပြေရကြောင်း မိဘကို နားလည်အောင်ပြောပြရပါတယ်။

 

အဲဒီအချိန်က မန္တလေးမြို့က တရုပ်လူမျိုး အက်အာစီ FRC များထံက လာပ်ပေးငွေနဲ့ ဝင်ငွေကောင်းနေတဲ့ ဖခင်ဖြစ်သူက မနေနိုင်တော့ပါဘူး။ ဖုန်းထဲမှာ အဖေဖြစ်သူက သားကို ပွင့်ပွင့်လင်းလင်းပြောလာတယ်။ ..သား ..မောင်ထွန်း.. ငါ မြန်မာပြည် လ.ဝ.က မှာလုပ်ပါတယ်။ ပေးစရာရှိတာ ပေးလိုက်ပါ။ ဘယ်လောက်ကုန်ကုန် အဖေပို့ပေးပါမယ်..လို့ပြောလာတယ်။ ..အဖေရယ်၊ စင်ကာပူမှာက ပေးလို့မရဘူးဗျ.. ပြောလဲ၊ အဖေဖြစ်သူက ..ငါ ဒါမျိုးဝင်ငွေရလို့ မင်းတို့ တက္ကသိုလ်တက်နိုင်တာပါ… ဘယ်အရာရှိကိုပေးရမလဲ စုံစမ်းပြီး ပေးလိုက်ပါ ..လို့ပဲ ပေးဖို့ပြောနေတော့တယ်။ ကံအားလျှော်စွာ ၆ခါလောက် တင်ပြီး ပါမစ်ကျသွားပါတယ်။ Approve ဆိုတဲ့စာရောက်လာချိန်မှာ စိတ်လှုပ်ရှားမှုတောင် မရှိတော့ပါဘူး။

 

 

၂၀၁၀ နောက်ပိုင်း၊ စင်ကာပူအစိုးရအရာရှိကြီးအချို့လာဘ်စားမှုများ

 

စင်ကာပူက သတင်းစာတွေမှာ တင်ပြထားချက်တွေဖြစ်ပါတယ်။ အစိုးရအရာရှိကြီး ငါးဦးရဲ့ လာဘ်စားမှုများကို ဖမ်းဆီး၊အရေးယူ၊ အပြစ်ပေးခြင်းကို သတင်းမီဒီယာမှာ ဖေါ်ပြချက်များဖြစ်ပါတယ်။ စင်ကာပူဟာ ငွေကြေးကိစ္စ၊ စီးပွားရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုကြောင့် ကမ္ဘာ့နိုင်ငံများမှာ လာဘ်စားမှုအနည်းဆုံး ထိပ်တန်းနိုင်ငံအဖြစ် နာမည်မွှေးကြိုင်ပါတယ်။


 

Edwin Yeo လာဘ်စားမှုတိုက်ဖျက်ရေးဗျူရို CPIB က ဌာနမှုးတစ်ယောက်၊ လောင်းကစားတက်မက်မှုကြောင့် ကာစီနိုတွေမှာ လောင်းကစားလုပ်ရင်း၊ ရှုံးပြီး၊ ရှုံးနေပါတော့တယ်။ ဒီတော့ သူ့လုပ်ပိုင်ခွင့်နဲ့ အစိုးရငွေတွေကို အွန်လိုင်းနဲ့ သူ့ဘဏ်အကောင့်ထဲ ထည့်ပြီး၊ ငွေကိုငွေနဲ့လိုက်၊ ဆက်ပြီးလောင်းကစားပါတယ်။ တစ်ခါတော့ နိုင်ရမယ်၊ နိုင်ရင် အစိုးရငွေတွေ ပြန်ထည့်ထားလိုက်မယ်ဆိုပြီး တဖြေးဖြေး ဒေါ်လာတစ်သန်းအထိ ရောက်လာတယ်။ တစ်နှစ်ကျော်ချိန် စစ်ဆေးရေးဝင်တော့ အဖမ်းခံလိုက်ရပါတော့တယ်။ ဒါကို နံပါတ်(၁) လာဘ်စားမှုကြီးအဖြစ် သတ်မှတ်ပါတယ်။ အလုပ်ပြုတ်၊ ထောင်၁၀နှစ်ကျပါတယ်။ လျော်စရာ အိမ်ခြံမြေမရှိပါဘူး။ သူ့မိန်းမ၊ ဆွေမျိုး ပိုင်ဆိုင်မှုတွေဟာ တရားခံအလွဲသုံးတဲ့ငွေဖြစ်တာ သေချာရင် ပြန်ရော်ဖို့ အစိုးရမှာဥပဒေရှိပါတယ်။ ‘ဒီအမှုမှာတော့ ဘာမှရော်စရာမရှိတဲ့အတွက် ထောင်ဒဏ်နဲ့ပဲ ပြီးသွားပါတယ်။

 

 

Lim Cheng Hoe နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဝန်ထမ်းဖြစ်သူရဲ့ အမှုဖြစ်ပါတယ်။ နိုင်ငံတကာသွားလာတဲ့ စင်ကာပူအစိုးရအဖွဲ့များကို စုစည်း၊ သတင်းပို့ခြင်းများ လုပ်ရပါတယ်။ သူ့ရဲ့အလုပ်တစ်ခုကတော့ စင်ကာပူရောက်လာတဲ့ နိုင်ငံခြားဧည့်သည်များအတွက် လက်ဆောင်ပစ္စည်းဝယ်ရခြင်းပါ။ အချိုရည်၊ ဝိုင်အရက်များ ဝယ်တဲ့အခါ အရေအတွက်ပိုပြပါတယ်။ ၂၂၂၆ ပုလင်းဝယ်ပေမဲ့ စာရင်းမှာတော့ ၁၀၀၇၅ပုလင်း ပြထားပါတယ်။ ဒေါ်လာ ၈သောင်း၊၉ထောင် s$89,000 အလွဲသုံးစားလုပ်ထားမှုပေါင်း ၁၀ခုနဲ့ တရားစွဲပါတယ်။ အလုပ်ပြုတ်ပြီး၊ ထောင်၁၅လ အပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

 

 

 

 

Peter Lim အစိုးရမီးသတ်ဌာနက ဌာနမှုးကြီး လာဘ်စားမှု။   ယောင်္ကျားနဲ့အဆင်မပြေသူ၊ အသက်၄၀ကျော်မိန်းမ Ms Pang Chor Mui, ဆိုတဲ့  Nimrod Engineering ကုမ္ပဏီက မန်နေဂျာမကြီး၊  ဒီအမျိုးသမီးက ရာထူးလဲရှိ၊ လစာကောင်းတယ်။ ကုမ္ပဏီကန်ထရိုက်ရဖို့ အစိုးရဌာနဆိုင်ရာကို လာဘ်ပေးဖို့ စင်ကာပူမှ အင်မတန်ခက်တယ်။ သူမကုမ္ပဏီကလည်း လာဘ်ပေးခွင့်မရှိဘူး။ ဘော့စ်မျက်နှာသာ ရချင်တော့၊ ယောင်္ကျားမိန်းမ၊ ဖောက်ပြန်ဖို့ဝန်မလေးတဲ့ မန်နေဂျာမကြီးက အစိုးရအရာရှိကြီးနဲ့ အတူခိုးအိပ်ပြီး၊ လာဘ်ထိုးလိုက်ပါတယ်။ ဒါမျိုးဆို ကိစ္စမရှိလောက်ဘူးလုပ်တယ်။ နောက်ဆုံးတော့ မိသွားပါတယ်။ အလုပ်ပြုတ်၊ ထောင်၆လ ကျသွားတယ်။ မန်နေဂျာမကြီး Ms Peng အသက်၄၀ကျော် သူ့ကုမ္ပဏီက အလုပ်ချက်ချင်းထုတ်လိုက်ပါတယ်။

 

အလျင်းသင့်လို့ရေးရရင် ဆရာကြီးပီမိုးနင်းရဲ့ မိန်းမစိတ်ကျမ်း စာအုပ်မှာ ရေးတဲ့  မိန်းမတွေ သူတို့လိုချင်တာရအောင် သူတို့မှာရှိတဲ့ ဒင်္ဂါးပြားအထိ ပေးဖို့ဝန်မလေးဘူးလို့ ဆိုပါတယ်။  ဦးနု (ဝန်ကြီးချုပ်ဟောင်း) ကာမတဏှာစာအုပ်မှာလဲ ရေးသားထားပါတယ်။ မြန်မာနိုင်ငံဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနု တာတေစနေသား စာအုပ်မှာလဲ ငယ်ရွယ်စဉ်ကတည်းက သူ့ရဲ့ ကိလေသာ အဓိဌာန်ပြုခဲ့ပုံများကို ရေးထားပါတယ်။ ယောင်္ကျားများအတွက် ကိလေသာအန္တရယ်ကြီးကြောင့် ရဟန်းတွေ သေတဲ့အမျိုးသမီးတောင် မထိရဘူးလို့ ဝိနည်းရှိပါတယ်။ ယောင်္ကျားတွေ ပိုက်ဆံရှိတော့ ပျက်စီးပြီး၊ မိန်းမတွေ ပိုက်ဆံမရှိတော့ ပျက်စီးတယ်လို့ စကားပုံရှိပါတယ်။ ပိုက်ဆံတက်မက်လွန်းရင်၊ ကိလေသာ တက်မက်မှုပါ လိုက်လာလေ့ရှိပါတယ်။

 


Bernard Lim အစိုးရပန်းခြံများရဲ့ ဒါရိုက်တာတစ်ဦး-

ပန်းခြံသုံးတဲ့ အပျော်စီးစက်ဘီး၂၆ခု ဒေါ်လာ၂၀၀၀ဖိုးလောက်၊ မိတ်ဆွေ အမြတ်ငွေရပါစေဆိုပြီး သူများတင်ပြတဲ့ တင်ဒါဈေးနှုန်းကို သူ့မိတ်ဆွေရပါစေဆိုပြီး ပြောပြလိုက်တယ်။ အမြတ်ငွေက နဲနဲပဲရမှာဖြစ်ပေမဲ့ အစိုးရအရာရှိတယောက် မလုပ်သင့်တာလုပ်တော့၊ အလုပ်ပြုတ်၊ ထောင်တစ်နှစ်ကျ၊ ဒဏ်ငွေဒေါ်လာ၅ထောင် ပေးလိုက်ရတယ်။ ဒီအမှုဟာ ငွေပမာဏ နည်းပေမဲ့ အကျင့်ပျက်ရင် အရေးယူမှာပဲဆိုတာ ပြပါတယ်။ စင်ကာပူမှာ အစိုးရဝန်ထမ်းဆိုရင် ဌာနဆိုင်ရာအချက်အလက်တွေ အထူးသဖြင့် အစိုးရဌာနဆိုင်ရာ၊ တင်ဒါဌာနအရာရှိတွေကို  ပြင်းထန်စွာအရေးယူလို့ အခုနောက်ပိုင်း စင်ကာပူအစိုးရ တင်ဒါစနစ်ဟာ ကမ္ဘာမှာပွင့်လင်းမြင့်သာအရှိဆုံး၊ လာဘ်စားမှု အနည်းဆုံးလို့ သတ်မှတ်ခံရပါတယ်။

 

 

Tey Tsun Sung အစိုးရတက္ကသိုလ် NUS ပါမောက္ခတစ်ဦး-

သူ့ရဲ့ကျောင်းသူကို ကာမရယူပြီး၊ စာမေးပွဲ အအောင်ပေးတဲ့အမှု ဖြစ်ပါတယ်။ အလုပ်ပြုတ်၊ ထောင်ငါးလကျတယ်။ ဒါဏ်ငွေ ဒေါ်လာ ၅၁၄ ဆောင်ခိုင်းပါတယ်။ ကျောင်းဆရာများ၊ ကျန်းမာရေးဆရာဝန်များဟာ နိုင်ငံအတွက်အလွန်အရေးကြီးလှတဲ့ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို လုပ်ဆောင်ရာမှာ ဖြောင်မတ်၊ မှန်ကန်၊ အလုပ်ကြိုးစားမှ နိုင်ငံတိုးတက်မှာဖြစ်လို့ စင်ကာပူအစိုးရက ဒီ ကဏ္ဍကြီး၂ရပ်ကို အထူးကြပ်မတ်ပါတယ်။ လူတိုင်း၊ အိမ်ထောင်စုတိုင်း မလွတ်ကင်းနိုင်တဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍကို ကမ္ဘာ့အဆင့်ရောက်အောင် ဘယ်လိုလုပ်ထားသလဲဆိုတာ သုတေသနပြုထားတဲ့ စာစောင်၊ စာတမ်း၊ ဆောင်းပါး များစွာရှိပါတယ်။ စိတ်သဘောထားကောင်းတဲ့ အစိုးရခေါင်းဆောင်များ ပိုပြီးသိကြပါတယ်။ စင်ကာပူ ကျောင်းဆရာ၊ ပါမောက္ခတွေကတော့ ငွေကြေးနဲ့လာဘ်ယူတာ မရှိသလောက်ပါပဲ။ ဒါပေမဲ့ အားနာလာအောင်ရင်းနှီးမှုရယူပြီး၊ ကာမလပ်ထိုးမှုတခုပါပဲ။

အမှုငါးမှုမှာ နှစ်မှုက ကိလေသာလာဘ်စားမှု ဖြစ်နေတော့ စဉ်းစားစရာဖြစ်လာပါတယ်။ လက်ဘနွန် ဒိုင်လူကြီး၃ဦးကို ပြည့်တန်ဆာအမျိုးသမီးတွေနဲ့ လွှတ်ပေးပြီး၊ ဘော်လုံးပွဲအရှုံးနိုင်၊ လောင်းကစားပွဲလုပ်တဲ့ စင်ကာပူနိုင်ငံသားတစ်ယောက်ကို ထောင်၁၀နှစ် ချလိုက်တဲ့ဖြစ်ရပ်လည်း ရှိပါသေးတယ်။ ဘာပဲဖြစ်ပါစေ စင်ကာပူက လာဘ်မစားမှုမှာ ကမ္ဘာ့နံပါတ်၅ရပါတယ်။ အမှတ် ၁၀၀မှာ ၈၆မှတ်ရတယ်ဆိုတော့ လူ၁၀၀မှာ ၈၆ယောက် ကင်းတယ်။ ကျန်တဲ့ ၁၄ယောက်က လစ်ရင်လစ်သလို လာဘ်စားမယ်၊ ဒုစရိုက်တွေလုပ်မယ် ဆိုတဲ့သဘောပါပဲ။ မြန်မာနိုင်ငံကတော့၂၁မှတ်ပဲ ရတယ်ဆိုတော့ ပြောင်းပြန်ပေါ့နော်.. လူ၁၀၀မှာ ၂၁ယောက်ပဲ ကင်းရှင်းတဲ့သဘောပါ။ အဲဒီ ၂၁ယောက်ထဲမှာ ကျနော်လည်း ပါချင်ပါတယ်ဗျာ။ ဆုပန်မယ်။

 

စင်ကာပူနှင့်အိမ်နီးခြင်းနိုင်ငံများ

တိုးတက်စ နိုင်ငံတိုင်း နိုင်ငံရေးအမြင်မတူသူများကို မကြိုက်ရင် လာဘ်စားမှုကို ခုတုံးလုပ်ပြီး၊ အမှုစွဲချက်တင်၊ ရာထူးကဖြုတ်လေ့ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို စစ်တပ်က အာဏာသိမ်း၊ ဖြုတ်ချပြီး၊ လာဘ်စားမှုနဲ့ တရားစွဲခံရပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်းများစွာလဲ သမ္မတသက်တမ်းကုန်မှ၊ အရေးယူလို့ရပါတယ်။  မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေးခေတ်က လာဘ်စား၊ အလွဲသုံးစားမှုနဲ့၊ ဖြုတ်ခံလိုက်ရတဲ့ စစ်ခေါင်းဆောင်များစွာ ရှိပါတယ်။ စင်ကာပူမှာတော့ ဝန်ကြီးအဆင့် လာဘ်ကိစ္စအရေးယူခံရတာ မရှိသလောက်ပါ။ 

 

 

လာဘ်စားမှုတိုက်ဖျက်ရေး နဲ့ အရှေ့တောင်အာရှ ၄နိုင်ငံ

 

စာတမ်း၂ခုလေ့လာကြည့်ပါတယ်။ Corruption Control in Singapore by Loh Tech Hin,  ANTI-CORRUPTION AGENCIES IN FOUR ASIAN COUNTRIES: A COMPARATIVE ANALYSIS by Jon S.T. Quah (စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်း၊ ကိုးရီးယား) ၄နိုင်ငံအကြောင်းဖြစ်ပါတယ်။

 

စင်ကာပူ။    နိုင်ငံတိုင်းမှာ လာဘ်စားမှုထိန်းချုပ်နိုင်မှ တိုးတက်မှာဆိုတာ လူတိုင်းသိပါတယ်။ အစိုးရတွေလည်း လုပ်ကြပါတယ်။ စင်ကာပူနိုင်ငံမှာ လီကွမ်းယူ ဆိုတဲ့လူကြီး၊ ၁၉၅၉ ကတည်းက အပြင်းအထန်လုပ်ဆောင်ရင်း အခုတော့ စံနမူနာပြ၊ ကမ္ဘာထိပ်တန်း၊ စင်ကာပူနိုင်ငံသား ပတ်စပို့ဆိုရင် ရောက်ရာနိုင်ငံတိုင်းမှာ လေးစားခံရတဲ့ အခြေအနေ ရောက်နေပြီဖြစ်ပါတယ်။ မဖြစ်နိုင်တာတွေ လုပ်နေတာထက်စာရင် ဖြစ်နေတာတွေကို စံနှုန်းယူရမှာပါ။ ဒါကြောင့် လာဘ်စားမှုတိုက်ဖျက်ဖို့ မြန်မာနိုင်ငံမှာ ဘာဥပဒေပဲလုပ်လုပ်၊ စင်ကာပူနိုင်ငံဥပဒေကို စံနှုန်းထားရမှပါပဲ။ ဂျာမဏီ၊ အမေရိကန်၊ ဂျပန် – ကောင်းပါတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုနဲ့ဒေသအခြေအနေ တူတဲ့ အရှေ့တောင်အာရှနိုင်ငံများက စင်ကာပူကိုပဲ အတုယူရနေရပါတယ်။ မြန်မာနိုင်ငံသား  အလွှာပေါင်းစုံ ၂သိန်းကျော် စင်ကာပူမှာ အလုပ်ကိုင်၊ ကျောင်းတက်၊ စီးပွားရေးလုပ်ငန်းများနဲ့ အသက်မွေး၊ နေထိုင်လျှက်ရှိပါတယ်။

 

ဟောင်ကောင်(တရုပ်ပြည်)။   ဟောင်ကောင် နိုင်ငံသားဆိုရင်လဲ၊ အထူးလေးစားခံရပါတယ်။ အခု တရုပ်ပြည်လက်အောက် ရောက်ပေမဲ့၊ ဟောင်ကောင်ကို စပယ်ရှယ်ဇုံအဖြစ်ပဲ ထားပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ချုပ် ဗိုလ်နေမြဲ တရုပ်အစိုးရက ပေးထားပါတယ်။ တရုပ်ပြည်ကြီး တိုးတက်လာခြင်းဟာ ဟောင်ကောင်နမူနာယူပြီး လာဘ်စားမှုနည်းအောင် လုပ်နိုင်လို့ဖြစ်ပါတယ်။ တရပ်ပြည်ရဲ့ တအိမ်ထောင်၊ ကလေးတစ်ယောက် မူဝါဒဟာ တိုင်းပြည်တိုးတက်ဖို့ အဓိကမူဝါဒဖြစ်ပါတယ်။ ဒါလို တင်းကျပ်တဲ့ဝါဒ၊ လာဘ်စားသူအစိုးရအရာရှိကို သေနပ်နဲ့ပစ်သတ်တဲ့ သေဒဏ်ပေးခြင်းများ၊ တခြားနိုင်ငံတွေမှာ ကျင့်သုံးဖို့မလွယ်ပါဘူး။

 

နောက်တစ်နိုင်ငံကတော့ မြန်မာနိုင်ငံလောက် လူဦးရေများတဲ့၊ တောင်ကိုးရီးယားနိုင်ငံဖြစ်ပါတယ်။

 

တောင်ကိုးရီးယား။    သမ္မတပတ်ချုံဟီး (စစ်ဗိုလ်ချုပ်ဟောင်း) လက်ထက်ကတည်းက အစိုးရအရာရှိကြီးတွေ လာဘ်စားမှု ထိန်းချုပ်တဲ့ ဥပဒေကိုပြဌာန်း၊ အကောင်ထည်ဖော်၊ အပြစ်ဒဏ်ချခဲ့ပါတယ်။ ၁၉၆၃မှာ Audit and Inspection (BAI) စာရင်းစစ်အဖွဲ့ဟာ တောင်ကိုးရီးယားရဲ့ ပထမဆုံး လာဘ်စားမှုတိုက်ဖျက်မှုဖြစ်ပါတယ်။ သမ္မတကင်ယုံဆမ် ၁၉၉၃-၁၉၉၈ လက်ထက်မှာ သမ္မတဟောင်း၂ဦး (စစ်ဗိုလ်ချုပ်ဟောင်း၂ဦး လာဘ်စားမှုနဲ့ အမှုရင်ဆိုင်ရပြီး၊ သေဒဏ်ချမှတ်ခံရပါတယ်။ ကြားလို့မကောင်းပါဘူး။ နောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။  နောက်တက်တဲ့ အတိုက်ခံခေါင်းဆောင် သမ္မတကင်ဒေဂျုံ ၁၉၉၈-၂၀၀၃ လက်ထက်မှာ၊ ပွင့်လင်းမြင်သာမှုများ စတင်လာခဲ့ပြီး၊ လာဘ်စားမှုကို သံဓိဌာန်နဲ့ တိုက်ဖျက်ခြင်း စတင်ပါတယ်။ ကော်မတီဖွဲ့တယ်။ ပိုထက်မြတ်တဲ့ဥပဒေပြဌာန်းပါတယ်။ ပါမစ်၊ လိုင်စင်လျှောက်ခြင်းတွေ ရှုပ်ထွေး၊ လာဘ်စားမှုမရှိအောင် လုပ်ပါတယ်။

 

 ဥပမာ စက်ရုံလုပ်ငန်းတစ်ခု ပါမစ်ရဖို့ အစိုးရထံမှာ စာချုပ်ပေါင်း ၄၄ခု လျောက်လွှာတင်ရပြီး၊ ပါမစ်ကျအောင် လာဘ်ပေးမှုများစွာနဲ့ လပေါင်းများစွာကြာအောင် လုပ်ရပါတယ်။ ဒါတွေကို ပြည်သူလူထုအားနဲ့ ပြုပြင်ပါတယ်။ အွန်လိုင်းစနစ်ကိုသုံးပြီး လာဘ်စားမှုများကို တိုင်ခြင်း၊ တိုင်ကြားသူများကို ကာကွယ်ပေးပါတယ်။ ၂နှစ်အတွင်း အပြင်းအထန် ငွေရှင်၊ အာဏာရှင်များရဲ့ တိုက်ခိုက်မှုများစွာနဲ့ ကြုံရပါတယ်။

 

 ၁၉၉၉ခုနှစ်မှာ ဆိုးလ်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က လာဘ်စားမှုတိုင်ကြားရေး Online Procedure Enhancement for Civil Application (OPEN System) ကိုစတင်ခဲ့ပါတယ်။ အမှုပေါင်း ၂၈၀၀၀ ပေါ်လာပြီး၊ ဝက်ဆိုဒ်ပေါ်တင်ထားပါတယ်။ တစ်နိုင်ငံလုံး အဲဒီဝက်ဆိုဒ်ကို ကြည့်ကြပါတယ်။ ၂၀၀၁ ခုနှစ်မှာ အကျင့်ပျက်ထိန်းချုပ်ရေးအဖွဲ့ KICAC ကိုဖွဲ့စည်းခဲ့ပါတယ်။

 

 ၂၀၀၆ မှာ KICAC အဖွဲ့တာဝန်များကို တိကျပြတ်သားစွာ ချက်မှတ်လုပ်ဆောင်၊ အရေးယူနိုင်ခဲ့ပါတယ်။ အခုချိန် ၂၀၁၄မှာ လာဘ်စားမှုစတင်တိုက်ဖျက်ခဲ့တဲ့ သမ္မတပတ်ချုံဟီးရဲ့ သမီး၊ ပတ်ဂျီဟီ Park Geun Hye သမ္မတလက်ထက် ၂၀၁၄မှာ တောင်ကိုးရီးယားဟာ ကမ္ဘာစီးပွားထိပ်တန်းနိုင်ငံ ဖြစ်နေပါပြီး။

 

ထိုင်းနိုင်ငံ။   ယခင်က လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ CCC ဆိုတာရှိခဲ့ပေမဲ့၊ လာပ်စားမှု ထုတ်ဖော်နိုင်တာပဲရှိပါတယ်။ တရားလဲမစွဲနိုင်ဘူး။ လာဘ်စားသူများ ရာထူးလဲမပြုတ်၊ အပြစ်ဒဏ်လဲမကျ၊ ခပ်ပြောင်ပြောင်ပဲ နေကြပါတယ်။ ဒါကြောင့် ၁၉၉၉ခုနှစ်မှာ ထိုင်းဘုရင်က NCCC ကိုထပ်မံဖွဲ့ပေးပါတယ်။ တရားသူကြီး၃ဦး၊ တက္ကသိုလ်ဆရာ ၇ဦး၊ နိုင်ငံရေးပါတီက ၅ဦး၊  ၉နှစ် သက်တမ်းအဖွဲ့ဖြစ်ပါတယ်။ ဆီးနိတ်လွှတ်တော်အောက်မှာ လုပ်ကိုင်ရပါတယ်။ ဝန်ကြီးချုပ်လက်အောက်မရှိပါဘူး။ ထိုင်းမီဒီယာရဲ့ ပွင့်လင်းမှု၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများရဲ့ အင်အားကောင်းလာမှုတွေကြောင့် ထိုင်းနိုင်ငံလာဘ်စားမှု နည်းပါးလာပေမဲ့၊ မလေးရှား၊ အဆင့်ကို မမှီသေးပါဘူး။ NCCC အဖွဲ့ကို ဝန်ကြီးချုပ်သက်ဆင် အုပ်ချုပ်စဉ်မှာလဲ နိုင်ငံရေးသမားများက ချုပ်ကိုင်ဆဲဖြစ်တယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိုလဲ လာပ်စားမှုနဲ့တရားစွဲလို့ နိုင်ငံကထွက်ပြေးရပါတယ်။ အခု သက်ဆင်ညီမ ဝန်ကြီးချုပ်ယင်လပ် လက်ထက်မှာ နိုင်ငံရေးအကြပ်တည်းဖြစ်ပြီး၊ စစ်တပ်အာဏာသိမ်းပါတယ်။ အာဏာသိမ်းခေါင်းဆောင် စစ်ဗိုလ်ချုပ်က လာဘ်စားမှုတွေကို အပြင်ထန်ကိုင်တွယ်မယ်ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများဟာ ထိုင်းရဲများ၊ တောင်းသမျှပေးကမ်းနေရပါတယ်။

 

လာဘ်စားမှု တိုက်ဖြတ်ရေးကို ထိုင်းစံနမူနာယူဖို့တော့ မကောင်းလှပါဘူး။ တောင်ကိုးရီးယားနဲ့စင်ကာပူ နှစ်နိုင်ငံနမူနာ ယူနိုင်ရင်ကောင်းပါတယ်။


 

၂၀၀၅ အချက်အလက်ဆိုပေမဲ့ လာဘ်စားမှုနှိုင်းယှဉ်ရေးအတွက် အသုံးကျနေဆဲပါ။ လေးနိုင်ငံ အကျင့်ပျက်ထိန်းချုပ်မှုအဖွဲ့များ ၂၀၀၄-၂၀၀၅ နှိုင်းယှဉ်ကြည့်ရင် အဖွဲ့ဝင်ဦးရေမှာ စင်ကာပူ ၈၂ဦး၊ ဟောင်ကောင် ၁၁၉၄ဦး၊ ထိုင်းနိုင်ငံ ၇၀၁ဦး၊ တောင်ကိုးရီးယာ်း ၂၀၅ဦးတို့နဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံလူဦးရေနဲ့ နှစ်စဉ်ဘတ်ဂျတ် သုံးစွဲမှုကို ယှဉ်ကြည့်ရင် ဟောင်ကောင် ကန်ဒေါ်လာ ၈၅သန်းနဲ့ ထိပ်ဆုံးရှိနေပါတယ်။ ဟောင်ကောင်ရဲ့ လာဘ်စားမှုထိန်းချု့ပ်ရေးဟာ အလွန်အောင်မြင်ပြီး တရုပ်ပြည်မကြီးအတွက် စံနမူနာပြတဲ့ အထူးဒေသဖြစ်ပါတယ်။ တရုပ်ပြည် နိုင်ငံခြားရင်းနှီးမြှတ်နှံမှုရဲ့ တဝက်ကျော်ဟာ ဟောင်ကောင်တဆင့် တရုပ်ပြည်မကြီးဆီကို ဝင်လာပါတယ်။ ဒါကြောင့် တရုပ်အစိုးရရဲ့ စီးပွားရေးပေါ်လစီဟာ၊  ဟောင်ကောင် ဖြစ်ပါတယ်။ ဟောင်ကောင်ကို အခြေပြုပြီး၊ ငွေကြေးအကုန်ခံပါတယ်။ 

 

တစ်ဦးချင်း တစ်နှစ်ငွေသုံးမှု per capital ကိုကြည့်ရင် စင်ကာပူ = CPIB US$ 1.71, ဟောင်ကောင် ICAC = US$ 12.32 , ထိုင်း NCCC = US$ 0.13, ကိုးရီးယား KACAC = US$ 0.37 ဖြစ်ပါတယ်။

 

လက်ရှိ ၂၀၁၄ အချက်အလက်များအရဆိုရင် ကိုးရီးယားနဲ့ထိုင်း အကျင့်ပျက်ထိန်းချုပ်မှုများ အထူးတိုးတက်လာပြီဖြစ်ပါတယ်။ လာဘ်စားမှုထိန်းချုပ်ရေးအတွက် ငွေလဲပိုသုံးနိုင်ပါပြီ။ အဖွဲ့တွေလဲ အာဏာထက်မြတ်နေပါပြီ။

အင်ဒိုနီးရှားနိုင်ငံ

 လက်ရှိမြန်မာခေါင်းဆောင်များ စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံထက် ၁၀နှစ်ကျော် စောပြီ အာဏာရှင်စနစ်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်နေပါတယ်။  လက်ရှိသမ္မတယိုဒိုရိုနို ၂၀၀၄-၂၀၁၄ ၂ကြိမ်သက်တမ်းအပြီး၊ ယခုလ ဇူလိုင် ၂၀၁၄မှာ သမ္မတရွေးကောက်ပွဲ လုပ်ပါမယ်။ အင်ဂျင်နီယာဘဝ၊ စီးပွားရေးသမားဘဝ၊ ဂျာကာတာအုပ်ချုပ်ရေးမှုးဘဝ ကနေတက်လာတဲ့ ဂျိုကိုဝီ၊  စစ်ဗိုလ်ချုပ်ကြီးဘဝကနေ နိုင်ငံရေးခေါင်းဆောင်ဖြစ်၊ ချမ်းသာကြွယ်ဝတဲ့ ပရာဗိုမို တို့မဲဆွယ်နေကြပါတယ်။ သမ္မတရွေးပွဲအတွက် တီဗွီစကားစစ်ထိုးပွဲ ၅ကြိမ်လုပ်ပါတယ်။ အမြင်မတူတဲ့ သမ္မတလောင်းနှစ်ဦးဖြစ်ပါတယ်။ ဂျိုကိုဝီကတော့ ပြည်သူဘက်လာသူဖြစ်လို့ ပြည်သူလူထုအမြင်ကို လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ပရာဗိမိုကတော့စစ်တပ်ကလာတဲ့အတွက် .. ပြည်သူကို လမ်းညွန်ဦးဆောင်မယ် လို့ဆိုပါတယ်။ လာဘ်စားမှုများကိုတော့ အရင်သမ္မတအဆက်ဆက်က တိုက်ဖျက်လာခဲ့ပါတယ်။ ယိုဒိုရိုနို လက်ထက်မှာ လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင် အသစ်ပြန်ဖွဲ့ခဲ့ပါတယ်။ Indonesia – Corruption Eradication Commission (CEC) 2006၊  မြန်မာနိုင်ငံအတွက်တော့ အင်ဒိုနီးရှားနဲ့ အပြိုင်အဆိုင်အဆင့်မှာပဲ ရှိပါတယ်။

 


 

စင်ကာပူကိုပဲ Role Model စံနမူနာထားသင့်ပါတယ်။ အထက်ပါပုံကတော့ လာဘ်ယူမှုထိန်းချုပ်ရေးအတွက် အစိုးရဆောင်ရွက်ချက်ဖြစ်ပါတယ်။ ဥပဒေကို ပြုစု၊ ပြဌာန်းပါတယ်။ တကယ်အရေးယူ ပြစ်ဒဏ်ချမှတ်ပါတယ်။

လာဘ်စားမှုတိုက်ဖြတ်ရေးအတွက် စင်ကာပူအစိုးရခေါင်းဆောင် လီကွမ်းယူကိုယ်တိုင် နှုတ်ကလဲပြောတယ်။ ဥပဒေကို အကောင်းဆုံးပြဌာန်းတယ်။ လက်တွေ့လဲ ဥပဒေအတိုင်း အရေးယူတယ်။ လာဘ်စားမှု အရေးယူတဲ့ အဖွဲ့ CPIB ဆိုတာ အလွန်ကြောက်စရာကောင်းပါတယ်။ အဖွဲ့ဝင်များဟာ သန့်ရှင်းသူများဖြစ်ပါတယ်။ လူလူချင်းတောင် ငွေချေးခွင့်မရှိပါဘူး။ ဘဏ်တွေ အကြွေးယူရင်လဲ လစာ၃ဆအထက် အကြွေးဝယ်ခွင့်မရှိပါဘူး။ CPIB ဝန်ထမ်းတွေဟာ သူတို့ပိုင်ဆိုင်မှုတွေကို ကြေငြာထားရပါတယ်။ မိမိတို့စုံစမ်းနေရသူများနဲ့ အပျော်အပါး၊ စားသောက်ပွဲ၊ကပွဲတွေ မသွားရပါဘူး။  တစ်နှစ်ကုန်ရင် အဲဒီဝန်ထမ်းတွေကို ဆုကြေးငွေ အမြောက်အများ ပေးပါတယ်။ ဒေါ်လာသိန်းနဲ့ချီပြီး ဆုကြေးရပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်း တရားမဝင်ပစ္စည်းလိုက်ဖမ်းတဲ့ အဖွဲ့လိုမျိုးပေါ့။ အခုခေတ်ဆိုရင် အင်တာနက် စီးပွားလုပ်ငန်းတွေ၊ ငွေပေးငွေချေ၊ လုံခြုံရေးတွေကြောင့် CPIB ဝန်ထမ်းများ နောက်ဆုံးပေါ်နည်းပညာများနဲ့ လေ့ကျင့် တပ်ဆင်ထားရပါတယ်။ ပြည်သူလူထုထံမှာ လာဘ်စားမှုအတွက် တိုင်ကြားချက်များ၊ အကြံပေးချက်များကို စုံစမ်းပါတယ်။ သတင်းပေးသူကို လုံးဝလုံခြုံမှုပေးပါတယ်။

 

CPIB အဖွဲ့လိုပဲ၊ စာရင်းစစ်အဖွဲ့ဟာ အလွန်အာဏာရှိပါတယ်။

 

CPIB ဝန်ထမ်းများဟာ အစိုးရ၊ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်အမတ်များ၊ အစိုးရဌာနဆိုင်ရများကို မေးမြန်း၊စစ်ဆေးခွင့် ရှိပါတယ်။ ငြင်းလို့မရပါဘူး။ အာဏာပေးထားပါတယ်။ CPIB စုံစမ်းမှုလိုအပ်တယ်ဆိုရင် ဝန်ကြီးချုပ်က သဘောမတူရင် ရွေးကောက်တင်မြောက်ထားတဲ့ စင်ကာပူသမ္မတဆီကို တင်ပြခွင့်ပေးထားပါတယ်။ သမ္မတအမိန့်နဲ့ အစိုးရအဖွဲ့ အကြီးကဲ ဝန်ကြီးချုပ်ကိုလဲ လိုအပ်ရင် စုံစမ်းစစ်ဆေးနိုင်ပါတယ်။ စင်ကာပူမှာ လာဘ်စားမှုဆိုရင် အစိုးရဝန်ထမ်းဖြစ်ဖြစ်၊ ပုဂ္ဂလိက ဘယ်အဖွဲ့အစည်းမဆို စုံစမ်းစစ်ဆေးလို့ ခွင့်ရှိပါတယ်။ အတော်လေး လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးထားခြင်း ခံရပါတယ်။ အခြားနိုင်ငံများမှာ တော့ ရဲတပ်ဖွဲ့၊ မြန်မာပြည်က စ.သုံးလုံးပုံစံမျိုး တာဝန်ခွဲယူကြပါတယ်။ CPIB ဆီရောက်လာတဲ့ လာဘ်စားမှု အားလုံးရဲ့ ၃ပုံ၂ပုံဟာ အရေးယူ၊ အပြစ်ပေးခံကြရတယ်။

 

လယ်ယာမြေပြုပြင်ပြောင်းလဲခြင်း Land Reform

 

နောက်အရေးကြီးချက်တခုက လယ်ယာမြေပြုပြင်ပြောင်းလဲရေးဖြစ်ပါတယ်။ အိမ်ခြံမြေတွေ ဈေးအရမ်းကြီးနေပါတယ်။ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ ထိုင်းနိုင်ငံများလို့  တောင်သူလယ်သမားများ လယ်မြေပိုင်ဆိုင်ဖို့ ဘယ်လိုလုပ်ပေးမလဲ ဆိုတဲ့ ဥပဒေပြဌာန်း အကောင်ထည်ဖေါ်ဖို့ အလွန်အရေးကြီးပါတယ်။  မြန်မာနိုင်ငံ လွှတ်တော်မှာ အများစုသော ကိုယ်စားလှယ်များဟာ လယ်ယာမြေ များစွာမပိုင်ကြပါဘူး။ ဒီတော့ မဲခွဲဆုံးဖြတ်ရင် ဒီဥပဒေ အတည်ပြုပြီး၊ လက်တွေ့ တကယ်လုပ်တဲ့ တောင်သူလယ်သမားများ လယ်မြေပိုင်ဆိုင်လာမယ်ဖြစ်ပါတယ်။ စီးပွားရေးပညာရှင်အားလုံး မြေယာဥပဒေ အကောင်ထည်ဖော်ချင်ပါတယ်။ ပြည်ပကလည်း နိုင်ငံတကာအဖွဲ့များကို ဖိအားပေးဖို့လိုပါတယ်။ 

 

အင်အားကြီးနိုင်ငံကတော့ အမေရိကန်အားဖြင့် ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုးရီးယား၊ စင်ကာပူတို့ Land Reform အောင်မြင်ခဲ့ပြီး၊ ကမ္ဘာထိတ်တန်းနိုင်ငံဖြစ်လာတာပါ။ တရုပ်ပြည်ကြီးလဲ အမေရိကန်အကူညီနဲ့ အနှစ်၂၀အတွင်း တိုးတက်သွားတာ မျက်မြင်အခြေအနေဖြစ်ပါတယ်။ တကယ်လယ်ယာလုပ်ကိုင်သူပဲ လယ်မြေပိုင်ဆိုင်သင့်ပါတယ်။ လယ်သမား ဆင်းရဲမွဲတေမှုက လွတ်ပြီး၊ သားသမီးများ ပညာသင်နိုင်မယ်။ စက်မှုလယ်ယာဖြစ်လာပြီး၊ လယ်သမား သားသမီးများ စက်မှုလုပ်ငန်းများကို ကူးပြောင်းလာနိုင်မယ်ဖြစ်ပါတယ်။ အလားတူ  မြို့ပေါ်မှာလည်း အိမ်ခြံမြေ ပြုပြင်ပြောင်းလဲမှုတွေ အလုပ်သမားများ နေစရာဈေးနှုန်းသက်သာမယ်။ ပညာသင်နိုင်မယ်။ ဘဝတိုးတက်လာမယ်ဖြစ်ပါတယ်။ ဒါကြောင့် မြို့နယ်၊တောရွာများမှာ လယ်ယာမြေဈေးနှုန်းတွေ ဈေးကြီးနေတာကို ဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ လယ်ယာမြေပြုပြင်ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ လွှတ်တော်မှာ နည်းဥပဒေ အမြန်ပြဌာန်း၊ အကောင်ထည်ဖေါ်ဖို့ လုပ်နေပါတယ်။

 

 အရေးကြီးဆုံး-အစိုးရခေါင်းဆောင်များနှင့်ဒေါက်တာဦးမြင့်

 

နိုင်ငံတိုးတက်ဖို့၊ လာဘ်ပေး၊လာဘ်ယူ ပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ ခေါင်းဆောင်များကိုယ်တိုင် လာဘ်မစားဖို့ ဆိုတာ အရေးကြီးဆုံးပါ။ လက်ရှိအစိုးရသစ် ဝန်ကြီးများ၊ ဒု-ဝန်ကြီးများဟာ စားဝတ်နေရေး၊ မပူပင်ရတဲ့ ငွေကြေးကြွယ်ဝသူများ ကိုပဲ ခေါ်ယူခန့်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ လာဘ်မစားအောင်ပေါ့။ လူ့လောဘ ဆိုတာလဲ ခက်ပါတယ်။ ရလေတစ္ဆေ ဆိုတဲ့အတိုင်း ဝန်ကြီးများရဲ့ လုပ်ပိုင်ခွင့်များကိုသုံးပြီ လိုင်စင်ပါမစ်ချပေးခြင်း၊ လယ်မြေယာများ ဖော်ယူ၊ ရောင်းချခြင်း စတဲ့ နည်းလမ်းများနဲ့ ပိုမိုချမ်းသာလာကြပါတယ်။ ဘာမှ စီးပွားမလုပ်တတ်တောင် လိုင်စင်၊ပါမစ်၊မြေ ရအောင်လုပ်ပြီး၊ တနှစ်၊ နှစ်နှစ်နဲ့ မယုံကြည်လောက်တဲ့ ငွေများရရှိ ချမ်းသာ၊ ကြွယ်ဝသွားကြပါတယ်။ အိမ်ခြံမြေဈေးနှုန်းကြီးစေပြီး ငှားရမ်းခ၊ တဆင့်ပြန်ရောင်းခ ဒေါ်လာငွေတွေ သိန်း၊ သန်းပေါင်းများစွာ ရရှိ၊ ချမ်းသာသွားပါတယ်။ ဒါလည်း လဘ်စားမှု Corruption ထဲမှာ အမြောက်အများလာဘ်ငွေရတဲ့ နိုင်ငံရေးလာဘ်စားမှု Political Corruption လို့ပြောနိုင်ပါတယ်။ 

 

လာဘ်စားမှု Corruption Paper ရေးသားထုတ်ဝေ၊ သမ္မတအကြံပေးဖြစ်တဲ့ ဒေါက်တာဦးမြင့် လည်း အခုနောက်ပိုင်း ပျောက်သွားပါတယ်။ အလွန်အလုပ်များသွားလို့ သူ့ရဲ့ လာဘ်ပေး၊ လာဘ်ယူအကြောင်း ပြောဖို့တောင် အချိန်မရှိတော့ရှာဘူး.. လို့ကြားသိရပါတယ်။ သူ့စာတန်းကို စာအုပ်ထုတ်ဝေပြီး အစိုးရဝန်ထမ်းတိုင်း လက်စွဲထားနိုင်ရင် သိပ်ကောင်းမလားလို့။

ဦးမြင့်စာတန်း U Myint- Corruption.pdf

 

မြန်မာနိုင်ငံ-လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ၂၀၁၄

 

မြန်မာလွှတ်တော်က ဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဌာန်အတည်ပြုပြီးပါပြီ။ သမ္မတကိုယ်တိုင် အကျင့်ပျက်ဝန်ထမ်းများ အထူးသဖြင့် လေဆိပ်၊ သင်္ဘောဆိပ်၊ အခွန်ဌာန၊ နဲ့ နာမည်ကြီးတဲ့ အစိုးရအရာရှိကြီးများကို တာဝန်ကအနားယူခြင်း၊ နယ်ပို့လိုက်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။

 

၂၀၁၄ လွှတ်တော်က လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်ကို သမ္မတနဲ့လွှတ်တော်တို့ ညှိနှိုင်းဖွဲ့စည်းခဲ့ပါတယ်။ ဦးမြ၀င်း(စစ်မှုထမ်း)က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးတင်ဦး (သံအမတ်ကြီး)က အတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးကျော်ကျော် (ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန)၊ ဦးစိုးတင့် (ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး)၊ ဦးသန်းအောင် (ညွှန်ကြားရေးမှူး ပြည်ထောင်စု ရှေ့နေချုပ်ရုံး)၊ ဦးမောင်ရှိန်(စစ်မှုထမ်း)၊ ဒေါက်တာတိုက်စံ (ပါမောက္ခ၊ တပ်မတော် နည်းပညာတက္ကသိုလ်)၊ ဦးနေ၀င်း (သံအမတ်ကြီး)၊ ဒေါ်မြတ်မြတ်စိုး (ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)၊ ဦးသင်းမောင် (ညွှန်ကြားရေးမှူး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)၊ ဦးဆွန်ဒုတ်ကျင့် (ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး)၊ ဒေါက်တာညီညီထွန်း (တိရစ္ဆာန်ဆေးကု ဆရာဝန်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန)၊ ဦးကျော်မြင့်(စစ်မှုထမ်း)၊ ဒေါ်သန်းသန်းရီ (ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး)၊ ဦးအောင်လှိုင်စိုး (ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး) စသည့် အငြိမ်းစား ၀န်ထမ်းများ ဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံ ဘုရင်ရွေးချယ်က တက္ကသိုလ်ဆရာအများစု (ပညာရှင်) ထည့်သွင်းပေမဲ့ မြန်မာပြည်အဖွဲ့မှာတော့ ပါမောက္ခ၊ တပ်မတော် နည်းပညာတက္ကသိုလ် တစ်ဦးပဲ ပါဝင်ခြင်းကြောင့် အားမရှိပါဘူ။ 

 

၂၀၁၄ ဇွန်လမှာ အကျင့်ပျက်အနည်းဆုံး သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို သိန်း၁၀၀ လာဘ်စားလို့ ရာထူးကဖယ်ရှားတာတော့ နိုင်ငံရေးပြသနာပဲလို့ ယူဆပါတယ်။ လျှပ်စစ်ဝန်ကြီးနဲ့ဆက်သွယ်ရေးဝန်ကြီး ၂ဦးကိုတော့ လာဘ်စားမှုကြောင့် ဖယ်ရှားခြင်းလို့ ဆိုကြပါတယ်။  အခုကော်မရှင် အဖွဲ့ဝင်တွေက လူသစ်တွေများတော့

ဒု-သမ္မတ စိုင်းမောက်ခမ်းကိုယ်တိုင် အလွန်ခက်ခဲသော ကိစ္စဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။  တရားသူကြီးများအဂတိလိုက်စားမှုတွေကြောင့် လွှတ်တော် တရားဥပဒေစိုးမိုးရော ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘာမှလုပ်မရလို့ ငြိမ်နေရပါတယ်။ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင် ဥက္ကဌ ဦးမြဝင်းက အကောင်ထည်ဖေါ်ရာမှာ အခက်အခဲ ကြီးကြီးမားမား မရှိနိုင်ကြောင်း ပြောတယ်လို့ Eleven Media မှာရေးထားပါတယ်။

 

လာဘ်ပေးမှု တိုင်းတာတဲ့စနစ်  Transparency (Corruption Index) CPI Index ဆိုတဲ့ နိုင်ငံတကာစံနှုန်းတစ်ခု ရှိပါတယ်။ လာဘ်စားမှု လုံးဝမရှိတဲ့နိုင်ငံ အမှတ်ပြည့် ၁၀၀ရပါတယ်။ ထိပ်ဆုံးက ဆွီဒင်၊ ဆွဒ်ဇာလန်တို့က ၈၈မှတ်ရပါတယ်။ အရှေ့တောင်အာရှနိုင်ငံများ ၂၀၁၃ အဆင့်ကို ကြည့်ရင် ထိပ်ဆုံးက ကမ္ဘာ့အဆင့်၅ နေရာမှာ စင်ကာပူ-၈၆မှတ်ရပါတယ်။ မလေးရှား-၅၀မှတ်၊ ဖိလစ်ပိုင်-၃၄မှတ်၊ ထိုင်း-၃၅မှတ်၊ အင်ဒိုနီးရှား-၃၂မှတ်၊ လာအို-၂၆မှတ်၊ ဗီယက်နမ်-၂၁မှတ်၊ ပြီးမှာ မြန်မာ-၂၁မှတ် ရပါတယ်။ ကမ္ဘာ့အဆင့် ၁၅၇ဖြစ်ပြီး ယခင်တနှစ်ကထက် ၆ဆင့်တက်လာပါတယ်။ နောက်ဆုံးဘိတ်နိုင်ငံကတော့ အာဏာရှင်အုပ်ချုပ်တဲ့ ကမ္ဘောဒီယား-၂၀မှတ်ပါ။ အောက်ဆုံးနိုင်ငံများကတော့ အာဖရိကနိုင်ငံများနဲ့ လာဘ်အပေးရဆုံး နိုင်ငံကတော့ အာဏာရှင်အုပ်ချုပ်တဲ့ မြောက်ကိုးရီးယား ၇မှတ်၊ ကမ္ဘာအဆင့် ၁၇၅ နောက်ဆုံးဖြစ်ပါတယ်။

 

ဒီအချက်လက်ကို ကြည့်ရင် အင်ဒိုနီးရှား-၃၂မှတ်၊ ထိုင်း-၃၅မှတ်က မြန်မာနိုင်ငံထက် အများကြီးတိုးတက်နေတယ်ဆိုတာ ထင်ရှားပါတယ်။ သူတို့နိုင်ငံမှာ မှတ်ပုံတင်၊ ပုံစံ၁၀၊ ကားမောင်းလိုင်စင်၊ မွေး/သေစာရင်း၊ စာပို့သမား တွေကို လက်ဆောင်ပေးစရာမလိုပါဘူး။ မြန်မာနိုင်ငံမှာ နေသူတိုင်းသိပါတယ်။ အစိုးရဌာနမူဝါဒက ပေးရင်ယူ..ဒါပဲ၊ မတောင်းနဲ့တဲ့။ ဘာပဲဖြစ်ပါစေ မြန်မာအစိုးရ ဝန်ကြီးများကို လာဘ်စားမှုများ မရှိစေဖို့က ပိုပြီးအရေးကြီးပါတယ်။  အုပ်ချုပ်သူကောင်းရင် အောက်ခြေဝန်ထမ်းများလဲ နောက်လိုက်ကောင်းဖြစ်လာမှာ သေချာပါတယ်။

 

လာဘ်စားမှုကင်းရမဲ့ အဓိကလုပ်ငန်း၂ခု

အလွန်ခက်ခဲတဲ့ လာဘ်ပေးလာဘ်ယူမှုအကြောင်း ရေးရတာ စိတ်အားငယ်စရာပါ။ ဒါပေမဲ့ မြန်မာပြည်တွင်းက မီဒီယာကြီးများ၊ သတင်းစာ၊ ဂျာနယ်များမှာ ဒီအကြောင်းများစွာ ဖတ်ရတော့၊ မျှော်လင့်ချက်ရှိနေပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ဇနီး၊ သားသမီးများကို စောင့်ကြည့်ပြီး အိုကေနေတယ်ဆိုပါတော့။  အဲဒီနိုင်ငံ လာဘ်စားမှုတိုက်ဖျက်ရေး အခြေအနေကောင်းပါတယ်။ နောက်တဆင့် ဝန်ကြိးများရဲ့ မိသားစုများ သူတို့အသက်မွေးလုပ်ငန်းများကို ကြည့်ပါ။ သိပ်မအိုကေဘူးဆိုရင်တော့ ကြိုးစားရပါဦးမယ်။

 

နိုင်ငံတိုးတက်ဖို့ လာဘ်စားမှုကင်းစွာ အောက်ပါအလုပ်နှစ်ခု

 

   ၁။ အခွန်ငွေ Tax per GDP တိုးတက်စေခြင်း နဲ့
၂။ နိုင်ငံဖွံ့ဖြိုးရေးပရိုဂျက်ကြီးတွေကို စနစ်တကျလုပ်ဆောင်ရန်ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ဖို့ အရေးကြီးဆုံးကတော့ လူသားအရင်းအမြစ်ဖြစ်ပါတယ်။ လူရည်ချွန်များကို ပြုစုမွေးထုတ်ပေးပြီး၊ စင်ကာပူအစိုးရလို လူတော်လူကောင်း လူငယ်များ၊ အစိုးရအဖွဲ့ထဲ ခန့်ထားရပါတယ်။ ဒါမှ လေလွင့်ဆုံးရှုံးမှု၊ လာဘ်စားမှု များကို အောင်မြင်နိုင်မယ်ဖြစ်ပါတယ်။ အမေရိကန်၊ ဂျပန်၊ ဂျာမဏီ၊ တရုပ် စတဲ့ အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက ဒီအဓိက လုပ်ငန်းကြီ၂ခုအတွက် ပံ့ပိုးကူညီနေပါတယ်။

 

အခွန်ကောက်ခြင်း။ 

 

မြန်မာနိုင်ငံရဲ့ အခွန်ဝင်ငွေဟာ ဂျီဒီပီရဲ့ ၄.၄% တိုးတက်လာပြီလို့ သိရပါတယ်။ တခြားနိုင်ငံတွေဆို ဥပမာ ထိုင်း ၁၇%၊ ဗီယက်နမ် ၁၃.၈%၊ စင်ကာပူ ၁၄.၂%၊ အမေရိကန် ၂၇% အစရှိသဖြင့် (HeritageFoundation(2012)) အခွန်များစွာ ရပါတယ်။ စင်ကာပူနိုင်ငံက CPF စနစ်နဲ့ မစုမနေရ၊ စုဆောင်းငွေကြောင့် tax per GDP နည်းခြင်းဖြစ်ပါတယ်။ အခွန်ရှောင်နေသူများဟာ ဥပဒေကို လက်တလုံးခြားနဲ့ ရှောင်တိန်းကြပါတယ်။ ဖမ်းဖို့မဖြစ်နိုင်တော့ နိုင်ငံဘဏ္ဍာတွေ ဆုံးရှုံးပါတယ်။ နောက်ဆုံး ကုမ္ပဏီအသေးလေးတွေနဲ့ လူတစ်ဦးချင်းဆီ အခွန်လိုက်တဲ့အဆင့်ရောက်သွားရင် လူထု၊ ပိုပြီးဆင်းရဲမွဲတေသွားမှာပါ။ ယခင်အစိုးရတုန်းက အခွန်မကောက်ပါဘူး။ တိုင်းပြည် သယံဇာတတွေပဲ ရောင်းစားတဲ့ ဝင်ငွေရှိပါတယ်။ အခု အစိုးရသစ်မှာ အခွန်ဥပဒေအသစ် ပြဌာန်းပြီး၊ အထူးသဖြင့် ကုမ္ပဏီကြီးများ (ဘဏ်၊ သယံဇာတထုတ်၊ သွင်း/ထုတ် ကုမ္ပဏီများကို စနစ်တကျအခွန်ကောက်ရပါတယ်။ ပြည်တွင်း စက်ရုံ၊ လုပ်ငန်းလေးများကို လိုင်စင်၊ပါမစ်တွေနဲ့ ချုပ်ထားပြီး ကြိုတင်အခွန်ကောက်တဲ့ စနစ်ကို ရပ်ဆိုင်းရပါတယ်။ အခွန်ကြိုတင်ပေးခြင်းကို ဘယ်နိုင်ငံမှာမှ မလုပ်ပါဘူး။

 

အစိုးရပရိုဂျက်ကြီးများ။ 

 

အခွန်ကောက်ပြီး လာဘ်စားမှုအနည်းဆုံးနဲ့ ပြီးစီးစေရပါမယ်။ အာဖရိတိုက်က ဇင်ဘာဘွေအစိုးရ tax per GDP  ၄၉% ရာနှုန်းနဲ့ ကမ္ဘာအများဆုံး အခွန်ကောက်နိုင်ပါတယ်။ ဒါပေမဲ့ Per Capital Income တစ်ဦးချင်းဝင်ငွေက မြန်မာနိုင်ငံသားများထက် တော်တော်လေး နည်းနေတာ အံ့သြဘွယ်တွေ့ရပါတယ်။ အလွန်လာဘ်စားတဲ့ အစိုးရဖြစ်လို့ပါ။ အစိုးရပရိုဂျက်ကြီးတွေ အင်ဖရာစထရပ်ချာ လို့ခေါ်တဲ့ လျှပ်စစ်၊ လမ်းတံတား၊ ဆည်မြောင်း၊ ပညာရေး၊ ကျန်းမာရေး၊…စတဲ့လုပ်ငန်းကြီးများဟာ ဒေါ်လာငွေ ဘီလျံနဲ့ချီပြီး ကုန်ကျပါတယ်။ ဒီလုပ်ငန်းအားလုံးဟာ ကမ္ဘာ့အဖွဲ့စည်းများရဲ့ ချေးငွေနဲ့ လုပ်ရပါတယ်။ အလွန်အရေးကြီးတဲ့  စာရင်းစစ်၊ အာမခံ…ကောင်းကောင်းရှိမှ ကုမ္ပဏီကောင်းများ လာရောက်ရင်းနှီးမြှတ်နှံ၊ ငွေချေးပါမယ်။  ဥပမာ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း၂၀၀၀ ဆင်းရဲမွဲတေမှုပပျောက်ရေး စီမံကိန်းကြီးလုပ်တယ်ဆိုရင် ဒီဒေါ်လာ သန်း၂၀၀၀ (US$ 2 billion) အလကားပေးတာ မဟုတ်ပါဘူး။ နှစ်ရှည် အတိုးနှုန်းနည်းပါးစွာနဲ့ ချေးငှားတာဖြစ်ပါတယ်။ World Bank, ADB, IMF, JICA စတဲ့အဖွဲ့အစည်းတွေက အလွန်များပြားလှတဲ့ ငွေများကို ချေးစပြုနေပါပြီ။ မကြာခင် ရင်းနှီးမြှတ်နှံတဲ့ ကုမ္ပဏီတွေလဲ ငွေချေးလာတော့မယ် ဖြစ်ပါတယ်။

ဥပမာ။ ဂျပန် JICA က ရေတွင်း၊ရေကန်တစ်ခု ဒေါ်လာ၅၀၀၀၊ ကျပ်သိန်း၁၀၀ တန်ဖိုးနဲ့ချေးပြီး၊ မြန်မာအစိုးရတာဝန်ရှိသူက သူ့မိတ်ဆွေကို ကျပ်သိန်း၇၀နဲ့ ပြီးအောင်လုပ်ခိုင်းတယ်။ မိတ်ဆွေက လုပ်တတ်တဲ့လူကို အလုပ်အပ်တယ်။ နောက်ဆုံးကုန်ကျစရိတ် သိန်း၃၀လောက်နဲ့ ပြီးသွားတယ်။ JICA လာစစ်ဆေးပြီး၊ စိတ်ပျက်စွာနဲ့ ရေတွင်း၊ရေကန် အညံ့စားကို လက်ခံရတယ်။.. နောက်နှစ်များမှာတော့ တိုးတက်လာဖို့ JICA ကမျှော်လင့်ပြီး၊ မြန်မာပြည်ကို ဆက်လက်ငွေချေးနေပါတယ်။ ဒါက အသေးစားလုပ်ငန်း ပရိုဂျတ်ဖြစ်ပေမဲ့ တစ်နိုင်ငံလုံးဆိုရင် မနည်းပါဘူး။ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး ပရိုဂျက်များဟာ ကျေးလက်၊မြို့ငယ်များထိ လူအများကြီးနဲ့လုပ်တဲ့အခါ ပွင့်လင်းမှုရှိမှ လာဘ်စားမှုနည်းပါမယ်။

နောက်ဥပမာ။  စင်ကာပူနိုင်ငံမှာ လမ်းတံတာလုပ်ငန်း အတွက် တနှစ်ကို ဒေါ်လာသန်းပေါင်း ၅ထောင် ($5.4 billion in 2014 budget) သုံးပါတယ်။ ကန်ထရိုက်တင်ဒါ ၈နှစ်အတွက် $27 billion စီမံကိန်းရှိပါတယ်။ ဒါလောက်များတဲ့ငွေတွေ လာဘ်စားမရအောင် တင်ဒါစနစ်ရှိရပါမယ်။ မြန်မာအစိုးရ တယ်လီဖုန်း Telenor , Ooredoo တင်ဒါအတွေ့အကြုံရှိပါတယ်။ ဒါကြောင့် လျှပ်စစ်၊ လမ်းတံတား၊ ဆည်မြောင်း၊ ရထား-လေယာဉ်ကွင်း စီမံကိန်း စတဲ့တင်ဒါတွေ ပွင့်လင်းမြင်သာစွာ လုပ်ရပါတယ်။

အကြီးစားပရိုဂျက်ကြီးများအတွက် ကျော်မျိုးထွန်း ပြုစုတဲ့ အကြီးစားစက်မှုစီမံကိန်းများအတွက် အရင်းနှီးရှာခြင်း စာအုပ်ရှိပါတယ်။  မြန်မာခေါင်းဆောင်များ၊ ပရိုဂျတ်ကိုင်တွယ်သူများ မြန်မာလိုရှင်းလင်းစွာ ဖတ်ကြည့်ရင်၊ New York Convention, Panama Convention, EITI  စတဲ့အဖွဲ့အစည်းများက လက်ခံမှ ရင်းနှီးမြှတ်နှံသူများက ငွေချေးမယ်ဖြစ်ပါတယ်။ New York Convention အဖွဲ့ဝင်ရရှိခဲ့ပါပြီ။ EITI က ဇူလိုင်၃၊ ၂၀၁၄ သတင်းအရ အဖွဲ့ဝင်လောင်း အဖြစ်သတ်မှတ်ခဲ့ပြီမို့ သယံဇာတလုပ်ငန်းတွေ ပွင့်လင်းမြင်သာတော့မှာပါ။ ချေးငွေများကို ပြန်ဆပ်ဖို့ နှစ်၂၀ နှစ်ရှည်ကြာမယ်။ နိုင်ငံတော်ငွေကြေးများစွာ ပရိုဂျက်များကို လွှတ်တော်မှာကော်မတီဖွဲ့ပြီး အဂတိနည်းအောင် လုပ်နေပေမဲ့ အစပိုင်းတော်တော် ခက်ခဲမှာပါ။ အစိုးရ-လွှတ်တော်-စစ်တပ်-ပြည်သူလူထု စိတ်ဓါတ်ကောင်းများနဲ့ ကြိုးစားကြလို့ လမ်း၊ တယ်လီဖုန်းတွေ တိုးတက်လာပြီဖြစ်ပါတယ်။ အလုပ်ကိုင်တွေ ပေါများလာအောင်၊ သားသမီးများ နိုင်ငံခြားသွားပြီး အလုပ်လုပ်၊ အိမ်ဖော်လုပ်ရတဲ့ အခြေအနေက လွတ်မြောက်ဖို့ပါ။

 

နမူနာအဖြစ် BLACK PEARL ENGINEERING, YANGON ရဲ့ နိုင်ငံဖွံ့ဖြိုးရေးပရိုဂျတ်ကြီးအတွက် အပိုင်း(၄)ပိုင်းရှိပါတယ်။
(A) Negotiating and contracting stage. ကန်ထရိုက် (တင်ဒါ) ရွေးချယ်ခြင်း
(B) Project Design stage. ပရိုဂျတ်အတွက်ဒီဇိုင်းရေးဆွဲခြင်း
(C) Construction stage စက်ရုံတည်ဆောက်ခြင်း
(D) Start up stage စက်ရုံလည်ပတ်၊ကုန်ထုတ်လုပ်ခြင်း

 

 

လက်ရှိမတရားချုပ်ဆိုခံထားရတဲ့ စာချုပ်များစွာမျိုး နောက်နောင်မချုပ်နိုင်ဖို့ တကယ်ကြွမ်းကျင်တဲ့ လူတော်လူကောင်းများပဲ တတ်နိုင်ပါတယ်။ 

 

လက်ဆောင်နှင့်လာဘ် ခွဲခြားဖို့လိုသည်။

 

စင်ကာပူနိုင်ငံက CPIB နဲ့ လာဘ်စားမှုတိုက်ဖျက်ခြင်းအကြောင်း အနည်းငယ်မျှသာဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ စင်ကာပူနိုင်ငံလာစဉ်ကလဲ CPIB ကိုအထူးလေ့လာသွားခဲ့ပါတယ်။ မြန်မာအစိုးရ ဝန်ကြီးဦးအောင်မင်း၊ သမ္မတအကြံပေး ဦးလှမောင်ရွှေတို့ စင်ကာပူရောက်မြန်မာများနဲ့ ၂၀၁၃ တွေ့ဆုံပွဲမှာ MPTအဖွဲ့ဦးမင်းသူ (former UN staff) မှ လာဘ်စားမှုပပျောက်ရေးကို တင်ပြသွားခဲ့ပါတယ်။ ရွှေဒေါင်းလုပ်မိသားစု တင်ပြပေးတဲ့ Youtube နဲ့ ဂူဂယ်အင်တာနက်မှာ MTP Myanmar နှိပ်ပြီးနားထောင်၊ ဖတ်ရှု ဖတ်ရှုနိုင်ပါတယ်။ ထိုင်း၊ ကိုးရီးယား၊ ဟောင်ကောင်၊ အင်ဒိုနီးရှား နိုင်ငံပြုပြင်ပြောင်းလဲမှုများအကြောင်း တတ်သမျှ၊ အကျဉ်းရေးလိုက်ပါတယ်။  နိုင်ငံရေးသမားက သူတို့အလုပ်၊ သူတို့လုပ်သလို ၊ သာမန်လုပ်သားပြည်သူများကလည်း ကိုယ့်အလုပ်ကို လုပ်ရင်း ပြောသင့်တာကိုတော့ ပြောရပါမယ်။ ပွင့်လင်းမြင်သာမှု မိသားစု၊လုပ်ဖေါ်ကိုင်ဖက်အပေါ်၊ နိုင်ငံအပေါ်သစ္စာရှိသူ၊ လူငယ်သွေးသစ်များစွာ ပေါ်ပေါက်လာနေကြပါပြီ။

 

အစိုးရအရာရှိကြီးတစ်ဦးက ဝမ်းနည်းစွာ မြန်မာပြည်မှာ လူအများစုဟာ တနပ်စားပဲ ဖြစ်နေပါတယ်လို့..ပြောပါတယ်။ သူ့ညီအရင်းလဲ ငွေနဲ့ပတ်သက်ရင် စိတ်မချရဘူး။ ကိုယ်အိတ်ထဲ ထည့်ဖို့လောက်ပဲ နည်းမျိုးစုံနဲ့ ကြံစည်နေကြလို့ ရေရှည်လုပ်ဖို့ခက်တယ်လို့..ပြောပါတယ်။ အလုပ်ကိုင်မကောင်းကြဘူး။ ဒါပေမဲ့ စိတ်ချ၊ ယုံကြည်ရသူ အမြောက်အများ ရှာကြည့်ရင် ရှိနေပါတယ်။ လာဘ်မစားလိုတဲ့ မြန်မာ အများကြီးရှိပါတယ်။ ဒီလိုလူတွေလုပ်ကိုင်တဲ့ လုပ်ငန်းများ ကြီးပွားတိုးတက်ဖို့ အလားလာကောင်းနေပါတယ်။ အစိုးရသစ်နဲ့အတိုက်အခံ နိုင်ငံရေးသမားများသာမက၊ အဖွဲ့အစည်း Institution ကြီးဖြစ်တဲ့ မြန်မာတပ်မတော်က စစ်ဗိုလ်ကောင်းတွေ အများကြီးရှိနေပါတယ်။ မီဒီယာ၊ သတင်းဂျာနယ်များလည်း လာဘ်စားမှုများကို ရဲရဲဝံ့ဝံ့ ဖေါ်ပြနေပါတယ်။ အချိန်တန်ရင် အရေးယူမှုတွေ ရောက်လာမှာပါ။ မီဒီယာ ကျေးဇူးကြောင့် လာဘ်ပေး၊လာဘ်ယူမှုများ နည်းပါးလာတာ ဝမ်းသာစရာဖြစ်ပါတယ်။ လာလ်စားမှုတွေကို ကိုယ်နဲ့မဆိုင်ဆိုပြီး မနေကြတော့ပါဘူး။

 

နေလင်း(သွား/ဆေး) စီစဉ်သည့် လာဘ်ပေးလာလ်ယူ စာအုပ်ငယ်မှ စစ်ဗိုလ်၂ဦးအတွေ့ကြုံ များ…စာအုပ်မှာ ရန်ကုန်မြို့တော် Y.C.D.C အရာရှိဘဝ သောင်းဝေဦးဆောင်းပါးမှ၊ လာဘ်ယူမှုများနဲ့ သန့်ရှင်းရေးဌာန လာဘ်မရတဲ့ ဗိုလ်မှုးသူရခင်မောင်လတ်အကြောင်း၊  ဗိုလ်မှုးချုပ်ချစ်နိုင်(စိတ်ပညာ) ရေးတဲ့ လာဘ်ပေးနှင့်လာဘ်ယူတဲ့လား ..စသဖြင့် လက်တွေ့လောက၊ ဆောင်းပါးများကို တွေ့ရပါတယ်။ ရေးရုံမက စာပေဟောပြောပွဲတွေမှာ ပြောချရဲတဲ့ စာရေးဆရာတွေ အများကြီးတွေ့ရတာ ဝမ်းသာစရာပါ။ ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် စီပွားရေးမူဝါဒ – ဒေါက်တာအောင်ကိုကို စာအုပ်၊ စတဲ့ စာအုပ်ကောင်းများစွာ မြန်မာပြည်မှာ မြန်မာဘာသာနဲ့ ဝယ်ဖတ်နိုင်ပါပြီ။ လက်တွေ့လုပ်ရာမှာ လိုပါတယ်။ လက်တွေ့လုပ်တဲ့အခါ တနပ်စား၊ လာဘ်ပေးလာလ်ယူ လုပ်ချင်တဲ့ စိတ်တွေ အရမ်းများလာတတ်ပါတယ်။ ငွေအိတ်ယူပြီး ပျောက်သွားပြီပြောပြီး၊ ခပ်တည်တည်နေဖို့လဲ ဝန်မလေးသူများစွာ ရှိသလို၊  ရတဲ့လခနဲ့လောက်အောင်သုံးပြီး၊ ကျေနပ်နေတဲ့ လာဘ်ပေး၊လာလပ်ယူမှုကို ကင်းရှင်းသူ အများကြီးရှိနေပါတယ်။

လက်ဆောင်နှင့်လာဘ် ခွဲခြားပေးရန် ယဉ်ကျေးမှုတော်လှန်ရေးတခုလိုနေပါတယ်။ အကြီးတန်းလာဘ်စားမှု၊ အချက်အလက်နှင့်မှတ်တမ်းတင်မဲ့ ဝက်ဆိုဒ်များ၊ မြန်မာပြည်တွင်းမှာဖြစ်ပေါ်လာရပါမယ်။


နိဂုံး

ဝန်ကြီးဦးဆန်းဆင့်ကိုချက်ချင်းတရားရုံတင်စစ်ခြင်းမှာ ထူးဆန်းပါတယ်။ အစိုးရထိမ်းသိမ်းခံရပါက အပြင်လောကမှ ပျောက်ကွယ်ပြီး၊ ထောင်ထဲရောက်သွားလေ့ရှိပါတယ်။ ရုံးထုတ်တာမျိုး လူမမြင်အောင် စီရင်ချက်ချလေ့ရှိပါတယ်။ ယခုအမှုမှာ မီဒီယာများကိုပါ နားထောင်စေခြင်း၊ အမြန်ဆုံး တရားရုံးထုတ် ရှောက်လဲနေခြင်းများဟာ ထူးဆန်းနေပါတယ်။

ထိုအမှုကို လူများနားမလည်နိုင်ဖြစ်ရတယ်။ အကယ်၍ ဦးဆန်းဆင့်ဟာ အစိုးရသစ်လာဘ်စားမှုတိုက်ဖြတ်ရေးအတွက် ဓားစာခံအသုံးချခံရတယ်..လို့ဆိုလျှင် ရပ်တန်းက၊ မရပ်သေးတဲ့ တိုင်းပြည်ဘဏ္ဍာငွေများ အကြီးစားခိုးယူ၊ အလွဲသုံးစွဲနေသူများကို သတိပေးသံ..လို့ မှတ်ယူရပါမယ်။ ဒါဆိုရင် မကြာမီ လာဘ်စားမှု မရပ်တံ့နိုင်သည့် နိုင်ငံဘဏ္ဍာကို အကြီးကျယ်အလွဲသုံးသူ လူကြီးတစ်ဦး (ငါးအကြီးတစ်ကောင်) ကို အလားတူ အဂတိလိုက်စားမှုဥပဒေဖြင့် ဖမ်းဆီး၊ တရားရုံးတင်နိုင်မျှော်လင့်မိပါတယ်။

အဲဒီလိုဖြစ်လာခဲ့ရင် မြန်မာနိုင်ငံနိုင်ငံ ပြုပြင်ပြောင်းလဲရေးအစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖြတ်ရေးလုပ်ငန်း သမိုင်းဝင်ဖြစ်သွားပါမယ်။ အရာရှိကြီးများ အလွန်အကျွံ လာဘ်စား၊ အလွဲသုံးစားနေခြင်းများ ထိန်းချုပ်လာနိုင်ပြီး၊ တိုင်းပြည်လမ်းကြောင်းမှန်သို့ ရောက်လာမည် ဟု မျှော်လင့်ပါတယ်။

 

မြန်မာတစ်နိုင်ငံလုံးတွင် လာဘ်ပေးခြင်း နှစ်တိုအတွင်း ပပျောက်ဖို့ ခက်လှပါတယ်။ လာဘ်ပေးခြင်းကို ယဉ်ကျေးမှုတစ်ခုအနေဖြင့် ကျင့်သုံးနေခြင်းကိုက အခက်ခဲဖြစ်နေပါတယ်။ မည်သို့ပင်ဖြစ်ပါစေ အစိုးရဝန်ထမ်းများ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို ဖြေရှင်းပေးနိုင်တဲ့အချိန်ကျမှ better CPI Index အဂတိလိုက်စားမှုနည်းပါးလာမည်ဖြစ်ပါတယ်။

အစိုးရဖက်လိုက်ပြီး ရေးခြင်းမဟုတ်ပါ။ ကိုယ်ပိုင်အမြင်သာဖြစ်လို့ သဘောမတူသူများစွာ ရှိမှာပါ။ လွတ်လပ်စွာသဘောကွဲနိုင်ပါတယ်။

 

သတင်းစာမှ လျှောက်လွှာခေါ်ကြည့်ပါ။ ...နေထိုင်၊စားသောက်ဖို့ တစ်ယောက်စာမျှငွေကြေးအနည်းငယ်ရမည်။ ပင်ပမ်းမည်၊ တောနယ်မှဆင်ရဲသားများထံ ခရီးသွားရမည်။ လူများရှုံချ၊ အထင်သေး ခံရနိုင်သည်။ သို့သော်လာဘ်ပေးလာလပ်ယူ လုပ်စရာမလိုသော အလုပ်ဖြစ်သည် .. လို့ကြော်ငြာထည့်လိုက်ရင်၊ အလုပ်လျှောက်လွှာတွေ အများကြီးရောက်လာမှာ သေချာပါတယ်။

ဇော်အောင် ၈-ဇူလိုင်-၂၀၁၄

Edmund Burke: “All it takes for evil to triumph is for good men to do nothing.”
Link:  http://murann.com/governance.htm


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇော်အောင်(မုံရွာ) – စင်ကာပူက လာဘ်စားမှု၅ခုနဲ့ မြန်မာ ၂၀၁၄
  1. ဇွန်လ-၂၀၁၄တွင် ရဲအရာရှိ၄၀၃ဦးကို လာဘ်စားမှုဖြင့် အရေးယူထားကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်က ဇွန်လ ၂၇ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်၌ တရားဝင်ထုတ်ဖော်ခဲ့သည်။ လာဘ်စားမှုခေါင်းစဉ်ဖြင့် ရာနှင့်ချီသော ရဲအရာရှိများကို အရေးယူလိုက်ခြင်းက မြန်မာ့သမိုင်းကြောင်း၌ ထူးခြားဖြစ်စဉ်.. ဟု ဂျာနယ် ၇-ဇူလိုင် the Voice ဂျာနယ်မျက်နှာဖုံးတွင် … ဘာဘ်ပေး… ရန်မလို Vs ရဲဒုက္ခ ဟု ည်။ Special Report ရေးသားထား

Comments are closed.