ရသဆောင်းပါးစုံ

မင်းကောင်းချစ် – ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ဘာသာရေး လူမျိုးရေး

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ဘာသာရေး လူမျိုးရေး
မင်းကောင်းချစ်
ဇူလိုင် ၇၊ ၂၀၁၄
 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့၊ တနည်းအားဖြင့် ဥပဒေလမ်းကြောင်းနဲ့အညီ နိုင်ငံရေးနည်းလမ်းအရ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့အခါကြတော့ အဓိကကျတဲ့ ပုဒ်မက  ၄၃၆ ဆိုတာတွေ့ ရလိမ့်အမယ်။ အဲ့ဒီပုဒ်မကို သေသေချာချာ လေ့လာလိုက်တဲ့အခါကြတော့ သူက ပြုပြင်ပြောင်းလဲခွင့်တော့ ပေးထားတယ်။ သို့သော် ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့မရအောင် ကန့်သတ်ချက်တွေက အင်မတန်ကိုမှ ကြီးမားနေတယ်။ တကယ့်တကယ် ပြင်တော့မယ်ဆိုရင် ၄၃၆ ကို စပြင်မှသာလျှင် ကျန်တဲ့ဟာကို ပြင်နိုင်မှာဖြစ်တယ်။

တကယ်လို့ ပုဒ်မ ၄၃၆ ကို မပြင်နိုင်ဘဲ ၂၀၁၅ ရွေးကောက်ပွဲကျင်းပလို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့ ပါတီကြီးဖြစ်တဲ့ အ မျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနိုင်ရခဲ့ရင်တောင် စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ ထိထိရောက်ရောက်ဆောင်ရွက်လို့မရနိုင်တော့ဘူး။

၁၉၉၀ခုနှစ်၊ ၂၀၁၀ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီး ဖြစ်နိုင်ခြေရှိတဲ့ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်နဲ့လွှတ်တော်အမတ်ရာခိုင်နှုန်းကို ခန့် မှန်းရမယ်ဆိုရင် ….

ရွေးကောက်ခံစရာမလိုတဲ့ တပ်မတော်သားအမတ် ၂၅ % ကို နုတ်ပြီးလို့ ကျန်တဲ့ ၇၅% ထဲမှာ  အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော် ထိုင်ခုံတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၅၀ % ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ်ပါတီတွေက ၅% နဲ့ တိုင်းရင်းသားပါတီတွေက ၂၀ % နိုင်တယ်ဆိုကြပါစို့ …

လက်ရှိ ပုဒ်မ၄၃၆ အရဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့မဟာမိတ်တိုင်းရင်းသားပါတီတွေ အားလုံးပေါင်းပြီး အမတ်ဦးရေ ၇၀ % နဲ့ မတရားတဲ့ဥပဒေပုဒ်မတွေ မှိုလိုပေါက်နေတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်ရင်တောင် ပြင်လို့လုံးဝမဖြစ်နိုင်တော့ဘူး။ ကြံ့ဖွံ့ ပါတီနဲ့ မဟာမိတ်ပါတီတွေက ၅ % နဲ့တပ်မတော်သားအမတ် ၂၅ % စုစုပေါင်း ၃၀ % က သဘောမတူဘဲ ဒီမိုကရေစီဖျက်မျဉ်းလုပ်နေရင် ဘာမှမတတ်နိုင်ဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ဘယ်လိုမှ မရောက်ဘဲ စစ်အာဏာရှင်ပြုသမျှ နု နေရအုန်းမှာ အသေအခြာပါဘဲ။

အဲ့ဒါတွေအပြင် အချိုးကျ လွှတ်တော်ကိုယ်စားလှယ်ခန့်အပ်ခြင်းလို့ခေါ်နိုင်တဲ့ PR : Proportional Representation စနစ်ကို လွှတ်တော်မှာ ကြံ့ဖွံ့ ပါတီနဲ့ ဒေါ်ခင်ဝိုင်းကြည်တို့ NDF  ပါတီက အရေးတယူ အဆိုပြုတင်ပြလာတာဟာ အထက်မှာပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရေးကို ပိုလို့ပိုလို့ခက်ခဲအောင်၊ ပြင်ချင်တဲ့ အမတ်ဦးရေလျှော့ကျအောင် လုပ်နေတာပါဘဲ။

အခုနောက်ဆုံး…စစ်အာဏာရှင်စနစ်ရဲ့ အမြစ်ကြွင်းအကျန်တွေ သုံးလာတဲ့ အပက်စက်ဆုံးနည်းလမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဒီမိုကရေစီအင်အားစုတွေအပေါ် ပြည်သူလူထု အထင်မြင်လွဲမှားအောင်လုပ်တဲ့နည်းဖြစ်တယ်။

ဘာသာရေး၊လူမျိုးရေးကို အသုံးချ ခုတုံးလုပ်ပြီး အဓိကရုဏ်းကြီးတွေဖန်တီး၊ မျက်ကန်းမျိုးချစ် တစောက်ကန်းတွေ၊ ဘာသာရေး အစွန်း ရောက်တွေ၊ အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ၊ နိုင်ရေးအသိနိမ့်ကျခဲ့ရလို့ အမှားအမှန်ကိုမခွဲခြားတတ်သူတွေကို လွယ်လင့်တကူ စည်းရုံးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံထောက်ခံမဲတွေ လျှော့နိုင်သမျှလျှော့ကျအောင် ရည်ရွယ်လုပ် ဆောင်နေကြတာဖြစ်တယ်။ ဒါကြောင့် ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူအားလုံးက အစွန်းရောက် အမျိုးသားရေးဝါဒီတွေ ဘာသာရေး အစွန်းရောက်သူတွေရဲ့ အမုန်းတရားဖြန့်ချိမှုမှန်သမျှ ၊ အကြမ်းဖက်လှုံ့ဆော်မှုမှန်သမျှကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားဆန့်ကျင်ဖေါ်ထုတ်ကြ ရမှာဖြစ်တယ်။

လူမျိုးရေးမုန်းတီးမှု့၊ ဘာသာရေးမုန်းတီးမှု့တွေဆိုတာ မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးစုပေါင်းစုံ၊ ကိုးကွယ်မှု ဘာသာမျိုးစုံရှိတဲ့ တိုင်း ပြည်မျိုးမှာ ညီညွတ်မှုပြိုကွဲအောင် လွယ်လွယ်ကူကူ လုပ်နိုင်တဲ့နည်းဗျူဟာပါဘဲ။

စစ်အာဏာရှင်မှန်ရင် ပြည်သူတွေကြားညီညွတ်မှု့တွေမရှိအောင် လူမျိုးရေးမုန်းတီးမှု့၊ ဘာသာရေးမုန်းတီးမှု့တွေကို တမင်တကာဖန်တီးပြီး တယုတယမွေးမြူလေ့ရှိတယ်။ ဘယ်သောအခါမှ တိုင်းပြည်ကို ညီညွတ်သွားအောင် ငြိမ်းချမ်းသွားအောင်လုပ်ဆောင်လေ့မရှိဘူး။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ ရှင်သန်ရေးသော့ချက်လည်း ဖြစ်တယ်။

ဒီနေရာမှာ နောက်ထပ်အရေးကြီးတဲ့အချက်က “အမျိုးသားရေး” ဆိုတဲ့စကားလုံးဟာ မြန်မာလူမျိုးတမျိုးထဲကို ရည်ရွယ်တာမဟုတ်ပါဘူး ဗုဒ္ဓဘာသာအတွက်သက်သက်မဟုတ်ပါဘူး။ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ကယား၊ ရခိုင်၊ ချင်းစတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအပြင် ဗမာပြည်ပေါက် အိန္ဒိယလူမျိုး၊ တရုပ်လူမျိုး စတဲ့လူမျိုးအားလုံးရဲ့အရေး၊ ပြီးတော့ အဲ့ဒီပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ကိုးကွယ် ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်တဲ့ဘာသာ စတဲ့ရှိရှိသမျှ ဘာသာအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရင်း အတူတကွကြီးပွားချမ်းသာနိုင်ရေးပါ။

ဒါကြောင့် မြန်မာနိုင်ငံသားမှန်ရင် တိုင်းပြည်ကိုတကယ်ချစ်တဲ့ စစ်သားမှန်ရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒီပုဒ်မ ၄၃၆ ကို ထိထိရောက် ရောက် ပြင်ဆင်နိုင်အောင် လူတိုင်းလူတိုင်းရှိရှိသမျှ စွမ်းအားအပြည့်နဲ့ ၀ိုင်းဝန်းထောက်ခံကူညီကြဖို့ လိုတယ်။

အားလုံးရဲ့အနာဂါတ်ကောင်းဖို့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်င်သစ်ကိုတည်ဆောက်ဖို့ စစ်အာဏာရှင်အရိပ်မိုးတဲ့  ဖွဲ့စည်းပုံဥပဒေဆိုးကို အမြစ် လှန် တူးထုတ်ပစ်ရေးဟာ နိုင်ငံသားတိုင်းရဲ့ အမျိုးသားရေးတာဝန်ကြီးဖြစ်တယ်။

ဇူလိုင်လ (၇) ရက်နေ့  ၂၀၁၄ ခုနှစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts