ရသဆောင်းပါးစုံ

ဝိသေသ – စေတီရုပ်ပွား ဦးမချသူ ၅ မျိုးအကြောင်း

စေတီရုပ်ပွား ဦးမချသူ ၅ မျိုးအကြောင်း
ဝိသေသ
ဇူလိုင် ၇၊ ၂၀၁၄
 
 

အလွန့်အလွန် ထင်ရှားကျော်ကြားသော စေတီတော်မြတ်ကြီးသို့ လူထွေး ရောက်ရှိဖူးမြော်နေပါသည်။ ရုံးပိတ်ရက်နှင့် အခါကြီးနေ့ကြီး ရက်များတွင် စည်ကားလွန်းလှသဖြင့် မျက်စိရှုပ်၊ နားရှုပ် မခံနိုင်သော လူထွေးသည် လူအလာနည်းသော ကြားရက်တစ်ရက်တွင် ရောက်ရှိခဲ့ကာ၊ စေတီကို လကျာင်္ရစ် လှည့်ပတ်ဖူးမြော်သည်။

ငယ်စဉ်ကတော့ စည်ကားရှုပ်ထွေးကြပ်ညှပ်နေသော ပွဲဈေးတန်းများ၊ ဗုဒ္ဓပူဇနိယပွဲများကို အလွန်သဘောကျခဲ့သည်။ ယခုကား ထိုသို့ မဟုတ်လေပြီ။

လူကျဲ၍ ဆိတ်ငြိမ်သော တန်ဆောင်းတစ်ခုသို့ ၀င်ရောက်ပြီးလျှင် ဘုရားဝတ်ပြုသည်။ ထို့နောက် အတွေးနယ် ချဲ့နေမိ၏။

စေတီတော်များ၊ ရုပ်ပွားတော်များကို ဦးချရှိခိုးခြင်းမပြုသောသူတို့အကြောင်း ဖြစ်သည်။ အမျိုးအစား ၅ မျိုးရှိသည်။

ပထမအမျိုးအစားမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခြင်းမရှိရုံမက စေတီတော်နှင့်ပတ်သတ်၍ ပုတ်ခတ်စွပ်စွဲပြောဆိုသူများ ဖြစ်သည်။ သူတို့ကိုယ်တိုင် စေတီတော်ကို ပူဇော်ဦးချခြင်းမရှိရုံမက၊ ဦးချသူတို့ကိုလည်း အပြစ်ပြောသူများဖြစ်သည်။ စေတီတော် ရုပ်ပွားတော်များ တည်ထားကိုးကွယ်ခြင်းသည် အသက်မရှိသော သစ်သားတုံး၊ ကျောက်တုံး၊ ကြေးတုံး၊ သံတုံးများကို ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သူတို့ကမူ အသက်ရှိသော ဖန်ဆင်းရှင်ကိုသာ ကိုးကွယ်ကြကြောင်း၊ အသက်မဲ့သော ရုပ်ဝတ္ထုက ဘာမှမစွမ်းကြောင်း ပြောဆိုကြသည်။

လူထွေးကလည်း ဗဟုသုတများကို စုစည်း၍၊ အကျိုးသင့်အကြောင်းသင့် ချေပပြောဆိုခဲ့၏။ စာမူရေးသားခဲ့၏။ ဓါးဖြင့်လူသတ်သူ ရှိသလို၊ ဓါးဖြင့်အသက်ကယ်သူ ( ခွဲစိတ်ဆရာဝန် ) များလည်း ရှိပါသည်။ ဓါးသည် သက်မဲ့ပင် ဖြစ်သော်လည်း အသုံးချမှုကို လိုက်၍ ကုသိုလ်လည်း ဖြစ်နိုင်သည်။ အကုသိုလ်လည်း ဖြစ်နိုင်သည်။ သစ်သား၊ ကျောက်၊ ကြေး၊ သံ တို့ကို အလွန်ကောင်းမြတ်စွာ အသုံးချ၍ ဗုဒ္ဓဂုဏ်တော်ကို ရည်မှန်းပူဇော်ကြခြင်း ဖြစ်သည်။ ထိုသက်မဲ့များကို ကိုးကွယ်ခြင်းမဟုတ်၊ ထိုသက်မဲ့များကို အသုံးချ၍ ပုံတော်မှ ဂုဏ်တော်သို့ အာရုံပြုခြင်း ဖြစ်သည်။ မိန်းမ ( မ, သတ္တ၀ါ ) ချင်းတူပါလျက် ဇနီးနှင့်သာ အတူအိပ်စက်၍၊ မိခင်နှင့်မူ အတူုမအိပ်သော ဥပမာကိုလဲ မျှဝေခဲ့သည်။ အုတ်ခဲချင်းတူပါလျက် စေတီတည်ရာ၌ သုံးသော အုတ်ခဲနှင့် လမ်းခင်းရာ၌ သုံးသော အုတ်ခဲ ကွာခြားပုံကို နှိုင်းယှဉ်ပြသော ဆရာ တော်ကြီးတစ်ပါး၏ ဥပမာကောင်းတစ်ခု ဖြစ်သည်။ ထို့သို့ ရှင်းပြသောအခါ ပုတ်ခတ်ရှုပ်ချသူတို့ အသံတိတ်သွားသည်။ အချို့ကတော့ စဉ်းစားစရာ ရသွားဟန်တူပါသည်။

ဒုတိယအမျိုးအစားမှာ စေတီနှင့် ရုပ်ပွားတော်များကို ဘာကြောင့် ကိုးကွယ်ပူဇော်ကြရကြောင်း ဂဃနဏ မသိရှိသောကြောင့် ဦးချရှိခိုးခြင်းမပြုသူများ ဖြစ်သည်။ သူတို့ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြသောအခါ သဘောပေါက်လာသူများပါသည်။ ဘာသာရေးခံယူချက်ဖြင့် ဦးချဝတ်ပြုခြင်း မပြုသည့်တိုင်၊ ဗုဒ္ဓမြတ်စွာဘုရားကိုသော်လည်းကောင်း ဗုဒ္ဓဘာသာဝင်များကိုသော်လည်းကောင်း အရိုအသေပြုသောအားဖြင့် ဦးချဝတ်ပြုသူများလည်း ရှိလာပါသည်။ ဆိုဗီယက်ပြည်ထောင်စု၏ ၀န်ကြီးချုပ် ခရူးရှက်သည် ကွန်မြူနစ် ( ဘာသာမဲ့ ) ပင် ဖြစ်သော်လည်း၊ ရွှေတိဂုံစေတီတော်မြတ်ကို ဦးချဝတ်ပြုခဲ့သည်ဟု သိရပါသည်။ နှစ်ပေါင်း ၂၅၀၀ ခန့်တိုင် ဗုဒ္ဓကို ကိုးကွယ်ပူဇော်နေကြခြင်းကပင်၊ မည်သူမဆို ဗုဒ္ဓကို အရိုအသေပေးထိုက်သော သက်သေတစ်ခု ဖြစ်ကြောင်း ခရူးရှက်က ပြောခဲ့ကြောင်း မှတ်သားဖူး၏။

တတိယအမျိုးအစားမှာ စိတ်မပါသောကြောင့် ရှိခိုးဦးချမှု မပြုသူများ ဖြစ်သည်။ ဆရာကြီး ရွှေဥဒေါင်းသည် စေတီရုပ်ပွားတော်များသို့ လှည့်လည်ဖူးမြော်သော်လည်း ရှိခိုးဦးချမှုပြုချင်မှ ပြုသည်ဟု ဆိုသည်။ အကြောင်းပြချက်ကတော့ ဂုဏ်တော် ၉ ပါးနှင့် ကျေးဇူးကြီးမားမှုကို စည်ကားရှုပ်ထွေးနေသော ရင်ပြင်တော်ပေါ်၌ အာရုံပြု၍မရ၊ စိတ်မပါသောကြောင့်ဖြစ်သည်ဟု ဆို၏။ အိမ်ရှိ ဘုရား ရုပ်ပွားတော်ကို အာရုံပြု၍ အတန်ကြာအောင် ရှိခိုးပူဇော်သောအခါလည်း ရှိသည်ဟု ကြားဖူးသည်။ ရွှေဥဒေါင်း၏ ယူဆပြုမူမှုကို သဘောကျသူများလည်း ထိုအတိုင်းပင် ပြုမူကြသည်ဟု သိရပါသည်။ သူတို့ကို ထောက်ခံခြင်းမပြုနိုင်သလို၊ ကန့်ကွက်ခြင်းလဲ မပြုထိုက်ဟု လူထွေး ယူဆသည်။
စတုတ္ထအမျိုးအစားကတော့ သမိုင်းသုတေသီဆရာ ဘုန်းတင့်ကျော်၏ ဟောပြောမှုကြောင့် သိရခြင်းဖြစ်သည်။ ဘုရားသမိုင်းများတွင် ဘုရားရှင် ကြွလာသဖြင့် ဆံတော်ဓါတ်တော်များ ဌာပနာထားသည်ဟု ဆိုကြသည်။ ပါမောက္ခဂျီအိတ်ခ်ျလုစ်နှင့် သမိုင်းသုတေသီအချို့က ဘုရားရှင် ကြွလာတာ မဖြစ်နိုင်ကြောင်း အထောက်အထားပြသည်။ ဆံတော်အတု၊ ဓါတ်တော်အတုဟု စွပ်စွဲကြသည်။ ဒါကို ယုံသူတို့သည် ဆံတော်အတုဖြင့် တည်ထားသော စေတီတော်ကို ဦးချရှိခိုးခြင်းမပြုကြဟု ဆရာ ဘုန်းတင့်ကျော်က ဆိုပါသည်။ ဘုရားရှင် ကြွလာတာ မှန်ကြောင်း၊ ဆံတော်အစစ် ဓါတ်တော်အစစ်ဖြစ်ကြောင်း ဆရာ ဘုန်းတင့်ကျော်က အထောက်အထားအကိုးအကားဖြင့် ရေးသားဟောပြောပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ဓမ္မမိတ်ဆွေတစ်ဦးက လူထွေးကိုထင်မြင်ချက်ပေးဖို့ တောင်းဆိုသည်။ လူထွေး၏ အဖြေကတော့ ရှင်းပါသည်။
‘ဆံတော်အတုဖြစ်စေ၊ အစစ်ဖြစ်စေ ဂုဏ်တော် ၉ ပါးကို အာရုံပြု နှလုံးသွင်းပြီး တကယ့်သဒ္ဓါကြည်ညိုစိတ်ဖြင့် ရှိခိုးဦးချရင် ကုသိုလ်ရတာချည်းပဲ။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးမြင်ရပေမဲ့ သဒ္ဓါကြည်ညိုမဖြစ်ရင် ကုသိုလ် မရပါဘူး။ သက်တော်ထင်ရှားကို ကြည်ညိုသလိုပဲ သဒ္ဓါညီမျှရင်၊ စေတီရုပ်ပွားကို ပူဇော်တာလဲ ကုသိုလ်ရတာချင်း တူပါသတဲ့။ ဆံတော်အစစ် ဟုတ် မဟုတ် ငြင်းခုန်ကြတာက၊ သမိုင်း သုတေသီတွေရဲ့ အလုပ်။ ပညာနဲ့ သဒ္ဓါ ညီမျှစွာ ယုံကြည်ကိုးကွယ်ရမှာက တို့အလုပ် ’

ပဉ္စမအမျိုးအစားကိုတော့ လူထွေးသိတာ မကြာသေး။ ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ဦးက အကျော်ကြားဆုံး စေတီတော်ကို ဦးမချပဲနေသဖြင့် လူထွေး အံ့သြရဖူးသည်။ ထိုမိတ်ဆွေက ဗုဒ္ဓဘာသာ။ ဘာသာခြားသို့ ကူးပြောင်းယုံကြည်သွားသဖြင့် စေတီတော်ကို ဦးမချခြင်းလား။ မဟုတ်ပါ။ ထိုမိတ်ဆွေက ရတနာ သုံးပါးကို အထူးကြည်ညိုသူ ဖြစ်သည်။ ဆံတော်အတု ဟု ယူဆသောကြောင့်လဲ မဟုတ်၊ ထိုမိတ်ဆွေက ဖြေ၏။

‘ထီးတော်မှာ အလှူရှင်…………… အမည်ပါတယ်။ သူတို့ဟာ တိုင်းပြည်နှင့် လူမျိုးကိုရော၊ ဗုဒ္ဓသာသနာကိုပါ နိမ့်ကျသိမ်ဖျင်းအောင် ဆုတ်ယုတ်ပျက်စီးအောင် လုပ်ခဲ့ကြတယ်။ ဒါကြောင့် ဒီစေတီကို ဦးချရှိခိုးခြင်း မပြုတာပါ။’

သြော်… လက်စသတ်တော့ သူ့မကျေနပ်ချက်က ဒါကိုး။ လူထွေးက သူ့ကို ‘ ဗုဒ္ဓရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်ကိုသာ ကြည်ညိုစွာ အာရုံပြု ရှိခိုးဦးချစမ်းပါ။ ဟိုဟာ ဒီဟာ တွေးမနေစမ်းပါနဲ့။ စိတ်ကြည်လင်အောင်၊ ကုသိုလ်ရအောင် တွေးပါ။ အခြားသူတွေ လုပ်တဲ့ အကုသိုလ်က ကိုယ်နဲ့မဆိုင်ပါဘူးကွာ။ ’ ဟုဟော၏။

သူကတော့ ပြုံးနေသည်။ မင်းက ဓမ္မစာရေးဆရာဆိုတော့ မင်းအလုပ် မင်းလုပ်။ ငါကလဲ ငါ့ခံယူချက်နဲ့ငါ ဟု ဆိုနေသယောင်ယောင်။

ဝိသေသ
၁-၇-၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts