ရသဆောင်းပါးစုံ

ဆလိုင်းရွှေလင်း – စာဖတ်ခြင်းဆိုင်ရာ ဟိုအကြောင်း ဒီအကြောင်း

စာဖတ်ခြင်းဆိုင်ရာ ဟိုအကြောင်း ဒီအကြောင်း
ဆလိုင်းရွှေလင်း
ဇူလိုင် ၅၊ ၂၀၁၄

 

 

ပထမဆွေးနွေးလိုသည်မှာ  စာအုပ်စာပေ လူ့မိတ်ဆွေ စကားဖြစ်ပါသည်။ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသောစကားမှာ ယေဘုယျဆန်လွန်း သော စကားဖြစ်၍ မှားသည်ဟု မဆိုသာသော်လည်း မှန်သည်ဟု ပြောရန်လည်း ခက်၏။ အကြောင်းမူကား စာအုပ်စာပေတိုင်းသည် ဖတ်သူအတွက် မိတ်ဆွေမဖြစ်ရပဲ၊ ရန်သူကဲ့သို့ ဖတ်သူကို အကျိုးယုတ်စေသော သာဓကများ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ အဆိပ်အတောက် စာပေများ၊ ညစ်ညမ်းစာပေများသည် ထင်ရှားသော သက်သေများဖြစ်သည်။ ထို့ကြောင့် အစွန်းမထွက်ပဲ ဆိုသင့်သောစကားမှာ စာကောင်းစာပေ လူ့မိတ်ဆွေ ဆိုသောစကားပင် ဖြစ်ပါသည်။

စာကောင်းစာပေဟူရာ၌ အဘယ်သို့သော စာပေများ၊ စာမူများသည် စာကောင်းဖြစ်ကြောင်း ခွဲခွဲခြားခြား လေ့လာသိရှိနိုင်ဖို့ လိုပေသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမအားဖြင့်မူ ကိလေသာငြိမ်းအေးရာ ငြိမ်းအေးကြောင်း စကားသည် အနည်းငယ်မျှပင် ဖြစ်စေကာမူ စကားကောင်း၊ စာကောင်းဟု ဆိုနိုင်သည်။ ကိလေသာတိုးပွားရာ တိုးပွားကြောင်းစကားသည် အနည်းငယ်မျှပင် ဖြစ်စေကာမူ စကားဆိုး၊ စာဆိုးဟု ဆိုနိုင်သည်။ သံသရာအကျိုးစီးပွားကို အလိုရှိသောသူတို့အဖို့မှာ ကုသိုလ်တိုးပွားရာ တိုးပွားကြောင်း စကားသည် (စာပေသည်) စာကောင်းစာပေ ဖြစ်သည်။

ယခုအခါ စာပေလွတ်လပ်ခွင့်အတန်အသင့် ရလာသောအခါ ထိုအခွင့်အရေးကို အလွဲသုံးစားပြုနေသူများကို တွေ့လာရပေသည်။ အဆိပ် အတောက်စာပေများ၊ ညစ်ညမ်းစာပေများကို ရေးသားထုတ်ဝေလာကြခြင်းကို ဆိုလိုပါသည်။ လိင်အသားပေး ညစ်ညမ်းစာပေများသည် မြန်မာတို့၏ ယဉ်ကျေးမှုအုတ်မြစ်ကို တူးဖြိုဖျက်စီးမည့် ဓမ္မန္တရာယ်ကြီးများဖြစ်ကြောင်း သတိပြုသင့်ပေသည်။

စာဖတ်ခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးလိုသေးသောဒုတိယအချက်မှာ စာဖတ်နည်းဖြစ်သည်။ ယခင်က မည့်သည့်စာအုပ်ကိုမဆို အစမှ အဆုံးထိ စာရေးသူဖတ်ရှုခဲ့ပေသည်။ ဘယ်စာအုပ်တွေကို ဖတ်ရှုခဲ့ပြီးပြီဟု ဂုဏ်ယူဝံ့ကြွားလိုသောစိတ်များလည်းရှိခဲ့ကြောင်းဝန်ခံရပေမည်။ သို့သော် အရေအတွက်သဘောသာဆောင်၍ အရည်အချင်းသဘော အားနည်းခဲ့ကြောင်း သတိပြုမိပါသည်။ အကြောင်းမှာ စာအုပ်များ စွာ ဖတ်ရှုခဲ့သော်လည်း မှတ်မိစွဲမြဲခဲ့သော အချက်အလက်များ နည်းနေသောကြောင့် ဖြစ်သည်။

စာပေဗိမာန်ထုတ်စာအုပ်တစ်အုပ်ကို ဖတ်ရှုခဲ့ရ၏။ စာဖတ်နည်းဟူသော ဘာသာပြန်စာအုပ်ကို ၁၉၈၀ ၀န်းကျင်လောက်က ဖတ်ရှုခဲ့ ရခြင်းဖြစ်သည်။ အလွန်တန်ဖိုးရှိသော ကျေးဇူးတင်ထိုက်သော၊ စာရေးသူကို အလင်းရောင် ပေးသော စာအုပ်တစ်အုပ်ဖြစ်သည်။ စာအုပ်တစ်အုပ်ကို အစမှ အဆုံးထိ ဖတ်နေစရာမလိုကြောင်း၊ စိတ်ဝင်စားသောအပိုင်း, စိတ်ဝင်စားသောအကြောင်းအရာကိုသာ ဦးစွာဖတ် သင့်ကြောင်း၊ ထို့သို့ဖတ်ခြင်းဖြင့် စိတ်ဝင်စားစွာ အရသာရှိရှိ ဖတ်ရကြောင်း၊ စိတ်မ၀င်စားတာကို ၀န်ထုပ်ဝန်ပိုးသဖွယ် အပင်ပန်းခံ ဒုက္ခခံကာ ဖတ်ရန်မလိုကြောင်း၊ စိတ်ဝင်စားစွာ ဖတ်ရှုခြင်းကြောင့် အရေးကြီးတာ မှန်သမျှမှတ်မိကြောင်း၊ စာဖတ်လဲပျော်၍ မှတ်လဲ မှတ်မိကြောင်း ရေးသားထားသည်။

စာရေးသူ လိုက်နာကျင့်သုံးကြည့်ရာ အလွန်မှန်ကြောင်းသိရှိရပါတော့သည်။ ဥပမာတစ်ခု ပြောလိုပါသည်။ ဆာလောင်ချိန်တွင် နှစ်သက်သောအစားအစာကို အားရပါးရ စားလိုက်ရတာနဲ့ တူပါသည်။ ဗိုက်ပြည့်နေသောအချိန်တွင်၊ မနှစ်သက်သောအစားအစာကို မည်သူမျှ မစားလိုသကဲ့သို့၊ စာအုပ်တစ်အုပ်တွင် စိတ်မ၀င်စားသောအပိုင်းကို အတင်းအကြပ်ဖတ်ရသည်မှာ စိတ်ဆင်းရဲစရာပါပေတည်း။
စာအုပ်၏မာတိကာတွင် စိတ်ဝင်စားသောခေါင်းစဉ်ကိုဖတ်ကာ၊ ဖတ်ပြီးသောစာမျက်နှာကို မှတ်ထားပြီး မဖတ်ရသေးသော စာမျက်နှာများကို ဆက်ဖတ်ပါသည်။ ဤနည်းမှာ အလွန်ပျော်ရွင်ဖွယ်ရာကောင်းပြီး၊ မှတ်မိတန်သလောက်လဲ မှတ်မိပါသည်။

တတိယဆွေးနွေးလိုသောအချက်မှာ စာဖတ်ခြင်း၏အဓိပ္ပါယ်ကို ရှာရန်ဖြစ်သည်။ စာဖတ်နိုင်ဖို့ဆိုသည်မှာ စာတတ်ဖို့လိုပါသည်။ ဖတ်နေစဉ် လက်တွေ့ဘ၀၌ လိုက်နာကျင့်သုံးအပ်သော အချက်များကို မှတ်သားထားရပါမည်။ ထို့ကြောင့် (၁) စာတတ်ခြင်း (၂) စာဖတ်ခြင်း (၃) စာမှတ်ခြင်း (၄) မှတ်သားထားမှုများကို အသုံးချခြင်း ဟူ၍ အဆင့်၎ ဆင့် ရှိပါသည်။ အချို့က စာတတ်သော်လည်း စာမဖတ်ပါ။ အချို့က စာဖတ်သော်လဲ မှတ်သားထားမှု မရှိကြပါ။ အချို့က မှတ်သားထားသော်လဲ အသုံးချခြင်းမရှိကြပါ။ ထို့ကြောင့် ထိုအဓိပ္ပါယ်ကို သိရှိသဘောပေါက်ရန် လိုပါသည်။

ဆလိုင်းရွှေလင်း
၂၂၊ ၆၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts