ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – ဘီလ်ဂိတ်လို ချမ်းသာချင်

ဘီလ်ဂိတ်လို ချမ်းသာချင်
ဖိုးထက်၊ ဇူလိုင် ၄၊ ၂၀၁၄

ငွေဖြင့် အရာရာကို တည်ဆောက်၍ မရ ဟု ပြောကြသည်။ တစ်ဖက်ကလဲ Money make everything ဆိုသည့် စကား ရှိသည်။ ငွေဖြင့် ချစ်ခြင်း မေတ္တာကို ၀ယ်လို့မရ။ ကျန်းမာခြင်းကို လဲယူလို့မရ။ သို့သော် ငွေဖြင့် လူ့အသက်တွေကို ဆွဲဆန့်လို့ရသည်။ မသေသင့်ဘဲ မသေအောင် လုပ်လို့ (အလွန်သေချာစွာ) ရသည်။

မိုးရာသီ ၀င်လာသည်နှင့် တပြိုင်နက် မြန်မာနိုင်ငံမှာ လျှပ်စစ်ကြောင့် လူ့အသက်တွေ မကြွေသင့်ဘဲ ကြွေနေကြသည်ကို ကြားနေ၊ မြင်နေရသည်။ ရန်ကုန် လှည်းတန်းမှာ ခေါင်းပေါ်က ဓာတ်ကြိုးပြုတ်ကျပြီး အသားလွတ် အသက်ထွက်ရသည်။ မောင် ဥာဏ်ကြီးရှင် ၊ မ ဘာသာရေး မမ များက အတိတ်ကံပေါ့ဆိုသည့် စကားမျိုး ပြောထွက်ကြသည်။ စိတ်မဆိုးနိုင်ပါ။ သို့သော် ရယ်ရပါသည်။

လျှပ်စစ်ဆိုသည့် သဘောက (ကျွန်တော် ဗဟုသုတရှိသလောက်) ဒီဘက်ခေတ်ကြီးမှာ သက်ဆိုင်ရာ လျှပ်စီးပါတ်လမ်းထဲမှာ တစ်ခုခု ဖြစ်တာနဲ့ အလိုအလျောက် ပြုတ်ကျသွားအောင် ပစ္စည်းကိရိယာများ တပ်ဆင်လို့ရသည်။ သတ်မှတ်ထားသော leakage current ခေါ် ဖိတ်စင်သွားသော လျှပ်စီးကြောင်း ပမာဏ ထက်ပိုလာလျှင်ဘဲ ဖြစ်ဖြစ်၊ short circuit ခေါ် လျှစ်စစ်ပါတ်လမ်း တိုက်ရိုက်စီးကူးခြင်းဘဲ ဖြစ်ဖြစ်၊ over current (သို့) over load ခေါ် သတ်မှတ်လျှပ်စီးပမာဏထက် ပိုသုံးလို့ဘဲဖြစ်ဖြစ် လျှပ်စီးပါတ်လမ်းကို ချက်ချင်း ပြတ်တောက်သွားစေပြီး လူကို အသက်မသေအောင် ဖန်တီးနိုင်ကြပြီ။ ဒါပေမယ့် ဒါက ပိုက်ဆံ တတ်နိုင်မှ။

Sub-Station ခေါ် ဓာတ်အားခွဲရုံတွေမှာ လှည်းတန်းလို ကိစ္စမျိုးတွေ ဖြစ်လာလျှင် ကာကွယ်ဖို့ ပစ္စည်း ကိရိယာတွေ တပ်ဆင်ထားလို့ရသည်။ အခုတော့ ကျွန်တော်တို့မှာ ခုနှစ်ဆွေး ရှစ်ဆွေး လျှပ်စစ် အကာအကွယ် တွေဘဲ ခွဲရုံတွေမှာ ရှိသည်။ ဒါတွေရဲ့ သက်တမ်းက ကျွန်တော်တို့ထက် အသက်ကြီးနေတတ်သေးသည်။ မီးကလဲ ပျက်လို့မရ။ မီးပျက်လျှင် ဆူကြ ပူကြမည်။ အထက်လူကြီးက ကြိမ်းမည်။ ဒီတော့ ဖြစ်ခါမှ ဖြစ်။ ခွဲရုံတာဝန်ခံများက အလိုအလျောက် လျှပ်စီး ပါတ်လမ်း ဖြတ်သော အရာများကို ကျော်ကြ၊ ခွကြသည်။ မီးလောင်ကာမှ လောင်ရော့။ လူသေကာမှ သေရော့။ နောက်ဆုံးတော့ အပြစ်မဲ့သော လူများ သေရသည်။ သိသိကြီးနဲ့ ကျိတ်ကြရသော မြန်မာ့ လျှပ်စစ် အောက်ခြေ ၀န်ထမ်းများ မျက်နှာပျက်ရသည်။ လူပိန်းများက ကံကြောင့်လို့ ပြောကြသည်။ သနားစရာ။ သေသွားသော လူများကို သနားတာ မဟုတ်။ ဒီလို အရာရာကို ကံကိုလွှဲချနေသော လူတွေကို သနားတာ။

မြန်မာကဗျာမှာ “ဂျာအေး သူ့အမေရိုက်” ကဗျာသည် ကဗျာအဆုံးရောက်တော့ အစကို ချက်ချင်း ပြန်ဆိုလိုက်တာနဲ့ အဓိပ္ပါယ်က ပျောက်မသွား။ သံသရာလည်ထွက်နေအောင် ဆိုလို့ကောင်းသည်။ ဒါကြောင့် မြန်မာလူမျိုးများက ဘယ်ကိစ္စကိုဘဲ ပြောပြော ဒီကိစ္စကိုဘဲ ပြန်ဦးတည်လာလျှင် နောက်ဆုံးတော့ ဒီဘူတာဘဲ ဆိုက်တယ်၊ ဂျာအေး သူ့အမေရိုက်နေတာဘဲ လို့ ပြောကြသည်။ အခုလဲ ကျွန်တော်က ဂျာအေး သူ့အမေရိုက် စကားတွေဘဲ ပြောရပေအုံးမည်။

ကျွန်တော်တို့ ပြောနေကြရတာ မောလှပြီ။  ဒီ စစ်ဗိုလ်ကြီးများ အစိုးရ အသုံးမကျတာ တွေက ပြောမကုန်။ ပြောမဆုံးနိုင်။ ခိုးသည်။ ၀ှက်သည်။ အာဏာရူးသည်။ ငါနဲ့ မတူ ငါ့ရန်သူ လုပ်သည်။ အတိုက်အခံကို ဘိန်းပြစ်ဖမ်းသည်။ အထက်ဖား အောက်ဖိ လုပ်သည်။ သောက်ကျင့် အလွန်ယုတ်ကြသည်။ ကျွန်တော် ဂျာအေး သူ့အမေရိုက်နေရပြန်ပြီ။

မြန်မာ့လျှပ်စစ် ဆိုသည့် ဌာနသည် အခြားသော ၀န်ကြီးဌာနတွေလိုပင် မပြည့်စုံ မလုံလောက်။ ပညာရေး ဌာန မပြည့်စုံတာက ချက်ချင်း လက်ငင်း ပေါ်ပေါက်သော ကိစ္စမဟုတ်။ ဆိုးကျိုးက နောင် နှစ် ဆယ်နှစ်၊ နှစ် နှစ်ဆယ်လောက်မှ ပေါ်သည်။ လျှပ်စစ်က ဒီလို မဟုတ်။ အခု မီးပျက် အခုသိသည်။ မီးမပျက်အောင် လျှပ်စစ်ထုတ်လုပ်သည့် ပင်ရင်း ကြီးတွေ လိုသည်။ ဓာတ်ငွေ့လား၊ ရေအားလား၊ ကျောက်မီးသွေးလား၊ နူယူကလိယလား။ ဒါကြီးတွေ ရှိပြန်တော့ သုံးစွဲသူ ပြည်သူတွေအထိ ရောက်အောင် နည်းမှန် လမ်းမှန် ဖြန့်ဖြူးပေးဖို့ လိုပြန်သည်။ အခုတော့ လျှပ်စစ်ကြိုးများက သစ်ပင်တွေ ကြားထဲကနေ အိမ်တွေကို ခွဲပေးသည်။ နောက်ဆက်တွဲ ပြဿနာတွေက ဗို့အားမငြိမ်၊ လျှပ်စစ် ဆုံးရှုံးမှုတွေ များလာသည်။

ဒီလိုတွေ အဖြစ်ရအောင် မြေအောက် လျှပ်စစ်ကြိုးများ၊ နည်းလမ်းမှန်သော လျှပ်စစ်ကြိုး သွယ်တန်းခြင်းများ လုပ်ရမယ်ဆိုတာ လူတိုင်း သိကြသည်။ လျှပ်စစ် ကြိမ်နှုန်းတွေ မှန်မှန်ရဖို့ ကိရိယာကြီးတွေ တပ်ရမည်။ မြန်မာ့ လျှပ်စစ်မှ ဒီဂျီတွေ၊ မန်နေဂျာတွေက ကျွန်တော်တို့ထက်ပိုပြီး မြေအောက်ကြိုးတွေ သုံးချင်သည်။ အဆင့်မှီ လျှပ်စစ် အကာအကွယ် ပရောဂျက်ကြီးတွေ လုပ်ချင်သည်။ ဒါမှ တင်ဒါတွေ ခေါ်ရမည်။ “အစိုးရ ပြောင်းနေတယ် ဟုတ်လား…သြော်” လို့ ပြောပြီး တင်ဒါအောင်စေလိုသည့် ကုမ္ပဏီတွေနှင့် ပေါင်းရိုက်နိုင်သည်။ ပြည်သူလူထု၏ လျှပ်စစ်သုံးစွဲမှု အဆင်ပြေမှုထက် သူတို့ အိတ်ထဲ ထည့်ဖို့ ဘယ် စိတ်စေတနာက ပိုနေမလဲ။ “မစဉ်းစားနဲ့ သီချင်းများနဲ့ ကကြ….ဟေ့…” ဆိုသည့် The Ants အဖွဲ့သီချင်းကို သတိရလာသည်။

သို့သော် သူတို့ ဘယ်လိုဘဲ ပရောဂျက်ကြီးတွေ လုပ်ချင် လုပ်ချင် နောက်ဆုံတော့ ဒီဘူတာဘဲ ဆိုက်ပါသည်။ ငွေလိုသည်။ ငွေ မရှိဘူးလား။ ငွေ မရှိပါ။  ငွေ ဘယ်ရောက်သွားကြသနည်း။ ခိုးလွန်းလို့ ကုန်နေပြီ။ သူငယ်တန်း ဖတ်စာ ရွတ်သလို ရွတ်ရမည်။

လူသည် အကောင်းကြိုက်သည့် သတ္တ၀ါဟု ဆိုပါလျှင် မြန်မာလူမျိုးသည် အကောင်းပိုကြိုက်သည့် လူမျိုးဖြစ်သည်။ ထပ်ပြီး ပြောရလျှင် စစ်ဗိုလ်ကြီးများသည် ပို၍ပင် အကောင်းကြိုက်သည်။ နီးစပ်သူများ သိကြသည်။ ကျွန်တော်တွေ့မြင်ဘူးသည့် စစ်ဗိုလ်ကြီးများ အကောင်းကြိုက်ပုံကတော့ သြချယူရသည်။

စစ်တပ် စီးပွားရေး လုပ်ငန်း တစ်ခုကြီးက ဗိုလ်မှူးကြီး အဆင့်ရှိသူသည် သူ့အိမ် အသစ် သော့ခတ်ရန်အတွက် Solex အမှတ်တံဆိပ် ရှာခိုင်းသည်။ တရုတ်ဖြစ် မလိုချင်ဘူးတဲ့။ ဖြစ်နိုင်ရင် Made in England။ မရရင်တော့ Made in Thailand ပေါ့တဲ့။

နောက် တစ်ယောက် ဗိုလ်မှူးကြီး တစ်ဦးကတော့ (နာမည်ပါ ကျွန်တော် မှတ်မိသေးသည်။ ရှိပါစေတော့) သူ့အိမ် မှာ သုံးဖို့ မီးစက် ခပ်လတ်လတ် တစ်လုံး ၀ယ်ချင်သည်။ တရုတ်ဖက်စပ်မလိုချင်ပါတဲ့။ ဂျာမဏီ ဒါမှ မဟုတ် အမေရိကန် Made စစ်စစ် လိုချင်သည်တဲ့ ။ sanction ကြောင့် ငွေပိုကုန်မယ်နော်လို့ သတိပေးတော့ ငွေကိစ္စ က အရေး မကြီးပါတဲ့။ သူက လက်ရှိ အမြန်လမ်းမကြီးဖောက်လုပ်ခဲ့သော ဂျီအီးတပ်တို့၏ စက်ပစ္စည်း ဖြည့်တင်း ၀ယ်ယူပေးရသော ဌာန အကြီးအကဲ။ တင်ဒါခေါ်သမျှ ကုမ္ပဏီ တွေနှင့် ပေါင်းပြီး တရုတ်ဖက်စပ်၊ ယပလက် ဖက်စပ် ခပ်ပေါပေါ spare parts တွေ သွင်းစေသည်။ တရားကျစရာ။

အကောင်းကြိုက်တတ်သော စိတ်သည် အပြစ်ပြောစရာ စိတ်မဟုတ်ဘူးလို့ ကျွန်တော် ထင်သည်။ ကိုယ်ကြတော့ အကောင်း။ သူများတွေကြတော့ ဖြစ်ချင်ရာ ဖြစ်စိတ်ဓာတ်တွေနှင့် လှည်းတန်းမှာ အလကား မတ်တင်း သေကြရတာ သိပ်တော့လဲ မဆန်း။

ကျွန်တော့်ရဲ့ ဒီ တောင်ရောက်၊ မြောက်ရောက် စာက စစ်ဗိုလ်ကြီးများ၏ အပုပ်အစပ်ကို ဖော်ပြီး လက်ခုပ်သံ ခြူလိုခြင်း မဟုတ်။ ကျွန်တော်တို့ စိတ်အဆင်အပြင်တွေ မှားခဲ့ကြပြီ။ ဒီအထဲကနေ ကိုယ့်ဘာသာ ရွေးနှုတ်ယူဖို့ ဒေါ်စု မတတ်နိုင်။ ဒီမိုကရေစီ မကယ်နိုင်။ ရုန်းထွက်ကြဖို့ လိုပါသည်။ ကမ္ဘာတစ်ဖက်ခြမ်းက လိပ်ပြာတောင်ပံခတ်တာ ကျန် ကမ္ဘာတစ်ဖက်ခြမ်းမှာ သစ်တောကြီးတွေ ဗုံးဗုံးလဲတယ်ဆိုတာ ကဗျာဆန်ဆန် ပြောသော စကားမဟုတ်။ အရာအားလုံးက ဆက်စပ် ပါတ်သက်မှုတွေ ရှိပါသည်။

ကျွန်တော့်ကျန်းမာရေးကို ငွေဖြင့် ၀ယ်လို့မရ။ ကျွန်တော် ဖြစ်ချင်သော အရာမှန်သမျှကို ငွေက မဖန်တီးနိုင်။ သို့သော် ကျွန်တော် ဘီလ်ဂိတ်လောက် ချမ်းသာချင်သည်။ ပြီးရင် မြန်မာ့ လျှပ်စစ်ကို မြေလှန်ပြင်ချင်သည်။ အကောင်းကြိုက်သော ခိုးချင် ၀ှက်ချင်သော အရာရှိကြီး၊ ငယ်များ မခိုးစေရ။ အလုပ် တကယ်လုပ်။ ငွေအများကြီး ပေးမည်။ ပေါက်တူး တစ်ချက်ပေါက် ဒေါ်လာငါးဆယ်။ သစ်တစ်ကိုင်းခုတ် ဒေါ်လာငါးဆယ်။ ခက်တော့ ခက်သည်။ ဒီလူတွေ မလုပ်ပါဘူးလို့ ခင်ဗျား ငြင်းနိုင်သလား။ ကိုင်း…ပြော….

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

2 thoughts on “ဖိုးထက် – ဘီလ်ဂိတ်လို ချမ်းသာချင်
  1. မချမ်းသာချင်ပါနဲ့လေ။ တကယ်ငွေရလာရင် မလွယ်ဘူးဗျ

  2. အင် မ တန် ကောင်း သော article တ ခု ဆို လျင် လွန် အံ့ မ ထင်။

Comments are closed.