မောင်စိုးချိန်
ပန်းပွင့် ကြယ်ပွင့်
မွှေးမြ တောက်ပသင့်တာပေါ့
လောက အလှဆင်ယင်သင့်
သို့ပေမင့်
ခေတ်ရဲ့ထုတ်ကုန် အမှိုက်သရိုက်
အညစ်အကြေး အပုတ်အပဲ့တွေ။
ကဗျာထဲကနေ ပြောရမှာ
အားနာလှပါဘိ
ခေတ်လူငယ်တို့ရယ်……….။
ခေတ်ဆိုးက
အသိအမြင် ဆုတ်ယုတ်
တခြမ်းပုတ် လောက်ကိုက်
အကျည်းတန် ပန်းသီးဖြစ်စေခဲ့။
တလွဲဆံပင်ကောင်းစေ
သင်တို့ လူငယ်တွေရဲ့လက်
အရည်ခွက်တွေထည့်ပေးခဲ့
အမှန်တရားမချစ်ရင်နေ
အရက်ပေါင်းစုံ
ဘီယာပေါင်းစုံ ချစ်မက်စေခဲ့။
မူးရစ်ဆေးဝါး အဆိပ်ဆေးပြား
သွေးကြောများထဲ လောင်းထည့်ခဲ့
ပျော်ပိုက်စေခဲ့
လူထုတိုက်ပွဲထဲ မပျော်ပိုက်စေခဲ့။
မပတ်သက်စေနဲ့
လမ်းလွဲလိုက်စေခဲ့ ခေတ်ဆိုးက။
နိုင်ငံရေးဆိုတာ
အာဏာရူးတွေအတွက်သာ
နိုင်ငံရေးဆိုတာ
လူငယ်တွေရဲ့ အလုပ်မဟုတ်
ဝင်မရှုပ်အပ်ဖူး
လှည့်ပတ် ဖျားယောင်း
အိပ်မွေ့ချ ဘူးသွင်းထားခဲ့
လက္ခံနာယူခဲ့ကြ
သွေးကြောင်ဖြူဖျော့စေခဲ့
ရူးကြောင်ကြောင်နိုင်စေခဲ့။
ခေတ်က ပေးဆက်
မျိုးဆက်သစ်တာဝန်
မကျေပွန်ရင်နေ
နေလို့ရတယ် နေစေခဲ့
သင်တို့လက်ထဲ
ဖဲချပ်တွေ ထည့်ပေးခဲ့
လောင်းကစားဝိုင်းတွေ ထည့်ပေးခဲ့။
ကာမ ရာဂ ဇိမ်ခန်းမှာ
စခန်းချပျော်ပိုက်
အထပ်ထပ် စွဲနစ်စေခဲ့
သစ္စာမှာ မပျော်ပိုက်စေနဲ့။
လူသတ်ကွင်း
လူမဆန်ဆုံး နှိပ်စက်ခြင်း
အကျည်းထောင်နဲ့ ခြောက်လှန့်ခဲ့။
ဒီလိုနဲ့
သင်တို့လျှောက်ရာလမ်း
ဖောက်ပြန်ရာ ခြေလှမ်းတိုင်းမှာ
သင်တို့ ပန်းပွင့်တွေရဲ့
လှပ အရောင်အဆင်းများ
ကျ ကျန်ရစ်ခဲ့ တဖဲ့စီကြွေပဲ့
ပွင့်ချပ် မွဲမွဲ တွန့်လိပ် သွေ့ခြောက်
သင်းရနံ့တွေ လွင့်ပျောက်ကုန်ခဲ့။
နေ့ဟောင်း ညဟောင်းများထဲမှာ
သင်ဟာ ကျဆုံးနေခဲ့
အဟောင်းအမြင်း
အမှိုက်သရိုက်အဖြစ်နဲ့ ကြွေခဲ့
ကြွေနေဆဲ ကြွေနေမြဲ
ခေတ်ဆိုးမြောင်းပုတ်နွံအိုင်ထဲမှာ
ကြေကွဲ ရင်မောစရာ။
မောင်စိုးချိန်
ဇွန် ၅၊ ၂၀၁၄