ဝေဖန်ရေးရာ

မင်းကောင်းချစ် – “ကတ္တီပါဖုံး စစ်ခွါတုံးအောက်က ပြည်သူ့ ဘ၀လုံခြုံမှု့”

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

“ကတ္တီပါဖုံး စစ်ခွါတုံးအောက်က ပြည်သူ့ ဘ၀လုံခြုံမှု့”
မင်းကောင်းချစ်၊ ဇွန် ၂၁၊ ၂၀၁၄

မမှန်ကန်တဲ့ဖွဲ့ စည်းအုပ်ချုပ်ပုံစနစ်နဲ့ မမှန်ကန်တဲ့သူတွေဗိုလ်ကျအုပ်ချုပ်နေတဲ့နိုင်ငံတိုင်းမှာ ဥပဒေစိုးမိုးမှု့မရှိနိုင်သလို မတရားမှု့တွေ အနိဌာရုံတွေဆိုတာနေ့ တဓူဝ တောရောမြို့ပါမကျန်နေရာမလပ်ဖြစ်ပွားလေ့ရှိတယ်။ မိုးလင်းကမိုးချုပ် အကုသိုလ်စိတ်နဲ့ နိုးထ အကုသိုလ်စိတ်နဲ့ အိပ်ရာဝင် အကုသိုလ်စိတ်နဲ့ ရှင်သန်ရတဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့ ဘ၀လုံခြုံမှု့ဆိုတာ ဗလာနတ္ထိ မူးလို့ မှရှူစရာမရှိပါဘူး။

ဇွန်လ(၁၀)ရက်နေ့ ညက မဟာသန္တိသုခကျောင်းတော်ကြီးကိုညဥ့်နက်သန်းခေါင်ယံမှာ စစ်ဆင်ရေးကြီးတရပ်ဆင်နွှဲသလိုမှောင်ရိပ်ခိုစီးနင်းသိမ်းပိုက်မှု့ဟာ မြန်မာပြည်သူအချို့ကို စစ်အာဏာရှင်ပေးတဲ့ဒီမိုကရေစီဆောင်းအိပ်မက်ကလန့် နိုးစေခဲ့ပါပြီ။

ယုတ်ဆိုးအကျဉ်းတန်တဲ့ ဒီအဖြစ်အပျက်ဟာအဖိနှိပ်ခံလူများစုနဲ့ ဖိနှိပ်သူလူနည်းစုကြားက အကျိုးစီးပွားနဲ့ ဘ၀လုံခြုံမှု့ဆိုင်ရာပဋိပက္ခ၊ အခွင့်အရေးမဲ့လူများစုကြီးနဲ့ အခွင့်ထူးခံလူနည်းစုကြားကပဋိပက္ခ၊ ဓမ္မ၀ါဒီနဲ့ အဓမ္မ၀ါဒီတွေကြားကပဋိပက္ခ၊ ပြည်သူလူထုနဲ့ စစ်အာဏာရှင်ကြားက ဆန့် ကျင်ဘက်အကျိုးစီးပွားတွေရဲ့ ပဋိပက္ခတွေကို ညွှန်ပြနေယုံမက စစ်အာဏာရှင်လက်အောက်မှာ သာမန်ပြည်သူမဆိုထားနဲ့  ရဟန်းသံဃာတော်အပါအ၀င်နိုင်ငံသားတိုင်းရဲ့ဘ၀ဟာ လုံခြုံမှု့မရှိဘူးဆိုတာ သက်သေပြနေတာပါ။

၁၉၈၈ စစ်အာဏာသိမ်းတုံးက မြို့ထဲမှာသူပုန်တွေဝင်ဆီးနေပြီ၊ ကွန်မြူနစ်တွေသိမ်းထားပြီဆိုပြီး မသိနားမလည်တဲ့စစ်သားလေးတွေကိုညာခေါ်ပြီးမိဘပြည်သူတွေကိုမလိမ့်တပတ်နဲ့ သတ်ခိုင်းခဲ့သလိုမျိုးပါဘဲ၊တိုင်းသံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ဦးဣဒ္ဓိဗလက  “အဲ့ဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေ မဟုတ်ဘူး။ မြဝတီ၊ ကော့သောင်းဘက်က အလင်းဝင်တဲ့ ကောင်တွေကို ဝတ်ပေးထားတယ်လို့ ကြားတယ်”ဟု လိမ်ညာသတင်းအမှားပေးပြီး စည်းကမ်းထိန်းသိမ်းရေး သံဃာတော်တွေကို မလိမ့်တပတ်ပြောပြီးခေါ်ယူခဲ့ကြတာလို့  အင်တာနက်သတင်းတွေမှာဖတ်ရတယ်။

မင်းကွန်းတိပိဋကဓရဆရာတော်ကြီးဦးဝိစိတ္တသာရာဘိဝံသ၊ တိပိဋကဓရ ဆရာတော်ကြီး ဦးသုမင်္ဂလာလင်္ကာရ၊ မန္တလေးမြို့မစိုးရိမ်တိုက်ဟောင်းအကြီးအမှုးပဓာနဆရာတော်ဦးကောဝိဒ၊ မန္တလေးမြို့မစိုးရိမ်တိုက်သစ် အကြီးအမှုးပဓာနဆရာတော်ဦးရာဇဓမ္မ၊ ပီနန်ဆရာတော်ကြီးဦးပညာဝံသ၊ ရန်ကုန်ကမေဒိနီဆရာတော်၊ မဟာဗောဓိဆရာတော်၊ အင်းစိန် ရွာမ ပရိယတ္တိစာသင်တိုက်က ဆရာတော်ဦးတိလောကာဘိဝံသ၊ ရွှေည၀ါဆရာတော်၊ ဒယ်အိုးဆရာတော်၊ အထက်ဗမာပြည်သပိတ်တပ်ပေါင်းစုဥက္ကဌနဲ့ ဒုဥက္ကဌဆရာတော် ဦးက၀ိန္ဒ နဲ့ ဦးရေ၀တ၊  ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော်ဦးဂမ္ဘီရ၊ အညတြအကျဉ်းသားဆရာတော်ဦးဇ၀န၊ လန်ဒန်ဆရာတော်ဦးဥတ္တရ စတဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေနဲ့ ပြည့်စုံတော်မူကြတဲ့ ရဟန်းအကျော်သံဃာတော်အရှင်သူမြတ်တွေကိုတောင်အကွက်ချ စွတ်စွဲ၊ ဖမ်းဆီး ညှင်းဆဲ ထောင်ချ သတ်ဖြတ်ရဲတဲ့စစ်အာဏာရှင်တွေရဲ့လက်အောက်မှာ ဆင်းရဲနွမ်းပါးတဲ့သာမန်ပြည်သူတယောက်ရဲ့ ဘ၀လုံခြုံမှု့ဟာ မတွေးရဲစရာပါ။

လူသားတွေအပါအ၀င် သက်ရှိသတ္တ၀ါအားလုံးအတွက် ဘ၀လုံခြုံမှု့ ဆိုတာအလွန်အရေးကြီးတဲ့ကိစ္စရပ်ပါ။ ဘ၀ရှင်သန်ရပ်တည်ဖို့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးစတာတွေနဲ့ ထပ်တူထပ်မျှအရေးပါတဲ့ လိုအပ်ချက်ကြီးပါ။  စားစရာ၊ ၀တ်စရာ၊ နေစရာရှိနေပေမဲ့ ဘ၀လုံခြုံမှု့မရှိတဲ့ လူတွေရဲ့ဘ၀ဟာ အသားစားဖို့ မွေးထားတဲ့ကြက်တွေနဲ့ တူပါတယ်။ မွေးထားတဲ့သူက သူ့ အတွက်လိုအပ်လါတဲ့အခါ ကြက်ခြံထဲက ထုတ်ယူသတ်ဖြတ်ခြင်းခံရမဲ့ကြက်တွေလို အချိန်အခါမရွေးဒုက္ခရောက်သွားနိုင်တာ ဘ၀လုံခြုံမှု့မရှိတာ၊ မဟာသန္တိသုခကျောင်းတော်ကြီးကသက်သေထူနေပါတယ်။

မြန်မာပြည်မှာစစ်အာဏာတည်ခဲ့တဲ့၁၉၆၂ ခုနှစ် ကနေ ဒီနေ့ မျက်မှောက်ကာလရဲ့ ကတ္တီပါဖုံးတဲ့ စစ်ခွါတုံးအောက်က တိုင်းသူပြည်သားတွေဟာ မလုံခြုံတဲ့ဘ၀ပေါင်းများစွာနဲ့ နှစ်ပေါင်း(၅၀)ကျော်ငရဲကျခံ ရုန်းကန်ခဲ့ရတယ်။

စီးပွားရေးဘ၀မလုံခြုံမှု့

လုပ်စားအရောင်ပြစီးပွားရေးစီမံကိန်းကြီးတွေ၊ မခိုင်မာတဲ့စီးပွားရေးမူဝါဒတွေ၊ မထိရောက်တဲ့စီးပွားရေးဥပဒေ လုပ်ထုံးလုပ်နည်းတွေ၊ အကျင့်ပျက်ခြစားမှု့တွေအောက်မှာ လုပ်ကိုင်စားသောက်ရတဲ့ မြန်မာပြည်သူတွေရဲ့ဘ၀ဟာ ဘယ်မှာလုံခြုံတော့မလဲ။ လုပ်စားတော့မိုးခေါင် ခိုးစားတော့ခွေးဟောင် ဆိုသလို ဂေါင်းရွက်ဗျတ်ထိုးဈေးသည်ဘ၀တောင် စည်ပင်ကြောက်ရ၊ ဂဠုန်ကြောက်ရ၊ နဂါးကြောက်ရတဲ့ဘ၀တွေမဟုတ်လါး။ ဘယ်တော့များ အစိုးရစိတ်ရူးပေါက်ပြီး ငွေစက္ကူတွေသိမ်းမလဲ၊ ဘယ်တော့များဖွင့်ပြီးသား သွင်းကုန်ထုတ်ကုန်တွေပိတ်ပစ်မလဲ၊ ဘယ်တော့များအာဏာပိုင်တွေအပြောင်းအလဲဖြစ်ရင်လုပ်ငန်းလိုင်စင်တွေအရပ်ခံရမလဲ စတဲ့စတဲ့သောကတွေ ပူပန်မှု့တွေနဲ့ နပမ်းလုံးပြီး၊ မလုံခြုံတဲ့စီးပွားရေးဘ၀တွေနဲ့ အသက်ဆက်ရတာမဟုတ်လါး။

ကျန်းမာရေးဘ၀မလုံခြုံမှု့

အဆင့်အတန်းမမှီတဲ့ကျန်းမာရေးစောင့်ရှောက်မှု့၊ ကျန်းမာရေးအသိနိမ့်ကျနေတဲ့ဝန်းကျင်၊ မလုံလောက်တဲ့ကျန်းမာရေးအသုံးစရိတ်၊ဆေးဝါးနဲ့ ခေတ်မမှီတဲ့ အထောက်ကူပြုပစ္စည်းအဆောက်အုံတွေ၊ ကျွမ်းကျင်မှု့အားနည်းပြီး စိတ်စေတနာချို့တဲ့နေတဲ့ကျန်းမာရေးဝန်ထမ်းတွေဟာ မြန်မာနိုင်ငံရဲ့အရှိတရားတွေပါ။ ပိုက်ဆံအတော်အတန်ရှိလို့ ဆေးရုံတက်နိုင်ရင်တောင် ဆေးမှားထိုးတာတို့ မျက်စိနာနေတဲ့လူနာကို မှားပြီးဗိုက်ခွဲတာတို့ ခံရနိုင်သေးတယ်။ ဆေးဘိုးဝါးခမတတ်နိုင်တဲ့ တရက်ဝင်ငွေ(၂၀၀၀)လောက်ရတဲ့ဆင်းရဲသားပြည်သူတယောက်အဖို့ ဆေးရုံဆိုတာအိမ်မက်တောင်မက်လို့ မရနိုင်ဘူး။

ဆေးမီးတို ဆေးဝါးအတု၊ ဒေါက်တာရမ်းကုနဲ့ နှစ်ပါးသွားကြရတာမဟုတ်လါး။ သွက်သွက်ခါအောင်မှားယွင်းနေတဲ့စစ်အုပ်ချုပ်ပုံစနစ်အောက်မှာ ရောဂါမကြီးထွားသင့်ဘဲကြီးပြီးဒုက္ခရောက်ခဲ့ရသူတွေ၊ မသေသင့်ဘဲသေသွားတဲ့လူနာတွေဘယ်လောက်များရှိနေမလဲ။ တွေးရင်းကြက်သီးတောင်ထမိတယ်။ အဟာရမပြည့်လို့ ၊ သုံးစွဲတဲ့ဆေးရုံသုံးပစ္စည်းတွေမသန့် ပြန့် လို့ ကိုယ်ဝန်အဆိပ်သင့်ပြီးသေဆုံးရတဲ့မိခင်တွေ၊ မသေသင့်ဘဲသေရတဲ့မွေးကင်းစကလေးငယ်တွေ၊ ကျန်းမာရေးစောင်းရှောက်မှု့မဲ့နေလို့  ၀ဋ်ဆင်းရဲကြီးစွာခံစားပြီးသေဆုံးသွားရတဲ့သက်ကြီးရွယ်အိုအဖိုးအဖွားတွေ၊ လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းမှု့၊ယာဉ်ကြောပိတ်ဆို့ မှု့တွေကြောင့် ဆေးရုံအချိန်မှီမရောက်လို့ မသေသင့်ဘဲသေရတဲ့လူနာတွေ …အို ရေးပြနေရင် မကုန်လောက်ဘူး။ ဘယ်မှာမှများပြည်သူတွေရဲ့ ကျန်းမာရေးဘ၀လုံခြုံမှု့ရှိမနေပါဘူး။ ပိုက်ဆံရှိရှိမရှိရှိ ဘယ်သူမဆို မလိုလါးအပ်ဘဲ ဒုက္ခရောက် အသက်ဆုံးနိုင်တဲ့ ဘ၀အခြေအနေဆိုးကြီးပါ။ မြန်မာတမျိုးသားလုံးရဲ့သက်တမ်းလဲတိုသွားပြီလေ။  ယေဘူယျအားဖြင့် အသက်(၆၀)ကျော်ရင်သေကြပြီ။ သတင်းစာတွေထဲက နာရေးသတင်းတွေကသက်သေခံနေပါတယ်။

လူမှု့ရေးဘ၀မလုံခြုံမှု့

တရားဥပဒေမစိုးမိုးတဲ့၊ ကိုယ်ကျင့်သီလမဲ့သူတွေကြီးစိုးအုပ်ချုပ်နေတဲ့တိုင်းပြည်မှာ လူတိုင်းလူတိုင်းရဲ့ဘ၀မလုံခြုံဘူး။ လာဘ်ပေးလာဘ်ယူမှု့တွေနဲ့ အကျင့်ပျက်ခြစားနေတဲ့ တရားရုံး ရဲစခန်းတွေနဲ့  မလွှဲမရှောင်သာပတ်သက်ရပြီဆိုရင်ဒုက္ခရောက်မယ်သာပြင်ထားတော့။ အခြေခံ လူ့ အခွင့်အရေးအားလုံးကိုမြေမှာချနင်းထားတဲ့ လူ့ အသိုင်းအ၀ိုင်း၊ လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ အလံထူထားတဲ့တိုင်းပြည်ထဲမှာ လွတ်လပ်စွာပြောဆို ရေးသား ထုတ်ဖေါ် ယုံကြည်ခွင့်တွေပိတ်ပင်ခံရမှတော့ တန်းတူညီမျှမှု့ မရှိမှတော့ လူမှု့ရေးဘ၀ဘယ်လိုမှ လုံခြုံမှု့မရှိနိုင်တော့ဘူး။

ဘယ်တော့များ ကိုယ့်မြေ ကိုယ့်အိမ် ကိုယ့်လယ်ယာလေးအသိမ်းခံရမလဲ၊ ထိုက်တန်တဲ့လျှော်ကြေးမရဘဲ အသိမ်းခံရမဲ့အရေးတွေးပူနေကြရတာမဟုတ်လါး။ ဇါတ်သိမ်းမကောင်းတဲ့ စီမံကိန်းတွေအကြောင်းပြုပြီး လုပ်စားနေတဲ့ကြောင်ပါးကြီးတွေရဲ့ရန်က တမှောင့်၊ ကြက်တူရွေးကတော်တော် မယ်တော်ကကဲကဲဆိုရမဲ့ အာဏာပိုင်တွေနဲ့ သူတို့ ရဲ့နောက်ဆွဲတွေကတဖုံ ပြည်သူတွေရဲ့ဘ၀ကိုမလုံခြုံအောင်လုပ်နေကြတာမဟုတ်လါး။

လတ်တလော ဖြစ်ပွားခဲ့တဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝီဟာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဥတ္တရကို မြန်မာနိုင်ငံမှာ လူဝတ်လဲပြီး သာသနာတော်ညစ်နွမ်းစေမှုနဲ့ တရားစွဲထားမှု့ဟာ ထင်ရှားတဲ့သာဓကဖြစ်တယ်။ ငွေများငွေနိုင်တဲ့ခေတ် ၊ ဥပဒေအထက်မှာ ငွေကြေးကြွယ်ဝသူတွေနဲ့  အာဏာပိုင်တွေထိုင်နေတဲ့ခေတ်မှာ့ ကိုယ်ဝန်ဆောင်ဗိုက်ထဲက သန္ဓေသားလောင်းကနေ သင်းချိုင်းဂုံးရောက်နေတဲ့ရုပ်ကလပ်ဟောင်းထိ ဘယ်သူ့ တွေရဲ့ဘ၀မှ လုံခြုံမှု့မရှိဘူး။ စစ်အာဏာရှင်ကြီး ဦးနေ၀င်းဘ၀တောင် ဘယ်လိုနိဂုံးသပ်ခဲ့ရသလဲဆိုတာ ကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။

အထွေထွေဘ၀မလုံခြုံမှု့များ

တို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ဘ၀လုံခြုံမှု့မရှိတာရေးပြရရင်ကုန်နိုင်မယ်မထင်ဘူး ။ ပညာရေးဘ၀ မလုံခြုံမှု့ဆိုတာလည်းအထူးရေးပြနေစရာမလိုလောက်ဘူး ။ မစို့ မပို့ ပညာရေးဘတ်ဂျက်လေးကိုတောင် ခိုးကြ ၀ှက်ကြ၊ ပြီးတော့ စနစ်တကျမလေ့လါဘဲ အာဏာရှင်စနစ်ရှင်သန်ဘို့ ပညာရေးစနစ်တွေအမျိုးမျိုးစမ်းသတ်မှု့အောက်မှာ မျိုးဆက်ပေါင်းများစွာ တိုင်းပြည်အညွန့် အဖူးတွေဘ၀ပျက်ခဲ့ရတာ သမိုင်းမှာအထင်အရှားရှိခဲ့ပြီမဟုတ်လါး။

နောက်တခုက ခရီးသွားဘ၀မလုံခြုံမှု့ ၊ ရထားလမ်းလဲမလုံခြုံ အမြန်လမ်းမဆိုတာ မပြန်လမ်းကြီးဖြစ်လိုဖြစ်မဟုတ်လါး။ အိမ်အပြင်ထွက်လမ်းလျှောက်ရင်တောင် စည်းမဲ့ကမ်းမဲ့ယာဉ်ရထား ဆိုင်ကယ်တွေတိုက်လို့  အသက်ဆုံးရှူံးသွားနိုင်တာမို့ လူကြီးသူကြီးတွေ အိမ်အပြင်မထွက်ရဲတော့ဘူးလေ။

ပြီးတော့ အလုပ်အကိုင်မလုံခြုံမှု့ ၊ လယ်ယာလုပ်ငန်းခွင်မလုံခြုံမှု့၊ စက်မှု့လုပ်ငန်းခွင်မလုံခြုံမှု့၊  ဆောက်လုပ်ရေးလုပ်ငန်းခွင်မလုံခြုံမှု့ ဘယ်မှာမှ မလုံခြုံဘူး။  သေလိုက်ကြတာ သောက်သောက်လဲ၊ လက်ပြတ် ခြေပြတ်တွေကလဲ မနည်းမနော၊ ပြီးတော့ လုပ်ငန်းခွင်ထိခိုက်ဒါဏ်ရာရမှု့တွေအတွက် ထိုက်ထိုက်တန်တန်လျော်ကြေးမရဘဲ နောက်ကမှီခိုနေရတဲ့ မိသားစုတွေဘ၀ ပျက်ကြရတာမဟုတ်လါး။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် တဲပုတ်မှာနေတဲ့သူဖြစ်ဖြစ်၊ နန်းစမုဒ်လိုကြီးကျယ်ခမ်းနားစွာနေနိုင်သူဘဲဖြစ်ဖြစ် အာဏာပိုင်ဘဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံသားမှန်ရင် ဘယ်သူရဲ့ဘ၀မှ မလုံခြုံမှု့ဘူး ။ ပြည်သူပြည်သားတွေရဲ့ ဘ၀လုံခြုံမှု့ပေးနိုင်အောင်  တရားဥပဒေစိုးမိုးမှု့ရှိဖို့ လိုတယ်။ ရေရှည်မှာတရားဥပဒေစိုးမိုးဖို့ က ဒီမိုကရေစီစနစ်ကိုအာမခံတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရှိဖို့ လိုတယ်။

ဒါကြောင့် နှစ်ပေါင်း(၅၀)ကျော်ဘ၀လုံခြုံမှု့ကင်းမဲ့နေတဲ့ပြည်သူတွေကို ဘ၀လုံခြုံမှု့ပေးနိုင်အောင် (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရိုးရိုးသားသားပြင်ဆင်ကြပါလို့  ဦးသိန်းစိန်တို့ ၊ဦးရွှေမန်းတို့ ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ ကိုအထူးတလည်တိုက်တွန်းလိုက်ပါတယ်။

ဒီနေရာမှာ ဦးသိန်းစိန်တို့ ကပြောခြင်ပြောမယ် မင်းတို့ ပြည်သူတွေဘ၀လုံခြုံမှု့ကတော့ဟုတ်ပါပြီ အပြစ်တွေဗလပွကျူးလွန်ခဲ့တဲ့ အာဏာရှင်ဟောင်းတွေနဲ့ ငါတို့ ဘ၀လုံခြုံမှု့ကိုရော ဘယ်လိုအာမခံမှာလည်းကွာဆိုရင်တော့ အဖြေကရှင်းရှင်းလေးပါ ၊

ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းလမ်းဖွင့်ပေးထားတဲ့ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးအဖြေရှာဖို့ ပါဘဲ။ ပွင့်ပွင့်လင်းလင်းတိုင်ပင်ရင်း တိုင်းပြည်အကျိုးစီးပွား၊ မိမိအကျိုးစီးပွား၊ နိုင်ငံသားရဲ့အကျိုးစီးပွားတွေ ဟန်ချက်ညီညီနဲ့ အားလုံးရဲ့ဘ၀တွေ လုံခြုံမှု့ရှိအောင် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းပေါ်ပြန်တက်ဖို့  အခါမနှောင်းခင်တွေ့ ဆုံကြဖို့  အရေးတကြီးလိုအပ်ပြီဆိုတာ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။      ။

လေးစားစွာဖြင့်

မင်းကောင်းချစ်

ဇွန်လ(၁၅)ရက်၊ ၂၀၁၄ ခုနှစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts