ဆောင်းယွန်းလ
ဇွန် ၂၀၊ ၂၀၁၄
အပြောကျယ်တဲ့
ကမ္ဘာမှာ နေထိုင်ရင်း
ရှင်သန်ရာကမ္ဘာက ကျဉ်းလာခဲ့တယ်…
အကျယ်တ၀င့် ပြောစရာဆိုလို့
ဘာဆို ဘာမှမရှိ
စကားလုံးတွေလည်း ပိပြားပြီး ပါးခဲ့ပါပြီ…
တိမ်နဲ့ အချိန်တွေရဲ့
ရွေ့လျားသွားလာပုံက ကွေ့ကောက်ပြီး
မြစ်ကျဉ်းရဲ့ မာယာဆန်လွန်းလှတယ်…
ဘ၀အဆက်ဆက်ဆိုတဲ့
သံသရာရဟတ်မှာ
ကြမ္မာကို အထပ်ထပ်မျှားနေရဦးမှာလား…
ကြားနေကျ ကြားစကားတွေကလည်း
အငွေ့ပျံလွယ်သလို
လေတိုက်နှုန်းနဲ့အတူ အရွေ့မြန်လွန်းတယ်…
အမှန်တရားနဲ့
တေ့တေ့ဆိုင်ဆိုင်လွဲခဲ့ဖူးတဲ့ အမှားတွေလည်း
သိသိသာသာ များခဲ့ဖူးပါပြီ….
ဆိုနေကျ သီချင်းဟောင်းတွေကို
ဘယ်နှစ်သက္ကရာဇ်မှာ
အကောင်းဆုံးအဖြစ် အဆုံးသတ်ပစ်လို့ရမှာလဲ…
စဉ်းစားမိတဲ့ အခန်းမှာ
လေ၀င်လေထွက်ကောင်းမယ့် ပြတင်းနဲ့
မြင်သာထင်ရှားတဲ့ အလင်းကလွဲရင်
ကျန်တာတွေအားလုံးက ပွင့်လင်းမြင်သာလှတယ်…။
ဆောင်းယွန်းလ (ဇွန် ၁၇၊ ၂၀၁၄)