ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ

စံလှကြီး – နိုင်ငံရေးဆိုတာ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာတဲ့လား

နိုင်ငံရေးဆိုတာ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာတဲ့လား
စံလှကြီး၊ ဇွန် ၁၇၊ ၂၀၁၄

ကြာတော့ ကြာပါပြီ။ လွန်ခဲ့သော နှစ်အတော်ကြာက ဆိုပါတော့။ ထိုနေ့က အလုပ်ပိတ်ရက် ဖြစ်သဖြင့် ကိုယ့်ဘာသာကိုယ် အပြင်မသွားတော့ပဲ ရေဒီယိုဖွင့်ပြီး ငြိမ့်နေမိသည်။ မှတ်မှတ်ရရ ဖွင့်ထားသည်က RFA အစီအစဉ် ဖြစ်ပါသည်။ ထိုစဉ်က ထိုအစီအစဉ်များမှာ ပြည်တွင်းတွင် အတော်လေး ကြောက်ရသော အစီအစဉ်များ ဖြစ်ပါသည်။ ယခုကဲ့သို့ လွတ်လပ်စွာ နားမထောင်နိုင်သေး ဆိုပါတော့။ အချို့ဆို အသံလည်း ကျယ်ကျယ် မဖွင့်ရဲကြ။ အိမ်ထဲ ကျိတ်နားထောင်ရသည် ဆိုသော အသံလွှင့် အစီအစဉ်များ ဖြစ်ပါသည်။

အသံမိပြီးစ နားထောင်ကာစပင် အိမ်ရှေ့မှ အသံကြားရသည်။ အိမ်ရှေ့သာ ဆိုသော်လည်း တကယ်တော့ ကိုယ့်အခန်းနဲ့ ဧည့်ခန်းမှာ နီးနီးလေးပဲ။

“အကိုရေ ဧည့်သည်လာတယ်ဗျ”  လှမ်းခေါ်လိုက်သူက အလည်ရောက်နေသည့် ညီဝမ်းကွဲလေး။

ဒါနဲ့ ဘယ်သူပါလိမ့် ဆိုပြီး နားထောင်လက်စ ရေဒီယိုလေးပင် မပိတ်ဖြစ်တော့ပဲ စားပွဲပေါ်တင်ထားပြီး အပြင်ထွက်ကြည့်တော့ ကျနော်နဲ့ ရင်းနှီးသော ကောင်လေးစုံတွဲ ဖြစ်သည်။ ကောင်လေးက ကိုယ့်ထက် ငါးနှစ်ခန့်ငယ်ပြီး နိုင်ငံခြား company တခုမှာ အင်ဂျင်နီယာရာထူးနဲ့ အလုပ်လုပ်နေသူ။ လစာလေးလည်း မဆိုးဟု ကြားပြီးသား ဖြစ်သည်။ သူ့ ကောင်မလေးလည်း ခေသူမဟုတ်။ ရင်းရင်းနှီးနှီး မဟုတ်ပေမယ့် တွေ့ဖူး မြင်ဖူးပါပဲ။ ကောင်မလေးကလည်း ဗိသုကာ အင်ဂျင်နီယာဘွဲ့ ရထားသည် ထင်ပါသည်။ သူလည်း နိုင်ငံခြားမှာ ဒီဇိုင်နာ လုပ်နေသည်လို့ သိရသည်။ ဆိုလိုသည်က နှစ်ယောက်စလုံး အနုံညာတဟု ပြောလို့ မရတဲ့ လူတွေ ဖြစ်ပါသည်။

အခုဟာက နှစ်ယောက်စလုံး ခွင့်ယူပြီး ပြန်လာကြတယ်တဲ့။ အဓိကတော့ မင်္ဂလာပွဲ ကျင်းပရန် နှစ်ဖက်မိဘများနဲ့ အစီအစဉ် လုပ်ဖို့ပေါ့။ ဒါတော့ ဟုတ်သားပဲ။ နှစ်ယောက်စလုံး နိုင်ငံခြားမှာ ဆိုပေမယ့် ဒီက မိဘဆွေမျိုး အများစုက ဒီတိုင်းပြည်မှာပဲ။ ဒီတော့ ဒီမှာ မင်္ဂလာဆောင်မှ မိဘဆွေမျိုးများ တက်နိုင်မှာပေါ့။ ဟိုမှာကတော့ အပေါင်းအသင်းတွေကို ညစာစားပွဲလေးလုပ်ပြီး ဧည့်ခံမည် ဆိုတဲ့အကြောင်း သူတို့နဲ့ စကားပြောရင်းက သိလိုက်ရသည်။

သူတို့နဲ့ သာရေး နာရေးလေးတွေ ပြောရင်း သိလိုက်ရတာက သူတို့ နှစ်ယောက်စလုံး ဟိုမှာ အထိုက်အလျောက်တော့ အဆင်ပြေတယ်လို့ သိရသည်။ ဒါပေမယ့် မြန်မာပြည်ကို လွမ်းကြောင်း မြန်မာပြည်က မိဘဆွေမျိုးများနှင့် အတူမနေရကြောင်း ဟိုနိုင်ငံက တိုးတက်တယ် ဆိုပေမယ့် မီးခြစ်ဘူးလောက်သာ ရှိကြောင်း။ အားလပ်ရက် ရုံးပိတ်ရက်တွေမှာ မြန်မာပြည်မှာလို မိဘဆွေမျိုးတွေနဲ့ ဘုရားဖူးခရီးလို အပန်းဖြေခရီးသွားလို့ မရနိုင်ကြောင်း စသဖြင့်ပေါ့လေ။ ဒါတောင် သူတို့က စုံတွဲဖြစ်ကြောင်း အချို့မှာ သားမယားကို မြန်မာပြည်မှာ ထားခဲ့ရကာ နိုင်ငံခြားမှာ လာအလုပ်လုပ်နေရသူတွေလည်း ရှိသေးတယ် ဆိုတဲ့ အကြောင်း ကြားရသည်။

အမှန်တော့ ဖြစ်နိုင်ရင် သူတို့လည်း မြန်မာပြည် ပြန်လာပြီး လုပ်ချင်ကြောင်း။ ဒါပေမယ့် မြန်မာပြည်မှာက အလုပ်အကိုင် အခွင့်အလမ်း ခက်ခဲလွန်းတယ်တဲ့။ တကယ်ဆိုရင် ကောင်မလေးက သူ့အနေနဲ့ သူတို့ဟိုမှာရတဲ့ လစာ အခွင့်အရေးမျိုး သုံးပုံနှစ်ပုံ သို့မဟုတ် တဝက်လောက်ပဲ ရတယ်ဆိုရင်တောင် မြန်မာပြည် ပြန်လာမှာလို့ ငြီးသေးတယ်။

ဒါပေမယ့် အဲဒီခေတ်က ကောင်လေး လုပ်နေတဲ့ အလုပ်မျိုးက မြန်မာပြည်မှာလာ ရင်းနှီးပြီး အလုပ်လုပ်တဲ့ နိုင်ငံခြား လုပ်ငန်းကြီးတွေ မရှိသေးပါ။ အဲဒီတော့ သူတို့ ပြန်လာလည်း ဘယ်လိုမှ အဲဒီလို အလုပ်မျိုး မရနိုင်တော့ လွမ်းပေမယ့် မပြန်လာနိုင်ဘူးပေါ့။ တကယ်က အခုနေ ပြန်လာလည်း ရဖို့ မလွယ်သေးလို့ ထင်ပါတယ်။ ဒါတော့ အပြစ်မတင်ရက်ပါ။ လူဆိုတာ ကိုယ့်ရပ်တည်မှုလေးက ရှိသေးတော့ ပျော်ရာမနေ တော်ရာနေပေါ့လေ။

ဒီလိုနဲ့ မိနစ် ၄၀လောက် မနားတမ်း ပြောပြီးတော့ ပြောစရာစကား ခဏ ကုန်သလို ဖြစ်သွားပြီး စကားပြတ်သွားတယ်။ ကိုယ်လည်း ရေနွေးတခွက် ဌဲ့သောက်သလို သူတို့စုံတွဲလည်း ရေနွေးခွက်လေး တခွက်စီကိုင်ပြီး ငြိမ်နေတုန်း အခန်းထဲက ရေဒီယို အသံကြားရတယ်။ ဟုတ်ပေသားပဲ။ ရေဒီယို ဖွင့်ခဲ့မိပြီး စကားကောင်းနေတော့ အခန်းထဲက အသံကို မကြားမိ။ အခုကျမှ စကားပြတ်ပြီး တိတ်သွားလို့ ကြားရတော့တာကိုး။ အစီအစဉ်က ပြီးတောင် ပြီးခါနီးပြီ။ ပြီးခါနီး တွေ့ဆုံ မေးမြန်းခန်း လာနေတာပါ။ အမေးခံနေရတဲ့လူက ကေအင်န်ယူက ဗိုလ်ချုပ်တာမလာဘောလို့ ထင်ပါတယ်။ သေသေချာချာ မမှတ်မိပါ။

ရှေ့ပိုင်းမှာ ဘာတွေ မေးသွားတယ် မသိပေမယ့် အဲဒီအချိန်လေးမှာ မေးလိုက်တဲ့ မေးခွန်းက “အခု မြန်မာပြည်မှာ လူတော်တော်များများက ဖြစ်နေကြတာက နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ ကိုယ့်စီးပွားရေးပဲ အရေးကြီးတယ်ဆိုတဲ့ သဘောမျိုး ပြောနေကြတယ်။ အဲဒါနဲ့ ပက်သက်ပြီး ဗိုလ်ချုပ်ရဲ့ သဘောထားလေး သိပါရစေ” ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒါကို ပြန်ဖြေတဲ့လူက “ဟာ ဒါကတော့ တော်တော်လွဲတဲ့ အယူအဆပါဗျာ” လို့ပြောရုံရှိသေး ကောင်မလေးက ရုတ်တရက် အားရဝမ်းသာထပြီး “ဟာ အဲဒါ အမှန်ကန်ဆုံး အယူအဆပဲ။ နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” လို့ ပြောပါလေရောဗျာ။ ဆက်ပြီး absolutely right တွေ totally agreed တွေပါ ဆက်လုပ်လိုက်သေးတယ်။

ကျနော်လည်း တော်တော့်ကို အံ့အားသင့်သွားတယ်။ အဲဒါနဲ့ ကျနော်က “ဟဲ့ ညီမလေး နင်ပြောတာ မှားနေတယ်” လို့ပြောတော့ သူကပဲ ကိုယ့်ကို သနားသလိုလို လေသံနဲ့ “ညီမပြောတာ ဟုတ်တယ်လေ အကိုရဲ့။ ဘယ်အစိုးရတက်တက် အရေးမကြီးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာပဲ မဟုတ်လား” တဲ့။ အတွေးအခေါ်ကတော့ အဲဒီလို။ အမှန်တော့ ဒီစကားကို သာမန်ပညာမတတ်သူ တယောက်က ပြောတယ်ဆိုရင် အော် သူနားမလည်လို့ပဲလို့ တွေးလို့ ရပေမယ့် သူလို ပညာလည်း အတော်အတန် ထူးချွန်ပြီး လူငယ်တယောက်က ပြောတာကတော့ လွန်လွန်းတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

အဲဒါနဲ့ ကျနော်လည်း “ဟဲ့ နင်ပြောသလို ဘယ်အစိုးရတက်တက် အရေးမကြီးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုရင် နင်ဘာလို့ ဗိုလ်…. အုပ်ချုပ်တဲ့ မြန်မာပြည်မှာ အလုပ်မလုပ်ပဲ နိုင်ငံခြားမှာ သွားအလုပ်လုပ်နေသလဲ။ ဒီနိုင်ငံမှာပဲ အလုပ်လုပ် ပါတော့လား။ နင်ပြောသလို ကိုယ်လုပ်မှ ကိုယ်စားရတာပဲ” လို့ ပြောလိုက်မိတယ်ဗျာ။ အဲဒီတော့ သူလည်း ကြောင်ပြီး ပြောစရာ စကားမရှိတော့ဘူး။

နောက်တော့ ကိုယ်လည်း ကိုယ့်လေသံ နည်းနည်းမာသွားမှန်း သိတော့ အော် သူတို့က လာလည်တာပဲ ဆိုပြီးတော့ လေပြေလေးနဲ့ “ညီမလေး နင်ပြောသလို ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတယ် ဆိုတာ ဟုတ်တယ်။ ဘယ်အစိုးရမှလည်း နင်တို့ကို အလုပ်မလုပ်ပဲနဲ့ အချိန်မှန် မန်မန်စားမယ်ဆိုပြီး ထမင်းခွံ့ မကျွေးနိုင်ဘူး။ အခု နင်တို့ ဘာလို့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေရသလဲ။ ဒီနိုင်ငံက နင်တို့ အတွက် ထိုက်သင့်တဲ့ အလုပ်အကိုင် မဖန်တီးပေးနိုင်လို့ပေါ့။ အစိုးရရဲ့ တာဝန် ဆိုတာက အဲဒီလို အခွင့်အလမ်းတွေကို နိုင်ငံသားတွေကို ဖန်တီးပေးဖို့ပဲ။ ဒါတောင် နင်က ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ ထင်နေတုန်းပဲလား” လို့ ပြောလိုက်ပါတယ်။ သူ့တို့ ကြည့်ရတာလည်း ပြူးကြောင်ကြောင်နဲ့ တခါမှ အဲဒီလို တွေးဖူးပုံလည်း မရပါ။ နှစ်ယောက်စလုံး အခုမှ ကြားဖူးသလို ဖြစ်နေပုံကိုလည်း မြင်လိုက်ရပါသည်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ သူက “အစိုးရဆိုတာ လူတယောက်ချင်းကို ထမင်း လိုက်ကျွေးဖို့ မဟုတ်ဘူး။ ကျွေးလို့လည်း မရဘူး။ လူတိုင်း လူတိုင်း ကိုယ့်ထမင်းကိုယ် ရှာစားနိုင်တဲ့ အတတ်ပညာတွေ သင်ပေးဖို့နဲ့ ထမင်းရှာစားလို့ရတဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ပဲ” လို့ ပြောခဲ့ဖူးပါတယ်။

သူပြောတဲ့ မိန့်ခွန်း အကျဉ်းက “အားလုံးကို လိုက်ပြီးတော့ ထမင်းဝေဖို့ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ် ဝအောင် ရှာနိုင်တဲ့ အရည်အချင်းတွေ အခွင့်အလမ်းတွေ ရှိဖို့။ ကျမ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ တို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွတ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့ မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ အခု ဒီမှာ လာပြီးတော့ ကျမတို့ကို ထောက်ခံနေတာတင် နိုင်ငံရေး မဟုတ်ဘူး။ အိမ်မှာနေပြီးတော့ ဟင်းချက်နေတဲ့ အမျိုးသမီးလည်း နိုင်ငံရေး လုပ်နေတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ သူ့ရှိတဲ့ ပိုက်ဆံနဲ့ လောက်အောင် ချက်နေရလို့လေ။ အဲဒါလည်း နိုင်ငံရေးပဲ။ သားသမီးတွေ ကျောင်းနေနိုင်အောင် ရုန်းကန်ရတာလည်း နိုင်ငံရေးပဲ။ အားလုံးနိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးနဲ့ မလွတ်ဘူး။ အဲဒီတော့ နိုင်ငံရေးနဲ့ ဒို့နဲ့ မဆိုင်ဘူး။ ဒို့က နိုင်ငံရေးထဲ မပါချင်ဘူးလို့ ပြောတာဟာ နားမလည်လို့ ပြောတဲ့ကိစ္စ။ ကျမတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ” လို့ ပြောခဲ့ပါတယ်။

သူတို့ အတွဲလည်း ခဏနေတော့ နှုတ်ဆက်ပြီး ပြန်သွားကြတယ်။ အဲဒီကိစ္စကို သူငယ်ချင်း တယောက်က ကြားတော့ ခင်ဗျားကလည်း သက်သက် အမုန်းခံပြီး ရှင်းပြနေတယ်။ မြန်မာပြည်မှာ အဲဒီလို ပြောတတ်တဲ့ လူတွေက အများကြီး။ ကျုပ်တောင် တွေ့ဖူးသေးတယ်။ သူဘာပြောပြော မသိချင်ယောင် ဆောင်နေလိုက် ပြီးတာပဲ။ အဲဒီလိုတွေ ခင်ဗျား ရပ်တည်ချက်ကို ကြပ်ကြပ်လုပ်။ အလကား အမုန်းခံရလိမ့်မယ် ဆိုပြီး ချီးမွမ်းခန်း ဖွင့်ပါလေရော။

မတတ်နိုင်ပါ။ တကယ်တော့ ကိုယ်ကလည်း ယုံကြည်ချက်ကို အသက်စွန့်ပြီး တိုက်ပွဲဝင်တတ်သည် ဆိုသော လူတွေလောက်တော့ မရဲရင့်ပါ။ ဒါပေမယ့် ဒီလို ကိစ္စမျိုးကျတော့ သူပြောသလို မသိချင်ယောင် ဆောင်မနေတတ်။ ယားကျိကျိနဲ့ အလွန်ကို ပြောချင်လှသည်။ နောက်တခါ သူတို့နဲ့ ပြန်တွေ့တော့လည်း နှစ်ယောက်စလုံး အမ်းတမ်းတမ်း ဖြစ်နေကြသည်။

တိုက်ဆိုင်လာ၍ ပုဂံရာဇဝင်မှ ရာဇသင်္ကြန် အမတ်ကြီးကို သတိရမိပါ၏။ အမတ်ကြီးသည် ဘုရင် မနှစ်သက်နိုင်သော စကား ပြောမိသဖြင့် ရာထူး စည်းစိမ်များသိမ်းပြီး ဒလသို့ ပို့ခံရသည့်အခါ လမ်းတွင် မုန်တိုင်းတိုက်သဖြင့် ကြံ့ကြံ့ခံနေသော အပင်ကြီးများ ပြိုလဲကုန်သော်လည်း လေယူရာလိုက်ပြီး ယိမ်းနွဲ့နေသည့် ပန်းပြားပင်များ ဘာမှ မဖြစ်သည်ကိုမြင်လျှင် ငါကား ပန်းပြား ပင်ကဲ့သို့ မကျင့်သောကြောင့် ဤသို့ ဖြစ်ရလေပြီ ဆိုပြီး စိတ်မကောင်း ဖြစ်ခဲ့သည်တဲ့။

ထိုကိစ္စကို ငယ်စဉ်က ဖတ်စာအုပ်တွင် သင်ရသည့်အခါ အမတ်ကြီးကို အားမလို အားမရ ဖြစ်ခဲ့ဖူးပါသည်။ အမတ်ကြီးနှယ် ပညာရှိ စစ်သူကြီး ဖြစ်ပါလျှက် ဖြောင့်ဖြောင့်မတ်မတ် ရှိသော သစ်ပင်ကြီးများကို အားမကျပဲ လေယူရာတိမ်းသော ပန်းပြားပင်များကို အားကျရသလား ဆိုပြီး စဉ်းစားခဲ့မိသည်။ အမှန်တော့ ထိုအချိန်တွင် အမတ်ကြီးမှာ လက်ရှိစည်းစိမ်များ ဆုံးရှုံးသွားသောကြောင့် လူ့သဘာဝအတိုင်း သောက ဖြစ်ရာမှ ထိုကဲ့သို့ စိတ်မကောင်း ဖြစ်ခဲ့ရသည် ထင်ပါသည်။

ထိုအကြောင်းကို ကျောင်းနေဘက် သူငယ်ချင်းတယောက်နဲ့ စကားစပ်မိတော့ သူငယ်ချင်းက အမတ်ကြီး မေ့သွားတာ တခုရှိတယ်ကွ။ တကယ်တော့ နန်းတော်တို့ တန်ဆောင်းတို့ ကျောင်းတို့ဆိုတဲ့ ခမ်းနားတဲ့ အဆောက်အအုံကြီးတွေကို ဆောက်တော့ အနှစ်မရှိတဲ့ ပန်းပြားပင်လို အပင်တွေနဲ့ ဆောက်လို့ မရပဲ မယိမ်းမယိုင်တဲ့ သစ်ပင်ကြီးတွေနဲ့ပဲ ဆောက်လို့ရတယ် ဆိုတာပေါ့တဲ့။ ကျနော်လည်း သူ့စကားလေးကို အလွန် ကြိုက်သွားပါတယ်။ သူလည်းပဲ စာအလွန်ဖတ်သူ ဖြစ်ပါတယ်။

“ဘယ်အစိုးရတက်တက် နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ”ဆိုတဲ့ စကားလေးက အတော် ရေစက်ဆုံပါတယ်။ နောက်လည်း ဒါမျိုး တခါတွေ့ဖူးသေးတယ်။ အဲဒါကတော့ ထမင်းဝိုင်းမှာပါ။ စာရေးသူ အသိတယောက် နိုင်ငံခြားက ခွင့်နဲ့ ပြန်လာတုန်း မိတ်ဟောင်းဆွေဟောင်းတွေနဲ့ မိတ်ဆုံစားပွဲလေး တခုလုပ်ပါတယ်။ သူလည်း မြန်မာပြည်က ဌာနကြီးတွေမှာ အရာရှိအဖြစ် အလုပ်လုပ်သွားတဲ့အပြင် အဲဒီအချိန်မှာ နိုင်ငံခြားမှာ technician အဖြစ် အလုပ်လုပ် နေပါပြီ။ တကယ့်ကို ဘွဲ့ရ ပညာတတ်ပါ။ ကိုယ့်ထက်လည်း အသက်ပိုကြီးပြီး စီနီယာ ကျပါတယ်။ ကြုံတုန်း ဆုံတုန်း မိတ်ဟောင်း ဆွေဟောင်းတွေ စားသောက်ဆိုင် တခုမှာ မိတ်ဆုံစားပွဲ လုပ်တုန်းမှာ စကားစပ်မိပြီး နိုင်ငံရေးအကြောင်း စကားရောက်သွားတယ် ထင်ပါရဲ့။ သူက ယုံကြည်ချက် အပြည့်နဲ့ ပြောချလိုက်တာက “ငါကတော့ နိုင်ငံရေးကို စိတ်ကို မဝင်စားဘူး။ ဘယ်အစိုးရတက်တက် အရေးမကြီးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာပဲ” တဲ့ဗျာ။ ကောင်းလိုက်တဲ့ အတွေးအခေါ် စိတ်ညစ်ဖို့လို့ ပြောရမလိုပဲ။

အဲဒီမှာ ရှင်းပြဖို့ ကျတော့လည်း အခြေအနေ မပေးပါဘူး။ ဘာလို့လည်း ဆိုတော့ စကားနဲ့ ရှင်းပြတယ် ဆိုတာက စာရေးသလို အရှည်ကြီး ရေးဖို့ မလွယ်ဘူး။ အများကြီး ပြောရဦးမယ်။ နောက်ပြီး ကျိုးသင့်ကြောင်းသင့် နားမထောင်ပဲ ပြန်ငြင်းရင် မိတ်ဆုံစားပွဲ ဆိုတော့ မသင့်တော်တာနဲ့ ဘာမှ မပြောဖြစ်တော့ပါဘူး။ စာရေးသူ အနေနဲ့တော့ အဲဒီလူရဲ့ အတွေးအခေါ်ကို အထင်မကြီးတော့တာ အဲဒီအချိန်ထဲကပါပဲ။ အတွေးအခေါ် တိမ်လွန်းလို့ပါ။

နောက်တကြိမ်လည်း ထပ်တွေ့ပါသေးတယ်။ သိပ်မကြာသေးပါဘူး။ အဲဒါလည်း နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ပညာတတ် တယောက်ပါပဲ။ သူပြောတာလည်း အဲဒီအတိုင်း အတိအကျပါပဲ။ သူက ပိုဆိုးပါတယ်။ သူများတွေ အချင်းချင်း စကားစပ်မိလို့ ထမင်းစားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မေးနေ ပြောနေကြတာကို ကြားပြီး လှမ်းပြောလိုက်တာပါ။ သူ့ကြည့်ရတာ ဒီအတွေးအခေါ်ရှိတဲ့ သူလို လူသာ မှန်ကန်တဲ့ အတွေးအခေါ်ရှိတယ် ဆိုပြီး သူများတွေကိုတောင် သူက သနားနေသလိုပဲ။ ကောင်းလိုက်တာနော် စိတ်ညစ်ဖို့။

အို စာဖတ်သူ အဆွေ ဟုတ်ပါ့မလားဆိုပြီး တွေးကောင်း တွေးမိပါလိမ့်မည်။ မယုံမရှိပါနဲ့။ စာဖတ်သူ အဆွေတို့ ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ အဓိပ္ပါယ်ရှိသော စကားမျိုးကို ကြားဖူးကောင်း ကြားဖူပါလိမ့်မည်။ မြန်မာလူငယ် ပညာတတ်များထဲတွင်ပင် ထိုကဲ့သို့ ပြောဆိုတတ်သူများကို ကျွန်ုပ် မကြာခဏ တွေ့ဖူးပါသည်။

ထို “နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုသော မဟာ အဆိုအမိန့် အတွေးအခေါ်ကြီးကို မြန်မာပြည်တွင် ဘယ်အတွေးအခေါ် ပညာရှင်က စတင်ပြောဆို ဖြန့်ဖြူးခဲ့သည် မသိပါ။ ကျနော့် အနေဖြင့် အနှီ ဥာဏ်ကြီးရှင်ကြီးအား သိလိုလှပါသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မဟာ ဥာဏ်ပညာကြီးကို နှစ်တလက်မတုတ်ကြီးဖြင့် ပူဇော်လိုသောကြောင့် ဖြစ်ပါသည်။

မိတ်ဆွေ သင်ကိုယ်တိုင် ထိုကဲ့သို့ တွေးတောထားသူ ဖြစ်နေပါသလား။ အမြန်ဆုံး ထိုအတွေးအခေါ်အား စွန့်လွှတ်ပါဟု တိုက်တွန်းလိုပါသည်။ သင့်မိသားစု ဆွေမျိုး မိတ်ဆွေများထဲတွင် ထိုအတွေးအခေါ် ရှိသူ ပါနေပါက တတ်နိုင်သမျှ ရှင်းပြပါဟု တိုက်တွန်းလိုပါသည်။ လင်းပါဦးအံ့။ နိုင်ငံရေးကို ပညာရှိကဝိ သုခမိန်များ အဆိုမပါပဲ မိမိ၏ ယုံကြည်ချက်အတိုင်း အဓိပ္ပါယ်ဖွင့်ရလျှင် နိုင်ငံရေး ဆိုသည်မှာ နိုင်ငံသားတို့၏ အရေးပါတည်း။ တနည်းအားဖြင့် သင့်အရေး သင့်မိသားစုအရေးလည်း ဖြစ်သည်။ သင်နှင့် မပက်သက်သော သီးခြားအရာတခု မဟုတ်ပါ။ ထိုအရာသည် အစိုးရကိစ္စ သက်သက်မဟုတ်။ သင်နှင့် များစွာ သက်ဆိုင်ပါသည်။ သင့်အရေး သင့်မိသားစုအရေး သင့်မိတ်ဆွေများအရေး သင့်နောက်မျိုးဆက်များနှင့်ပင် သက်ဆိုင်သော အရေးကို သင်စိတ်မဝင်စား ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ လူပုံအလည် ပြောမိပြီ ဆိုလျှင်တော့ ကိုယ့်ကိုကိုယ် အသိဥာဏ်နည်းသူ ဖြစ်နေပြီလို့သာ နားလည်လိုက်ပါတော့။

သင့်နိုင်ငံ၏ နိုင်ငံရေး မကောင်းပါက အဘယ်မှာလျှင် တည်ငြိမ်မှု ရှိမည်နည်း။ တည်ငြိမ်မှု မရှိသော နိုင်ငံအား အဘယ်မှာလျှင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လာအံ့နည်း။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မရှိပါက အဘယ်နိုင်ငံသားသည် ကောင်းမွန်သော အလုပ်ရအံ့နည်း။ အလုပ်မရပါက အဘယ်မှာလျှင် ထမင်းစားရန် ပိုက်ဆံရအံ့နည်း။ နိုင်ငံသားများ ပိုက်ဆံမရှိပါက အဘယ်သို့ ကြွယ်ဝသော နိုင်ငံ ဖြစ်အံ့နည်း။ နိုင်ငံ မကြွယ်ဝပါက အဘယ်သို့လျှင် ပညာရေး ကျန်းမာရေး ကိစ္စများတွင် သုံးစွဲနိုင်အံ့နည်း။ နိုင်ငံသားများ ပညာရေး ကျန်းမာရေးတွင် ချူချာပါက အဘယ်မှာလျှင် တည်ငြိမ်သော နိုင်ငံ ဖြစ်အံ့နည်း။ တည်ငြိမ်မှု မရှိသော………..။ မုန့်လုံးစက္ကူ ကပ်နေပြီ အဆွေ ရှုလော့။

ဟာ ဒီလောက်တောင်ပဲလား နိုင်ငံရေး လုပ်ရတယ်ဆိုတာ လွယ်တာ မဟုတ်ဘူးဟု တွေးကောင်း တွေးမိပါလိမ့်မည်။ မစိုးရိမ်ပါနှင့်။ လူတိုင်း နိုင်ငံရေးသမား လုပ်ရန်မလိုပါ။ နိုင်ငံရေးကို စိတ်ဝင်စားရမည် ဆိုခြင်းမှာ စာဖတ်သူအား ဟံသာဝတီ ဦးဝင်းတင်ကဲ့သို့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရန် လူရွှင်တော် ကိုဇာဂနာကဲ့သို့ အစိုးရကို ဝေဖန်ပြီး ထောင်ထဲသွားနေရန် အခြားစွန့်ဝံ့သူများကဲ့သို့ ယုံကြည်ချက်နှင့် အသက်ကို လဲလှယ်ရန် တိုက်တွန်းနေခြင်း မဟုတ်ပါ။ စာရေးသူလည်း ထိုမျှ သတ္တိမရှိသေးပါ။

နိုင်ငံရေး ဆိုသည်မှာ ကိုယ်တိုင် လှုပ်ရှားဆောင်ရွက်သူနှင့် လေ့လာအကဲခတ်သူများ ဟူသည့် နှစ်စုရှိပါသည်။ ကိုယ်တိုင် လှုပ်ရှားဆောင်ရွက်သူ မဟုတ်လျှင် လေ့လာအကဲခတ်သူကောင်း တယောက် ဖြစ်ဖို့လိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီစနစ်တွင် သင့်ကိုယ်စားလှယ်ကို သင်ကိုယ်တိုင် ရွေးချယ်ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုအခါ ကိုယ်က ဘာမှ မလေ့လာထားသူ ဖြစ်ပါက ကိုယ့်ကိုယ်စားလှယ် ကိုယ်ဘယ်လို ရွေးချယ်ကြမည်နည်း။ ရွေးချယ်ရုံနှင့် မပြီးသေး သင့်ကိုယ်စားလှယ်၏ လုပ်ရပ်များကိုလည်း အကဲခတ်နေဖို့ လိုပါသေးသည်။ ဒါမှသာ ကိုယ်ရွေးချယ်သော လူသည် အမှန်တကယ် ထိုက်တန် အရည်အချင်း ရှိသူလား။ ကိုယ်နှင့်တကွ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း သာမက နိုင်ငံနှင့်လူမျိုး အကျိုးကို အမှန်တကယ် ဆောင်ရွက်မည့်သူလား အကျိုးယုတ်စေမည့်လူလား ဆိုတာကို သိနိုင်ပါလိမ့်မည်။ အကျိုးယုတ်စေသူ ဆိုလျှင် နောက်တကြိမ်တွင် သူ့ကို ရွေးချယ်တော့မည် မဟုတ်ကြောင်း သူသိသည်နှင့် နိုင်ငံနှင့် လူမျိုး အကျိုးယုတ်စေမည့် ကိစ္စများလုပ်ရန် သူတွန့်သွားပါလိမ့်မည်။ စာဖတ်သူများတွင် ထိုအခွင့်အရေး ရှိပါသည်။ (မှတ်ချက် ဤစာပိုဒ်မှာ ဆရာဖေမြင့်၏ ဘာကြောင့် ဒီမိုကရေစီ လိုချင်ရသလဲ ဆိုသော စာအုပ်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။)

အမိ မြန်မာပြည်သည် ယခုအခါ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် ကြိုးပမ်းနေပြီ ဆိုသဖြင့် တိုင်းသူပြည်သားများသည်လည်း နိုင်ငံရေး ဗဟုသုတနှင့် စိတ်ဝင်စားမှုတို့ ရှိရန်လိုပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးသည် သင်နှင့် မဆိုင်သော ကိစ္စ မဟုတ်ပဲ သင်ရော သင့်မိသားစုရော သင့်ပတ်ဝန်းကျင်ရော သင့်နိုင်ငံ အတွက်ပါ အရေးကြီးသော ကိစ္စ ဖြစ်လာပါတော့မည်။ သင့်နိုင်ငံ အရေးသည် သင့်အရေး ဖြစ်ပါသည်။

သခင်အောင်ဆန်း နိုင်ငံရေး မလုပ်ခဲ့လျှင် မြန်မာပြည် လွတ်လပ်ရေး ရရန်မရှိပါ။ အေဗရာ ဟမ်လင်ကွန်း နိုင်ငံရေးကို စိတ်မဝင်စားပဲ ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသည့် ခပ်တိမ်တိမ် အတွေးအခေါ် ရှိခဲ့ပါက အမေရိကန် ပြည်ထောင်စုတွင် ကျွန်စနစ် တည်မြဲကောင်း တည်မြဲ နေနိုင်ပါသည်။ ဂန္ဒီကြီး ရှေ့နေအလုပ်ဖြင့် ငွေဝင်လမ်း ဖြောင့်နေသဖြင့် ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုပြီး ခပ်ပျော်ပျော် နေခဲ့ပါလျှင် အိန္ဒိယပြည်လည်း လွတ်လပ်ရေး ရချင်မှ ရပါလိမ့်မည်။ ထို့ကြောင့် ကိုယ်မလုပ်နိုင်လျှင် မလုပ်ရဲသေးလျှင် လုပ်နိုင်သူများ ကောင်းရာကောင်းကြောင်း လုပ်ရင် မုဒိတာပွားပါ။ စိတ်ဝင်စားသူများ အချင်းချင်း ဆွေးနွေးနေသည်ကို မလှောင်မိပါစေနှင့်။ လှောင်မိသူသည် အလွန် ရယ်စရာကောင်းသူ ဖြစ်သွားပါလိမ့်မည်။

မိမိယုံကြည်ချက်ကို လေပြင်းမုန်တိုင်းကြောင့် လေယူရာ မတိမ်းပဲ ကြံ့ကြံ့ခံခဲ့ကြသည့် ထိုကဲ့သို့သော သစ်ပင်ကြီးမျိုးလို လူတွေသည်သာ အချိန်စောစွာ လဲကျခဲ့ရသော်လည်း နောင်လာနောက်သားများအတွက် ဂုဏ်အသရေ မြင့်စေသည့် အရာများကို ထားနိုင်ခဲ့ကြသည်သာ ဖြစ်ပါသည်။

ဖတ်ဖူးသော ဂျပန်ပုံဝတ္ထုလေး တခုရှိပါသည်။ တခါက နိုင်ငံခြားသား ခရီးသည်တဦး ဂျပန်ပြည်တွင် မီးရထားဖြင့် ခရီးသွားရာ ဂျပန်အဘိုးကြီး တဦးနဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် နေရာရပါသည်။ ခဏအကြာတွင် မီးရထားထိုင်ခုံတွင် ပေါက်နေသော နေရာကို တွေ့သွားသဖြင့် ဂျပန်အဘိုးကြီးက ထိုနေရာကို ဖာထေးရန် ကြိုးစားပါသည်တဲ့။ နိုင်ငံခြားသားလည်း အံ့သြသွားသဖြင့် အဘိုးကြီး၏ လက်ကိုင်အိတ်ကို လှမ်းကြည့်လိုက်ရာ အိတ်ပေါ်တွင် ရေးထားသော နာမည်အရ ဂျပန်ကုမ္ပဏီကြီးတခု၏ ပိုင်ရှင် သူဌေးကြီး ဖြစ်နေပါသည်တဲ့။ သည်တွင် အဘိုးကြီးအား လှမ်း၍ ခင်ဗျား အခု ဘာလုပ်နေတာလဲဟု မေးလိုက်ရာ အဘိုးကြီးက ထိုင်ခုံ ပေါက်နေလို့ ပြင်မလို့လေလို့ ပြန်ပြောသည်တဲ့။ ဒီတော့မှ နိုင်ငံခြားသားက ခင်ဗျားပစ္စည်းမှ မဟုတ်တာ ခင်ဗျားနဲ့ ဘာဆိုင်လို့လည်း မေးတော့ အဘိုးကြီးက ဘယ်လို ပြောလိုက်တာလည်း မိတ်ဆွေရာ ဂျပန်တမျိုးသားလုံးပိုင်တဲ့ ဟောဒီ ရထားဟာ ဂျပန်အမျိုးသားတယောက် ဖြစ်တဲ့ ကျုပ်လည်းပဲ ပိုင်တာပေါ့ အဲဒီတော့ ကျုပ်နဲ့ ဆိုင်တာပေါ့လို့ ပြန်ပြောလိုက်ပါသတဲ့။

ဒီတော့ နိုင်ငံရေးသည်လည်း ထိုနည်းအတူပင် ဖြစ်ပါသည်။ စိတ်ဝင်စားသင့်ပါသည်။ စိတ်မဝင်စားဘူး ဆိုပါက စိတ်ဝင်စားသူတွေ့လျှင် မကဲ့ရဲ့မိပါစေနှင့်။ “နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုပြီး ပြောသည့်သူ တွေ့ပါက ထိုသူသည် ထုံနပေ အတွေးအခေါ် ရှိသူဖြစ်သည် ဟုသာ ယုံကြည်လိုက်ပါတော့။

မြန်မာလူငယ်များ မိမိ အသက်မွေးဝမ်းကြောင်း စာသာမက အားလပ်ချိန်တွင် အခြားစာပေများလည်း အမြန်ဆုံး ဖတ်ရှုနိုင်ကြပါစေဟု တိုက်တွန်းပါသည်။ တော်ကြာမှ တိုင်းပြည်က ဒီမိုကရေစီစနစ်သို့ ချီတတ်ပါတော့မည် ပြည်သူ့အစိုးရကြီး ပေါ်လာရန် ကြိုးစားနေပါပြီ ဆိုကာမှ “နိုင်ငံရေး စိတ်မဝင်စားပါဘူး ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုသော ခပ်တုံးတုံး အတွေးအခေါ်သမား အများစု ဖြစ်နေလျှင် ပန်းပြားပင် ဒီမောင်တသိုက်နဲ့ ဘယ်သောင် ဘယ်ကမ်း ဆိုက်မှာပါလိမ့် ဟုသာ ဆိုချင်ပါတော့သည်။

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

12 thoughts on “စံလှကြီး – နိုင်ငံရေးဆိုတာ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာတဲ့လား
  1. There are people who sit around at tea shops all day long and talk about politics and other things wasting their precious time. I would rather work hard and be useful to my community. Talk is cheap. Some are interested in politics and never finish college. The goal is to be useful to your family, your community and country. Some might go to prison because of politics but I m not sure if it s really worth it. People are more useful if they are not in prison.
    Yes we have a duty but you can’t force politics on others. There are people who talk about politics all the time but their kids are not in Burma. They will annoy others with politics but they will keep their family away from it.

    1. Catwoman ခင်ဗျာ အခုလို ဝင်ရောက် ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်းနဲ့ ကျနော် မြန်မာလို နည်းနည်း ပြောပါရစေ။ အင်္ဂလိပ်လို ရေးရင် အရေးကြီးတဲ့ အချက်တွေကို ပိုင်ပိုင်နိုင်နိုင် မပြောနိုင်မှာ စိုးလို့ပါ။ ပထမဆုံး catwoman ပြောသွားတဲ့ လူတွေ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး နိုင်ငံရေးအကြောင်း ပြောရင်းနဲ့ အချိန်ဖြုန်းနေတယ် ဆိုတဲ့ အကြောင်း ပြောချင်ပါတယ်။ အဓိကက လက်ဖက်ရည်ဆိုင် ထိုင်တာ လူငယ်တွေ များပါတယ်။ လူငယ် အများစုကို ပြောချင်တာလို့ ထင်ပါတယ်။ ကျနော် ငယ်ငယ်တုန်းကလည်း မြန်မာလူငယ်တွေ လက်ဖက်ရည်ဆိုင် ထိုင်ပြီး အချိန်ဖြုန်းတယ်။ နိုင်ငံခြားမှာ ဒီလို မရှိဘူးဆိုတာ ကြားခဲ့ဘူးပါတယ်။ ယုံလည်း ယုံခဲ့ပါတယ်။ အဲဒီကိစ္စမှာ အဓိက တာဝန်ရှိတာ အစိုးရဖြစ်ပြီး အဲဒါလည်း နိုင်ငံရေးနဲ့ပဲ ဆိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာလူငယ်တွေ အတွက် အလုပ်အကိုင် အလွန် ရှာရခက်ပါတယ်။ ထင်ကြေးနဲ့ ပြောတာ မဟုတ်ပါ။ ကိုယ်တိုင်သိလို့ ပြောတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာလည်း မြန်မာလူငယ်တွေ ပြည်တွင်းမှာ အလုပ်အကိုင် ရှာဖို့ခက်လို့ ပြည်ပနိုင်ငံတွေကို ထွက်ကုန်ကြတာ ပြောပြီးသားပါ။ လူတိုင်းလည်း သိသလို ငြင်းလို့လည်း မရပါ။ ဒီတော့ ပြည်တွင်းမှာ ရှိတဲ့ အလုပ်မရှိတဲ့ လူငယ်တွေက အချိန်တွေ ပိုနေတော့ လက်ဖက်ရည်ဆိုင်မှာ သွားအချိန်ဖြုန်းကြပါတယ်။ ကျနော် ဟိုတလောက အမျိုးတယောက် အလည်ခေါ်လို့ စင်ကာပူကို ရောက်သွားပါတယ်။ စင်ကာပူက မြန်မာလူငယ်တွေ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းဖို့ မဆိုထားနဲ့ အချိန်ကိုလုပြီး အလုပ်လုပ်ကြရပါတယ်။ စင်ကာပူ လူငယ်တွေဆို ကျောင်းပြီးတာနဲ့ လူတိုင်းနီးပါး လခကောင်းတဲ့ အလုပ်ရသလို ရာထူးလည်း အတက်မြန်တယ်လို့ မိတ်ဆွေတွေက ပြောပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ အစိုးရက စီမံမှုကောင်းလွန်းလို့ပါ။ အဲဒါ နိုင်ငံရေးပါပဲ။
      ကျနော့်ဆောင်းပါးမှာလည်း လူတိုင်း ထောင်အကျခံပြီး နိုင်ငံရေးသမား လုပ်စရာ မလိုဘူး ပြောပြီးသားပါ။ အနည်းဆုံး ကိုယ်တိုင် မလုပ်နိုင်ရင်တောင် ဒီမိုကရေစီ စနစ်အရ ကိုယ့်အစိုးရ ကိုယ်ရွေးရမှာမို့ နိုင်ငံရေး အခြေခံ ဗဟုသုတတော့ လူတိုင်း ရှိသင့်တယ်လို့ပဲ ရေးခဲ့ပါတယ်။ ဗဟုသုတ ရှိမှလည်း သူများညာတာ မခံရမှာပါ။ ကျနော် ဘယ်သူ့ကိုမှ ဖိအားပေးလို့ မရပါဘူး။ ဘာလို့လည်းဆိုတော့ ကျနော်က စာရေးသူသက်သက်ပါ။ မူဝါဒချပြီး ဖိအားပေးနိုင်တာ အစိုးရပဲ ရှိပါတယ်။ ကျနော့် အယူအဆကို ဖတ်ကြည့်ပြီး အကျိုးအကြောင်း ဆီလျော်တယ် မဆီလျော်ဘူး လက်ခံသင့်တယ် လက်မခံသင့်ဘူး ဆုံးဖြတ်နိုင်တာ စာဖတ်သူတွေပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

  2. Cat woman he does not force politics on others. Just say must know about the important of politics.
    And no need to look down who do the politics. If your land take away by government , at that time you will know about the important of politics,

  3. yes of course we should be interested in our sourroundings and community and country but it doesnt mean we should just sit around and talk about it all day long and never accomplish anything in real life. talk is cheap -working is hard

  4. “ဘယ်အစိုးရတက်တက် ကိုယ်လုပ်နိုင်မှကိုယ်စားရတာ” ဆိုတဲ့စကားဟာ တရားတဲ့အစိုးရတွေအုပ်ချုပ်နေတဲ့နိုင်ငံတွေအတွက်သာမှန်ပါလိမ့်မယ်။ အဓမ္မမင်းတွေရဲ့နိုင်ငံသားတွေအတွက်ကတော့ ကိုယ်လုပ်နိုင်ပေမဲ့ ကိုယ်စားခွင့် ရချင်မှရမယ်။ အဓမ္မမင်းက မျက်စေ့စပါးမွှေးစူးသွားရင် “ထောင်ဆု” ရမလား သေဒါဏ်ကျမလားဘဲ။ “တိုင်းသူပြည်သားများအားနှိပ်စက်သောမင်းသည် လူသားစားကျားထက်ဆိုးသည်”လို့ တရုတ်သုခမိန်ကြီး ကွန်ဖြူးးရှပ်စ်က လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက်ကတည်းကပြောထားပါတယ်။

    1. ဟုတ်ပါတယ် ဦး Ba Ba Gyi ခင်ဗျာ။ ကျနော် မှတ်မိသလောက် ကွန်ဖြူးရှပ်စ်က အဲဒီစကားကို ပြောခဲ့တာ သူ ခရီးထွက်လာတဲ့ လမ်းမှာ မိန်းမတဦးဟာ ငိုနေတာ တွေ့ရတယ်တဲ့။ ဒါနဲ့ သူက ချစ်သမီး ဘာလို့ ငိုနေတာလည်းလို့ မေးတော့ အဲဒီမိန်းမက သူ့အိမ်သားတွေ အားလုံး ကျားကိုက်လို့ ဆုံးသွားတာမို့ ငိုနေတာလို့ ဖြေပါတယ်တဲ့။ ဒါဆို ဘာလို့ ဒီအရပ်ကို မစွန့်ခွာသလည်းလို့ မေးတော့ အဲဒီမိန်းမက ဒီအရပ်မှာ ကျားဆိုးရှိပေမယ့် နှိပ်စက်ကလူ ပြုမယ့် မင်းဆိုး မရှိတဲ့အတွက် ဆက်နေတာပါလို့ ပြောတယ်တဲ့။ အဲဒီမှာ ကွန်ဖြူးရှပ်က နောက်က သူ့တပည့်တွေဘက်ကို လှည့်ပြီး တွေ့ပြီလား တပည့်တို့ မင်းဆိုးဟာ ကျားဆိုးထက် ကြောက်ဖို့ကောင်းတယ်လို့ ပြောပါသတဲ့။ ဦး Ba Ba Gyi ဝင်ဖြည့်ပေးတဲ့အတွက် ကျေးဇူးပါ။ ကျနော့်အနေနဲ့ ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက ကိုယ့်နိုင်ငံအရေးကို စိတ်ဝင်စားပြီး လေ့လာပါ ကိုယ်တိုင် မလုပ်နိုင်သေးရင်တောင် စေတနာထားပါ လုပ်တဲ့လူတွေကိုလည်း မလှောင်ပါနဲ့ ဆိုတာပဲ အဓိက ပြောချင်တာပါ။ ဒါလေးတွေကတော့ လုပ်ရတာ ဘာမှ မခက်ဘူးလို့ ကျနော် ယုံကြည်ပါတယ်။ ကျနော်လည်း ဒီအတိုင်း ကျင့်သုံးပါတယ်။ ဒါလေးတွေတောင်မှ လုပ်ရတာ ခက်ပါတယ် ဆိုရင်တော့ ကိုယ့်အယူအဆနဲ့ ကိုယ်ပဲ ဖြစ်ပါတယ်။

  5. ဦးစံလှကြီး နိုင်ငံရေးကိုစိတ်ဝင်စားပါ..ပြောပြီးတဲ့နောက် မြန်မာပြည်က the Voice သတင်းစာကြီးမှာလဲ ထောက်ခံရေးထားတဲ့ သူရရွှေမန်းရဲ့ ဆောင်းပါးတစ်ပုဒ် ပါလာတယ်။
    http://www.thevoicemyanmar.com/index.php/perspective/item/650-ng

    ဆောင်းပါး အဆုံးသပ်ပဲဖတ်ကြည့်ပါဦး
    သင်ဟာ နိုင်ငံသား ဖြစ်နေရင် နိုင်ငံ့အရေးကိုလည်း စိတ်ဝင်စားပါ။ နိုင်ငံရေးကို စိတ်မဝင်စားဘူး၊ စားဝတ်နေရေး၊ လူမှုရေးကိုပဲ စိတ်ဝင်စားတယ်၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုပဲ လိုချင်တယ် ဆိုကြသူတွေဟာလည်း တကယ်တမ်း ပြောရရင် အဲဒီလို လိုချင်တဲ့ အကြောင်းအရာ ကိစ္စတွေ ကိုယ်တိုင်က နိုင်ငံ့အရေး၊ နိုင်ငံရေးပဲ ဖြစ်ပါတယ်။

    နိုင်ငံ့အရေး (ဒါမှမဟုတ်) အမျိုးသားအရေးဟာ အရေးကြီးတယ်လို့ ဆိုရင် နိုင်ငံ့အရေးကို ဆောင်ရွက်ကြရမယ်။ နိုင်ငံရေးကို စိတ်ဝင်စားကြဖို့ လိုတယ်။ နိုင်ငံ့အရေး၊ နိုင်ငံသားအားလုံးရဲ့ စားဝတ်နေရေး၊ လူမှုရေးကို ကောင်းကောင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

    သူရဦးရွှေမန်း

  6. လာရောက်ဖတ်ရှုအားပေးသွားပါကြောင်းးးး

    တကယ်တော့ ကွန်မန့် တစ်ခုသေချာရေးလိုက်ပါသေးတယ် ။
    ကွန်နက်ရှင်မကောင်းလို့ ပျောက်သွားလေရဲ့

  7. ကိုမောင်ဇော်ရေ အခုလို ကျနော် မသိသေးတာလေးကို လာရောက် သတင်းပေး ပြောပြတဲ့အတွက် ကျေးဇူးပါနော်။ စာဖတ်သူတွေက ပြောပြတော့လည်း ကိုယ်မသိတာလေးတွေ သိရတာပေါ့။ တကယ်တော့ ဒီဆောင်းပါးဟာ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက ကျနော် ရေးထားတဲ့ ဆောင်းပါးအဟောင်းပါ။ ရေးခဲ့တာလည်း ဒီကလောင်နာမည်နဲ့ပါပဲ။
    ကျနော့်အနေနဲ့တော့ သူရဦးရွှေမန်း တကယ် ဒီလို အမြင်မျိုး ရှိတယ်ဆိုရင် ဝမ်းသာမှာပါ။ ကျနော် ကြုံခဲ့ဖူးတာလေး ပြောပြပါ့မယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက တော်လှန်ရေးနေ့အတွက် တပ်မတော်သားတွေ စစ်ရေးပြ လေ့ကျင့်ကြတယ် ထင်ပါတယ်။ လေ့ကျင့်ပြီးတော့ သူတို့ ကားကြီးတွေနဲ့ အိပ်ဆောင်ပြန်တာလား ဘာလားတော့ မသိဘူးပေါ့လေ။ အဲဒါ သူတို့က အပြန်မှာ လမ်းမှာတွေ့တဲ့ ပြည်သူတွေကို လက်ပြပြီး နှုတ်ဆက်ကြပါတယ်။ ပြည်သူတွေက တယောက်မှ ပြန်နှုတ်မဆက်ကြပါဘူး။ သူတို့လည်း အမ်းတမ်းတမ်း ဖြစ်ကုန်တာ တွေ့လိုက်ပါတယ်။ အတော် စိတ်မကောင်း ဖြစ်မိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ပြည်သူက နာစရာတွေ ရှိနေခဲ့ပါပြီ။ ကျနော့် ဆရာတယောက် ပြောတုန်းကတော့ သူတို့ အချိန်တုန်းက တပ်မတော်သားတယောက်ကို လမ်းမှာတွေ့ရင် ပြည်သူတွေက နှုတ်ဆက်ချင်တာတို့ ကျွေးချင်ပေးချင်တာတို့ အမြဲတမ်း ရှိဖူးတယ်လို့ ဆိုပါတယ်။ အဲဒီလို အခြေအနေမျိုး ပြန်ရောက်ဖို့အတွက် တပ်မှူးကြီးတွေနဲ့ တပ်မတော်သားတွေမှာ တာဝန်ရှိပါတယ်။ တပ်မတော်သားတွေမှာ ဒီမိုကရေစီ သဘောတရားတွေကို တကယ်ယုံကြည်တဲ့ တပ်မှူးကြီးတွေ အများကြီး လိုပါတယ်ဗျာ။
    ကိုဆာမိရေ လာရောက် ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။

Comments are closed.