Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

မိုးထဲလေထဲက ပန်းချီဆရာ ခင်မောင်ရင်၏ နောက်ဆုံးခရီး

 

မိုးထဲလေထဲက ပန်းချီဆရာ ခင်မောင်ရင်၏ နောက်ဆုံးခရီး

ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၁၃၊ ၂၀၁၄

      မိမိ၏ ယုံကြည်ချက်ကို ပိုင်ပိုင်နိုင်နိုင် စွဲကိုင်ပြီး ပန်းချီဆရာ ဦးခင်မောင်ရင်သည် ၂၀၁၄ ခုနှစ် ဇွန်လ (၁၀) ရက်၊ အင်္ဂါနေ့ နေ့လည် (၃ )နာရီ (၂၄ ) မိနစ်တွင် မြောက်ဒဂုံ ၊ပင်လုံဆေးရုံ၌ ကွယ်လွန် အနိစ္စရောက်ခဲ့ပါသည်။

 

(ဦးမိုးသူ၊ ဦးဇင်း ဗိသုကာဦးဘိုကြီး၊ ဦးဆန်နီငြိမ်း)

      ဆရာ ဦးခင်မောင်ရင် အား  ပဲခူးတိုင်း၊သာယာကုန်းရွာတွင် ၁၉၃၈ ၊နိုဝင်ဘာ ၈ ရက်နေ့ တွင် အဖ ဦးသန်းမောင်၊အမိဒေါ်မြသီတို့မှ မွေးဖွားခဲ့ပါသည် ။ တီတီစီ တွင်ကျောင်းတက်ရင်း ကျောင်းတွင် ပထမဆုံးပန်းချီသင်ပေးခဲ့သူ ဆရာဦးလှဘော် နှင့် စတင်တွေ့ဆုံခဲ့ သည်။ထိုဆရာနှင့်တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်၍  ဆရာက ယခုကဲ့သို့ ရေးသားခဲ့ပါသည်။  

“ကျွန်တော်တို့ကို ငယ်ငယ်ကပန်းချီပညာကို သင်ပေးခဲ့ဘူး၏ ။ ထိုစဉ်က ပေါ့ပေါ့တန်တန်ပင် ယူဆခဲ့၏ ။နောင်အခါသိတတ်လာသောအခါကျွန်တော် အလွန်တန်ဖိုးထား၏ ။ထိုဆရာသင်ပေးခဲ့သော စိတ်သည် ကျွန်တော့်၌ ယခုအခါ ကိန်းအောင်းလျက်ရှိပါသည် ၊ထိုစိတ်နှင့်သာ ကျွန်တော် ပန်းချီဆွဲ၏‘’’ ဟု ရေးသားဖူးပါသည်။

   ၁၉၅၅ တွင် မက်ထရစ်အောင်ပြီး ဗိသုကာအင်ဂျင်နီယာဘွဲ့ အတွက် ခြောက်နှစ် ပညာဆည်းပူးခဲ့ပါသည်။ ဗိသုကာပထမနှစ်ကို မြန်မာမော်ဒန်လှုပ်ရှားမှုရဲ့ အဓိကပြပွဲနေရာတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ လိပ်ခုံးအဆောက်အဦးရှိရာ ပြည်လမ်း အင်ဂျင်နီယာကောလိပ်မှာ တက်ရောက်ခဲ့သည် ။ ၁၉၆၀ မှာ ပန်းချီစဆွဲကာ အလုပ်က ပထမဆုံးရတဲ့ လခ ၄၅၀ နဲ့ ပန်းချီပစ္စည်းဝယ်ပြီးဆွဲ၍ ၁၀ နှစ်ကျော် ပန်းချီနဲ့ အသက်မွေးဝမ်းကျောင်းခဲ့ပါသည်။ ဗိသုကာပညာနဲ့ အိမ်ဆောက်ကာ ၁၉၆၂ တွင် ဒါကာကိုသွားကာ ဗိသုကာလုပ်ကိုင်ပါတယ် ။ ဒါကာမှာ ဆက်နေရင် ရုပ်ရှင် မရိုက်ရသဖြင်ကပြန်လာပြီး ၁၉၆၅ တွင် နှမလက်လျှော့နေလေတော့ ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ ၁၉၆၂ တွင်ပင် ပထမဆုံးပန်းချီပြပွဲကို အမေရိကန်ကောင်စစ်ဝန် မစ္စတာရှနေးအိမ်မှာ ပြသခဲ့ပါတယ် ။ ၁၉၆၈ မှာ အထောက်တော်လှအောင် ရဲ့  စာပေ မဂ္ဂဇင်းတွင် ငပြည့်ဝ ကလောင်နာမည်နှင့် ပန်းချီဆောင်းပါးများရေးသားခဲ့ပါတယ် ။ ၁၉၆၉ မှာ မော်ဒန်အရေးအသားတခုဖြစ်ခဲ့တဲ့ Koob One ရေးခဲ့သည် ။ ဆရာဦးခင်မောင်ရင်သည် ဗိသုကာသမားတွေနှင့် တွဲပြီး ဗိသုကာအလုပ်ရုံးခန်းအဖြစ် ဖွင့်ခဲ့တဲ့ AI ရုံးခန်းဟာလည်း မြန်မာလူငယ်မော်ဒန်ပန်းချီဆရာတွေရဲ့ စုစည်းတဲ့နေရာတခုဖြစ်ခဲ့ပြီး  မြန်မာမော်ဒန်လှုပ်ရှားမှုရဲ့ အရေးကြီးတဲ့ နေရာလည်းဖြစ်ခဲ့ပါသည်။  ၁၉၇၃ မှ ၂၀၀၀ပြည့်နှစ်အထိ ပန်းချီကားအနည်းငယ်သာရေးခဲ့ပြီး အင်္ဂလိပ်စာ ကျူရှင်ဆရာဘဝဖြင့် နေထိုင်ခဲ့ ကာ မဂ္ဂဇင်းတွင်ရေးသားခဲ့သော စာများကိုစုစည်း၍ အနုပညာစံ (ဇော်ဇော်အောင် နှင့် ) ၊ပေါ်ဦးသက်အလည်လာခြင်း၊ အနုပညာ စာ ၊နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်းကျန်နေမှာပဲ စာအုပ်များကို ထုတ်ဝေခဲ့ပါသည်။

(ပန်းချီကြီးမြင့်စော၊ ဦးဇင်း ဗိသုကာဦးဘိုကြီး၊ ဦးဝင်းဖေ၊ ဂုဏ်ထူးသိန်းနိုင်၊ ကဗျာဆရာစောဝေ)



        ဆရာ၏ နောက်ဆုံးခရီးကို လုပ်ဖော်ကိုင်ဖက် ရောင်းရင်းအပေါင်းအသင်းများ၊တပည့်တပန်းများ၊ ပန်းချီပညာရှင်များ၊ပန်းချီပြခန်းပိုင်ရှင်များ၊ ပန်းချီချစ်မြတ်နိုးသူပရိတ်သတ်များဖြင့်  ၂၀၁၄ ခုနှစ် ဇွန်လ (၁၂ ) ရက်နေ့လည် (၁)နာရီက ရေဝေးသုဿာန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။ 

 

ဆရာ့ကို ထည့်သွင်းသော ခေါင်းတလားသည် အနုပညာမြောက်စွာ ကွမ်းသီးခြမ်းများ၊ သွားကြားထိုးတံများ၊ အကင်တုတ်ချောင်းများဖြင့် အလှဆင်ထားသည်ကိုလည်း တွေ့ရှိရပါသည်။ ထိုအခေါင်းအား နာရေးကူညီမှုအသင်းမှ လှူဒါန်းခြင်းဖြစ်သည် ။ ဆရာဦးခင်မောင်ရင်အား နေ့လည် (၂)နာရီတွင် ရေဝေးသုဿာန်၌ ဂူသွင်းသဂြိုဟ်ခဲ့ပါသည်။

    ဆရာဦးခင်မောင်ရင်အတွက် ဒါရိုက်တာဦးဝင်းဖေ၏ အမှတ်တရစကားမှာ 

“သူက ငါတို့ သုံးယောက်ထဲမှာ အငယ်ဆုံးကွ ၊ ပေါ်ဦးရယ်၊ ငါရယ်ပေါ့ကွာ။ဒီကောင်က ၂ နှစ်ငယ်တယ် လေ။ပေါ်ဦးဆုံးတာအရင်၊ပြီးတော့ အောင်စိုး၊အခုသူပေါ့ ။သူတို့သုံးယောက် တွေ့ပြီးပြပွဲလုပ်ဖို့တိုင်ပင်လောက်ပြီကွ ဟုနောက်ပြောင်ရင်း အမှတ်တရစကားပြောပြခဲ့ပါသည် ။

     ဝဿန်မိုးကလည်း ဆရာကွယ်လွန်သည်ကို ဝမ်းနည်းသည့်အနေဖြင့် ဖွဲဖွဲလေးရွာလိုက်၊တိတ်လိုက်နှင့် စွေကာရွာသွန်းနေသည်မှာလွမ်းဖွယ်ပင်ဖြစ်တော့သည် ။ထိုသို့မိုးတဖွဲဖွဲ မစဲသည့်ကြားမှ ဂူသွင်းသည့်နေရာအထိလိုက်လံပို့ဆောင်ပေးသော လူအုပ်ကြီးမှာ လည်းမစဲနိုင်အောင်ဖြစ်ခဲ့ပါသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts