ရသဆောင်းပါးစုံ

ကိုသန်းလွင် – သားရှင်ပြု

သားရှင်ပြု 
ကိုသန်းလွင်
ဇွန် ၇၊ ၂၀၁၄
 


(၁)
ရှင်ရဟန်းမို့ သပ္ပါယ်သည်ဟု သုံးနှုံးရမည် ထင်ပါ၏။ ဦးပြည်းစိမ်စိမ်း ခေါင်းတုန်းအသစ်ဖြင့် ကျွန်တော့်သားနှစ်ယောက်သည် ရုံထားသော သင်္ကန်းနှင့် လိုက်ဖက်လှပါသည်။ ကိုရင်ကြီးနှစ်ပါးကိုကြည့်ရသည်မှာ ကြည်နူးစရာ။ ကျွန်တော်တို့မိဘနှစ်ပါးအတွက်ကား ဆိုဘွယ် ရာမရှိတော့။ ကျွန်တော်တို့အဖို့ အပျော်ဆုံးနေ့များပါတည်း။
  
(၂)

စင်္ကာပူမှ မနက်ပိုင်း  ၇း ၅၀ တွင်ထွက်သောလေယာဉ်သည် ရန်ကုန်သို့ မြန်မာစံတော်ချိန် ၉း၁၅ မိနစ်တွင် ရောက်သည်။ လေဆိပ် ရောက်လျင်ရောက်ချင်း လာကြိုသည့်ကားပေါ်သို့တက်ခါ ပုဂံညောင်ဦးသို့ ဆက်ပြီး ထွက်လာခဲ့ကြပါသည်။ ကျွန်တော်တို့မိသားစုသည် သားနှစ်ယောက်ကိုရှင်ပြုရန် ပုဂံညောင်ဦးရှိ အလိုတော်ပြည့်ဆရာတော် ဘုန်းတော်ကြီးကျောင်းသို့သွားနေကြခြင်းဖြစ်ပါသည်။ ညပိုင်း ၈ နာရီမထိုးမီ ကျောင်းသို့ရောက်သည်။ ဆရာတော်ကြီးကို ချက်ခြင်းမဖူးတွေ့ရပါ။ လက်ထောက်ဆရာတော်တပါးက ကျွန်တော်တို့ကို ဧည့် ခန်းဆောင်မှာနေရာ ချထားပေးသည်။

အလိုတော်ပြည့် ဆရာတော့်ကျောင်းသည် ပုဂံမှ ညောင်ဦးသို့သွားရာ ရွှေစည်းခုံစေတီတော်ကြီးအနီး တောင်ဘက် စောင်းတန်းအဆုံး ကတ္တရာ လမ်းဘေးမှာတည်ရှိပါသည်။ ၁၀ ဧကထက်မနည်းကျယ်ဝန်းသော ကျောင်းသင်္ခန်းမှာ စာသင်သား သင်္ဃာတော်များကို အရိပ်ပေး သည့်နည်းတူ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးရန် လာသူများကိုလည်းအရိပ်ပေးပါသည်။ ကျွန်တော်တို့လို သားရှင်ပြုရန်လာသူများကိုမူ အရိပ်ပေးရုံမက လိုအပ်တာတွေမှန်သမျှကို အကုန်ဖြည့်ဆည်းပေးပါလေသည်။

ကျွန်တော်တို့ကို နေရာချပေးသောကျောင်းမှာ ဆရာတော်စံကျောင်းအနီး အိပ်ခန်း ၃ ခမ်း ရေချိုးခန်း အိမ်သာပါတွဲလျက် ဆောက်ထားသောကျောင်းဆောင်ဖြစ်ပါသည်။ မိဘလုပ်သူများက တခန်း၊ သားရှင်လောင်းများက တခန်း ကျယ်ကျယ်ဝန်းဝန်း နေနိုင်ပါသည်။ လေ အေးစက်လည်းရှိပါ၏၊ မြန်မာတို့ထုံးစံ စောင်နှင့် ခြင်ထောင် ခေါင်းအုံးပြည့်စုံလှပါသည်။ ဤသို့တည်းခိုစရာ နေရာရရန်ကိုမူ လပေါင်းများစွာ ကကြိုတင်၍ ဆရာတော်ကြီးကို တောင်းပန်လျောက်ထား ခဲ့ကြရပါသည်။ ကျွန်တော်တို့ ရောက်နိုင်မည့်ရက်ကို ဆရာတော်ကြီး ကခွင့်ပြု တော်မူပါသည်။

၂၀၀၈ ဒီဇင်ဘာလ ၇ ရက်၊ မနက်ဖြန်သည် ကျွန်တော်တို့အတွက် သာသနာ့အမွေခံတွေ ဖြစ်ကြရမည့်နေ့ပင်တည်း၊ ရေတွင်းပေါင်း ရှစ် သောင်းလေးထောင် ရေကန်ပေါင်း ရှစ်သောင်းလေးထောင် လှူသော်လည်း သာသနာ့အမွေခံ မဖြစ်ထိုက်ဘူးဟူ၍ ရှိနိုင်သေးသည်။ ကံ ကောင်းသော ကျွန်တော်တို့အဖို့မှာ သားတွေကို ရှင်ပြုပေးနိုင်ပြီဖြစ်ရာ သာသနာ့အမွေခံတွေ ဖြစ်ထိုက်နေပေပြီ။

မြန်မာမိဘနှစ်ပါးမှ ပေါက်ဖွားလာသော ကျွန်တော့်တို့အတွက် သားနှစ်ယောက်ကို ရှင်ပြုပေးရန်မှာ လွန်စွာအရေးကြီးသည်။ ကန်တော်မင်း ကျောင်း ဆရာတော်ဘုရား၏ လောကသာရပျို့လာ မိဘ၀တ် ငါးပါးတွင် မပါသော်လည်း ဤသို့ သားတွေကို ဗုဒ္ဒဘာသာထုံးတန်းအရ သင်္ကန်းဆီးပေးနိုင်ရေးမှာ ပေါ့ပေါ့ဆဆ လုပ်ရမည့် အလုပ် မဟုတ်ပါ၊၊ စင်္ကာပူမှာနေပြီး သားတွေကို ရှင်ပြုနိုင်ဘို့မှာ မလွယ်ကူပါ၊ မြန်မာပြည်မှာလို စည်ဗျောသံ တဗြုန်းဗြုန်း ဖြင့် အလှူပေးကြ သောရာသီဟူ၍ လည်းမရှိ၊ ရှင်လောင်းအဖို့ အ၀တ်အစား၊ ထမ်းစင် အလှု လှည့်ဖို့ အစီအစဉ် စသည်ဖြင့် ဘာမှအလွယ်တကူ မရှိ၊ လူတွေကလည်း တနေ့ပြီးတနေ့ အလုပ်ပြီးအလုပ် ဆက်နေကြပေရာ သားရှင်ပြုရန် အရေးမှာ မလွယ်ကူပါ။

စင်္ကာပူမှာ မြန်မာဘုန်းတော်ကြီးကျောင်းတွေ အတော်များနေပါပြီ။ သို့သော် ရင်နှီး ခင်မင်သောဆရာတော်က မရှိ။ ကျွန်တော်တို့ ဆန္ဒရှိနေ သည့်သားကို ရှင်ပြုသည့်ပုံစံမှာ အလွန်ရိုးရှင်းလွယ်ကူပါသည်။ ခေါင်းရိတ်ပေးပြီး သင်္ကန်းဆီးပေးရုံသာဖြစ်သည်။ အသံချဲ့စက်မပါ၊ ဘိတ် သိတ် တင်မြှောက်ရန်မလို၊ သမီးမပါသောကြောင့် နားထွင်းဟူ၍လည်းမရှိ။ အကျဉ်းရုံးပြီး သာသနာ့ဘောင်သို့ သွတ်သွင်းလိုက်ခြင်းသာ။ ဆရာတော်ကြီးရှေ့မှောက်သို့ ရောက်ချိန်မှာည ၁၁ နာရီထိုးပါတော့မည်၊ “မင့်သားက ၀လိုက်တာကွာ” ဟုပြောတော့ “You too” ဟုပြန်ပြော ပါလေသည်။ “သားမပြောရဘူးလေ” ဟု တိုးတိုးဟန့်ရသည်။ သားတွေကို “တင်ပါ့ဘုရား” လျှောက်ရတယ်ဟု ပြောပြထားပြီးဖြစ်သော်လည်း တင်ပါ့ဘုရားကို ဘယ်အချိန်မှာလျှောက်ထားရမည်ကို မသိဘဲဖြစ်နေလေသည်။

“သင်္ကန်းတောင်း ရပြီလားဟေ့” ဟု ဆရာတော်ကြီးက မေး၏၊ ကျွန်တော်တို့မှာ အဖြေမရှိ၊ “စာရွက်ရထားပါပြီ”  ဟုသာ လျှောက်ရသည်။ ဆရာတော်ကြီးက ရိပ်မိဟန်တူပါ၏။ ဘာမှဆက်ပြီးမမိန့်တော့ပါ။

တကယ်က ဆရာတော်ကြီးကို ရင်းနှီးကျွမ်းဝင်ရသည်မှာ ဇနီးသယ်ဘက်က အမျိုးတွေကြောင့်ဖြစ်ပါသည်။ ဆရာတော်ကြီး အပြင်းအထန် ကျင့်ကြံစဉ်အခါက နာမည်လည်းမကြီး ပရိတ်သတ်လည်းမများမီကာလများကတည်းက ဆရာတော်ကို မိသားစုစဉ်ဆက် ဆည်းကပ် ကိုး ကွယ်ဆည်းကပ်ခဲ့ကြပါသည်။ လေးတိုင်စင် ကပ်ကျောင်းကလေးနှင့် ဆရာတော်သီတင်းသုံးနေစဉ်ကလည်း ဆရာတော်ကိုကန်တော့ရန် အကြိမ်ကြိမ် ကျွန်တော်ရောက်ဖူးခဲ့ပါသည်။ အခုလို သူ့ရှေ့မှာ သားတွေကို သင်္ကန်းဆီးချင်သည်ဆိုတော့လည်း ဆရာတော်က လိုက်လျော ရှာပါသည်။

နောက်တနေ့နံနက်စောစောမှာ ဆွမ်းကျွေးရပါသည်။ ဓမ္မာရုံဘဲခေါ်ခေါ်၊ ဆွမ်းစားဆောင်ဟုဘဲပြောပြော ခန်းမဆောင်ကြီးထဲမှာ ထမင်းပွဲ ဆွမ်းပွဲတွေ ဝေဆာနေအောင်ပြင်ထားပါသည်။ ရှေ့က ကျောက်သင်ပုန်းပေါ်မှာ အလှုရှင် ကျွန်တော်တို့နာမည်တွေနှင့် ရှင်လောင်းအမည်တွေ ကိုရေးထားပါလေသည်။ ဆွမ်းကို ဘယ်နေရာတွင်ချက်သည်ဟု ကျွန်တော်တို့ မသိရ။ ကြက်သားဟင်း၊ ၀က်သားဟင်း ငါးခြောက်ဟင်း ဟင်းချို တို့စရာတွေ စုံလှသည်။ ကြမ်းပြင်ပေါ်တွင်ထိုင်ပြီးစားရသော စားပွဲဝိုင်းမှာ စားစရာတွေမြိုင်ဆိုင်လှပါသည်။ ဇနီးသည်၏ မိခင် အပါအ၀င် ဆွေမျိုးတွေ စုံစုံညီညီတွေ့ရပါသည်။ ရပ်ကွက်ဥက္ကဌလုပ်သူမှာ ဇနီး၏အကိုတော်သူဖြစ်ရာ တရပ်ကွက်လုံးက လိုအပ်တာတွေ လုပ်ပေးဘို့ရောက်နေကြသည်။ ဇနီးဖြစ်သူက ညောင်ဦးဘဏ်တွင် အလုပ်လုပ်ခဲ့ဘူးရာ မန်နေဂျာကြီးသည် ကျွန်တော့်သားတွေနှင့် အင်္ဂ လိပ်လိုပြောပြီး စကားတွေဖောင်နေလေသည်။

ဆရာတော်ကြီး ကြွလာသော် ပရိတ်သတ်က စုံညီ ဦးချကြပါသည်။ ဆရာတော်ကိုကပ်ဖို့ စားပွဲဝိုင်းကို ကျွန်တော် တို့ ပြိုင်တူမကြသောအခါ ဘေးကဓါတ်ပုံတွေ ရိုက်ကြပါသည်။ ဆရာတော်ကြီးဆွမ်းစားပြီးချိန်မှာ ရှင်လောင်း ၂ ယောက်ကို နတ်ပြရန်ဟု လာခေါ်သည်။ မိဘနှစ်ပါး လည်း လိုက်ရမည်ဟုဆိုသည်။ နတ်ကွန်း နတ်နန်းမှာ ဝေးဝေးမဟုတ် ဆရာတော်စံကျောင်း၏ရှေ့တည့်တည့် ထိုင်ကိုယ်တော် ဆင်းတု တော်ကြီးဘေးမှာ ရှိပါသည်။ နတ်ကတော်ကပြင်ထားသော ကတော့ပွဲ သုံးလေးပွဲကို တွေ့ ရပါသည်။ ကတော့ကြဟု နတ်ကတော် ကတိုင် ပေး သောအခါ ကျွန်တော်တို့တတွေ ကန်တော့ကြရပါသည်။ ကလေးတွေကို အန္တရာယ်ကင်းအောင် နတ်ပြရခြင်း ဖြစ်ပါ၏။ ကျွန်တော်တို့ ငယ်ငယ်က ရှင်ပြုတော့မည့် ရှင်လောင်းသည် သစ်ပင်လည်းမတက်ရ၊ ရေလည်းမကူးရသော ကန့်သတ်ချက်တွေ ကြားဘူးပါသည်။ နတ်ပြပြီးသည်နှင့် ရှင်လောင်း နှစ်ယောက်ကိုဆံချပေးပါသည်။ ကျလာသောဆံပင်တွေကို ပုဝါနှင့်ခံ ကြရလေရာ ကျွန်တော်ကတဖက် အမေကတဖက် ပုဝါစကိုကိုင် ကြရသည်။ ရေတရွှဲရွှဲနှင့် သား၏ဆံပင်ကို ဂျုတ်နှင့်ဆွဲချလေရာ ၁၀ မိနစ်ခန့်ဘဲကြာပါသည်။ ကျွန်တော့် အဖို့မှာ ကျွန်တော်ငယ်ငယ်က ရှင်ပြုခဲ့ရတာကိုသွားပြီး သတိရမိလေသည်။

 
(၃)

အမေသည် ပိုက်ဆံချမ်းသာသူမဟုတ်၊ အပိုအလျှံလည်းရှိသည် မဟုတ်သောကြောင့် ခုနှစ်တန်းရှစ်တန်းရောက် သည့် တိုင်ကျွန်တော့် ကိုရှင်ပြု မပေးနိုင်ပါ၊ တချိန်မှာအမေသည် ၅၀၀ တန်ထီပေါက်သည်။ ထီပေါက်သော် အမေသည် ကျောက်ကြယ်သီးတစုံဝယ်လေသည်။ ထိုကျောက်ကြယ်သီးကိုပြန်ရောင်းပြီး အမေသည်ကျွန်တော့် ကိုရှင်ပြုရန်စီစဉ်လေသည်။

ကျွန်တော့်ကိုရှင်ပြုပေးသည်မှာ ကျွန်တော်တို့ ခင်ဦးမြို့မြောက်ဖက် ၇ မိုင်ခန့်အကွာမှာရှိသော ဝေဘူဆရာတော် ကြီး၏ကျောင်းတိုက် မှာဖြစ်ပါသည်။ ထိုစဉ်ကတည်းက မိမိတတ်နိုင်သောငွေကို ကျောင်းသို့ပေးလှူလျှင် ကျောင်းကဆရာတော်များက တာဝန်ယူပြီး ဦးစီး ရှင်ပြု ပေးသော အလေ့အထမှာ ရှိနေပါပြီ။ ဝေဘူကျောင်းမှာ အလှူအတွက် လိုလေသေးမရှိ၊ ရှင်လောင်းဝတ်မည့် မင်းမြောက်တန်စာ ငါးပါးကို သာ ရွှေဘိုအထိသွားပြီး ငှားရန်းရပါသည်။

အလှူပေးမည့်နေ့၏တရက်ကြိုပြီး ကျွန်တော်တို့မှာ နွားကသော လှည်းဖြင့်ဝေဘူကျောင်းသို့သွားကြရပါသည်။ ကျောင်းဝန်းကြီး၏ မြောက် ဘက်တန်တိုင်းအနီးမှ နှစ်ထပ်ကျောင်းပေါ်တွင် ကျွန်တော်တို့အိပ်ကြရသည်။ ကျောင်းအောက်ထပ်တွင် ကျွန်တော်တို့ ညစာ ချက်စားကြ ရသည်။ ကျောင်းတွေလည်း ပိတ်ပြီ။ သင်္ကြန်လည်းကျပြီးလေပြီ။ နွေရာသီသို့ သိသိသာသာ ကြီးရောက်ပြီး နေရောင်ခြည်တွေ တောက်ပ နေသောနေ့တနေ့မှာ အလှူလှည့်ပါသည်။ ထမ်းစဉ်စီးပြီး ကျောင်းကြီးကို သုံးပါတ်လှည့်ခါပူဇော် ရခြင်းဖြစ်ပါ၏၊ ၊ ဝေဘူဆရာ တော်ကြီး သီဟိုဋ္ဌ်ကျွန်းက ပင့်လာသော ဘုရားဓါတ်တော်များကို ရှေ့ဆုံး သပိတ်လွယ်သူတွေရှေ့က  ကလပ်ပေါ်တွင်တင်ပြီး လှည့်လည် အပူဇော်ခံပါ သည်။

ကျွန်တော်တို့မြန်မာတွေ သားရှင်လောင်းကို မြင်းပေါ်တင်ပြီး ရှင်လောင်းလှည့်ကြခြင်းမှာ ဘုရားအလောင်းတော် မြင်းမှီးဆွဲ မောင်ဇံကို ခေါ်၍တောထွက်သည်ကိုအစွဲပြုပြီး လှည့်ကြခြင်းဖြစ်သည်ဟုကြားဖူးပါသည်။ အဖေက သပိတ်လွယ်ပြီးအမေက သင်္ကန်းတောင်းကို ရွက် ခါ လှည့်ရပါသည်။ ကြာနီကြာဖြူ ထုံကြူသွဲ့ပါလို့၊ နွဲ့ခါဟန်ချီ ပွင့်ကြလေပြီ ဆိုသည့်အတိုင်း ဝေဘူဆရာတော်ကျောင်းမှာ ကြာပေါင်းစုံပွင့်သော ရေကန်တော်မှာ ကြူကြူ အေး သည်။ ဆရာတော်ကြီး၏ မေတ္တာ ဓါတ်မှာလည်း ထုံထုံမွှေးလေသည်။

ရှင်လောင်းလှည့်ပြီးသော် ဆရာတော် တရားဟောမည့် တရားပလ္လင်ရှေ့မှာ ရှင်လောင်းတွေကို ထိုင်စေသည်။ “လှလိုက်တာဗျာ မင်းသား လေးတွေလိုဘဲဗျ” ဟု ဆရာတော်ကြီးက မိန့်ပါသည်။ ဆရာတော်ကြီးက သီလပေးတရားကို အကျဉ်းမျှဟောပြီးသည်နှင့် အလှူက အထ မြောက်လေသည်။ အိမ်အပြန်လှည်းပေါ်မှာ ကျွန်တော် သည် ကိုရင်ဝတ်နှင့်ဖြစ်နေပေပြီ။ မြို့ပြန်ရောက်သော် ဆရာတော်ဦးဥာဏ်တော ကျောင်းမှာ ကျွန်တော်အိပ်ရသည်။ ကိုရင်ဝတ်ဖြင့်နေရသော ထိုခုနှစ်ရက်မှာ ပျင်းရိဘွယ်အကောင်းဆုံးရက်တွေ ဖြစ်ပါတော့သည်။ မနက်ပိုင်းမှာ ဆွမ်းခံထွက်ရသည်။ နေ့လည်မှာ စာအံရပြီး မုန့်တွေကတော့ စား၍မကုန်အောင် ပေါပါပေသည်။  မြန်မာတို့၏ အပျော်ဆုံးရက် တွေမှာ ရှင်လိန်ပြန်သောနေ့သည် တနေ့အပါအ၀င်ဖြစ်ရသည်ကို ထိုစဉ်ကတည်းက ကျွန်တော်သဘော ပေါက်သည်။ အမေက ဆရာတော့် ထံမှာခွင့်တောင်းတုန်း ကျွန်တော်က အမေယူလာသော ပုဆိုးနှင့် အင်္ကျီကိုဝတ်ခါ အိမ်သို့ပြန် ရောက်နေပေပြီ။

 
(၄)

ကျွန်တော်သည် ကိုရင်ဝတ်လိုက်ရသောကြောင့် မင်္ဂလာ့သုတ်ကိုအလွတ်ရခဲ့သလို ဆွမ်းလည်းခံဘူးခဲ့ပါသည်။ ကျွန်တော့် သားတွေမှာ ထိုအခွင့်အရေးတွေမရခဲ့ပါ၊ လက်ထောက် ဆရာတော် ဘုန်းကြီး ရေးပေး သဖြင့် မင်္ဂလာသုတ်ကို ရေးလာပါသည်။ သံရုံးတွင် ၆ တန်းအထိ စာမေးပွဲ ဖြေပြီးအောင်ဘူးသော သားကြီးအဖို့ အခက်အခဲက သိပ်မရှိ အငယ်ကောင်ကမူ မြန်မာစာ တတန်းမှမအောင်သောကြောင့် အခက်တွေ့နေလေသည်။ သူတတ်သလို အသံထွက်တွေကို အင်္ဂလိပ်လိုမှတ်လာရှာသည်။ စာအံသံ တွေညံနေသော ဧည့်ခန်းဆောင်လေး မှာ ပျော်စရာကောင်းသည်။

မနက်စောစော ကျွန်တော်တို့သည် ရွှေစည်းခုံ စေတီသို့ ဘုရားဖူးဘို့ရောက်သည်။ အကိုလုပ်သူက သင်္ကန်းကိုနိုင်သည်။ တကဲ့ဆရာ တော်ကြီးလို အိနြေ္ဒကြီးနှင့် လျှောက်သည်။ အငယ်ကောင်က သင်္ကန်းကိုတရမ်းရမ်းနှင့် အလောတကြီး လျှောက်သည်။ ဘုရား သို့ရောက်သော် မနက်စောစော ပန်းကပ်သူ မီးပူဇော်သူ ဆွမ်းကပ်သူတွေနှင့် ပုဂံရွှေစည်းခုံသည် စည်ကားသိုက်မြိုက်နေသည်။ ဦးပြည်း စိမ်းစိမ်း သင်င်္ကန်းတရမ်းရမ်းနှင့် သားနှစ်ယောက်ကို ဘေးပရိတ်သတ်က အထူးအဆန်း ကြည့်ကြသည်။ အပြန်လမ်းမှာ သားနှစ်ယောက် လုံး က ကိုရင် မထွက်ချင်ကြသေးဘူးဆိုသည်။ သူတို့သည် ဘုရားရိပ် တရားရိပ်မှာ ပျော်နေကြလေပြီ။ သို့သော် ကျွန်တော်တို့သည် အကြာကြီးမနေနိုင်၊ သုံးည အိပ်ပြီးသည်နှင့် ပြန်ဘို့ ပြင်ဆင်ရလေသည်။ စာရင်းပေးထားသူတွေကစောင့်နေကြပြီ ကျွန်တော်တို့ ဆရာတော့် ကျောင်းမှာ သုံးညထက် ပိုမအိပ်နိုင်ပေ။

အပြန်မှာ အကြီးကောင်က “သားတော့ ကိုရင်ဝတ်နဲ့ အကြာကြီးနေချင်သေးတယ်” ဟုပြောလေသည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမေ လုပ်သူက တပြုံးပြုံး ၊ မိဘလုပ်သူ ကျွန်တော်တို့ ရင်ထဲမှာကား ဘုရား တရား သံဃာ ရတနာသုံးပါး ဂုဏ်ကျေးဇူးကို သားဖြစ်သူ သိနေပေပြီ ဟု ကောက်ချက်ဆွဲလိုက်လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကိုသန်းလွင် – သားရှင်ပြု

Comments are closed.