ရသဆောင်းပါးစုံ

ကေသွယ် – သူ့ ဦးဏှောက်ထဲက ဖိနပ်. . . သူ့ခန္ဓာကိုယ် ထဲက အပ်

သူ့ ဦးဏှောက်ထဲက ဖိနပ်. . . သူ့ခန္ဓာကိုယ် ထဲက အပ်
ကေသွယ်၊ ဇွန် ၅၊ ၂၀၁၄

အဲဒီ တရုတ်အမျိုးသား ရဲ့ မျက်နှာသွင်ပြင်က မြင်ဖူးနေကြ တရုတ်အမျိုးသားတွေ နဲ့ သိပ်မကွာခြားလှပေမဲ့ ၊ သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေတဲ့ တည်ငြိမ်မူ နဲ့ လေးနက်မူက တော့ ၊ အနည်းငယ် ကွဲပြားစွာ ထူးခြားနေသည် ဟု ထင်မိသည်။ ပိုပြီး ထူးခြားတာ က ၊  မဲ့ရွဲ့ ဟစ်ငို နေတဲ့ အရုပ်ဆိုးဆိုးကော်ပတ်ရုပ် ကလေးကို ပခုံးပေါ်မှာ ချီပိုး ထားတဲ့ သူ့ ရဲ့ ဓါတ်ပုံ တပုံ ။ အဲဒီပုံမှာ သူ့ကို ကြည့်ရတာ  တီယမ်နမ်မင်း ရင်ပြင် ပေါ်မှာ ၊ ကျောင်းသားလူငယ်တွေကို  စကားပြောနေတဲ့ နိုင်ငံရေး တက်ကြွ ဦးဆောင်သူ လျူရှောင်ဘို နဲ့ မတူ ။ တရုတ်ပြည်ရဲ့ ဒီမိုကရေစီ အရေးတွေ နဲ့  တွဲပြီး ကမ္ဘာက ဖော်ပြတဲ့ သတင်းတွေထဲက လျူရှောင်ဘို နဲ့  မတူ ။ နိုဘယ်ဆု ကော်မီတီ ရဲ့  နံရံထက်မှာ ချိတ်ဆွဲ ထားတဲ့ ၊  ဆု တက်ရောက် ယူ ခွင့် မရတဲ့  ၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဆုရှင် လျုရှောင်ဘို နဲ့ လည်း မတူ ။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီပုံ ကို ရိုက်ကူးသူဟာ သူ့ ဇနီးသည် ကိုယ်တိုင် ဖြစ်ပြီး ၊  တရုတ်ပြည်ထဲမှာ ပြသခွင့် မရတဲ့ “တိတ်ဆိတ်ခြင်းရဲ့  ခွန်အား” ဆိုတဲ့  ဓါတ်ပုံ ပြပွဲ တခု မှာ ခင်းကျင်း ချိတ်ဆွဲ ထားခဲ့တဲ့ ၊ သူ့ ဇနီးသည် လျုရှောက် ရဲ့  အနုပညာ လက်ရာ များ ထဲက တခု ဖြစ်နေတာပဲ ။

လေးထောင့် ၀န်းဝန်း မျက်နှာ ပေါ်မှာ ချိတ်တွယ် ထားတဲ့  ၊ ၈၀-၉ ၀ ခုနှစ်များဆီက ခေတ်စားခဲ့တဲ့ စတုရန်းကျကျ သတ္တုကိုင်းမျက်မှန်ကြီး ကြောင့် ၊ သူ့ကို ကြည့်ရသည်မှာ ၈၀-၉ ၀ နှစ်များ ဆီသို့သာ ပြန်ရောက်နေသလို ။ တကယ်လည်း သူ့ ရဲ့  ယုံကြည်ချက်  နဲ့ ရပ်တည်ချက်  တွေက  လွန်ခဲ့တဲ့ နှစ် အစိတ်ကျော်က ဖြစ်ရပ်တွေထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင် စူးနစ် နေနှင့်ခဲ့ပြီ  မဟုတ်လား ။ ၁၉ ၈၉  တရုတ်ပြည်ရဲ့  တီယမ်နမ်မင်း ရင်ပြင် အရေးတော်ပုံ က စလို့  ၂၀၀၈ ပီကင်း အိုလံပစ် ဆန့်ကျင်မူ ကာလ တွေ အထိ ၊ သူ့ရဲ့  ယုံကြည်ချက် စိတ်နှလုံး က ဒီမိုကရေစီ ကနေ တရွေးမှ မလျော့ခဲ့ ။ သူ့ ရဲ့    ရပ်တည်ချက် ခြေအစုံ က တရုတ်ပြည်ကြီးကနေ တဖ၀ါး မှ မခွာခဲ့ ။

၁၉ ၈၉  ခု ဇွန်လ ၄ ရက်နေ့ တီယမ်နမ်မင်း ရင်ပြင်က ဆန္ဒပြ ကျောင်းသားတွေကို စပြီး ဖြိုခွင်းပြီ ဆိုတဲ့ အချိန်မှာ  သြစတြေလျ သံအရာရှိ တယောက်က ၊ လျူရှောင်ဘို ကို သူ့ကား နဲ့  ကယ် ထုတ် လာ နိုင်ခဲ့တယ် တဲ့ ။ သံရုံးရှေ့ ရောက်တော့ – ကဲ ငါတို့ အထဲ ၀င်ဖို့ တံခါး ပွင့်လိမ့်မယ် . . . ၀င်သွားပြီးတာနဲ့ မင်းဟာ နိုင်ငံရေး ခိုလှုံခွင့် အကျုံးဝင်သွားပြီ . . . ဒီနိုင်ငံကနေ ခွါရလိမ့်မယ် . . . ဒါမှမဟုတ် ဒီ အနားက မင့်ရဲဘော် တွေဆီ သွားပြီး ပုန်းမလား    – ဆိုတော့  လျူက ခဏ စဉ်းစားပြီး ၊ ကားပေါ်ကနေ ဆင်းသွားခဲ့ သတဲ့ ။ နောက်တနေ့ မှာပဲ  သူ အဖမ်းခံ လိုက်ရတယ်။    တရုတ်စစ်တပ်က ဖြိုခွင်းဖို့ လုပ်နေတဲ့ အချိန်မှာ ဒီ ရင်ပြင်ထဲက သောင်းပေါင်းများစွာ သော ကျောင်းသား လူငယ် တွေ ကို ငြိမ်းချမ်းစွာ ဆုတ်ခွါဖို့  ပြောဆို စည်းရုံး နိုင်တဲ့ ခေါင်းဆောင် အနည်းငယ် ထဲက  တယောက် ဖြစ်တဲ့ လျူ ဟာ ၊ သူ့ ရဲဘော် ကျောင်းသားတွေ အပေါ် မှာ ၊ ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ကျောခိုင်း စွန့် ခွါ ထားခဲ့ နိုင်မလဲ . . . ။

ကိုလံဘီယာ တက္ကသိုလ် မှာ ဧည့်ပညာရှင် တယောက် အနေ နဲ့  ခဏ သွားရောက် နေထိုင်နေတုန်း  ၊ တရုတ်ပြည် ကျောင်းသား လှုပ်ရှားမူ ကြီး အမီ အရောက် ပြန်လာခဲ့ တယ်ဆိုတဲ့ လျူ အတွက် ဒီ လှုပ်ရှားမူကြီး နဲ့ ဘယ်လောက်ထိ ထဲထဲဝင်ဝင် ပါဝင် ပတ်သတ်နေ ခဲ့ လေ မလဲ. . . ။

တရုတ်အစိုးရ ကတော့ သူ့ကို “လက်မဲကြီး” လို့ နာမယ်တပ်ပြီး လူဆိုးစာရင်း သွင်းပြစ်ခဲ့သည်။ တကယ်တော့ တရုတ်လူမျိုးတွေ ရဲ့ ယဉ်ကျေးမူထဲမှာ ကျယ်ကျယ်ပြန့်ပြန့်  နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့  ကွန်ဖြူးရှပ် ကို သုံးသပ်ထားတဲ့ စာအုပ်က စလို့ ၊ သူ့ရဲ့  အရေးအသား  အယူအဆ တွေဟာ ၊ မဆွခင် မတိုင်ခင်ကတည်းက ၊ တရုတ် လူငယ် စာဖတ်ပရိသတ်အကြား မှာ လူပြောများ အကြိုက်တွေ့ နေခဲ့တာမို့  ၊ ဒီ အရေးတော်ပုံ ကြီး အပေါ်မှာ တစုံတရာ ထက်ကို  ပို ပြီး သက်ရောက်မူ ရှိချင် လည်း ရှိခဲ့ ပေလိမ့်မည်။

တရုတ်လူမျိုးတွေ ရဲ့ ဘုရားလို ဖြစ်နေတဲ့ ကွန်ဖြူးရှပ် ကိုတောင် ဝေဖန် ပိုင်းခြားခြင်လာတဲ့ အသိအမြင် တွေ ၊ လျူ့ ဆီ ကို  နေရင်း ထိုင်ရင်း အလိုလို ရောက်လာခဲ့တာတော့ မဟုတ် ။ ၀ိဇ္ဇာ ပညာ နဲ့ ပါရဂူ ဘွဲ့ ရ ထားတဲ့ တက္ကသိုလ် ဆရာ လျူ က ၊ ၁၉ ၈၀ လောက်က စပြီး ၊ အမေရိကန် နဲ့ ဥရောပ တိုင်းပြည် တချို့ကို  ပညာရေးကိစ္စ နဲ့ ရောက် သွားခဲ့တယ် ။ လိုက်ကာ ကို ဖယ်ပြီး ပွဲခင်းထဲ ကို မြင်လိုက်ရသလိုမျိုး ၊ မတူညီ မူတွေ အများအပြား နဲ့ ကျယ်ဝန်းလှ တဲ့ ကမ္ဘာကြီးကို မြင် လိုက်ရ တဲ့ လျူ ဟာ ၊ ရုတ်တရက် တော့ အနောက်ကမ္ဘာ ရဲ့  လွတ်လပ်တဲ့ အယူအဆ အတွေးအခေါ် တွေ အပေါ်မှာ ၊ အထင်ကြီးစိတ် တွေ ၀င်သွားခဲ့ ဟန် တူရဲ့ ။ အစောပိုင်း မှာ အမေရိကန် အစိုးရ ပေါ်လစီ တွေကို ချီးမွမ်းရေးသား ခဲ့တဲ့ စာတွေကြောင့် တချို့ ကလည်း  သစ္စာဖောက် လို့  စွပ်စွဲတာတွေ ရှိ ခဲ့ တယ်။

နောက်ပိုင်းမှာ တော့ အနောက်တိုင်း စံ နှုန်းတွေ မှာလည်း အပစ်အနာတွေ မကင်းဘူး ဆိုတာကို သူ နားလည် သဘောပေါက်လာတယ် ။ အာဏာရှင် တပါတီ အောက်မှာ နှစ်ပေါင်း သုံးဆယ်လောက် နေထိုင်ကြီးပြင်း ခဲ့တဲ့ လူတယောက် အတွက် ၊ လူ့သမိုင်း ရဲ့  ကြမ္မာကို ၊ လွတ်လွတ်လပ်လပ် သုံးသပ် ကြည့်ချင်ခဲ့တာပါပဲ  လို့  သူ့ကိုယ်သူလည်း ပြန်သုံးသပ် နိုင်ခဲ့တယ် ။   ဒါပေမဲ့ သူ့မှာ ရွေးချယ် စရာ နည်းပါးတဲ့ အတွက် သူလုပ်နိုင် / လုပ်ဖြစ် နေမှာကတော့ – အနောက်တိုင်းရဲ့ စံနှုန်းတွေ ကို အသုံးပြုပြီး တရုတ်ပြည် ကို ဝေဖန် မယ် ။ သူ့ ရဲ့  စာပေ ဖန်တီးနိုင်စွမ်း ကို အသုံးပြု ပြီး အနောက်ကမ္ဘာကို လည်း ဝေဖန်မယ် လို့  ၀န်ခံ ကတိပေး ခဲ့တယ်။

တီယန်နန်မင်း ရင်ပြင် အပြီး ထောင် ဒဏ် ၂ နှစ် အကြာ ပြန်လွတ်လာ တဲ့ အချိန်မှာ သူ့ ရဲ့ ပထမ အိမ်ထောင်နဲ့ သားလေးက အမေရိက ကို ထွက်သွားခဲ့ပြီ ။ အလုပ်တွေ ပြုတ် မိသားစုပါ ပြုတ်သွားတဲ့ လျူ ကတော့ စာတွေ ဆက်ရေး နေခဲ့တယ်။ ကွန်မြူနစ် ပါတီကြီးကို ဆက် ဝေဖန် နေခဲ့တယ်။ တရုတ်ပြည်ကြီးကို ဆက် ဆန်းစစ် နေ ခဲ့တယ်။ အလုပ်စခန်း တခုမှာ နယ်နှင် ထိန်းသိမ်းခံ နေရတုန်း မှာ  အခု ဇနီးသည် ဖြစ်တဲ့ လျူရှောက် နဲ့ ဆုံကြတယ်။ တရုတ်ဘုန်းကြီး တပါး လို တည်ငြိမ် တဲ့ လျူရှောင်ဘို နဲ့ တရုတ်သီလရင် တပါး လို့ တိတ်ဆိတ် တဲ့ လျူရှောက် တို့ ဇနီးမောင်နှံ ၂ ယောက် ဟာ၊ စိတ်ဝင်စားစရာ ကောင်းလှ စွာပဲ ၊ နိုင်ငံရေး အတွေး. . . အနုပညာ အရေး  အသီးသီး နဲ့  သူတို့ ရဲ့  နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ကြတယ်။ တကယ်တော့ လျူ ဟာ ၊ သူ့ အယူအဆ အတွေးအရေး တွေကို ကဗျာတွေ နဲ့ စတင် ခဲ့တာ ဖြစ်တယ်။

ပထမဆုံး အကြိမ် ထောင်ကျ တဲ့ နှစ်က စ လို့ ၊ ဒုတိယ အကြိမ် ထောင်မကျခင် ၂၀၀၉  ခုနှစ် အထိ ၊ ဇွန် လ (၄) ရက်နေ့ကို ရောက်တိုင်း ၊ နှစ်စဉ်မပြတ် ရေးဖွဲ့ ခဲ့တဲ့ သူ့ ရဲ့ “ ဇွန် လေး တမ်းချင်း ” ဆိုတဲ့ ကဗျာ ပေါင်းချုပ်ဟာ ၊ နိုင်ငံတကာ မှာ လူအများ စိတ်ဝင်စားတဲ့ စာအုပ် တအုပ် ဖြစ်လာတယ် ။ သူ့မိတ်ဆွေ ဂျက်ဖရီယမ်း ဆိုသူ  ၊ အင်္ဂလိပ် လို ပြန်ဆို ထားတဲ့ အဲဒီ စာအုပ်ထဲက ကဗျာ အပိုင်းအစ တချို့ကို  မွှေနှောက် လှန်လျော ကြည့်မိတော့ – လေးနှစ်မြောက် မှာ ၊ စပ်ဆိုခဲ့တဲ့ လေးပုဒ်မြောက် ကဗျာလေး ရဲ့  ပါဒလေး – လေးခု အောက်မှာ  အတွေးတွေ ခဏ ရပ်တန့်  သွားခဲ့တယ်။

 

In the brain-mass there’s one shoe

that cannot find the road to memory
ဦးဏှောက် အစိုင်အခဲ ထဲ

နစ်ကျန်ခဲ့တဲ့ ဖိနပ်တဖက်

အတိတ်ရဲ့ လမ်းကို

သူ ရှာမတွေ့ နိုင်တော့ပြီ . . .

ကျောင်းသား နဲ့ လူအများ သွေးမြေကျခဲ့တဲ့ ဇွန် လေး ရက်က ၊ လျူ ရဲ့ ဦးဏှောက်ထဲ မှာ ဘယ်လောက်တာင် နက်ရှိုင်းအောင် စွဲထင် နေ ခဲ့သလဲ ။

ဖတ်ရင်း နဲ့ ၊ နောက်ဆုံး ကဗျာကို ရောက်လာတယ်။  သက္ကရာဇ် ဂဏန်းတွေလည်း တဖြည်းဖြည်း နဲ့  တိုးလာခဲ့တယ်။

The day

seems more and more distant

and yet for me

It remains a needle inside my body
အဲဒီရက်ဟာ ဝေး သထက် ဝေး ကွာသွား ခဲ့ . . .

ငါ့အတွက်တော့

ခန္ဓာကိုယ်ထဲမှာ  အပ်တချောင်း ရှိနေမြဲ. . .

ရင်ပြင်ပေါ်မှာ သွေးသံရဲရဲ နဲ့  ကျဆုံးခဲ့တဲ့ သူ့ ရဲဘော် တွေရဲ့ အလောင်းတွေဟာ ၊ ရှင်သန် ကျန်ရစ် တဲ့ လျူ အတွက်  အပစ်ကြီး တခု လို ၊  သူ့ ခန္ဓာကိုယ်ထဲ စိုက်ဝင် နေခဲ့ လေ သလား ။

ကဗျာစာအုပ်လေး ကို လှန်လျော ပြီး သွားတော့ ၊ စကား ကို လူတယောက်လို ပြောပေမဲ့ ၊ တစ္ဆေ တကောင်လို စာရေး တယ် – ဆိုတဲ့ လျူ့ ရဲ့ တခြား စာတွေကိုလည်း ဆက် ဖတ်ကြည့်ချင်နေမိတယ်။
တီရင်နန်မင်း ရင်ပြင် နှစ် အစိတ်ပြည့်တဲ့   ဒီနေ့ ဒီ အချိန်မှာတော့ ၊ အသက် ၆၀ အရွယ် ရှိလာပြီ ဖြစ်တဲ့ လျူ ဟာ ၊ တရုတ်ပြည်ရဲ့ ပီကင်း အကျဉ်းထောင်ကြီးထဲ မှာ . . . ချာတာ (၈) လို့ ခေါ်တဲ့  တပါတီ အာဏာရှင်စနစ် ရပ်စဲ ဖို့  သဘောထား ထုတ်ဖော်တဲ့ စာတမ်း ကြောင့် ၊ ၂၀၀၉  ခုနှစ်က ကျခဲ့နေတဲ့ ထောင်ဒဏ် ဆယ့်တစ် နှစ် မှာ တ၀က်ကျိုးလု ကျိုးခင် ။  သူ့ ဇနီးကတော့ ရဲ အစောင့်တွေ အမြဲ စောင့်ကြည့်နေတဲ့ နေအိမ် တိုက်ခန်းလေး ထဲမှာ ၊ ဘယ်သူနဲ့ မှ တွေ့ခွင့် မရပဲ ၊ စိတ်အခြေအနေ တိမ်းစောင်းလုလု ။

ကေသွယ်

၁၁ နာရီ ၃၄ မိနစ်

ဇွန် ၄ ရက် ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts