သူတို့အာဘော်

အရှင်စန္ဒိမာ (မွန်စိန်တောရ) – သံဃာတော်များရဲ့ သမိုင်းအစဉ်အလာကောင်း

သံဃာတော်များရဲ့ သမိုင်းအစဉ်အလာကောင်း
အရှင်စန္ဒိမာ (မွန်စိန်တောရ)
ဇွန် ၂၊ ၂၀၁၄
Painting by Min Wae Aung
===============================
အစိုးရပေးတဲ့ ဘွဲ့တံဆိပ်တစ်ခုခုကို လက်ခံလိုက်တာနဲ့ အစိုးရဘုန်းကြီး ဖြစ်သွားပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘွဲ့တံဆိပ်တွေကို အစိုးရက ရည်ရွယ်ချက်ရှိရှိ အသုံးချနေခြင်းကိုသာ ပြောလိုရင်း ဖြစ်ပါတယ်။ အနည်းဆုံး အစိုးရကို ဝေဖန်နေတဲ့ ပါးစပ်ကို ပိတ်ထားနိုင်လောက်အောင် ဒီဘွဲ့တံဆိပ်တွေက စွမ်းပါတယ်။ ဘုန်းကြီးတစ်ပါးပါးကို အစိုးရမကြိုက်တဲ့ ပါတီ၊ လူပုဂ္ဂိုလ်တွေနဲ့ ဝေးကွာသွားအောင် ဒီဘွဲ့တံဆိပ်တွေက အစွမ်းထက်ပါတယ်။ 
============================== 
   
(၁)

ရဟန်းသံဃာဟာ နိုင်ငံရေးနဲ့ ပတ်သက်သင့်သလား မေးရင် မပတ်သက်ဘဲ မဖြစ်နိုင်ပါလို့ ဖြေရမယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ ပတ်သက်နေပြီး ရဟန်းသံဃာလည်း လူဒကာတွေနဲ့ ကင်းလို့ မရနိုင်တာကြောင့်ပါ။

ရဟန်းသံဃာဟာ နိုင်ငံရေးနဲ့ မပတ်သက်သင့်ဘူးလို့ ပြောရင် အပြောပဲ ရှိမယ်။ စစ်အစိုးရအဆက်ဆက်က စစ်အာဏာရှင်တွေဟာ ရဟန်းသံဃာကို သူတို့ နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချလာခဲ့တာ ယနေ့အထိပါ။

သာဓက တချို့ကို ထုတ်ပြပါမယ်။ နဝတ နအဖ စစ်အစိုးရလက်ထက်က စာသင်တိုက်ကြီးတစ်တိုက်ရဲ့ ဆရာတော်ကြီးတစ်ပါးဟာ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ဆက်ကပ်ခံရပြီးနောက်ပိုင်း  တပ်မတော်အစိုးရ ကောင်းကြောင်း၊ သာသနာတော်ကို ချီးမြှောက်ထောက်ပံ့ပုံ အကြောင်းတွေကို လူပရိသတ်ရှေ့ နဲ့ သံဃပရိသတ်ရှေ့တွေမှာ မကြာခဏ ပြောလေ့ရှိခဲ့တယ်။

အခြား ဆရာတော်တစ်ပါးကတော့ စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိခဲ့တယ်။ နောက်တော့ ထိုဆရာတော် နိုင်ငံတော် သံဃမ ဟာနာယကအဖွဲ့ဝင် ဖြစ်သွားတယ်။ ဘွဲ့တံဆိပ် ဆပ်ကပ်ခံရတယ်။ ကားပါမစ်ရတယ်။ အခွင့်အရေးတွေ လာဘ်လာဘတွေ ပေါများလာတယ်။ နောက်ပိုင်း ထိုဆရာတော် လေသံ ပြောင်းသွားခဲ့တယ်။ ဘယ်လိုပြောလာသလဲဆိုရင် …“အနီးကပ် ပေါင်းကြည့်မှ သိတယ်…အစိုးရ မဆိုးပါဘူး”…တဲ့။

တခါက နယ်မြို့တမြို့ကို ဗိုလ်ချုပ်ကြီးခင်ညွန့် ရောက်သွားခဲ့တယ်။ မြို့နယ်သံဃနာယကဥက္ကဌလည်း ဖြစ်တဲ့ နယ်ခံဆရာတော်ကြီးက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဒဲ့ပဲ ပြောတယ်။ …“မင်းတို့ ငါ့ကို ဘွဲ့တစ်ခုလောက် ပေးအုံးကွ”…တဲ့။ ထိုနှစ် လွတ်လပ်ရေးနေ့မှာ ထိုဆရာတော်ကြီး ဘွဲ့တံဆိပ် ဆပ်ကပ်ခံရတဲ့ စာရင်းထဲ ပါလာတယ်။

အစိုးရပေးတဲ့ ဘွဲ့တံဆိပ်တစ်ခုခုကို လက်ခံလိုက်တာနဲ့ အစိုးရဘုန်းကြီး ဖြစ်သွားပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘွဲ့တံဆိပ်တွေကို အစိုးရက ရည်ရွယ်ချက်ရှိရှိ အသုံးချနေခြင်းကိုသာ ပြောလိုရင်း ဖြစ်ပါတယ်။ အနည်းဆုံး အစိုးရကို ဝေဖန်နေတဲ့ ပါးစပ်ကို ပိတ်ထားနိုင်လောက်အောင် ဒီဘွဲ့တံဆိပ်တွေက စွမ်းပါတယ်။ ဘုန်းကြီးတစ်ပါးပါးကို အစိုးရမကြိုက်တဲ့ ပါတီ၊ လူပုဂ္ဂိုလ်တွေနဲ့ ဝေးကွာသွားအောင် ဒီဘွဲ့တံဆိပ်တွေက အစွမ်းထက်ပါတယ်။

မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက်ဟာ တိုင်းပြည် တိုးတက်အောင်သာ မလုပ်တတ်တာ။ အာဏာမြဲအောင် လုပ်တဲ့ နေရာမှာတော့ တဖက်ကမ်းခတ် ကျွမ်းကျင်ပြီးသားပါ။ ပြည်သူသာ မွဲတာ။ အစိုးရဆိုတော့ လိုတာ အကုန်ရနိုင်တယ်။ အာဏာရှိရင် ငွေကို လိုသလောက် သုံးနိုင်တယ်။ ငွေမှတစ်ဆင့် လာဘ သက္ကာရ သိလောက (၃) မျိုးကို ပွားထုတ်လိုက်တယ်။ လာဘကြိုက်သူကို ငွေကြေးပစ္စည်းဥစ္စာ လက်ဆောင်ဘဏ္ဍာ၊ သက္ကာရကြိုက်သူကို မြှောက်ပင့် အသိအမှတ်ပြုမှု၊ သိလောကကြိုက်သူကို ထင်ပေါ်ကျော်စောမှုတွေနဲ့ ဆွဲဆောင်သိမ်းသွင်းလိုက်တယ်။

ဗုဒ္ဓသာသနာကို လေးစားကြည်ညို ဆည်းကပ်ကိုးကွယ်တဲ့ မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက်ဟာ ကြည်ညိုသူများပြီး နောက်ခံ ပရိတ်သတ် အင်အားကောင်းတဲ့  ဆရာတော် သံဃာတော်များကို ဘယ်ပုံဘယ်နည်း ချဉ်းကပ် စည်းရုံးသိမ်းသွင်းရမယ်ဆိုတာ ကောင်းစွာ နားလည်သဘောပေါက်ကြတယ်။

(၂)

ရဟန်းသံဃာဆိုတာ ဘုရားချမှတ်ထားခဲ့တဲ့ ဝိနည်းစည်းမျဉ်းအတိုင်း သိမ်ဝင် ကမ္မဝါဖတ်ပြီးတာနဲ့ သမုတိရဟန်းသံဃာ ဆိုပြီး ဖြစ်လာတာပါ။ အရိယာသံဃာဖြစ်လာဖို့ ကျင့်ကြံအားထုတ်းဆဲကာလ သမုတိရဟန်းအဖြစ်မှ မလွန်မြောက်ခင်မှာ ပုထုဇဉ်လူသားတွေလိုပဲ လောဘ ဒေါသ မောဟ ကိလေသာတွေကတော့ ထင်ရှားရှိလျှက်ပါ။ လာဘ သက္ကာရ သိလောကနဲ့ တွေ့ရင် မတုံလှုပ်တဲ့ ရဟန်းသံဃာဆိုတာ ရှားမှာပါ။

စစ်အစိုးရရဲ့  လာဘ သက္ကာရ သိလောကနဲ့ ဖြားယောင်းမှုနောက် ပါမသွားတဲ့ ဆရာတော်များလည်း မရှိ မဟုတ်။ ရှိပါတယ်။ ကမ္ဘာသိ ကမ္မဌာန်းတိုက်ကြီးတစ်တိုက်ရဲ့ ဆရာတော်ကြီးတစ်ပါးဆိုရင် စစ်အစိုးရက ဘွဲ့တံဆိပ် ဆပ်ကပ်ဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ဖူးတယ်။ ကမ်းလှမ်းတိုင်းလည်း ဆရာတော်ကြီးက ပယ်ချခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ နှစ်စဉ် လွတ်လပ်ရေးနေ့ ရောက်တိုင်း ကြေငြာတဲ့ ဘွဲ့တံဆိပ်ဆပ်ကပ်ခံရတဲ့ စာရင်းထဲ ဆရာတော်ကြီး ပါလာတယ်။

ဘွဲ့တံဆိပ် ဆပ်ကပ်ဖို့ နီးကပ်လာချိန်မှာ ဆရာတော်ကြီး ပြည်ပ ရောက်နေခဲ့တယ်။ ဘွဲ့တံဆိပ်ကို လက်မခံချင်လို့ ဆရာတော်ကြီးဟာ ပြည်ပမှာပဲ ဆက်နေပါတယ်။ ဒါပေမယ့် ဆရာတော်ကြီး ရောက်နေတဲ့ နိုင်ငံရဲ့  မြန်မာသံအမတ်ကြီးက မြန်မာပြည်ကို ပြန်ကြွပြီး ဘွဲ့တံဆိပ်ကို အလှူခံယူဖို့ ဆရာတော်ကြီးကို သွားရောက် လျှောက်ထားပါတယ်။ ထိုအခါမှာ ဆရာတော်ကြီးလည်း မငြင်းသာတော့ဘဲ မြန်မာပြည် ပြန်ကြွပြီး ဘွဲ့တံဆိပ်ကို လက်ခံယူခဲ့ရတယ်။ ရလာတဲ့ ဘွဲ့တံဆိပ်ကိုတော့ ချောင်ထိုးထားလိုက်ပါတယ်။

ရန်ကုန်မြို့က ထင်ရှားတဲ့ အခြားကမ္မဌာန်း ဆရာတော်ကြီးတစ်ပါးဆီကို ဗိုလ်ချုပ်ကြီးခင်ညွန့် လာဖူးတယ်။ မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းများရဲ့ ထုံစံအတိုင်း ပုခုံးပေါ်က အပွင့် ကြီးရင် ကြီးသလောက် အထူးဧည့်ခံ ကြိုဆိုရပါတယ်။ ဒကာတွေက ကော်ဇောတွေခင်းပြီး အထူး မွမ်းမံပြင်ဆင်မှုတွေ လုပ်တဲ့အခါမှာ ဆရာတော်ကြီးက တားမြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ရောက်လာတဲ့အခါမှာ ဆရာတော်ကြီးက သာမာန်ဒကာတစ်ယောက်လိုပဲ အဖူးမြှော်ခံခဲ့ပါတယ်။

(၃)

အာဏာမြဲအောင် လုပ်တဲ့နေရာမှာ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း တရားနည်းလမ်း ကျတာ မကျတာ အရေးမကြီးပါ။ အာဏာမြဲရေးသာ အဓိကပါ။ အာဏာမြဲရေး နည်းလမ်းများစွာ ရှိတဲ့အထဲမှာ ဆရာတော် သံဃာတော်များကို လာဘ သက္ကာရ သိလောကဖြင့် စည်းရုံသိမ်း သွင်းခြင်းဟာလည်း နည်းလမ်းတစ်ခုအနေဖြင့် ပါဝင်နေမှာ သေချာပါတယ်။

စစ်ဗိုလ်တွေနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတစ်စုသာ ထားစရာမရှိအောင် ကြွယ်ဝချမ်းသာနေကြပေမယ့် ပြည်သူအများစုဟာ ခက်ခဲပင် ပန်းစွာ အသက်ရှင်သန် ရုန်းကန်နေကြရဆဲပါ။ ပြည်သူအများဟာ ရာစုနှစ် ထက်ဝက်ကျော် စနစ်ဆိုးရဲ့ သားကောင်ဘဝ ရောက်ခဲ့ကြရတယ်။ ပြည်သူ့မျက်နှာ ထောက်ရမှာပါ။ နိုင်ငံရေးဟာ ရဟန်းသံဃာနဲ့ မဆိုင်သလို နေပြီး စစ်အာဏာရှင် စနစ်ဆိုးကြီး သက်ဆိုးရှည်အောင် ကူညီထောက်ပံ့သလို လုပ်နေရင်တော့ ဗုဒ္ဓလမ်းစဉ် မကျနိုင်ပါ။ ဘုရားအလောင်းတော်အနေဖြင့် ပါရမီဖြည့်ခဲ့စဉ် ဘဝပေါင်းများစွာက တရားတဲ့ ဘက်မှ ရပ်တည်ခဲ့တာကို အမှတ်ရကြမှာပါ။

ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သံဃာတော်များရဲ့  သမိုင်းအစဉ်အလာကောင်းကို ဆက်လက် ထိန်းသိမ်းသွားရမှာပါ။ ယခု ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုမှာလည်း သံဃာတော်များရဲ့  အားပေးထောက်ခံလာမှုကို ကြိုဆိုကြရပါမယ်။ တရားမျှတပြီး ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီလူ့ဘောင်တစ်ရပ် ပေါ်ပေါက်လာရေးမှာ သံဃာတော်များရဲ့  ပံ့ပိုးကူညီမှုကို အမြဲမသွေ လိုအပ်နေမှာ အမှန်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “အရှင်စန္ဒိမာ (မွန်စိန်တောရ) – သံဃာတော်များရဲ့ သမိုင်းအစဉ်အလာကောင်း
  1. ရွှေညဝါဆရာတော် ဟာမှူးကြီးရဲ့ဆွေမျိုးတစ်စုကျောင်းအလှူလက်ခံရှိခဲ့ပါတယ်။ nld ပါတီရဲ့ဆွမ်းကပ်အလှူ လက်ခံမိတာနဲ့ ကျောင်းကပါနှင်ထုတ်ခံရတယ်လို့ တပည့်တော်တွေးထင်မိပါတယ်ဘု ရား။တပည့်တော်အထင်မှားချင်လည်းမှားနှိုင်ပါတယ်။မှန်ချင်လည်းမှန်နှိုင်ပါတယ်ဘုရား။ ကိုယ့် ရန်သူလိုသဘောထားသူ ကို လက်ခံမိတာနဲ့ဘုန်းကြီးရဟန်းသံဃာအပေါ်ရန်သူလို မဆက်ဆံသင့် ကြောင်းပါဘုရား။ဘုရားအလောင်းတော်ဘဝအဆက်ဆက်မှာ တရားတဲ့ဘက်ကရပ်တည် ခဲ့ တာ ဗုဒ္ဓစာပေကျန်းဂန် များမှာ ဖတ်ရှု လေ့ လာရပါတယ်ဘုရား။ အလောင်းတော်တို့ သည် လောကကောင်းကျိုးဆောင်ရွက်ခဲ့ကြပါသည်ဘုရား။လောကကောင်း ကျိုးဆောင်ရွက်သူသည်အလောင်းတော်တို့ ၏ ထုံး နှလုံးမူသူတွေဖြစ်ပါတယ်ဘုရား

  2. နိုင်ငံသမားဆိုတာက သမာသမတ်ကျတဲ့ သူက ခပ်ရှားရှားပါ- သူတို့ ကိုထောက်ခံရင် ဘုရားဟောတဲ့ တရားဓမ္မ မဟောဘဲ နိုင်ငံပါတီ ကောင်းကြောင်းဇောင်းပေးဟောလျှင် အဲဒီ ကိုယ်တော်မှ ဘုရားသားတော် အစစ်လို့  ချီးမွန်းကြတယ်- အဲဒီလို မဟုတ်ဘဲ ပြောင်းပြန်ဟောမိလျှင် နိုင်ငံရေးလုပ်ချင် လူထွက်ပါလား ဘုန်းကြီးဖြစ်ပြီး နိုင်ငံရေးတရား ဟောရကောင်းလားဆိုပြီး ၀ိုင်းသမကြပြန်ရော- ကိုယ့်ဘာသာ ကိုယ် အေးအေးနေတာ အကုသိုလ်နဲပါတယ်-

Comments are closed.