Uncategorized

Maung Oo – Cloud Whisper

“တိမ် စေသူ”
မောင်ဦး ၊ နိုဝင်ဘာ ၁၊ ၂၀၁၃

‘တိမ်ပွေပွေလေအဝှေ့မှာ
မြောက်မြေဆီ
အောက်ခြေရွှေ့ပြန်တော့
သည်မေ့သခင်ကိုဖြင့်
တမြင်မြင် မြင်ယောင်မှန်းနေလို့
ခင်းသာရင် ရွာစဉ်တန်းကိုဖြင့်
လှမ်းလိုက်ပါ့တိမ်ပြာရယ်လို့ …’
 (ကြည်အေး “မိုးတိမ်ကိုမှာ” ကဗျာ) 
မိုးတိမ်တွေကို ငေးမောကြည့်နေမိသည့်အခါတိုင်း ခံစားမှုတစ်ခုဖြစ်ပေါ်လာတတ်သည်။ သည်တုန်းကတော့ ဤခံစားမှုကို အဓိပ္ပါယ်ဖော်၍မရခဲ့။ တစ်လောက ‘နေဝင်းမြင့်’ ၏ ‘မိုးတိမ်များ’ အက်ဆေးကို တစ်ခေါက်ပြန်ဖတ်ဖြစ်တော့မှ မိုးတိမ်တွေကို အမှာစကားတွေပါးချင်နေခဲ့တာကို သတိထားမိခဲ့သည်။ မိုးတိမ်တွေကို ပြောပြချင်နေတာတွေ ကျွန်တော့်မှာရှိနေခဲ့သည်။ 
ကျွန်တော် တိမ်များကိုကြည့်လျင် သည်အတိုင်းပဲ ငေးကြည့်နေရတာကို အရသာတွေ့နေတတ်သည်။ တိမ်တွေကို ပုံမဖော်။ ပန်းချီရေးရန် မကြိုးစား။ အနီး၊ အဝေးတွေ၊ အရောင်တွေ၊ အသွေးတွေ၊ အနု၊ အရင့်တွေထည့်ဖို့ မမှတ်ချင်။ တစ်စုံတစ်ရာ အားထုတ်မှု မည်သည့်တစ်ခုကိုမျှမပြုလုပ်လို။ စိတ်ကိုဖြေလျော့လျက်၊ သက်တောင့်သက်သာရှိစေလျက်၊ ကြည်လင်လန်းဆန်းစွာ ထိုင်ကြည့်နေတတ်သည်။ သတိရမိသည်က
“တိမ်တွေဟာ ကောင်းကင်ရဲ့ ပေါင်းမြက်တွေမဟုတ်။ ကောင်းကင်ရဲ့ သစ်တောသာ ဖြစ်တယ်”
ဆိုသော တင်စားချက်။ ကျွန်တော် သဘောတူသည်။ ကောင်းကင်၌ ချိတ်ဆွဲထားသည့် စိမ်းလန်း၊ ငြိမ်းချမ်းသည့်ရှုမြင်ကွင်းကြီးတစ်ခု။
သူတို့သည် အမြဲတမ်းလိုလို ပြောင်းလဲနေတတ်သည်။ လွတ်လပ်ကျယ်ပြန့်လှသည့် ကောင်းကင်ကြီးထဲမှာ သွားလာလှုပ်ရှားနေကြသော ခရီးသွားများဖြစ်ကြသည်။ တစ်ခါတစ်ရံ လေးလံနေသယောင် ထင်ရသော်လည်း သက်တောင့်သက်သာရှိလှသည်။ တစ်ခုထူးဆန်းသည်မှာ သူတို့သည် အောက်ကိုငုံ့ကြည့်နေလေ့မရှိ။ ဦးတည်ရာကို ခေါင်းမော့၊ လည်ဆန့်၍ တရွေ့ရွေ့သွားနေတတ်သည်။ အမှာစကားပါးချင်သူတွေကိုလည်း ဂရုတစိုက်နှင့် သတိပြုမိပုံမရ။ မိတ်ဆွေဖွဲ့လိုသူများကိုလည်း အေးစက်စက်နှင့် ခင်မင်ရင်းနှီးလိုသည့်အရိပ်အယောင်မျှပင် ပြသလေ့မရှိ။ သူတို့ကိုကြည့်ရသည်မှာ သူတို့တန်ဖိုးထားသလို၊ ပိုင်လည်းပိုင်ဆိုင်ထားသည့် အရည်အချင်းများအပေါ်တွင် ဂုဏ်ယူနေကြပုံရသည်။ သီးသန့်ဆန်လိုမှု နှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော ခန့်ထည်မှုတို့လည်းရှိသည်။
‘ကာလီဒါသ’ ၏ ‘မေဃဓူတ’ တိမ်စေကဗျာကြီးမှာ မိုးတိမ်တွေ၏အကြောင်းကို ဖတ်ရသည်။
“ အို … မိုးတိမ် … သင်သည်ကား လောကတွင် ထင်ရှားသည့် ပေါက္ခရ နှင့် အာဝတ္တက အမည်ရှိသော မိုးတိမ်တို့၏ အမျိုးအနွယ်လည်းဖြစ်ပါသည်။ သိကြားမင်း၏ အရေးပါ၊အရာရောက်သော သံတမန်ကြီးလည်းဖြစ်ပါသည်။ အလိုရှိတိုင်း မိမိကိုယ်ကို ဖန်ဆင်းနိုင်သူလည်းဖြစ်ပါ၏။ ထို့ကြောင့် ချစ်သူနှင့်ကွဲနေရသော ငါသည် သင့်ထံမှာ တောင်းပန်နေရခြင်း ဖြစ်ပါသည်။ (အမှန်တရားကို ပိုင်ဆိုင်သည့် ဂုဏ်ရှိသော) ဂုဏ်ကြီးရှင်တို့ထံမှာ တောင်းပန်ရခြင်းသည် အကျိုးမပြီးသည့်တိုင် သူယုတ်မာတို့ထံမှ လိုရာအကျိုးကို ရသည်ထက် မြတ်ပါသေးသည်။ ” 
“အမှန်တရားကို ပိုင်ဆိုင်သည့်ဂုဏ်” ။ ဒါကို ကျွန်တော် နှစ်သက်သည်။ 
ကာလီဒါသ နှင့် ကြည်အေးတို့လို ချစ်သူထံသို့ အမှာစကားပါးလိုက်ချင်စရာတွေ မရှိသော်လည်း မိုးတိမ်တွေကို ပြောပြချင်တာတွေ၊ မှာလိုက်ချင်တာတွေ ကျွန်တော့်မှာ အတော်များများရှိသည်။ နှစ်ကာလများကို ဖြတ်သန်းခဲ့ပြီးသည့်နောက် ကျွန်တော့်မှာ ဒဏ်ရာတွေ၊ နာကျင်မှုတွေ၊ နာကျည်းမှုတွေရှိသည်။ မရယ်ရသော ဟာသတွေရှိသည်။ မျိုသိပ်ထားခဲ့ရသည့် အမှန်တရားတွေ၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေရှိသည်။ ခါးသီးသော အတိတ်ကာလများရှိသည်။ခက်ခဲကြမ်းတမ်းသည့် ပစ္စုပ္ပန်ရှိသည်။ “လင်းလက်တောက်ပသည်” ဟု ယုံကြည်၊ မျှော်လင့်ရန် ဖြစ်နိုင်ခြေ အနည်းငယ်မျှသာရှိသော အနာဂတ်ရှိသည်။ ဤအကြောင်းတွေကို သိစေချင်သူအချို့လည်းရှိသည်။
မိုးတိမ်တွေကို မကြာခဏ ငေးကြည့်နေမိတတ်သည်။ ။

ကိုးကား။ ။ မိုးတိမ်များ (ဆရာ နေဝင်းမြင့်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts