အမျိုးသမီးဆိုတာ အလှကြည့်ခံ လိင်စွဲဆောင်မှု အတွက် သက်သက် မဟုတ်ဘူး
ငြိမ်းချမ်းအေး
မိုးမခ ။ ၀၁ ဇွန်၊ ၂၀၁၄
အာရှ ပစိဖိတ် ကမ္ဘာ့ အလှမယ် ပြိုင်ပွဲမှာ ဗမာပြည်က အလှမယ် သရဖူ ဆောင်းနိုင်ခဲ့တာ ဗမာများ အတွက် ဝမ်းသာ စရာပါ။ ၂၀၁၁ က မှ စခဲ့တဲ့ ဒီပြိုင်ပွဲ ဟာ တခြား ကမ္ဘာ့ အလှမယ် ပြိုင်ပွဲတွေလို အထင်ကရ ရှိ၊ လူသိများလှချည်းရဲ့ မဟုတ်ပေမယ့် ဘာပဲဖြစ်ဖြစ် အခုလို နိုင်ငံတကာ အဆင့် ပြိုင်ပွဲ မှာ ဗိုလ်ဆွဲ နိုင်တာ ကျေနပ်စရာပါပဲ။
တိုင်းပြည်မှာ စစ်တပ် စတင် ကြီးစိုးချိန် ၁၉၆၂ ကစလို့ မယ်ဗမာ တွေကို နိုင်ငံတကာ ပြိုင်ပွဲတွေ မလွှတ်တော့ဘူး။ ပြည်တွင်းမှာလည်း ရေကူးဝတ်စုံ ဝတ် ပြိုင်ရတဲ့ အလှပြိုင်ပွဲတွေ ပိတ်ခံထိတယ်။ အကြောင်းပြချက်ကတော့ မယ်မယ်ရရ မရှိပါဘူး၊ စစ်တပ် အာဏာ တည်တံ့ဖို့ ဖော်ဆောင်လာတဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒ တစိတ်တဒေသ မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု ယဉ်ကျေးမှု နဲ့ မကိုက် ဆိုတာပါပဲ။
ဒီလို အကြောင်းပြချက် မျိုး ကို တခြား အားကစားနည်းတွေမှာလည်း ပေးပြီး ပိတ်ပင်တတ်တယ်။ ဒီဘက် နဝတ၊ နအဖ ခေတ် အမျိုးသမီး သဲသောင်ပြင် ဘော်လီဘော ပြိုင်ပွဲ အရှေ့တောင်အာရှ ပြိုင်ပွဲတွေမှာ စထည့်တော့ ရေကူး ဝတ်စုံဝတ်ရခြင်း အကြောင်းပြ ဗမာ အမျိုးသမီး အသင်းကို မလွှတ်ခဲ့ဘူး။ တကယ်တော့ အသစ်ထည့်တဲ့ ပြိုင်ပွဲတွေ ဆိုတာ နိုင်ငံတိုင်း လိုလို အစ က စရလို့ ကိုယ့် အသင်း ပါရင် ဆုတံဆိပ် ချိတ်နိုင်တယ်၊ ရေရှည် အောင်မြင်ဖို့ အတွက်လည်း လက်ဦးမှု ယူနိုင်တယ်။ ဒါပေမယ့် ဆိုခဲ့သလို အမျိုးသားရေး အမြင်ကြီးလှတဲ့ စစ်ဗိုလ်ချုပ်ကြီးများက ရေကူးဝတ်စုံ ကို မျက်မုန်းကျိုးခဲ့တယ်။
သူတို့ ကြည့်မရတာကလည်း တိုင်းပြည်ကို ခေတ်နောက်ပြန်ဆွဲစေတဲ့ နိုင်ငံ့ ပေါ်လစီ မှာ သာ ကြည့်မရကြတာမျိုးရယ်ပါ။ စစ်ဗိုလ်ကြီးများ အချင်းချင်း ဖြုတ်ထုတ်သတ်တွေ လုပ်တော့ တယောက် အရှုပ်ထုပ် တယောက် ဖော်ကောင် လုပ်ကြရင်းနဲ့ အညှီအဟောက် အရိအရွဲ ခြင်ထောင် ဇာတ်လမ်း တချို့ ပြည်သူတွေမှာ ကောလာဟလ အနေနဲ့ သိခဲ့ရတာ က ဗိုလ်ချုပ်ကြီးများ ကြယ်ငါးပွင့် ဟိုတယ် ခန်းမှာ ကိုယ်လုံးတီး မင်းသမီး ကြောင်လျှောက် လျှောက်တာ ကြည့်တော်မူခဲ့ ဆိုပဲ။ ထားပါတော့.. ပုပ်လို့ ပေါ်တဲ့ ဇာတ်လမ်းတွေ။
ဒီဘက် ခေတ်ပြောင်းချိန် ဆိုတဲ့ စစ်တပိုင်း အစိုးရခေတ် မှာ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲတွေကို ပြန် ဝင်ပြိုင်လာတယ်။ သတင်းဖြန့်ကျက်မှု မြန်တဲ့ အွန်လိုင်း ခေတ်ဆိုတော့ လူအများလည်း စိတ်ဝင်စားမှု ရှိကြတယ်။
ဒီလို ကိုယ်ခန္ဓာ အလှ အသားပေး ဖော်ပြ ဝတ်ဆင် ယှဉ်ပြိုင်ရတဲ့ နိုင်ငံတကာ ပွဲတွေမှာ ဗမာမယ်တွေ ပြိုင် ယှဉ်ပြိုင် လာတဲ့ ၂၀၁၂ ဝန်းကျင် အစပိုင်းမှာ တုန်းက စိုးရိမ်စိတ် ဝင်ခဲ့ဖူးတယ်။ အမျိုးဘာသာ သာသနာ နိုးကြားနေတဲ့ ခေတ်ကြီးမို့ ရေကူးဝတ်စုံ ကို ခလုတ်လာတိုက်ကြဦးမလားပေါ့။ ဒါပေမယ့် ဗမာ အမျိုးသားရေး သမား များ ဒါမျိုး မှာ အမြင် မကျဉ်း ခေတ်နောက်ပြန် မဆွဲကြပါဘူး၊ ဝက်ဝက်ကွဲ ထောက်ခံ အားပေးကြတယ်။ ပြိုင်ပွဲ မဟုတ်ဘဲ အလှ ဖော်သူ၊ ပေါ်သူ ကို တော့ နင်ပဲငဆ နင့်နင့်သီးသီး သားပြော မယားပြော ဆိုကြ ဆဲကြပေမယ့် ပြိုင်ပွဲ ဆိုရင်တော့ ပြိုင်သာပြိုင် ဆိုကာ “မြန်မာဟေ့..” ကြွေးကြော် အားပေးကြတယ်။
ဘယ်လို အကြောင်းကြောင့် ဖြစ်ဖြစ် နိုင်ငံတကာ နဲ့ ဆက်စပ်တဲ့ အလှမယ် ပြိုင်ပွဲတွေကို ပြည်တွင်းက ခါးခါးသီးသီး မကန့်ကွက် မရှုတ်ချကြတာ ဝမ်းသာ ကျေးဇူးတင်ရတယ်။ ကမ္ဘာ က ရှေးရိုးစွဲ လူ့အဖွဲ့အစည်း တချို့မှာတော့ ဒီလို ပြိုင်ပွဲတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက် ကြတာတွေ ရှိတယ်၊ ရုပ်ပျက်ရတယ်။
နိုင်ငံတကာ မှာ ဒီလို ရုပ်ရည် နဲ့ ခန္ဓာကိုယ် အလှ အသားပေး ပြိုင်ပွဲတွေကို ဆန့်ကျင်ကြရမှာ ခေတ်နောက်ပြန် သမားတွေ အပြင် တိုးတက်တဲ့ အမျိုးသမီးဝါဒီ အဖွဲ့အစည်း တွေလည်း ပါတယ်။ သူတို့ ကန့်ကွက်တာကြတော့ သဘော ကို ကန့်ကွက်တာပါ။ ဝါသနာ၊ ဆန္ဒ၊ ရွေးချယ်မှု အရ ပါဝင် ယှဉ်ပြိုင်သူ တဦးချင်း ကို၊ ဒါမှမဟုတ် ဝတ်စားဆင်ယင်ပုံ ကို မနှစ်လို ဆန့်ကျင်တာမျိုးမဟုတ်ဘဲ ကာယ အလှ ပြိုင်ပွဲ ဆိုတဲ့ သဘောကြီး တခုလုံး ကို ထောက်ပြ လူ့ အဖွဲ့အစည်း ကို ဝေဖန်ဆန်းစစ် ခိုင်းကြတာပါ။
ကမ္ဘာ့ လူ့အဖွဲ့အစည်း တိုင်းမှာ သမားရိုးကျ ဆိုရင် အမျိုးသမီးများဟာ အလှ အပ၊ ဆွဲဆောင်မှု ရှိမှု အစရှိတဲ့ အရေပြား တထောက်စာ သဘော နဲ့သာ ညီမျှခြင်း ချ ခံရတယ်။ အမျိုးသမီး စွမ်းဆောင်ရည် ဟာ ဒီထက် ပိုကြောင်း သက်သေ သာဓက ဖြစ်စဉ် မြောက်မြားစွာ ရှိခဲ့၊ ရှိနေလည်း ‘မ’ နဲ့ ‘အလှ’ ဟာ ထပ်တူကျ ပုံဖော်ခံရလျက်ပဲ ရှိနေသေးတယ်။
အလှကို ဖန်တီးတတ်ခြင်း၊ မြတ်နိုးတတ်ခြင်း ဟာ လူသားပီသမှု လူသားတရား မဟုတ်လား၊ ဒါကို ချီးမြှောက် စင်ပေါ်တင် ယှဉ်ပြိုင် သရဖူ ဆောင်းခိုင်းတာ ဘာမှားသလဲ ဆိုရင် မမှားပါဘူး။ ဒါပေမယ့် အမျိုးသမီး ဂုဏ်ရည် ဟာ အပေါ်ယံ အလှ၊ လိင်စွဲဆောင်မှု သက်သက် ‘ကျား’ သတ္တဝါကြီးများ တဏှာ အာသာ ငမ်းငမ်းထ အလှကြည့်ခံရာ ရုပ်ဝတ္ထု ပစ္စည်းထက် ပိုကြောင်း ကိုတော့ မဟာဖို သမား များကို သတိပေး ထောက်ပြ ရပါမယ်။ လူ့အဝန်းအဝိုင်းမှာ အသားကျနေတဲ့ အမျိုးသမီး ကို အလှတရား နဲ့သာ တွဲမြင်နေမှု သဘောကို ပျောက်အောင် တိုက်ထုတ်ရပါမယ်။
နိုင်ငံတကာ အလှမယ် ပြိုင်ပွဲတွေကလည်း ဒီလို သဘော ကို ချေဖျက်နိုင်အောင် တတ်နိုင်သလောက် စွမ်းဆောင်ကြတယ်။ ပြိုင်ပွဲ အမှတ်ပေးမှု စည်းမျဉ်းတွေမှာ ရုပ်ရည်၊ ခန္ဓာကိုယ် အချိုးအစား စတဲ့ အပေါ်ယံ အလှ သဘော အပြင် ပြိုင်ပွဲဝင် အမျိုးသမီးငယ် ရဲ့ ဉာဏ်ရည်၊ ကိုယ်ရည်ကိုယ်သွေး၊ သွက်လက်ချက်ချာမှု၊ ဖြတ်ထိုးဉာဏ်ရှိမှု၊ အထွေထွေ ဗဟုသုတ စတဲ့ လူသား အရည်အချင်း Personality ကိုလည်း စစ်ဆေးတဲ့ မေးခွန်းတွေ ထည့်ရပါတယ်။
အခု ဗမာမယ် ပထမ ရတဲ့ ပြိုင်ပွဲ ကျင်းပပုံ သဘောကို မသိပေမယ့် ဒီလို အရည်အသွေး စစ်ဆေးမှု တွေ အနည်းအများ ပါမှာသာဖြစ်တဲ့ အတွက် အမျိုးသမီးငယ် ဟာ နိုင်ငံတကာတန်းဝင် သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောနိုင်ဆိုနိုင် လူတောတိုးသူလေး ဖြစ်မယ် ယူဆရပါတယ်။
စကားစပ် လို့ တဆက်တည်း ဆိုရရင် ဗမာ အများ ရဲ့ ဓလေ့ အကျင့် မှာ လူမှု ဆက်ဆံရေး အင်မတန် အားနည်းပါတယ်။ လူတောသူတေား အလွန် မတိုးသူများပါ။ (စာရေးသူ ကျနော် က အစပါ။) လူအများနဲ့ ဆို ဗမာများ နှုတ်စ အာစ နည်းတာများပါတယ်။ မျိုးခြား ဘာသာ ဒုတိယ စကားနဲ့ ဆိုရင် ပိုဆိုးပါတယ်။ နိုင်ငံတကာ မှာ ဆိုရင် ပိုသိသာတယ်။
ဗမာ များ နိုင်ငံတကာ မှာ ပညာ နဲ့ သွားလာ လုပ်ကိုင် စားသောက် အသက်မွေးနေတာ အများကြီးပါကွာ ပြန် ဆိုနိုင်ပေမယ့် အဆိုပါ ပညာတတ် ဆိုသူများ ကိုယ်တိုင် လုပ်ငန်းခွင်မှာ အရေးပါ၊ အရာရောက်ချင် ရောက်ပေမယ် လူမှုဆက်ဆံရေးမှာတော့ ယေဘုယျ သဘော အားနည်းကြတာ များပါတယ်။ လူထူထူ ရှိရင် ဗမာအများဟာ မသာအိမ် အသုဘရှု လာသလို မျက်နှာပေးနဲ့သာ ခပ်မဆိတ် ထိုင်နေတတ်ကြပြီး တစိမ်းနဲ့ စကားပြောဆို နှုတ်ဆက် တဲ့ အလေ့ နည်းလှတယ်။ တိုင်းပြည်က စနစ်ဆိုးဒဏ်ကြောင့် နိုင်ငံတကာမှာ လူရာမဝင် ရာကနေ စွဲကပ်ခံတဲ့ မသိစိတ်က အငုံ့စိတ် ဖြစ်မယ် ထင်တယ်။
အလှမယ်ပြိုင်ပွဲ ပြန်ဆက်ရရင် ဆိုခဲ့သလို လူ့အရည်အသွေး ကို ဖော်ထုတ်ပြသနိုင်မှု သတ်မှတ်ချက်တွေ အမှတ်ပေးစည်းမျဉ်း မှာ ထည့်ထားပေမယ့် အမှတ်ရာခိုင်နှိုင်း အများစုကတော့ အပေါ်ယံ အလှ၊ အရေပြား တထောက်စာ က အဓိက သဘော ဖြစ်နေလျက်ပါပဲ။
ဒီသဘောကို ကျားဗဟိုပြု ဖြစ်နေဆဲ ဖြစ်တဲ့ ဗမာ့ လူ့အဖွဲ့အစည်းက မြင်ကြည့် နိုင်ရပါမယ်။ အမျိုးသမီး အရည်အသွေး ဆိုတာ ယောက်ျား များ တန်းတူ ကဏ္ဍ တိုင်း အတွက် ဆိုတဲ့ အသိ တိုင်းပြည်မှာ ကျယ်ပြန့်အောင် နှိုးဆော်ရပါမယ်။
အမျိုးသမီး အလုပ်၊ ဝါသနာ၊ စူးနစ်မှု၊ ထူးချွန်မှု ဟာ အရေပြား အလှ၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု၊ ဖက်ရှင်၊ အလှကုန်ပစ္စည်း၊ ဆံပင် အရောင်ဆိုးခြင်း၊ အလှ အတွက် ခွဲစိတ်ပြုပြင်မှု ထက် ပိုကြောင်းကို ဗမာပြည်က အမျိုးသမီးများ သမိုင်း အစဉ်အဆက် စာပေ၊ ဂီတ၊ ပညာ၊ စီးပွား၊ လူမှု၊ နိုင်ငံရေး အားကစား ကဏ္ဍ စုံ မှာ ပြသနိုင်ခဲ့ကြတယ်။ ဒါကို ရှေ့တန်းတင် ပွဲထုတ်ကာ အဖြစ်မရှိဘဲနဲ့ နေရာတက်ယူချင်၊ အခွင့်အရေး ပိုလိုချင်နေတဲ့ ဗမာ ကျား သတ္တဝါ မဟာဖို သမားများ၊ အထူးသဖြင့် လိင်ခွဲခြားမှု အခံ အမြင် ဒီကရီ အပြည့် ရှိတဲ့ စစ်အာဏာရှင် စနစ် နဲ့ စစ်ဗိုလ်ချုပ်ကြီးများ အကျွတ်တရား ရအောင် ကြံဆောင်ရပါမယ်။
ဗမာ စစ်ဗိုလ်ကြီးများ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး အာဏာ ရမှာ မနှစ်လိုခြင်း ဟာ အာဏာ အကျိုးစီးပွား အလိုလောဘ အကြောင်းကြီးတွေ အပြင် သူတို့ထက် ပိုသိ၊ ပိုတတ်၊ ပို လူရာဝင်၊ လူချစ်ခင် ထောက်ခံမှု များတဲ့ အမျိုးသမီး ခေါင်းဆောင်ဖြစ်တာကြောင့် ဆိုတဲ့ အချက်လည်း ပါပါတယ်။ ဒါကို မေမေ့ သားသမီး ကိုဒီမို ဆိုသူ ကျပ်မပြည့် လုံးလျော့များကလည်း “ထဘီ ဝတ် မိန်းမ တယောက်” ကို ကြောက်နေတယ်၊ ဘာညာ လိင် ခွဲခြား အသားပေး ဆိုတတ်ကြသေးတယ်။
တဘီ ဝတ်တော့ ဘာဖြစ်သလဲ၊ သုံးတောင်ဝတ်ဝတ်၊ ဆယ်တောင် မကလို့ အတောင် တစ်ရား ဝတ်ဝတ် လူမှာ အကျင့်၊ သီလ၊ သမာဓိ၊ ပညာ က သာ အခရာ ကျ တာ မဟုတ်လား။ နိုင်ငံရေး၊ အုပ်ချုပ်ရေး မှာ လိင် ခွဲခြား ဘာဆိုစရာ လိုသလဲ၊ အရည်အချင်း နဲ့ သီလ ကျင့်ဝတ် ကိုပဲ ယှဉ် ဆိုရမှာပေါ့။
ထားပါ၊ ဆိုချင်တာက ဗမာ့ လူ့အဖွဲ့အစည်းမှာ စွမ်းဆောင်ရည်မြင့် အမျိုးသမီးကြီးတွေ ကဏ္ဍ တိုင်းမှာ ခေတ်အဆက်ဆက် ဦးဆောင် ရှိခဲ့ပေမယ့် လူမှုသတ်မှတ်ချက် အမြင် သဘော ခံယူချက်မှာတော့ ‘မ’ ဆိုရင် ‘ကျား’ ထက် တဆင့်နှိမ့် မြင်နေဆဲ ဖြစ်တယ်။ အမျိုးသမီးဆိုရင် အလှအပ ခံစားမှု အသားပေး၊ အိမ်ထောင့် တာဝန် ထမ်းဖို့ သက်သက်၊ လိင် ဖျော်ဖြေလိုမှု အသုံးချ သက်သက် သာ ယောက်ျားကြီးများ မြင်နေဆဲ၊ သမားရိုးကျ အမျိုးသမီး အများ ခံယူနေဆဲ ဖြစ်တယ်။ ဒါကို ပျောက်အောင် တိုက်ရပါမယ်။
အခု အလှမယ် ပြိုင်ပွဲတွေ၊ ဖက်ရှင် သရုပ်ပြ အမျိုးသမီးငယ်တွေ ခေတ်စား လာ စီးပွား ဈေးကွက် မှာလည်း အောင်မြင်၊ ဝင်ငွေ ရ လူသိများ ခေတ်စားနေတာ ကောင်းပါတယ်။ အရောင်းမြှင့်တင်ရေး အဓိကကျတဲ့ အရင်းရှင် ဈေးကွက် စီးပွားရေး စနစ် မှာ အမျိုးသမီးငယ် အများအပြား ပင်ကိုယ် အလှအပ၊ အရပ်အမောင်း ကို အသုံးချ ကိုယ်ဟန်ပြမယ် တွေ အဖြစ် အသက်မွေးဝမ်းကြောင်း လာနိုင်တာလည်း ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းတွေ ရှိပေမယ့် ဘာပဲဖြစ်ဖြစ် ကြိုဆိုပါတယ်။ ဗမာအလှမယ် များ ပေါ်ပြူလာ ဖြစ် လူကြိုက်များမှု ကို အသုံးချ လူမှုရေး လုပ်ငန်းတွေမှာ အားတက်သရော ဝင်ရောက် လုပ်ကိုင်နေကြတာလည်း ဝမ်းသာစရာပါပဲ။
ဒါပေမယ့် ဗမာ အမျိုးသမီးငယ်များ two pieces ဝတ်လျက်ကနေ ခေါင်းမော့ ရင်ကော့ပြီး “ငါတို့ ဟာ နင်တို့ ယောက်ျားကြီးတွေ မျက်စိ အရသာ ခံ၊ တဏှာစိတ်ဖြေဖို့ သက်သက် မဟုတ်ဘူး၊ ငါတို့ ရင်ဘတ် အရွယ်အစား ထက် ငါတို့ ဦးနှောက် အရွယ်အစား ကို နင်တို့ တန်ဖိုးထားတတ်ပါစေ” ဆိုပြီး လက်ညှိုး ငေါက်ငေါက် ထိုး အသံကျယ်ကျယ် ထွက်ဖို့တော့ လိုနေပါသေးတယ်။ ဗမာပြည်က ကျားကြီးများလည်း နားလည် လက်ခံတတ်ဖို့ လိုနေပါသေးတယ်။
ကျား၊ မ၊ လိင်၊ လိင်တိမ်းညွတ်မှု၊ လူမျိုး၊ ဘာသာ၊ အသားအရောင် မတူကွဲပြားမှု အားလုံး ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ အနာဂတ် ဗမာပြည်ကို မျှော်ရည်လျက်…။
ငြိမ်းချမ်းအေး
၀၁ ဇွန်၊ ၂၀၁၄
Watch your spelling. Not Bamar Pyai. Should be Myanmar Pyai. Who is the name of the girl who won the miss Asia Pacific. You never mention the name of the girl to be honor.
Burma is my choice and read one of my old articles to know why.
URL: http://burma.irrawaddy.org/opinion/viewpoint/2012/07/02/13602.html
I don’t know the girl name exactly. It is not my cup of tea. I hardly read those kinds of news. I don’t necessarily need to honour her. She also already made her name and honor by herself.
Besides my article here is not to honour her or about her. You can clearly know that if you read it.
ခေါင်းစဉ် တွင် “စွဲဆောင်” အစား “ဆွဲဆောင်” ဟု ပြင် ဖတ်ရှုပေးပါရန်။ သတိမမူ မိလိုက်သည့် စာလုံးပေါင်း အမှား ဖြစ်ပါသည်။ မိုးမခ စာဖတ်ပရိသတ် အား တောင်းပန် ပါသည်။
ငြိမ်းချမ်းအေး
Main aim is very important.What ever are there typo errors,
which not mislead your aim.