သတင်းပဒေသာ

မြင့်ကျော် – အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ကော်မတီက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ တွေ့ဆုံ

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ကော်မတီက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ တွေ့ဆုံ
မြင့်ကျော်
မေလ ၃၁၊ ၂၀၁၄
 
  
တွေ့ဆုံဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ  – မြင့်ကျော်)

ယမန်နှစ်မတ်လ ကတည်းက လွှတ်တော် ဥပဒေကြမ်းကော်မတီသို့ တင်ပြထားသည့် “အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း Public Service Media bill” ကို လွှတ်တော်တွင် မကြာမီ ဆွေးနွေးတော့မည်ဖြစ်သဖြင့် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၊ အား ကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီက ပြန်ကြားရေးဝန်ကြီး၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) တို့နှင့် တွေ့ဆုံပြီး ဆွေးနွေးခဲ့သည်။

ကိုဇော်သက်ထွေး (မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) (ဓာတ်ပုံ  – မြင့်ကျော်)

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က မည်သည့်အတွက်ကြောင့် နိုင်ငံပိုင်မီဒီယာကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်ပြောင်းလဲရန် လိုအပ်ကြောင်း၊ နိုင်ငံအချို့မှ အများပြည်သူဝန်ဆောင်မှု မီဒီယာ ပုံစံနမူနာနှင့် လက်ရှိ နိုင်ငံပိုင်မီဒီယာများ၏ ၀င်ငွေ PSM ပြောင်းလဲပြီးနောက် ကြော်ငြာမှရယူမည့် ၀င်ငွေအချိုးအစားတို့ကို ရှင်းပြခဲ့သည်။

မြန်မာနို်င်ငံစာနယ်ဇင်းကောင်စီမှ အတွင်းရေးမှူး ဦးကျော်မင်းဆွေက PSM ဆိုသည့်ရည်ရွယ်ချက်ကို မူအားဖြင့်လက်ခံသော်လည်း PSM သတင်းစာထုတ်ဝေသည့်နိုင်ငံ ကမ္ဘာပေါ်တွင် အလွန်ရှားပါးကြောင်း၊ ထို့ကြောင့် PSB (public service broadcasting) ဆိုသည်ကိုသာ လက်ခံနိုင်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေ (ဓာတ်ပုံ  – မြင့်ကျော်)

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က လက်ရှိ နိုင်ငံပိုင်မီဒီယာများမှ အကျိုးအမြတ်ရရှိမှုသည် အရင်းအနှီး၏ ၆၀% ပမာဏအားဖြင့် တလလျှင် ကျပ်သန်း ၉၀၀ ၀င်ငွေရရှိနေသည်ဟု ပြောဆိုသည်။ နိုင်ငံပိုင်မီဒီယာ ကြော်ငြာဝင်ငွေရရှိမှုပမာဏသည် တနေ့လျှင် ကျပ်သိန်း
၃၀၀ ရှိကြောင်းလည်း ၀န်ကြီးကပြောဆိုသွားသည်။ ၀န်ကြီးဋ္ဌာနမှ လေ့လာချက်အရ ပြည်သူများအကြား သတင်းစာပြန့်နှံ့မှု ၈%၊ ရေဒီယို ၃၅%နှင့် ရုပ်သံ ၂၃% ရှိသည်ဟုလည်း ဆိုသည်။ ထို့ကြောင့် ပျံ့နှံ့မှု ၈% သာရှိသည့် သတင်းစာထုတ်ဝေမှုအတွက် ပြည်သူ့ဘဏ္ဍာငွေ မသုံးစွဲသင့်ကြောင်းနှင့် ပျံ့နှံ့မှုများသည့် ရေဒီယိုနှင့် ရုပ်သံတွင်သာ PSM ကိုလုပ်ဆောင်မည်ဆိုလျှင် လုပ်ဆောင်သင့်သည်ဟု စာနယ်ဇင်း ကောင်စီဝင်တဦးက ပြောဆိုခဲ့သည်။

နိုင်ငံပိုင် သတင်းစာ ၂ စောင်နှင့် ရုပ်မြင်သံကြား၊ ရေဒီယိုတို့ကို အများပြည်သူဝန်ဆောင်မှုမီဒီယာ အသွင်ကူးပြောင်းရေးအတွက် ယခုဥပ ဒေကြမ်းကို ယမန်နှစ်စပိုင်းကတည်းက ထုတ်ပြန်ခဲ့သော်လည်း သတင်းမီဒီယာ နယ်ပယ်မှဝေဘန်မှုများနှင့် အခြားသော သတင်းမီဒီယာ ဥပဒေ ၂ ရပ်နှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုန်မှုများရှိခဲ့သည့်နောက် လွှတ်တော်တွင် ဆွေးနွေးခြင်းမပြုသေးပဲ ယခုနှစ် မေလကုန်ထိ ရွှေ့ ဆိုင်းခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် (ဓာတ်ပုံ  – မြင့်ကျော်)

ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသို့ပြည်တွင်း မီဒီယာများအနက် မဇ္ဈိမ မီဒီယာကို ဖိတ်ကြားခဲ့ပြီး၊ အလဲဗင်းမီဒီယာနှင့် နေပြည်တော်အခြေစိုက်
သတင်းထောက်များ တက်ရောက်ခွင့်ရသော်လည်း ရန်ကုန်မြို့မှလာရောက်သည့် ဒီဗွီဘီသတင်းဋ္ဌာန တာဝန်ရှိသူ ၃ ဦးကိုမူ ၀င်ခွင့် မပြုခဲ့ သဖြင့် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts