ကြွေးတင်ရင် ရှင်ဘုရင်ဆပ်ပေလိမ့်
ကိုရာဇာ။ မေ ၂၁၊ ၂၀၁၄
‘ရွှေငွေနဲ့ ဂုဏ်ဒြပ်တို့… မရှိလည်းနေနိုင်ပါတယ်။ တစ်သက်လုံး… .. အလိုအပ်ဆုံးက ဘ၀ကို အရိုး သားဆုံးနေဖို့…”
ဒီသီချင်းသံက ဒီနေရာလေးမှာတင် လည်နေပါ့လားလို့ စိတ်ထဲမှတ်နေမိတယ်….။ ခနနေရင် ဒီအသံထွက်လာရင်း….. ဆိုတော့စိတ်ထဲသိပ်မသင်္ကာတာနဲ့ ဘေးဘီလျှောက်ကြည့်မိတော့မှ … လား..လား ကျနော့်ဖုန်းကမြည်နေတာကိုး။ ကမန်းကတမ်း ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းက miss ဖြစ်သွားပြန်တယ်။ miss call တွေကြည့်လိုက်မှ ဖုန်းနံပတ်တစ်ခုတည်းက ဆယ်ကြိမ်ထက်မနည်း ခေါ်ထားတာတွေ့ရပြန်တော့ အားနာမှု ထပ်ဆောင်းသွားတာပေါ့ဗျာ။ ပြန်ဆက်မှလို့တွေးပြီး ပြန်ခေါ်ဖို့ လုပ်နေတုန်း…….
‘ရွှေငွေနဲ့ ဂုဏ်ဒြပ်တို့… မရှိလည်းနေနိုင်ပါတယ်။ တစ်သက်လုံး… .. အလိုအပ်ဆုံးက ဘ၀ကို အရိုး သားဆုံးနေဖို့…”
ဖုန်းမြည်လာပြန်တယ်။ ကျနော်ပြုံးမိသွားတယ်။ ဒါပေမယ့် ဒီတစ်ချီတော့ဖုန်းဖြေလိုက်တယ်။
“ဟုတ်ကဲ့ ကျနော်ပါ”
“အော် … အကိုရေ။ ကျမတို့ (……….) ပုဂ္ဂလိကဆေးရုံကပါ”
“ဟုတ်ကဲ့ပါခင်ဗျာ…..ပြောပါဗျ”
“အဲ့ဒါ အကိုရေ ၊ ဒီလအတွက် invoice လေးပေးချင်လို့ရယ်။ နောက်တစ်ခုက အကိုတို့ ဘယ်တော့ ငွေသွင်းမလဲ ဆိုတာ … သိချင်လို့ပါ”
ဟုတ်ကဲ့ခင်ဗျာ။ ကျနော်အလှူ့ရှင်ကို ဖုန်းဆက်ကြည့်ပါမယ်ခင်ဗျာ။ ပြီးရင်အကြောင်း ပြန်ပါ့မယ်နော်၊ ကျေးဇူးတင်ပါတယ်။”
ဖုန်းချစကားပြောပြီး ကျနော် မချိတင်ကဲ သွားဖြဲမိတယ်။ ဖုန်း Ring tone ကို တစ်ယောက်ယောက်က ပြောင်းသွားဟန်တူတယ်။ ဒါကို တစ်ဖက်က သူတို့ဆေးရုံဖုန်းမို့ တမင် မကိုင်တယ် ထင်သွားသလားမသိဘူး…။ အားနာလိုက်တာဗျာ….။ အားနာနေတာတစ်ခု၊ အဘ ကျနော်တို့အဘ …၊ တိုင်းပြည်ရဲ့အဘ….၊ အဘကို ပြန်တတယ်။ အဘဆိုတော့မှ ဟံသာဝတီဦးဝင်းတင်ပေါ့ဗျာ။ အဘကို တမ်းတရင်းနဲ့ လွန်ခဲ့တဲ့ တစ်နှစ်သားကို စိတ်ပြန်ရောက်သွားတယ်။
ကျနော့်ဆီကို လူတစ်ယောက် ရှင်းရှင်းပြောရရင် တိုင်းသိပြည်သိ သူဌေးကြီးတစ်ယောက်က တစ်ဆင့်ကြားနဲ့ သတင်းစကားပါးလာတယ်။ သူ အဘကိုကန်တော့ရင်း အလုပ်တွေရှင်းပြချင်ပါတယ် … ဆိုတော့၊ ကျနော်က အဘကို စကားသ၀ဏ်ထပ်ပါးတယ်။ အဘပြန်ကြားတာကတော့ အေးဆေးပါတွေ့လို့ အဆင်ပြေပါတယ်ဆိုတော့၊ ကျနော်ရယ်၊ မဖြူ(ဒေါ်ဖြူဖြူသင်း)၊ မဇင်မာအောင်၊ ကိုဖြိုး(ဖြိုးဝေမင်း) တို့လေးယောက် ကျောက်ကုန်းအဘဦးအုန်းထွန်းအိမ် ပြေးကြတယ်။ အဘက အဲ့မှာနေတာကိုး……. ။ မလေးမစားဖြစ်မှာစိုးလို့ နာရီဝက်လောက်ကို ကြိုစောင့်ပါတယ်။ ဒီပုဂ္ဂိုလ်မလာခင်မှာ သူ့ကိုယ်စားလှ ယ်အရင်ရောက်လာတယ်။
ချိန်းထားချိန် ခြောက်နာရီအတိမှာ ကျနော်တို့မျှော်နေသောလူ ရောက် လာပါတယ်။ အဘကလည်း သူ့အယူအဆတွေ၊ သူ့သဘောထားတွေပြောတယ်။ ရှင်းရှင်းပြတ်ပြတ် သပ်သပ်ရပ်ရပ်ကိုပြောတာပါ။
ဒါနဲ့ဟိုသူဌေးက “အဘလုပ်နေတဲ့ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး အလုပ်တစ်ခု လုပ်ချင်ပါတယ်” ဆိုစကား ကမ်းလှမ်းတယ်။ အဘက တတိယလိုင်းကို အေးအေးသက်သာလွယ် ကူစွာအသုံးပြုပါတယ်။
“ဒီလိုဗျ … ကျနော့်သဘောကတော့ အကုန်အကြိုက်မျော၊ လိုက်လျောတာမျိုးလည်းမဖြစ်ချင်ဘူး။ အားလုံးကိုငြင်းဆန်တင်းခံနေတာလည်း မကြိုက်ဘူး ဒီတော့ တတိယလိုင်းဖြစ်တဲ့ ကျနော့်အလှူရှင်နဲ့ အလှူခံပုဂ္ဂိုလ်ကြား ဆက်သွယ်ရေးသမားလုပ်ပေးမယ်။ ကျနော့်နာမည်သုံးပြီးလှူပါ။ ကျနော့်ဖောင်ဒေးရှင်း ကြားခံပြီး လှူပါ။ လက်ခံပါတယ်။ ဆက်သွယ်ရေးသမားများကတော့ ဖြူဖြူသင်းရယ်.. ဇင်မာအောင် ရယ်… ကိုဖြိုးရယ်.. ဟိုကောင်ရယ် လုပ်ပေါ့ဗျာ …” ဆိုပြီး ကျနော့်လက်ညှိုးထိုးပြတယ်။
ဒီနေရာမှာ တတိယလိုင်းဆိုတာ ရှင်းပြမယ်ဗျ။ ဗမာပြည်မှာ… အထူးသဖြင့်တော့ နိုင်ငံရေးလှုပ်ရှားနေကြသူများထဲမှာ ဒီလိုသူဌေးတွေနဲ့ပတ်သက်ပြီး သဘောထားနှစ်မျိုးနှစ်စားရှိတယ်။ တစ်မျိုးက သူ့ဖာသာ ဘယ်ကလာလာ ဒီငွေတွေ တိုင်းပြည်တွက်၊ ပြည်သူလူထုအတွက် အကျိုးရှိမယ်ဆိုရင် အကုန် ယူမယ်၊ ကျန်တဲ့ဇာတ်လမ်း ကိုယ့်ဖာသာ ရှင်းပေါ့။ နောက်ဒုတိယအမျိုးအစားက ဒီလူတွေကိုမပတ်သက်ဘူး၊ ဒီလူတွေရဲ့ငွေတွေ မလိုချင်ဘူး။ ဒီနှစ်လိုင်းကနေဖောက်ထွက်ပြီး … အဘက တတိယလိုင်းကို အေးအေးသက်သာ ကိုင်တွယ်ပါတယ်….။
ကျနော်တို့လည်း ဆက်သွယ်ရေးသမားတာဝန်ပေးထားတော့ အားလုံးချိတ်ဆက်ရတော့တာပေါ့။ လုပ်ငန်းစဉ်နှစ်ခုစမယ် တစ်ခုကပညာရေး…။နောက်တစ်ခုကကျန်းမာရေး….။ ပညာရေးကိစ္စမှာ နိုင်၊ ကျဉ်းများရော….မိသားစုဝင်များပါ ခံစားခွင့်ရှိရမယ်။ ကျန်းမာရေးမှာတော့ နိုင်ကျဉ်းကိုယ်တိုင်နဲ့ အတူနေဇနီးမယား၊ လင်ယောက်ကျားဖြစ်ရမယ်။
မူချထားတာကတော့ဒါပါပဲ ပညာရေးကိစ္စတွေ နိုင်/ကျဉ်းအဖွဲ့တွေနဲ့ ဆက်သွယ်လုပ်ကိုင်ကြတယ်။ ပြသနာတွေလည်း တက်၊ လိုအပ်ချက်တွေလည်းများ ဆိုပေမယ့် … အကူညီလိုအပ်သူတွေ အကူအညီရဆိုတော့ ကြားကကျနော်တို့လည်း ပျော်ရရွှင်ရပေါ့ဗျာ….။
အဲ….. အဲပေါ့လေ….ကျန်းမာရေးကိစ္စကျတော့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ကြိုတင်ငွေသွင်း၊ ကျနော်တို့ဖက်က အသိအမှတ်ပြုဆေးရုံစာအုပ်ထုတ်ပေး ပြီးတာနဲ့ကုမယ် … ဆိုတော့၊ ကျနော်တို့ အလုပ်က ဆေးရုံစာအုပ်ထုတ်ပေးရင် ပြီးပြီ။ ဆေးရုံစာအုပ်တွေ တလှေကြီးလုပ်၊ လာသမျှနိုင်ကျဉ်း ထုတ်ပေးနေရတာ ပျော်စရာပေါ့ဗျာ။ ဒါပေမယ့်…..ကြာလာတော့ … အလှူ့ရှင်လည်းအလုပ်များ၊ ကျနော်တို့ကလည်းမအား ဆိုတော့ဆေးရုံကို ငွေသွင်းဖို့ ပျက်ကွက် ၊ မျက်နှာပျက်စရာဖြစ်လာတယ်။
အခုလတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲပဲ။
‘ရွှေငွေနဲ့ ဂုဏ်ဒြပ်တို့… မရှိလည်းနေနိုင်ပါတယ်။ တစ်သက်လုံး… .. အလိုအပ်ဆုံးက ဘ၀ကို အရိုး သားဆုံးနေဖို့…”
ဖုန်းက၀င်လာပြန်ပြီ ။ စိတ်မသက်မသာနဲ့ပဲ ဖုန်းထူးလိုက်တယ်။
“ဟုတ်ကဲ့ကျနော်ပါ”
“အော်…။ ဟုတ်။ ကျမ (………) ဆေးရုံကပါ။ အခုinvoice တွေလည်း လာမယူ၊ ငွေလည်းမသွင်းတာ ကြာတော့လေ၊ ပြောရမှာအားတော့နာပါတယ်။ အခု အကိုတို့ ဆေးရုံကိုသွင်းပေးရမှာ (…………) ရှိပါပြီ။ ဒါပြီးခဲ့တဲ့လတွေက ဟာတွေနော်။ ဒီလနဲ့ ရှေ့လ မပါသေးဘူး….။
“ဟုတ်။ ကျနော်တောင်းပန်ပါတယ်။ ကျနော် အလှူ့ရှင်ဆီ ဆက်ပါ့မယ်ဗျာ။ အမြန်ဆုံးဖြစ်အောင် ကျနော်လုပ်ပေးပါ့မယ်။”
ဖုန်းကို ချလိုက်ရင်း သက်ပြင်းပါချမိတယ်…။
မဖြစ်တော့ဘူး…။ တကယ်တမ်းက အလှူ့ရှင်နဲ့ ကျနော်က တိုက်ရိုက်အဆက်အသွယ်မရှိဘူး။ သူ့ကိုယ်စားလှယ်ကို ဆက်ရမယ်။ ကျနော် ဖုန်းကောက်နှိပ်လိုက်တယ်။
“သနပ်ခါးကို ဘယ်ညာလေး လူးလှည့်ပါနော် …”
သူ့ဖုန်း Ring tone သီချင်းသံ မဆုံးခင် ‘တူတူ’ ဆိုပြီး ဖုန်းလိုင်းပူးနေတဲ့ပုံစံပြတယ်။ ခနနေတော့ မက်ဆေ့ခ်ျတစ်ခုရောက်လာတယ်။
“I’m in a metting …”
အေး … ဟုတ်မှာပေါ့လေ။ လူတကာအလုပ်များ၊ ကိုယ်သာ အားယားလို့ … သူများကိစ္စတွေလုပ်နေတာပေါ့ ဆိုပြီး မဲ့ပြုံးတစ်ခုပြုံးမိပါရဲ့။
ဒီအဖြစ်အပျက်က တစ်လနှစ်လ မသိသာပေမယ့် လပေါင်းကြာတော့ သိသာလာတယ်။ ဖုန်းတွေ ပတ်လည်ရိုက်လာတယ်။
“ရွှေငွေနဲ့ ဂုဏ်ဒြပ်တို့…. မရှိလည်း …”
“ဟုတ်ကဲ့ ကျနော်ပါ”
“ကျမတို့ (……….) ဆေးရုံကပါ …”
“သနပ်ခါးကို ဘယ်ညာလေး လူးလှည့်ပါနော်”
“I’m in a metting …”
အဘရေ … ။ အဘဦးဝင်းတင်ရေ…၊ အဘဟံသာဝတီဦးဝင်းတင်ရေ … ။
ကျနော် ရင်တွင်းဟစ်ကြွေး သံမြှင့်လိုက်တယ်ဗျာ။ အဘကို သေသည်ထိ ဒုက္ခလိုက်ပေးသလိုဖြစ်သွားရင်တော့ ခွင့်လွှတ်ပေါ့။
ကျနော်စိတ်မောသွားတယ်။ သေချာပါတယ်။ ဒီအကြွေးကို မဆပ်မဖြစ်တော့ ဆပ်ရမယ်။ ဘယ်လို ဆပ်မလဲ … စဉ်းစား … စဉ်းစား…. စဉ်းစား။ ရှည်ရှည်ဝေးဝေး လန်ဘားကျောက်တံတား စဉ်းစားရင်း … ဖျတ်ခနဲဖြစ်သွားတယ်။
ဗမာစကားပုံ အရှိသားမဟုတ်လား….. ဘာတဲ့….။
“ကြွေးတင်ရင် ရှင်ဘုရင်ဆပ်လိမ့်မယ်…”
ဟုတ်တယ်… ရှင်ဘုရင်ဆပ်လိမ့်မယ်။
ကျနော်ကိုယ်တိုင် မေ့နေတာ တစ်ခုနဲ့ပြောဖို့ကျန်သွားတာက
ကျနော့်နာမည်က … … “ရာဇာ” …။
(သရုပ်ဖော် – စောငို)
ကိုရာဇာ..ရေ..အဘမရှိတော့ပေမယ့် ခင်ဗျားကို အမြဲအားပေးနေမယ်ဗျာ