သတင်းဆောင်းပါး အောင်ဒင်

အောင်ဒင် – မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၆၂)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၅၊ မေလ ၈ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)

 

 

 

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၆၂)

အောင်ဒင်၊ မေ ၁၉၊ ၂၀၁၄

 

အပိုင်း (၆၂) လွှတ်တော်နှင့် ရုံးပိတ်ရက်များ

မြန်မာနိုင်ငံရဲ့  သင်္ကြန်ပွဲတော်ကြီး ပြီးဆုံးသွားခဲ့ပါပြီ။ (၁၀) ရက်ကြာမြင့်တဲ့ သင်္ကြန်ရက်ရှည်အလုပ်ပိတ်ရက်များ မတိုင်ခင်ကတည်းက စားသောက်ကုန်နဲ့ အခြေခံကုန်ဈေးနှုံးတွေ မြင့်တက်ခဲ့ပြီး အလုပ်ပိတ်ရက်များပြီးတော့လည်း ပြန်လည်ကျဆင်းမသွားပဲ အမြင့်မှာ ဆက်လက်တည်ရှိနေပါတယ်။ ရုံးပိတ်ရက်ရှည်များကို ပျော်ပျော်ပါးပါးကုန်ဆုံးနိုင်ကြသူတွေ အများကြီးရှိကြပေမည့် သင်္ကြန်ရုံးပိတ်ရက်ရှည်ကြီးအတွင်းမှာ စီးပွါးရေးကြပ်တည်းမှုကြောင့် မပျော်နိုင်ကြရသူတွေရဲ့  အရေအတွက်က ပျော်နိုင်သူများထက် အဆပေါင်းများစွာ ပိုများပါတယ်။

 

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ အများပြည်သူအလုပ်ပိတ်ရက်တွေဟာ ပြည်သူအားလုံးအတွက် ပျော်ရွှင်မှု၊ အနားရမှုတွေကို တစ်ညီတစ်ညွတ်တည်း ဆောင်ကျဉ်းမပေးနိုင်ပါ၊ အလုပ်ပိတ်ရက်တွေများလွန်းလို့ မပျော်နိုင်ကြရသူတွေ မြန်မာနိုင်ငံမှာ အများကြီးရှိနေပါသေးတယ်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၁၃) အရ ၂၀၁၄ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အများပြည်သူအလုပ်ပိတ်ရက်ပေါင်း (၂၆) ရက်ရှိပါတယ် ။ အောက်ပါဇယားကိုကြည့်ပါ။

 

စဉ်

နေ့

ရက်

အရေအတွက်

ကရင်နှစ်သစ်ကူးနေ့

၁-၁-၂၀၁၄

၁ ရက်

လွတ်လပ်ရေးနေ့

၎-၁-၂၀၁၄

၁ ရက်

ပြည်ထောင်စုနေ့

၁၂-၂-၂၀၁၄

၁ ရက်

တောင်သူလယ်သမားနေ့

၂-၃-၂၀၁၄

၁ ရက်

တပေါင်းလပြည့်နေ့

၁၅-၃-၂၀၁၄

၁ ရက်

တပ်မတော်နေ့

၂၇-၃-၂၀၁၄

၁ ရက်

နှစ်သစ်ကူးရုံးပိတ်ရက်များ (မဟာသင်္ကြန်အကြိုနေ့မတိုင်မီ တစ်ရက်မှစ၍ ၁၀ ရက်တိတိ)

၁၂-၄-၂၀၁၄ မှ
၂၁-၄-၂၀၁၄ ထိ

၁၀ ရက်

ကမ္ဘာ့အလုပ်သမားနေ့

၁-၅-၂၀၁၄

၁ ရက်

ကဆုန်လပြည့်နေ့

၁၃-၅-၂၀၁၄

၁ ရက်

၁၀

ဝါဆိုလပြည့်နေ့

၁၁-၇-၂၀၁၄

၁ ရက်

၁၁

အာဇာနည်နေ့

၁၉-၇-၂၀၁၄

၁ ရက်

၁၂

သီတင်းကျွတ်လပြည့်နေ့

၈-၁၀-၂၀၁၄

၁ ရက်

၁၃

တန်ဆောင်မုန်းလပြည့်နေ့

၆-၁၁-၂၀၁၄

၁ ရက်

၁၄

အမျိုးသားအောင်ပွဲနေ့

၁၆-၁၁-၂၀၁၄

၁ ရက်

၁၅

ခရစ္စမတ်နေ့

၂၅-၁၂-၂၀၁၄

၁ ရက်

၁၆

အီဒွလ်အသွာဟာပွဲနေ့

       X

၁ ရက်

၁၇

ဒီပါဝလီနေ့

       X

၁ ရက်

 

စုစုပေါင်း

 

၂၆ ရက်

 

အထက်ပါ အလုပ်ပိတ်ရက်တွေအပြင် ရက်တစ်ပါတ်မှာ စနေ၊ တနင်္ဂနွေ နှစ်ရက်ပိတ်ပါသေးတယ်၊ တည်ဆဲဖြစ်တဲ့ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ တစ်နှစ်ဆက်တိုက်အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတစ်ယောက်အတွက် တစ်နှစ်ကို လစာဖြင့် လုပ်သက်ခွင့် (၁၀) ရက်၊ လစာဖြင့် ရှောင်တခင်ခွင့် (၆) ရက်ခံစားနိုင်ပါတယ်၊ ဆင်းရဲနွမ်းပါးမှုက လွတ်မြောက်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ အဆင့်အတန်းတူအောင် ကုန်ထုတ်စွမ်းအားမြှင့်တင်ဖို့ အစွမ်းကုန် အပြင်းအထန်အလုပ်လုပ်ကြရမည့် ကျနော်တို့ နိုင်ငံမှာ အစိုးရက တစ်နှစ်အတွက် အများပြည်သူ အလုပ်ပိတ်ရက်ပေါင်း (၂၆) ရက်တောင် ဖန်တီးပေးထားတာဟာဖြင့် ကြီးကျယ်သောလွဲမှားမှု တစ်ခုဖြစ်ပါတယ်။

 

#ပိတ်ရက်များတိုင်း မကောင်းပါ။

 

သာမာန်အားဖြင့် ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်တွေများတာ ဝန်ထမ်းများအတွက် ပျော်ရွှင်ကျေနပ်စရာပါ၊ ဒါပေမည့် တိုင်းပြည်ရဲ့ အလုပ်ပိတ်ရက်တွေဟာ တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်၊ အလုပ်ပိတ်ရက်များရင် အလုပ်လုပ်တဲ့ရက်နည်းမယ်။ အလုပ်လုပ်တဲ့ရက်နည်းရင် တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားကျဆင်းမယ်။ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာတော့ သိပ်ပြီးအပြင်းအထန် အလုပ်လုပ်စရာမလိုတော့လို့ တစ်နေ့တာအလုပ်ချိန်ကို (၈) နာရီကနေ (၇) နာရီအထိ လျှော့ချတာ၊ တစ်ပါတ်ကို (၅) ရက်အစား (၄) ရက်ပဲလုပ်ကြတာ၊ တစ်နှစ်ကို လစာအပြည့်နဲ့ ခွင့်တစ်လပေးတာတွေ ရှိပါတယ်။ ဒါပေမည့် အဲဒီလိုနေနိုင်တဲ့ တိုင်းပြည်က ကမ္ဘာပေါ်မှာ အင်မတန်နည်းလှပါတယ်၊ မြန်မာနိုင်ငံလို ဈေးကွက်စီးပွါးရေးစနစ်ကို ကူးပြောင်းကျင့်သုံးစတိုင်းပြည်မှာ အလုပ်ပိတ်ရက်တွေများခြင်းဟာ အစိုးရလုပ်ငန်းများကိုရော၊ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများကိုပါ ထိခိုက်ပါတယ်၊ ပြီးတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သာမာန်ပြည်သူအများစုကြီးကိုလည်း အကြီးအကျယ်ထိခိုက်ပါတယ်၊

 

အစိုးရဝန်ထမ်းများအတွက် လစာအပြည့်နဲ့ ရုံးပိတ်ရက်တွေ များခြင်းဟာ ပျော်စရာပါ၊ ဒါပေမည့် အစိုးရဋ္ဌာနများနဲ့ ဆက်ဆံလုပ်ကိုင်နေရတဲ့ သာမာန်ပြည်သူများအတွက်တော့ အစိုးရရဲ့ ဝန်ဆောင်မှုတွေကို လျော့နည်းရရှိမှာပါ၊ မြန်မာနိုင်ငံမှာ အစိုးရက ဥပဒေစည်းမျဉ်းပေါင်းစုံနဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ထိန်းချုပ်ထားတာဖြစ်လို့ ပြည်သူတွေဟာ ထောက်ခံစာတောင်းဖို့၊ လျှောက်လွှာတင်ဖို့၊ လိုင်စင်လျှောက်ဖို့၊ အခွန်ဆောင်ဖို့၊ တိုင်ကြားဖို့၊ လက်ထပ်ဖို့၊ ကွာရှင်းဖို့၊ မွေးစာရင်းရဖို့၊ အောင်လက်မှတ်ရဖို့၊ ပြည်ပထွက်ခွါဖို့၊ မှတ်ပုံတင်ရဖို့၊ နံမည်ပြောင်းဖို့၊ စာအုပ်ထုတ်ဝေခွင့်ရဖို့၊ စာမေးပွဲဖြေဖို့ စသည်ဖြင့် အကြောင်းမျိုးစုံအတွက် အစိုးရဋ္ဌာနများနဲ့ နေ့စဉ်ဆက်ဆံနေရတာပါ၊ ရုံးပိတ်ရက်များခြင်းဟာ အစိုးရဋ္ဌာနများရဲ့ ပြည်သူလူထုအတွက် ဝန်ဆောင်မှုပေးခြင်းများကို လျော့နည်းစေ၊ နှောင့်နှေးစေပြီး ပြည်သူလူထုအတွက်တော့ ဆောင်ရွက်ရန်ကိစ္စများ နှောင့်နှေးကြံ့ကြာရပါတယ်။ အစိုးရပိုင် စီးပွါးရေးလုပ်ငန်းများရဲ့ ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။ အစိုးရဋ္ဌာနများနဲ့ အမြဲတမ်း ဆက်ဆံပါတ်သက်နေရတဲ့ ပုဂ္ဂလိကလုပ်ငန်းများမှာလည်း အစိုးရဋ္ဌာနတွေ ပိတ်တဲ့ရက်မှာ အလုပ်မဖြစ်တော့ပါ။ နောက်တစ်ခါ ဒီအလုပ်ပိတ်ရက်တွေဟာ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်တယ်လို့ ပြဋ္ဌန်းထားတော့ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများနဲ့ပါ သက်ဆိုင်ပါတယ်၊ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံများပါ အဆိုပါ အလုပ်ပိတ်ရက်တွေမှာ လုပ်ငန်းရပ်နားကြရတော့ ကုန်ထုတ်စွမ်းအားကျဆင်းပြီး နုနယ်လှသေးတဲ့ ဈေးကွက်စီးပွါးရေးစနစ်ရဲ့ အရှိန်အဟုန်ကို ထိခိုက်ပါတယ်။

 

ဥပဒေအရ အဆိုပါအလုပ်ပိတ်ရက်များမှာ အလုပ်ရှင်က ၎င်းတို့ရဲ့ အလုပ်သမားများကို ပျမ်းမျှလစာနဲ့  အလုပ်နားခွင့်ပြုရမှာပါ။ ဒါပေမည့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံတွေမှာ နေ့စား၊ လရှင်းစနစ်နဲ့ အလုပ်လုပ်နေကြရတဲ့ သောင်းပေါင်းများစွာသော အလုပ်သမားများအတွက်တော့ ဒီဥပဒေက အကြုံးမဝင်ပါ။ သူတို့ခင်မျာမှာတော့ အလုပ်ပိတ်တဲ့နေ့ဟာ ပိုက်ဆံမရတဲ့နေ့ပါ၊ အလုပ်ပိတ်ရက်တွေများလေလေ၊ ပိုပြီးဆင်းရဲကြပ်တည်းလေလေပါ။ ပိုပြီးဆိုးတာကတော့ တစ်နေ့အလုပ်လုပ်မှ တစ်နေ့စားရတဲ့ သာမာန်ပြည်သူတွေပါပဲ၊ ခေါင်းရွက်ဗျတ်ထိုးဈေးသည်၊ အငှါးကားမောင်းသူ၊ ဆံပင်ညှပ်သူ၊ ပန်းရံ၊ လက်သမား၊ ဆိုက်ကားဆရာ၊ စတဲ့ သာမာန်ပြည်သူတွေအတွက်တော့ အလုပ်နားရက်ဆိုတာ မရှိပေမည့် သူတို့ရဲ့ ဘဝရပ်တည်ရေးဟာ အစိုးရရုံးဋ္ဌာနများ ၊ အလုပ်ဋ္ဌာနများကို မှီခိုနေရတာမို့  ရုံးပိတ်ရက်များမှာ သူတို့ပျော်နိုင်ကြမှာ မဟုတ်ပါ။

 

#အခြားနိုင်ငံများမှ ရုံးပိတ်ရက်များ

 

အခြားနိုင်ငံများမှာရော မြန်မာနိုင်ငံလို အစိုးရရုံးပိတ်ရက်တွေ အများကြီးရှိသလားလို့ လေ့လာကြည့်မိပါတယ်။ မတွေ့မိပါ။

ကျနော်တို့ရဲ့ အိမ်နီးချင်း တရုတ်ပြည်မှာ တရုတ်နှစ်သစ်ကူးအတွက် တရားဝင်ပိတ်ရက် (၁) ရက်အပါအဝင် တစ်နှစ်တာအတွက် ရုံးပိတ်ရက်ပေါင်း (၁၈) ရက်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ တစ်နှစ်တာအတွက် ရုံးပိတ်ရက်ပေါင်း (၁၄) ရက်ရှိပါတယ်။ ဂျပန်နိုင်ငံမှာ တစ်နှစ်တာအတွက် ရုံးပိတ်ရက်ပေါင်း (၁၇) ရက်ရှိပါတယ်။ မလေးရှားနိုင်ငံမှာ တရုတ်နှစ်သစ်ကူးပိတ်ရက် (၂) ရက်အပါအဝင် တစ်နှစ်တာအတွက် ရုံးပိတ်ရက်ပေါင်း (၁၇) ရက်ရှိပါတယ်။ စင်္ကာပူနိုင်ငံမှာ တရုတ်နှစ်သစ်ကူးပိတ်ရက် (၂) ရက်အပါအဝင် တစ်နှစ်တာအတွက် ရုံးပိတ်ရက်ပေါင်း (၁၁) ရက်ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ တစ်နှစ်တာအတွက် ရုံးပိတ်ရက်ပေါင်း (၁၅) ရက်ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ဆုံခရန်လို့ခေါ်တဲ့ သင်္ကြန်ပိတ်ရက် (၄) ရက်အပါအဝင် တစ်နှစ်တာအတွက် ရုံးပိတ်ရက်ပေါင်း (၁၈) ရက်ရှိပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာ အဆင်းရဲဆုံး မြန်မာနိုင်ငံက တစ်နှစ်တာ ရုံးပိတ်ရက် (၂၆) ရက်နဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။

 

အမေရိကန်ပြည်ထောင်စုမှာ ပြည်ထောင်စုအစိုးရက သတ်မှတ်ထားတဲ့ တစ်နှစ်တာရုံးပိတ်ရက်ပေါင်း (၁၀) ရက်ပဲရှိပါတယ်။ အဲဒီ (၁၀) ရက်က နှစ်သစ်ကူးနေ့ (ဇန်နဝါရီလ ၁ ရက်)၊ လူမည်းခေါင်းဆောင် ဒေါက်တာမာတင်လူသာကင်းမွေးနေ့ (ဇန်နဝါရီလ ၂၀ ရက်)၊ သမ္မတ ဂျော့ဝါရှင်တန်မွေးနေ့ (ဖေဖော်ဝါရီလ ၁၇ ရက်)၊ ဒုတိယကမ္ဘာစစ်အမှတ်တရနေ့ (မေလ ၂၆ ရက်)၊ လွတ်လပ်ရေးနေ့ (ဇူလိုင်လ ၄ ရက်)၊ အလုပ်သမားနေ့ (စက်တင်ဘာလ ၁ ရက်)၊ ကိုလံဘတ်နေ့ (အောက်တိုဘာလ ၁၃ ရက်)၊ စစ်မှုထမ်းဟောင်းများနေ့ (နိုဝင်ဘာလ ၁၁ ရက်)၊ ကျေးဇူးတော်နေ့ (နိုဝင်ဘာလ ၂၇ ရက်) နဲ့ ခရစ္စမတ်နေ့ (ဒီဇင်ဘာလ ၂၅ ရက်) နေ့များဖြစ်ကြပါတယ်၊

 

အမေရိကန်ပြည်ထောင်စုရဲ့ ထူးခြားချက်က (က) အဆိုပါ ပိတ်ရက်တွေဟာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနဲ့ တိုက်ဆိုင်နေရင် ဆက်တိုက်ဖြစ်တဲ့ တနင်္လာနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးတာ၊ (ခ) အလုပ်သမားနေ့ကို အခြားနိုင်ငံများမှာလို မေလ (၁) ရက်နေ့ကို မသတ်မှတ်ပဲ စက်တင်ဘာလ (၁) ရက်နေ့ကို သတ်မှတ်တာ နဲ့ (ဂ) ဒီပိတ်ရက်တွေဟာ ပြည်ထောင်စုအစိုးရ ရုံးဋ္ဌာနများနဲ့သာ သက်ဆိုင်ပြီး ပြည်နယ်အစိုးရများနဲ့ ပုဂ္ဂလိကလုပ်ငန်းများက မဖြစ်မနေလိုက်နာရန် မလိုအပ်တာပါ။ နောက်ထူးခြားချက်ကတော့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲကို လေးနှစ်တစ်ကြိမ်ကျင်းပတာမို့ ရွေးကောက်ပွဲအပြီး သမ္မတအသစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့ကိုလည်း လေးနှစ်တစ်ခါ (၁၁) ရက်မြောက် ရုံးပိတ်ရက်အဖြစ် သတ်မှတ်တာပါ။ ပြီးတော့ ဒီပိတ်ရက်အားလုံးကို ကွန်ဂရက်လွှတ်တော်က ဥပဒေတွေ ပြဋ္ဌန်းအတည်ပြုထားပါတယ်။

 

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်ထောင်စုအစိုးရကို ပြည်ထောင်စုအစိုးရ ရုံးဋ္ဌာနများအတွက်သာ ရုံးပိတ်ရက်များသတ်မှတ်ခွင့်ပြုထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်များကို ပြည်နယ်အလိုက် ကိုယ်ပိုင်ရုံးပိတ်ရက်များ သတ်မှတ်ခွင့်အာဏာအပ်နှင်း ထားပါတယ်။ ဒါကြောင့်မို့ ပြည်နယ်အသီးသီးက ကိုယ့်သက်ဆိုင်ရာ အဓိပ္ပာယ်နဲ့ ပြဋ္ဌန်းထားတဲ့ ပြည်နယ်တစ်ခုချင်းစီနဲ့သာ သက်ဆိုင်တဲ့ ရုံးပိတ်ရက်များလည်း ရှိကြပါတယ်၊ ဒါပေမည့် အဲဒီပိတ်ရက်တွေဟာ ပြည်ထောင်စုအစိုးရ ရုံးဋ္ဌာနများနဲ့ အခြားပြည်နယ်များအပေါ် သက်ရောက်ခြင်းမရှိပါ။

 

#ရုံးပိတ်ရက်များ လျှော့ချသင့်ပြီ။

 

မြန်မာနိုင်ငံမှာ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌန်းပြီး တည်ဆဲ အများပြည်သူအလုပ်ပိတ်ရက် (၂၆) ရက်ကို လျှော့ချသင့်ပါပြီ၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေးကို မထိခိုက်စေဖို့ အများပြည်သူအလုပ်ပိတ်ရက်တွေ တစ်နှစ်မှာ (၁၅) ရက်ခန့်ပဲ ရှိသင့်ပါတယ်၊ ပြီးတော့ ပြည်နယ်လွှတ်တော်များကိုလည်း ပြည်နယ်ဆိုင်ရာ ရုံးပိတ်ရက်အချို့ (ဥပမာ မွန်ပြည်နယ်နေ့၊ ရှမ်းပြည်နယ်နေ့) ကို ပြဋ္ဌန်းခွင့်အာဏာ ခွဲဝေပေးသင့်ပါတယ်။

 

အောင်ဒင်
မေ၂၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts