မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၂၆)

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၂၆) 
ဗုဒ္ဓပူဇနိယပွဲတော်မှာ
မာမာအေး
မေ ၁၉၊ ၂၀၁၄
 

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသာကြပါစေလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ဒီကနေ့တော့ မဟာဗောဓိတစ်ထောင်တောလား ဆက်သွားဦးမှ တော်မယ်ထင်တယ်။ အရင်တပါတ်က လမ်းတင်ဘဲရှိ သေးတာမဟုတ်လား။ ကားမောင်းတဲ့ခလေးက တော်ရှာပေလို့ဘဲ။ ထော်လာဂျီတောဝါ၊ မော်တော်ဆိုင်ကယ်အသေးစားတောဝါက လွတ် ကင်းစွာ ဗောဓိသာသနာမြေကို ရောက်သွားခဲ့ပါတယ်ရှင်။

ဗုဒပူဇနိယပွဲတော်လာပရိသတ်ဟာ နယ်အသီးသီးကဖြစ်တာမို့ မိုးချုပ်မိုးလင်း မရှင်းနိုင်ကြောင်း မျက်မြင်တွေ့လာတာပေါ့ရှင်။ ကျောင်း ဆောင်တွေမှာလဲပြည့်၊ ပြတိုက်ထဲမှာလဲ ပြည့်နေတော့တာပါ။ မာအေးနဲ့ ညီမလေး အေးအေးက ဒုတိယဆရာတော်သတင်းသုံးတဲ့ စိန် ကျောင်းတော်မှာ နေရာရပါတယ်။ ကျောင်းခံလိုဖြစ်နေတဲ့ သမီးတပည့်ကျောက်ပန်းတောင်းခင်စိုးဦးက နယ်ပွဲမှာရောက်နေတဲ့အတွက် သူကိုယ်စား ညီမတော်တယောက်ကို ကြိုစောင့်ကူညီစေခဲ့လို့  အခက်အခဲမရှိပါဘူး။ ဆရာတော်ထံ လာရောက်လှူဒါန်းသူ ဒကာ ဒကာမမိသားစုများနဲ့လဲ တွေ့ဆုံရ၊ သူတို့ကလဲဝမ်းသာကြမို့ မင်္ဂလာရှိပေတာပေါ့ရှင်။

လာသမျှ ဒကာ ဒကာမ စိမ်းစိမ်းကျက်ကျက်၊ အခက်အခဲမရှိ လက်နှိုက်ဝင်းစားနိုင်အောင်၊ ဘိတ်မြို့က လာကူလှူတဲ့ ပင်လယ်စာ စား သောက်စရာတွေ၊ အင်းတော်နယ်ဆီက  အမေမာလို့ခေါ်ကြတဲ့ ဒေါ်အမာကြည်ဦးဆောင်တဲ့ အင်းတော်အဖွဲ့က ထမင်းဟင်း မယွင်းရအောင် နေ့ရော ညပါ  ချက်ပြုတ်ကျွေးမွေးတာတွေ၊ မန္တလေးက ဒေါ်ဌေးဌေးတို့တဖွဲ့ကလဲပါသေး။ သူတို့ချက်ပေး ကူဖေးတာတွေကြည့်ပြီးတော့လဲ သာဓုခေါ်ဝမ်းမြောက်မိပါတယ်။ ဖားကန့်နယ်ကလာကြတဲ့ ဒေါ်ဌေးဌေးတို့အဖွဲ့၊ မုံရွာက မထိပ်တင်မင်းတို့မောင်နှမ မိသားတစုတို့ကိုလဲ ဆရာတော့်ဒါယိကာအရင်းများအဖြစ် ဝင်ကူနေတာတွေ့ပါတယ်။ ဗုဒ္ဓသာသနာ အဓွန့်ရှည်အောင်၊ ဆင်းရဲချမ်းသာမရွေး ကူဖေးကြတဲ့ အထဲမှာ၊ ကိုယ်က ရှိတဲ့အသံကလေး လှူရတာ၊ ဘယ်အားရမတုန်း လှူနိုင်တဲ့ သဒ္ဓါရှင်တွေသိအောင် ပြောပြလို့ အလှူရှင်တွေတိုးလာရင်လဲ လှူသလိုကုသိုလ်ရမှာဘဲလို့ စိတ်ပေါက်လာလို့ပြောနေတာဘဲလေ။ လှူတဲ့သူနဲ့ ဘေးကကူတဲ့သူက တခါမှာ ပိုတောင်ကုသိုလ်ရသေးတယ် လို့ ဖတ်ရတဲ့စာတွေအတိုင်း ဆိုရမှာပေါ့၊

နောက်နေ့မနက်ကျတော့ ကိုယ့်ကုသိုလ်အလှည့်ရောက်ပါပြီ။ ညကရှိတာလေး လှူဖြစ်အောင် ငွေစက္ကူအရွက်သေးတွေလဲရ၊ စာအိတ်တွေနဲ့ ထည့်ရ ဆွမ်းဆံစိမ်းလောင်းမယ်ကြံပါမှ၊ သံဃာတော်တွေ ဗောဓိမြတ်စွာဘုရား မတ်ရပ်ကိုယ်တော်ကြီးတည်ရာ တောင်တော်ပေါ်က စီ တန်းကြွလာအလှူခံကြတဲ့အချိန်မှာ မာအေးအသံနဲ့ ပူဇော်ထားပါလို့ ဆရာတော်ဦးသြဘာသက မိန့်လေတော့၊ ညီမငယ်ကို ကိုယ်စား ငွေဆွမ်းလောင်းခိုင်းလိုက်ရပါတယ်။ ကိုယ်ကတော့ ဘုရားပင့်ရပေးတယ်။ ထူးမခြားနား သီချင်းခန့်ရောင်ခြည်တော်ဖွဲ့နဲ့ ရောင်တော်ဖွင့်ဆိုတဲ့ အမေစိန်ပါတီရဲ့သီချင်းလေး ဆိုပြခဲ့ပါတယ်။ သံဃာတော်အပါး (၃၅၀)ကျော် ဆွမ်းလောင်းချိန်မှာ ဗုဒ္ဓနဲ့ ရဟန္တာငါးရာကြွတယ်ဆိုတာ ဒါမျိုးနေမှာလို့ ကြည်ညိုခဲ့ရပါတယ်ရှင်၊

(ရောင်ခြည်တော်ဘွဲ့) ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြားပြောင်းလိုလို့၊ များထွေထူးထွေတည်အံ့ရာသား….ရွှန်းရရွှန်းလင်း၊ စိမ်းပြာဖြူဝင်း၊ နေရောင်ခြည်လင်း၊ ထွန်းလိုလို့ရွှန်းဝေများ ထွေတည့်ပွင့်လှိုင်ကြူ… ဘုန်းတန်ခိုးလဲ နှိုင်းဆိုရာဘဲ၊ ထူမည်မှာလဲ၊ ရဲရဲဝင်းပြောင် နေမင်း နေမင်း သိန်းရာထောင်၊ ယှဉ်ဆောင်ပြိုင်ခိုင်း၊ နှိုင်းရာတူဘဲကို…..ဖြူနီညိုပြာ ထွေလာတည့်ထူးထူးဆန်း၊ ထူးထူးဆန်း၊ တေဇာရောင် လန်း၊ ရွှန်းရရွှန်းလှိုင်ဖြာဖြာဝေမြိုင်၊ စိုးပိုင်…


မဟာဗောဓိတစ်ထောင်မှာ မာအေးအသံလှူခဲ့ရတာ၊ ကျောက်ပန်းတောင်းကတပည့် ခင်စိုးဦးဖခင် စိန်ကိုလေးမင်္ဂလာဆိုင်းအဖွဲ့နဲ့အတူပါ။ မာအေးနောက်မှာ ဒီသမီးတော်က ပြီးသည်အထိ ဆိုပေးသွားပါတယ်။ အညာမယ်ဒီတယောက်တော့ စိတ်ချရပြီလို့ ဝမ်းသာမိပါတယ်။ ဒုံချန်ဒုံချန်တွေခေတ်မှာ ကိုယ့်ဂီတကို ပိုက်ဖက်ထားမယ့်လူငယ်က ရှားပြီမို့လို့ပါ။

ဘုရားရင်ပြင်တော်ပေါ်မှာ ပရိသတ်က ကြပ်သိတ်နေတော့ ကြွလာတော်မူတဲ့ရဟန်းတော်တွေကို ခေါင်းလောက်သာဖူးနိုင်တာကြောင့်၊ ဆိုင်းဝိုင်းနောက်မှာ နေပူစာလှုံရင်းထိုင်ရင်း၊ နယ်ပရိသတ်ရဲ့ ဝိုင်းလာမေးကြတာတွေကို ဖြေရ၊ ဓာတ်ပုံအတူရိုက်ပေးရ၊ သူတို့ပျော်ကြပါ စေပေါ့နော်။ တကယ့်လူမှလူ၊ ကျိတ်ကျိတ်တိုးပါဘဲ။ ဒါတောင် မကျေညာဘူးတဲ့။ ကျေညာလို့ကတော့ ဒုက္ခရောက်လောက်တယ်။

ဘုရားဖူးတွေကိုလဲ ထမင်းကြွေးတယ်လို့သိရပါတယ်။ အဲဒီနေရာကို မာအေးမရောက်လို့ သေချာမပြောနိုင်ပေမယ့်၊ ကိုယ်တည်းခိုတဲ့ကျောင်း က စောစောကပြောထားတဲ့ ဘိတ်အဖွဲ့၊ အင်းတော်အဖွဲ့၊ မန္တလေးအဖွဲ့တွေဟာ ဧည့်သည် တသုတ်ပြီးတသုတ် ချက်ပြုတ်ပေးရတာ၊ ကုန်သွားလိုက် ထပ်ချက်လိုက်နဲ့ အားရတယ်မရှိပါဘူး။

ညဖက်ကျတော့ မီးကျည်းမီးပန်းတွေဖောက်ပြီး ဘုရားပူဇော်တာတွေ့ရပါတယ်။ ကျွန်းဆွယ်အားကစားပွဲတော်မှာ ဖောက်တဲ့မီးပန်းမျိုး တွေပါရှင်။ ဒါအတွက် သိန်း (၇၀) လောက်ကုန်တယ်ဆိုလားဘဲ။ ဟိုပွဲကြီးကလို သိန်းရာချီမကုန်တာ တော်သေးတယ်ပြောရမှာပေါ့။ နှစ်ည နဲ့ တနေ့ခင်း သီချင်းသုံးပုဒ်ဆို၊ ဧည့်သည်တွေကျောင်းပေါ်တက်လာကြရင်းပြုံးပြ၊ ဒါကို မာအေးလုပ်ခဲ့ရတာပါဘဲ။ ဌာနေပြန်ရောက်စ အနားရတာပေါ့လေ။ မာအေးပြန်ကာနီးတော့ မင်းသားကြီးကျော်သူနဲ့အတူ လူငယ်ငါးဦးရောက်လာတာတွေ့ခဲ့တယ်။ သူလဲ ဆရာဒကာ ဖြစ်ပုံရပါတယ်။ မန္တလေးမှာ ဟောပြောပွဲရှိလို့သွားမှာတဲ့။ မုံရွာတဝိုက်က လူမှုရေးအကျိုးဆောင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးရင်း ဘုရားဝင်ဖူး၊ ဝမ်းဝင်ဖြည့်၊ ဒုတိယဆရာတော်နဲ့လဲ ဆွေးနွေးလို့ဆိုရမှာပေါ့ရှင်။

မာအေးကတော့မပြန်ခင်၊ အင်းတော်သူ/သားတွေချက်တဲ့ ထမနဲထိုးနည်းနဲ့ သိတ်ကြိုက်တဲ့ ခေါပုတ်လုပ်နည်းတွေကို လေ့လာခွင့်ရပါတယ်။ နောင်ကြုံရင်တော့ အင်းတော်ကိုသွားလိုက်ဦးမှပါလို့ စိတ်ကူရင်း၊ တောရောမြို့ပါ၊ သာသနာအတွက် ကုသိုလ်ဝင်ပါ စိတ်နှလုံးချမ်းသာစေတဲ့ ဗောဓိတထောင် ရွှေညာမြေအလှူပွဲက ပြန်လာခဲ့ပါတယ်ရှင်။

(ရွှေညာမြေ- အလှူပွဲမှ) (တုတ်တုတ်ဗျုံးရယ်နဲ့ သာယာပါတယ်၊ ဗျောသံတွေကညံမစဲ)၂.. သည်ပွဲသည်ပွဲ အညာမြေအလှူပွဲလေတော့…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts