သူတို့အာဘော် မောင်ရစ်

မောင်ရစ် – စည်းကမ်းရှိသော ခြစားမှု၊ စည်ကမ်းတကျ ဒီမိုကရေစီ နဲ့ နိုင်ငံရေးနောင်တ

စည်းကမ်းရှိသော ခြစားမှု၊ စည်ကမ်းတကျ ဒီမိုကရေစီ နဲ့ နိုင်ငံရေးနောင်တ

(အယ်ဒီတာ့ လက်ရေး ၃၃)

မောင်ရစ်၊ မေ ၁၂၊ ၂၀၁၄

 

ဖေဖော်ဝါရီ ၂၆ တုန်းက အယ်ဒီတာ့လက်ရေး နောက်ဆုံးရေးခဲ့တာပဲ။ မတ်နဲ့ ဧပြီမှာ စာကို မရေးဖြစ်ဘူးလို့ ဆိုရပါမယ်။ ဆရာဦးဝင်းတင် မတ်လမှာ ဆေးရုံတက်၊ ဧပြီမှာ ဆုံးပါးသွားတယ်။ ဆရာ့အတွက် အမှတ်တရစာတွေ မိုးမခမှာ တင်ဆက်နေတာရယ်၊ မိုးမခမဂ္ဂဇင်း ပုံနှိပ်စာစောင်လေး ထွက်ဖို့ အဝေးကနေ လောဆော်နေရတာရယ်နဲ့ စာမရေးဖြစ်ပါ။ မိုးမခမှာ ဆရာလွတ်မြောက်ချိန် ၂၀၀၈ ကနေ ယခုအချိန်အထိ တင်ဆက်ခဲ့တဲ့ “ဦးဝင်းတင်နဲ့ မေးခွန်းများ – မိုးမခအင်တာဗျူး” တွေ အားလုံးဟာ ဆရာနဲ့ပဲ ဆိုင်ပါတယ်။ အခုတော့ ဆရာရဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်းနဲ့ သက်ဆိုင်ပါကြောင်း ကျနော်တို့က သက်ဆိုင်သူများကို သည်ကနေ အကြောင်းကြားတင်ပြအပ်ပါတယ်။

ဆရာမကွယ်လွန်မီက မိုးမခနဲ့ အင်တာဗျူးစုစည်းမှုတွေ စာအုပ်ထုတ်ဖြစ်ဖို့ ပြောကြတော့ ဆရာကိုယ်တိုင်ကလည်း စာမူခကို ဆရာ့ဖောင်ဒေးရှင်းကို ပေးအပ်ဖို့ မှာခဲ့ပါတယ်။ အကယ်၍များ (ဦးဝင်းတင် – ၈၅ ၊ မိုးမခနဲ့ အင်တာဗျူးများ (၂၀၁၀-၂၀၁၃) စုစည်းမှု) ) ထွက်ဖြစ်မယ် ဆိုရင် ဆရာရဲ့ ဖောင်ဒေးရှင်းအတွက်ကိုပဲ စာအုပ်ထုတ်ဝေသူက စာမူခကို ရည်ရွယ်ပြီး ထုတ်ဝေမှာ ဖြစ်ပါတယ်။ တိုက်ဆိုင်တာတခုက အင်တာဗျူးတွေ စုလိုက်တာ ၈၅ ခုရှိတယ်။ ဆရာ့အသက်ကလည်း ၈၅ နှစ်ကိုး။ တကယ်ကတော့ အင်တာဗျူး ၈၅ ခု မကပါ။ အင်တာဗျုး စုစည်းမှု ပထမအုပ်ကို တကောင်းစာပေတိုက်ကနေ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် (မိုးမခမီဒီယာ) ဆိုပြီးတော့ ၂၀၀၈ ကနေ ၂၀၀၉  အတွင်း အင်တာဗျူးများစုစည်းတင်ဆက်မှုအဖြစ် ၂၀၁၃ ဒီဇင်ဘာလက ထုတ်ဝေခဲ့ပြီးပါပြီ။ အခုဒါက ထုတ်ဖြစ်ရင်တော့ ဒုတိယအုပ်ပေါ့လေ။

ကျနော်တို့က ဆရာနဲ့ ခေတ္တခဏလေးပဲ တွေ့ဆုံခွင့်ရခဲ့တာပါ။ ဆရာ့အနားမှာ အမြဲတမ်းရှိနေခွင့်ရသူတွေက အလွန်ကို ကံထူးတယ်လို့ ပြောရမှာဖြစ်ပါတယ်။ သူတို့တွေဆီက ဆရာကြီးဦးဝင်းတင်ရဲ့ အတွေးအမြင်တွေ ဟောပြောဆုံးမချက်တွေ ပြန်လည်ပြောဆိုရေးသားကြတာတွေ ဆက်လက်ကြားသိခွင့်ရဖို့၊ စုဆောင်းတင်ပြကြဖို့ကိုလည်း မျှော်လင့်နေမိပါတယ်။

ဆရာနဲ့ နောက်ဆုံးပြောခဲ့တဲ့ စကားလက်ဆုံက ၂ ခု ရှိပါတယ်။ ၁ ခုကတော့ စာရေးဆရာမကြီး ကွယ်လွန်သူ ဒေါ်ခင်မျိုးချစ်ဟာ သူ့ရဲ့ နိုင်ငံရေးဘ၀ကို ဂုဏ်မယူဘူး၊ နောင်တတောင် ရတယ် ဆိုတာပါ။ ဒေါ်ခင်မျိုးချစ်အနေနဲ့ တသက်တာ ဂုဏ်ယူဝမ်းမြောက်တဲ့ဘ၀ကတော့ စာရေးဆရာဘ၀၊ အနုပညာသည်ဘ၀ပဲ ဖြစ်ပါတယ်။ ဒါက အဖွားဖြစ်သူကိုယ်တိုင်ပြောခဲ့တာပါ။ ဒါကို သက်သေက ကျန်ရစ်သူ ကျနော်တို့မိသားစု ကိုယ်တိုင်ဖြစ်ပါတယ်။

ဘာကြောင့်ပြောရသလဲဆိုတော့ … ၁၉၈၈ အရေးတော်ပုံကြီးမှာ သူ့မြေးတွေက အရေးအခင်းလှိုင်းလုံးကြီးတွေထဲ ကိုယ်သန်ရာ အားသာရာထဲ ခုန်ချကြတော့မယ်ဆိုတော့ သူကိုယ်တိုင်ပြောခဲ့တာ တခုရှိပါတယ်။ “ငါတို့တတွေ တာဝန်မကျေခဲ့လို့ မပြီးပြတ်သေးတဲ့ အာဏာရှင်တော်လှန်ရေးကို ငါ့သားမြေးတွေ ဆက်ပြီး ထမ်းကြရရှာတယ် …” ဆိုတာပါ။ ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသားခေါင်းဆောင်ကြီးများရဲ့ ဦးဆောင်မှုနဲ့  အောင်မြင်စွာ ရယူနိုင်ခဲ့ကြသော်လည်း တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို နောက်ဆုံးမတော့ စစ်အာဏာရှင် ဦးနေ၀င်းနဲ့တကွသော အပေါင်းအပါတွေ လက်ထဲကို ၀ကွက်အပ်ခဲ့ရတာကိုး။ သည်လိုနဲ့ တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်ပြီး လွတ်လပ်ရေးဆုံးရှုံးနေခဲ့ကြရတော့ သူတို့တတွေဟာ တာဝန်မကျေခဲ့ဘူး၊ မျိုးဆက်သစ်တွေအတွက် ငြိမ်းချမ်းမှုသစ်ပင်ကို မစိုက်နိုင်ခဲ့ကြဘူးလို့ သဘောထားတယ်။ နောင်တရတယ်။ ဒါကြောင့် ဒေါ်ခင်မျိုးချစ်ကတော့ သူ့နိုင်ငံရေးလှုပ်ရှားမှုဘ၀ကို ဂုဏ်မယူဘူးလို့ ပြောတာပါ။

ကျနော်တို့ မျိုးဆက်တွေကကော ကျနော်တို့ရဲ့ လက်ရှိနိုင်ငံရေးဘ၀ကို ဂုဏ်ယူနိုင်ကြပြီလား၊ တာဝန်ကျေကြလို့လားလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိပါတယ်။ အဲသည်အကြောင်းကို ဆရာဦးဝင်းတင်ကို ပြောဆိုဆွေးနွေးမိပါတယ်။ ၁၉ ၆၂ မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာ တော်လှန်ရေးကောင်စီလက်အောက် သတင်းစာတွေ ထူထောင်တော့ ကျနော့်အဖိုးအဖွားတို့လည်း အားတက်သရော ပါခဲ့ကြတာကိုး၊ ၁၉ ၆၈ မှာ အာဏာရှင်တွေရဲ့ အတွင်းသရုပ်ထင်ရှားလာချိန်ကျမှ သူတို့တတွေ အလုပ်ကနေ ထွက်ပြီး ဆန့်ကျင်မှုကို ပြခဲ့ကြပေမယ့် စစ်အာဏာရှင်ယန္တယားကြီးက အရှိန်ရ ရှင်သန်နေပြီမို့ တော်လှန်ရေးကောင်စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကို ပြောင်းခဲ့၊ နိုင်ငံရဲ့ မျိုးဆက် ၂ ဆက်လောက်ဟာ စစ်အာဏာရှင်လက်အောက်မှာ ပေးဆပ်ရင်းနှီးခဲ့ရတယ် မဟုတ်လား။

အခုကော ဘာထူးလဲ။ ပါတီစုံဒီမိုကရေစီခေတ်ကို ရောက်ဖို့ အနှစ် ၂၀ ကျော် ဖြတ်သန်းလာရတဲ့လမ်းမှာ … အခုချိန်လည်းကျရော မြန်မာ့နည်း မြန်မာ့ဟန် စည်းကမ်းစနစ်ကျသော ဒီမိုကရေစီလမ်းစဉ်ကို အတော်များများသော တော်လှန်ရေးသမားဆိုသူတွေက အားတက်သရော လျောက်ကြဖို့ ရုန်းကန်လှုပ်ရှားနေကြပါပြီ။ ဘယ်တော့များကျမှ “ဟာ … နောက်ဆုံးတော့ တလွဲတွေပါပဲလား” ဖြစ်ကုန်မှာကို စိုးရိမ်မိပါတယ်။  အဲသည်ကျမှ ကိုယ်ရွေးချယ်ခဲ့မိတဲ့ နိုင်ငံရေးဘ၀ကို ဂုဏ်မယူဘူးလို့ နောင်တစကား ပြောကြမှာကို မဖြစ်စေချင်ပါ။ အချိန်တွေ ကုန်တဲ့အပြင် မျိုးဆက်တွေပါ ပြုန်းတီးကုန်ကျမှာကိုး။

ဆရာဦးဝင်းတင်ကတော့ ပြတ်သားတဲ့အမြင်နဲ့ ဖြတ်သန်းမှုရှိတဲ့သူဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ကို အပြီးသတ် အပြုတ် တိုက်ခိုက်ဖို့ကိုပဲ ရွေးချယ်ထားသူဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ မူလပကတိ အတွင်းသရုပ်ကို မျက်ခြေမပြတ်သူဖြစ်တာမို့ သူကိုယ်တိုင်ကလည်း ပေါ့ပေါ့ဆဆ သဘောမထားသလို၊ သူ့ဦးဆောင်မှု ခေါင်းဆောင်မှုမှာလည်းပဲ လျော့မတွက်ဖို့၊ အလွန်အကျုး အကောင်းမမြင်ဖို့ဆိုတဲ့ သတိကို ကြီးစွာ ထားသူဖြစ်ပါတယ်။ ဒါကြောင့်လည်း သေရာညောင်စောင်းကနေ ကျုပ်ကတော့ အာဏာရှင်တွေကို “အဟမ်း အဟမ်း ထွီ” ပဲလို့ ပြောခဲ့တာပေါ့။ ဆရာရဲ့ ဘ၀ဖြတ်သန်းမှုမှာ နိုင်ငံရေးဘ၀ကော၊ စာပေနဲ့ အနုပညာဘ၀မှာပါ သူ့ကိုယ်သူ တာဝန်ယူသူ၊ ဂုဏ်ယူသူ၊ နောင်တမရဘဲ ၀မ်းမြောက် တည်ဆောက်သူတဦးအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

နောက် တချက် ပြောမိခဲ့တဲ့ စကားလက်ဆုံကတော့ “စည်းကမ်းရှိတဲ့ ခြစားမှု” အကြောင်းပါ။ အနောက်နိုင်ငံက သုံးသပ်ချက်တွေ၊ အစီရင်ခံစာတွေမှာ အစိုးရတွေ၊ ကော်ပိုရေးရှင်းတွေ၊ အင်န်ဂျီအိုကတွေက အာဏာရှင်နိုင်ငံတွေ၊ ဖွံဖြိုးဆဲနိုင်ငံတွေကို ပြုပြင်ပြောင်းလဲမှုတွေ ၀င်ရောက်လုပ်ဆောင်တဲ့အခါမှာ “ပြောင်း” လုပ်လို့ မရရင် “ပေါင်း” လုပ်ကြတဲ့ အကြောင်းတွေထဲက “စည်းကမ်းရှိတဲ့ ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု” အကြောင်းဖြစ်ပါတယ်။ ‘disciplined corruption’ ပေါ့ဗျာ။ အာဏာရှင်တွေရဲ့ အသိုင်းအ၀ိုင်းကို ဗရမ်းဗတာ လာဘ်စားနေတဲ့အကျင့်ကနေ စည်းနဲ့ စနစ်နဲ့ ဆုပေးဒဏ်ပေးနဲ့ လာဘ်စားကြဖို့၊ ခြစားကြဖို့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ ငွေကြေး အကျိုးအမြတ် အခွင့်အလမ်း မက်လုံးတွေပေးပြီးတော့ ပရိုဂျက်များ၊ စီမံကိန်းများ၊ မူဝါဒများကို ချမှတ်အကောင်အထည် ဖော်စေတာ ဖြစ်ပါတယ်။ လုပ်ဆောင်မှုတွေ အကောင်အထည်ဖော်တဲ့အခါ ရလဒ်တွေကို ကြည့်ပြီး တိုင်းတာပြီးတော့ စစ်အာဏာရှင်တွေ၊ အပေါင်းအပါတွေကို တိရစ္ဆာန်များလို လိမ္မာယဉ်ကျေး သိတတ်လာအောင် မြူဆွယ် ထိန်းကြောင်း သင်ကြားပေးကြရတယ်လို့ သူတို့က ဆိုပါတယ်။ မသိတတ်တဲ့ကလေးတယောက်ဟာ တဦးတည်း မုန့်ခိုးစားနေရာကနေ သူများနဲ့ဝေမျှစားလို့ မိသားစုကနေ “လိမ္မာလိုက်တာ၊ တော်လိုက်တာ” လို့ ၀ိုင်းဝန်း ချီးမွန်း အသိအမှတ်ပြုခံရတာကို သာယာပြီး  ပြောင်းလဲလာတဲ့ သဘောပေါ့ဗျာ။ လူဆိုးတွေကလည်း ခိုးဆိုးတိုက်ခိုက်ထားတာတွေကနေ လှူလိုက် တန်းလိုက်လုပ်မိရာက သူတော်ကောင်းစိတ်ဝင်လာရအောင်၊ လူရာသူရာ ၀င်လာလို့ အပြောအဆို အသိပညာ ဆင်ခြင် ပြုပြင်လာအောင် သင်ကြားပေးကြတဲ့ သဘောပေါ့။ သို့သော်လည်း သမိုင်းတလျောက်မှာတော့ စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတွေဆိုတာ ယဉ်ကျေးလိမ္မာ ပြောင်းလဲ ပြုပြင်လာတယ်ဆိုတာ မှတ်တမ်းမှတ်ရာ မရှိပါ။ အနောက်တိုင်းဒီမိုကရေစီသမားတွေရဲ့ ပေးကမ်းဇာတ်သွင်းမှုတွေကို နာယူပြီးတော့ အတိတ်က ဆိုဗီယက်ယူနီယမ်ကြီးကို ထုခွဲလိုက်မိလို့ စိတ်မကောင်းတွေဖြစ်နေခဲ့တဲ့ လက်ရှိရုရှားအာဏာရှင် ပူတင်ဟာ အင်အားသုံးပြီးတော့ ရုရှားအမျိုးသားအင်ပါယာကို ပြန်ထူထောင်ဖို့ ကြိုးပမ်းနေပြန်တာပါပဲ။

ဆရာနဲ့ စည်းကမ်းရှိသောခြစားမှုဖြင့် စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ကို ထူထောင်ရေးအကြောင်း ပြောမိတော့ ဆရာက “မင်းတို့အနောက်တိုင်းက ပညာရှင်တွေက သူတို့ပေတံတွေနဲ့ တိုင်းထွာပြီး စကားတတ်တိုင်းပြောနေတော့တာပဲကွာ” လို့ မှတ်ချက်ပေးပါတယ်။ ဆရာအနေနဲ့ကတော့ “စည်းကမ်းရှိသော လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှု” နည်းလမ်းကို နှစ်သက်သူ မဟုတ်ပါ။ ဆရာရဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်းကို ခရိုနီမျိုးဆက်အချို့က ကူညီထောက်ပံ့ လှူဒါန်းဖို့ ကြိုးစားကြစဉ်က ဆရာကိုယ်တိုင်က (နာမယ်လိုချင်၊ အကျိုးအမြတ်လိုချင်၊ အသိအမှတ်ပြုတာ ခံယူချင်) လို့ လှူတာ ကမ်းတာ ထောက်ပံ့တာမျိုးကို လက်မခံနိုင်ဘူးလို့ ဆိုခဲ့တယ်လို့ ကြားသိ မှတ်ယူခဲ့ဖူးပါတယ်။

သည်လိုမျိုး စည်းကမ်းရှိသော ဒီမိုကရေစီတွေ၊ စည်းကမ်းရှိသော ခြစားမှုတွေနဲ့သာ စည်းကမ်းရှိသော မြန်မာ့လူဘောင်လောကကြီးသာ တည်ဆောက်ကြမယ် ဆိုရင်တော့ နောင်တချိန်မှာ နိုင်ငံရေးနောင်တပဲ ရကြဖို့ပဲ ရှိလိမ့်မယ်လို့ ကျနော်တို့ကတော့ ယူဆပါတယ်။ ဂုဏ်ယူဖွယ် နိုင်ငံရေးဘ၀ဆိုတာကို မှတ်တမ်းတင်နိုင်ခဲ့မယ် မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ နောင်မျိုးဆက်သစ်တွေဟာ ခေတ်သစ် စစ်အာဏာရှင်တွေ လက်အောက်မှာ ခြေဖ၀ါးအောက်မှာ ခေတ်သစ်ကျေးကျွန်တွေအဖြစ် ဆက်လက်ရှင်သန် ရုန်းကန်နေကြရဦးမယ်။ အဲသည်အခါကျရင်  ငါတို့ခေတ်တုန်းက ငါတို့ညံ့ခဲ့ကြလို့ နောင်တခေတ်က ငါ့သား ငါ့မြေးများ ပင်ပန်းဆင်းရဲကြရှာတယ်။ သနားလိုက်တာ ကွယ် … ကျွတ် ကျွတ် ကျွတ် ဆိုပြီး သေရာညောင်စောင်းမှာ “အဟမ်း အဟမ်း ထွီ” မလုပ်နိုင်ဘဲ “အဟွတ် အဟွတ် … ကျွတ် ကျွတ် ကျွတ် ” စုတ်တသတ်သတ်နဲ့  နောင်တမရကြစေချင်ပါ။

ဆရာဦးဝင်းတင်နဲ့ သည်ဘ၀မှာ ဆုံတွေ့ခွင့်ရတဲ့အတွက် ကျနော်တို့ တသက်တာ နောင်တမရဘဲ ၀မ်းမြောက် ဂုဏ်ယူနေရမှာ ဖြစ်ပါတယ်။ အခြားတဖက်က သူတို့တတွေနဲ့ အပေါင်းအပါတွေနဲ့ “ပေါင်း” ခွင့် မရလို့ ကျနော်တို့ကတော့ တသက်လုံး နောင်တရမည် မဟုတ်ပါ ခင်ဗျား။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts