Yan Naung (Bo Ta Htaung) သတင်းဆောင်းပါး

ရန်နောင် (ဗိုလ်တထောင်) – သပြေတောင်းက ဈေးနေ့မြင်ကွင်း

သပြေတောင်းက ဈေးနေ့မြင်ကွင်း
ရန်နောင် (ဗိုလ်တထောင်)
ရန်ကုန် ။ မေ ၁၀၊ ၂၀၁၄
 

  အညာဈေးမနက် ဆံပင်ညှပ်သူက ညှပ်
 

ဈေးလေးက  မသေးလွန်း  မကြီးလွန်းလှပါ ။ ဈေးလေး၏ ဖွင့်ရက်ကလည်း ငါးရက်မှတစ်ခါဖြစ်သည့်အတွက်လည်း  စည်ကားနေသည်မှာတော့ ဈေးအကျယ်အဝန်းနှင့်ဆိုလျှင်မမျှတပေ။ သို့သော်လည်း ထိုဈေးနေ့လေးကို ရွာပေါင်းစုံမှ စောင့်မျှော်နေတတ်ကြသည်။

တောကျေးရွာလေးတစ်ရွာအတွက် ဈေးနေ့သည် အလွန်တရာအရေးပါသော နေ့တစ်နေ့ဖြစ်သည်။ ဈေးနေ့တွင် ချိန်းဆိုထားသော သူများ နှင့် တွေ့ဆုံနိုင်ခြင်း၊ ကိုယ်စားချင်သော စားဖွယ်သောက်ဖွယ်များအား ဝယ်ချမ်းစားသောက်နိုင်ခြင်းတို့ကြောင့် ဈေးနေ့သည် ရွာသူ ရွာ သားများအတွက် ဟိုအရင်ကတည်းက အသုံးဝင်အရေးပါခဲ့သည်မှာ ယခုတိုင်ပင်ဖြစ်သည်။

သပြေတောင်းက ရွာငယ်လေးများကို စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ သပြေတောင်းသည် ကျောက်ဆည်ခရိုင် ကူမဲမြို့နယ်ထဲမှ ရွာငယ် လေးငါးရွာကို ပေါင်းစုထားသော ရွာအုပ်စုဖြစ်သည်။ ထိုရွာငယ်လေးများထဲမှ ကံကွေ့ဆိုသောကျေးရွာလေးသို့ သင်္ကြန်ရက်အတွင်း ရောက်ရှိလို့သွားခဲ့ပါသည်။ သပြေတောင်းသို့ မီးရထားဖြင့်လည်း လာရောက်နိုင်ပါသည်။ အမြန်ရထားဖြင့်တော့မဟုတ်ပါ။ စာပို့ရထားဖြင့် သာဖြစ်သည်။

ကံကွေ့သို့ ညသန်းခေါင် ၁၂ နာရီထိုးခါနီးတွင် ရောက်ရှိသွားချိန်တွင် ထိုဈေးကလေးကား မနက်ခင်းတွင် ရောင်းချရန်အတွက် ပြင်ဆင်နေ သည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ညကြီး မင်းကြီးကတည်းက ပြင်ဆင်နေသဖြင့် သူစိမ်းတရံဆံအဖို့တော့ အထူးအဆန်းသဖွယ်ဖြစ်နိုင် သော်လည်း သူတို့အဖို့မှာကား နောက်ကျနေတယ်တောင် ထင်မလားမသိနိုင်ချေ။

ရောက်ရှိချိန်နောက်ကျသော ကျွန်တော်တို့အဖွဲ့အတွက် ထိုနေ့ညအဖို့ အဆင်သင့်ခင်းထားသော အိပ်ရာတွင် ဝင်အိပ်ရန်အလုပ်မှတပါး အခြားမရှိတော့၍ ပင်ပန်းသမျှအပန်းဖြေရန် အိပ်ရာထဲဝင်ရောက်အနားယူ လိုက်ပါတော့သည်။ အိပ်ရာထဲရောက်ပြီး ငါး မိနစ်မျှအကြာတွင် တော့ အပူပိုင်းဒေသ၏ ကိုရွှေခြင်တို့က တဝီဝီတေးသွားနှင့် စတင်ဖြေဖျော်ခြင်းကို ခံစားရပြီး သူတို့၏ နှာမောင်းတို့နှင့် တို့ထိကျီစယ်ခြင်းကို စတင်ခံစားရပါတော့သည်။ ခြင်များ၏နှိပ်စက်မှုကြောင့် ပင်ပန်းသမျှတွေ အနားယူမည်ဟူသောစိတ်ဓာတ်သည်ကား ကျဆင်း၍ သွားပါ တော့သည် ။

ကျိတ်မှိတ်ကာ အိပ်စက်ရင်း နှင့်နံနက်လင်းသောအခါထချင်သော်လည်း မထနိုင်ပါ။ နံနက်ခင်းပိုင်း အအေးဓာတ်အနည်းငယ် ရလာသော အခါမှ ခြင်ကိုက်ခြင်း ဒဏ် နည်းပါးသွားသဖြင့် အိပ်လို့ကောင်းသောကြောင့် ဖြစ်သည် ။ ရွာခံအိမ်ရှင်များမှ ဈေးနေ့မြင်ကွင်းအားကြည့်ချင်ရင် စောစောသွားမှ ကောင်းမည်ဟု အကြံပြုသောကြောင့် မမြင်ဘူးသောမြင်ကွင်းအား ကြည့်ရှုလေ့လာရန်အတွက် အိပ်ရာမှ လူးလဲစွာထ လိုက်ပါသည်။ ကိုယ်ကသာ လူးလဲထသော်လည်း မိန်းကလေးများပါနေသည့်အတွက် သူတို့ဖြီးလိမ်းပြင်ဆင် ဝတ်စားသည်ကိုလည်း စောင့် နေရသေးသည် ။ မစောင့်နိုင်သည့်အဆုံးတွင် ကိုယ့်ခြေထောက် ကိုယ်အားကိုးကာ လမ်းလျှောက်ထွက်လာခဲ့တော့သည်။

ညကမှ ဒီရွာသို့ မှောင်ကြီးမည်းမည်းနှင့် ရောက်လာခဲ့ခြင်းကြောင့် ဟိုမေးသည်စမ်းနှင့် လမ်းမမှားရအောင် လျှောက်လာခဲ့ရသည်ကလည်း ကိုယ့်ဒေါသနှင့်ကိုယ်ဖြစ်နေသည်။ ရွာလယ်ကိုကျော်သောအခါ လမ်းလျှောက်ရသည်မှာ မညောင်းသော်လည်း စောင့်နေသည့်အုပ်စု ထွက် မလာနိုင်ခြင်းကြောင့် စိတ်မော၍ လူပန်းဖြစ်နေပါသည်။

ထိုအချိန်တွင် ခပ်ဖြည်းဖြည်းမောင်းလာသော နွားလှည်းတစီးအားတွေ့၍ လှည်းမောင်းလာသောဦးလေးကြီးအား ဘယ်သွားမလဲဟုမေးမြန်း သောအခါ ဦးလေးကြီးပြန်ဖြေပုံကြောင့် တွန့်သွားမိတော့သည်။ သူပြန်ဖြေပုံကတော့ ဈေးခံသွားမလို့ဗျဟု ပြုံးပြုံးကြီးပြောနေသဖြင့် စာရေးဆရာမ ခင်ခင်ထူး ပရိတ်သတ် တစ်ဦးအနေနှင့် အညာဒေသိယျအသုံးအနှုန်းများကို ယဉ်ပါးနေသဖြင့်သာ ကြောင်မသွားခြင်းဖြစ်သည် ။ ကျွန်တော်လိုက်ခဲ့မယ်ဟု ပြောပြောဆိုဆိုနှင့် သူ့လှည်းပေါ်ကို လွှားခနဲ ခုန်တက်လိုက်တော့သည်။

လှည်းယာဉ်ကြော့ကိုစီးကာ တငြိမ့်ငြိမ့်နှင့်လာနေစဉ်မှာပင် နောက်ကအုပ်စုက ကားနှင့်လိုက်လာပါသည်။ သူတို့အုပ်စုလည်း ကျွန်တော်နွား လှည်းစီးပြီးသွားနေသည်ကို ကြည့်ပြီး တအံ့တသြ ဖြစ်နေကျပါသည်။ ရှေ့အနည်းငယ်တွင်တော့ ဈေးကလေးအား စတင်မြင်တွေ့ရ ပါတော့သည်။ ဈေးကလေးရှေ့တွင် လှည်းများအား နွားများချွတ်ကာ ဈေးဝယ်သူများအား စောင့်ဆိုင်းနေသူများကိုလည်းတွေ့မြင်ရသလို ခေါင်းပေါင်းကြီးဖားလျားဝေနှင့် သက်ကြီးပိုင်း အဒေါ်ကြီးအရွယ်များကိုလည်း တွေ့မြင်ရပါသည်။

ကျွန်တော်တို့မြို့ပေါ်တွင် ဈေးဆိုသည်မှာ ယောက်ျားသားများနှင့်မပတ်သက်ကာနေလို့ရသော်လည်း ကျေးလက်အညာက  ဈေးနေ့သည် ကား ပျိုပျိုအိုအို အရွယ်စုံ ၊ကာလသား ကာလသမီးတို့သာမက ကလေးသူငယ်များ၊ သက်ကြီးအရွယ်ပိုင်းများပါ ဈေးနေ့သို့ အားခဲကာ အရောက်လာပြီး ကိုယ်လိုချင်သောပစ္စည်းရရန်အတွက် မနက်ခင်းအစောပိုင်းမှစကာ သူ့ထက်ငါဦးအောင် လာနေကြသည်ကို တွေ့မြင်ရ သည်မှာ မြို့ကြီးပြကြီးတွင် မမြင်ရသော အလှတရားဖြစ်သည်။

မိတ်ဟောင်းဆွေဟောင်းတွေ ပြန်ဆုံလေ့ရှိကြတဲ့ ဈေးနေ့

ရွာချင်းထိစပ်နေသော်လည်း မိတ်ဆွေသူငယ်ချင်း အချင်းချင်း မတွေ့မမြင်ရသည်မှာလည်း အတော်ကြာနေသူများသည် ဈေးနေ့မှ ပြန် တွေ့ရသည့်အခါမျိုးလည်း ရှိတတ်သဖြင့် ဖက်လှဲတကင်းနှုတ်ဆက်နေပုံကိုတွေ့ရသည်မှာ အလွန်ပင်ကြည်နူးဆွတ်ပျံ့ဖွယ် သင်္ဂါရ ရသ ကိုပေးစွမ်းနိုင်စေသည်မှာ ကျေးလက် ဈေးမြင်ကွင်းလေးအား ပို၍အသက်ဝင်စေပါသည်။

ကျွန်တော်တို့အဖွဲ့ရောက်သွားသောဈေးနေ့လေးမှာ သင်္ကြန်အကြိုနေ့ဖြစ်သဖြင့်လည်း အခါတွင်းဥပုသ်သီလဆောက်တည်ရန်အတွက် အ ခြောက်အခြမ်းလေးများကို ကြိုတင်ဝယ်ယူထားသောနေ့ဖြစ်သဖြင့် ရွာ လေးငါးခြောက်ရွာမှ လူများဖြင့် ဈေးလေးကားတိုးမပေါက်အောင် ဖြစ်နေပါသည်။ ဒါတောင် ကျွန်တော်တို့ရောက်သွားသောအချိန်သည် နံနက် ၇ နာရီလောက်သာရှိသေးသော်လည်း ဈေးကွဲစပြုနေပြီ ဖြစ်သည်။

ကိုယ်စားချင်သော အညာဒေသထွက်မုန့်များကား တွေ့ရပါပြီ။ မုန့်ကျွဲသည်းကိုတွေ့၍ မုန့်ကျွဲသဲဘယ်လောက်လဲဟုမေးသော် ဒါမုန့် ကျွဲသဲ မဟုတ်၊ ဆနွင်းမကင်းဟုပြောသဖြင့် ကြောင်အမ်းအမ်းဖြစ်ရပြန်ပါသည်။ အလားတူ မုန့်ဗိုင်းတောင့်ကို သူတို့က ပဲဆုပ်ဟုလည်းကောင်း၊ ဘိန်းမုန့်လို ဖြူဖြူပြားပြားကို မုန့်ပြားသလက်ဟုလည်းကောင်း၊ သူတို့၏ ဒေသိယျလေသံထွက်နှင့်နားထောင်ရသည်မှာလည်း အဆန်း ပင်ဖြစ်နေပါသည်။ ကွမ်းစားချင်၍ ဆိုင်မေးသောအခါ မြောက်ဘက်နားဟုဆိုပြန်သဖြင့် ကွန်ပတ်မယူခဲ့မိသည့် ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင်မိပါသည်။ တကယ်တော့သူတိုကပြောသည့် မြောက်ဖက်ကား ကျွန်တော်တို့ဆီက လက်ယာဘက် (ညာဘက်) ဖြစ်ပါသည်။

အညာမြေက အစာပြေ

ရှေ့ဆက်၍လျှောက်လာသော် လူများအုံခဲနေသည်ကို တွေ့ရသဖြင့် ဘာတွေမို့ ဒီလောက်တိုးကျိတ်ဝယ်နေရသနည်းဟု စနည်းနာကြည့် သော်ကား လားလား အသီးမှာသရက် အသားမှာဝက်ဟုစာဆိုအတိုင်း ဝက်သားများကို အလုအယက်ဝယ်နေကျခြင်းဖြစ်ပါသည်။ ဝက် သားသည် အဒေါ်ကြီးမှာ ဝက်သားများအား အလုအယက်မှာယူနေများအား ပြုံးချိုစွာဖြင့် ရမှာပါဆရာကတော်ရယ်၊ ရရမှာပေါ့ ကြီးတော်ရယ် အစရှိသည်ဖြင့် ပီယဝါစာချစ်ဖွယ်သောစကားများကို ဆိုပြောကာ ဈေးဝယ်လာသူမိတ်ဆွေအပေါင်းအား စိတ်နှလုံးရွှင်ပြုံးစွာဖြင့် စကားစ မြည်ပြောဆိုရင်းလုပ်ကိုင်နေသည်မှာ အသားအား ဓါးထက်ထက်ဖြင့်လှီးဖြတ်ရင်း လုပ်ကိုင်နေသည် မထင်ရပေ။ ကျွန်တော်၏မေမေမှာ လုပ်ရင်းကိုင်ရင်း ငေးမောကြည့်နေရာမှ ဟိုဘက်မှာလည်း ဝက်သားသည်ရှိသေးတာကို ဘာလို့မဝယ်သည့်အကြောင်းစပ်စုသောအခါ ‘‘အို ကြီးတော်နဲ့ ဒီဆိုင်က ကျုပ်တို့ဝယ်နေကျဗျ၊ အလေးမှန်၊ ဈေးမှန်လေ”  မေမေလည်း ပါးစပ်ပိတ်သွားကာ ဝက်သားသည်ကြီးအားသာ စိုက်ကြည့်နေပါတော့သည်။ တခဏမျှကြာသော် တူတော်မောင်၏ဆွဲခေါ်ချက်အရ မုန့်လက်ဆောင်းဆိုင်သို့ ပါသွားပြန်ပါသည်။ မုန့်လက် ဆောင်းဖတ်မှာ အဖြူရောင်ဖြစ်ပြီး ထန်းလျက်ရည်နှင့်လုပ်ထားသော အချိုရည်ဖြစ်သည်။ တန်ဖိုးကျသင့်ငွေကတော့ တစ်ခွက်မှ ကျပ် ငါးဆယ်သာဖြစ်၍  အတော်ဈေးသင့်လှပါသည်။ မုန့်လက်ဆောင်းသောက်နေရင်း ဟိုတဘက်ဆီက ဆိုင်တဖက်တွင်တော့ မုန့်တီသုပ် ဟု သူတို့တွေခေါ်သော နန်းကြီးသုပ်ရောင်းသောဆိုင်အားတွေ့ရှိ၍ ဝင်ရောက်သုံးဆောင်ရန်အဖွဲ့အား မဲဆွယ်မိပါသည်။ ဖေဖေတစ်ယောက် သာ ဆိုင်ကိုသွားရောက်စားသုံးပါသည်။ ကျန်သူများမှာ ဗိုက်များပြည့်တင်းနေပြီဖြစ်ကြ၍ အားပေးခြင်းကို မပြုလုပ်နိုင်တော့ပါ။ မုန့်တီသုပ် တပွဲ၏တန်ဖိုးကတော့ မြန်မာငွေ သုံးရာကျပ်ပါဗျာတဲ့။

ရာသီပေါ် သီးနှံတွေရောင်းနေတဲ့ အဘွားအို

မုန့်များစားသုံးပြီးသော် ဈေးကိုတစ်ပတ်လျှောက်ပြီးနောက် လှည့်ပတ်ကြည့်ရှုသောအခါ ဆံပင်ညှပ်သူများ၊ အလှပြင်ကိရိယာအသုံးအ ဆောင်ဝယ်သူများအားလည်း တွေ့မြင်ခဲ့ရပါသည်။

ခြံထွက်သီးနှံများ လာရောက်ရောင်းချနေသူများလည်းမြင်တွေ့ခဲ့ရပါသည်။ သင်္ဘောသီးတစ်လုံးလျှင် တစ်ရာကျပ်သာရောင်းချပြီး ရှိသမျှ အကုန်ယူပါက ဈေးလျှော့ပေးမည်ဆိုသဖြင့် သင်္ဘောသီး ဆယ့်ငါးလုံးအား ငွေတစ်ထောင်ကျော်လေးနှင့်ရခဲ့သည်မှာလည်း အံ့ဖွယ် ဖြစ်ပါ သည်။

ဝယ်ပြီး ခြမ်းပြီး ပြန်ကြမယ်

ကျွန်တော်တို့မိသားစုခရီးတစ်ခု အတူတူထွက်ရန် အလွန်ပင်ခဲယဉ်းပါသည်။ ထိုသို့ခဲယဉ်းစွာခရီးထွက်သည့်ကြားက ယခုကဲ့သို့ ငါးရက် တဈေးနှင့်ဆုံမိကြသည့်အတွက်  အထူးပင်ဝမ်းမြောက်မိပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ဒေသန္တရဗဟုသုတများ ရရှိသည့်အတွက်လည်း ဒီခရီးစဉ်စီစဉ်ပေးသော သူများနှင့်အဖက်ဖက်မှ လိုလေသေးမရှိအောင်ဖြည့်ဆည်းပေးသောသူများကို ကျေးဇူးတင်လိုက်ရင်း သပြေ တောင်းဈေးမြင်ကွင်းအား နိဂုံးချုပ်လိုက်ပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ရန်နောင် (ဗိုလ်တထောင်) – သပြေတောင်းက ဈေးနေ့မြင်ကွင်း
  1. တောင်သပြေတောင်း မြောက်ဒရယ်ကောင်း တဲ့။ ဘာကြောင့် ခေါ်တယ်မသိ။

  2. အလွန်ကေါင်းပါသည် Country sketch ကိုအလွန်နှစ်သက်ပါသည်။ကျေးဇူးပါ။

Comments are closed.