လူများ၊ ရုပ်ပုံလွှာများ သန်းဝင်းလှိုင်

သန်းဝင်းလှိုင် – ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (သု့မဟုတ်) နေပြည်တော်မင်းသားကြီး – အခန်း (၇)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (သု့မဟုတ်) နေပြည်တော်မင်းသားကြီး – အခန်း (၇)
သန်းဝင်းလှိုင်
မေ ၈၊ ၂၀၁၄
 
 

ဗိုလ်ချုပ်မှူးကြီးလက်ထက် တိုင်းပြည်ဆုတ်ယုတ်မှုများ
မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ မဖွံ့ဖြိုးမတိုးတက်မှုများ၏ လက်သည်တရားခံမှာ စစ်အာဏာရှင် စနစ်ကြောင့်ဟု ဆိုရပေမည်။ နိုင်ငံရေးကို နိုင်ငံရေးသမားများက မလုပ်ရဘဲ၊ သို့မဟုတ် လုပ်ခွင့်မရဘဲ စစ်အာဏာရှင်ခေါင်းဆောင်များကသာ ယနေ့တိုင် စိုးမိုးချယ်လှယ် ထင်တိုင်းကျဲ အုပ်ချုပ်နေသောကြောင့် ဖြစ်သည်။ နိုင်ငံရေးသမားများက နိုင်ငံရေး မလုပ်ရသည့်အတွက် ပြည်သူ့သဘော ထား၊ ပြည်သူ့ဆန္ဒတို့သည် ဆိတ်သုဉ်းသွားခဲ့ရသည်။ အာဏာရှင်၏ သဘောထား ဆန္ဒများကိုသာ ပြည်သူ့သဘောထားဟုပြောင်လည်း ကြွေး ကြော်နေခဲ့ကြသည်။

ယခုအခါ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကွက်ချ စီစဉ်ခဲ့သည့်အတိုင်း နိုင်ငံတော်အာဏာကို သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်က စီမံအုပ်ချုပ်နေသည်မှာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း လူလည်းမပြောင်း မူလည်းမပြောင်း၊ အပေါ်မှလည်းမပြောင်း အောက်ခြေလည်း မပြောင်း၊ အာဏာရှင်စနစ်၏ စရိုက်အတိုင်း ထင်သလို အုပ်ချုပ်နေသောကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အဘက်ဘက်မှ ချွတ်ချုံကျလာပေသည်။ အာဏာရှင်စနစ်ဆိုး၏ ဖျက်ဆီးမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု စသည့် အဘက်ဘက်က ပျက်စီးသွားခဲ့မှု၌ အထိခိုက်ဆုံးမှာ ပြည်သူလူထု၏ စာရိတ္တနှင့် မှန်ကန်သော အတွေးအခေါ် အယူအဆများ ပျက်စီးသွားမှုပင် ဖြစ်ပေသည်။

သာဓကပြရသော် မည်သည့်လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ တံစိုးလက်ဆောင် မပေးလျှင် မည်သည့် ကိစ္စမှ မပြီးစီးနိုင်ပေ။ အစိုးရရုံး၊ဌာန၊တပ်ဖွဲ့တိုင်း၌ လာဘ်ပေးလာဘ်ယူမှုများသည် ကြောက်ခမန်းလိလိ ဖြစ်သည်။ ယခင် စစ်ခေါင်းဆောင်များမှ ယနေ့ စစ်ခေါင်းဆောင်များအဆုံး တိုင်းပြည်၏ အခြေအနေနှင့် ဆီလျော်ခြင်းရှိ မရှိ သုံးသပ်ခြင်းမရှိဘဲ လာဘ်ငွေရလိုဇောဖြင့် မဖြစ်နိုင်သော စိတ်ကူးယဉ်မူဝါဒများ ချမှတ်အကောင်အထည်ဖော်နေခြင်းကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေများအဟောသိကံဖြစ်ကာ လူထုတစ်ရပ်လုံး ဆင်းရဲမွဲတေသွားခဲ့ရသည်။

တော်လှန်ရေးကောင်စီခေတ်မှ ယနေ့ အစိုးရသစ်လက်ထက်အထိ မိမိစီးပွားရေးနှင့် မိမိအသက်စည်းစိမ် ဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် အဆင်ပြေအောင် ဖန်တီးနေရသည်။ ဤနည်းဖြင့် တစ်တိုင်းပြည်လုံးတွင် သူ့အတိုင်းတာနှင့်သူ လျော်ညီသော လာဘ်ငွေများ ရယူကြသည်။ နိုင်ငံနှင့်အဝှမ်း အဂတိလိုက်စားမှု ဖြစ်ပေါ်လာခြင်းကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာခဲ့သည်။ ဤသို့ ကုန်ဈေးနှုန်းများ မြှင့်တက်နေခြင်းကြောင့် စားဝတ်နေရေး သုံးပါးတွင် စားရေး၌ပင် ပြည်သူလူထု လောက်ငအောင် အဆမတန် ကြိုးပမ်းရုန်းကန်နေရသည်။ ဝန်ထမ်းများကလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုကို အကြောင်းပြကာ နည်းမျိုးစုံဖြင့် အဂတိ လိုက်စားကြသည်။ အဂတိလိုက်စား၍ မရသော ဝန်ထမ်းသည် အလုပ်ချိန်အတွင်း ပြင်ပသို့ ထွက်၍ အခြားဝင်ငွေရမည့် အလုပ်များကို လုပ်ကိုင်ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို အလွဲသုံးစားပြု၍ ထုခွဲရောင်းချခြင်း စသည့် မသမာသော နည်းမျိုးစုံဖြင့် ဘဝရပ်တည်ရန် ကြိုးပမ်းလာခဲ့သည်။

ယင်းသို့ စီးပွားရေး ကြပ်တည်းမှုဒဏ်ကို မခံနိုင်သည့်အဆုံး မိသားစုဘဝ ရပ်တည်ရေးအတွက် မြန်မာနိုင်ငံသားများသည် ပြည်ပသို့ တရားဝင်နည်းလမ်းဖြင့်ဖြစ်စေ၊ တရားမဝင် နည်းလမ်းဖြင့် ဖြစ်စေ အလုပ်ရှာထွက်ကြရသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပွဲစားများ၊ ကုမ္ပဏီပိုင်ရှင်များ၊ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများသည် မမှန်ကန်သော နည်းလမ်းများ အသုံးပြုခြင်းကြောင့် ငွေအလိမ်ခံရခြင်း၊ လူကုန်ကူး ခံရခြင်းများ ကြုံတွေ့ခဲ့ကြရသည်။ ဤအခြေအနေများအား လက်ရှိအာဏာပိုင်စိုးထားသော အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများသည် အရေးတယူ ဆောင်ရွက်ခြင်း မရှိသည်သာမက ယခုအခါ ၎င်းတို့ကိုယ်တိုင်ပင် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ယခုအခါ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ဟောင်ကောင်နှင့် အခြားအာရပ်နိုင်ငံများသို့ မြန်မာနိုင်ငံမှအမျိုးသမီးငယ်များကို အိမ်ဖော်အဖြစ် တရားဝင်တင်ပို့ကာ အမြတ်ထုတ်လျက် ရှိသည်။

စစ်အစိုးရ အဆက်ဆက်တွင် ဤသို့ စားဝတ်နေရေး အလွန်အမင်း ကြပ်တည်းမှုကြောင့် တစ်နေ့တွင် ထမင်းတစ်နပ်သာ စားနိုင်သော ပြည်သူလူထုမှာ နိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်း ရှိနေပြီဖြစ်သည်။ ထို့အပြင် ပြည့်တန်ဆာလုပ်ငန်းမှာ ပိုမို၍ တွင်ကျယ်လာသည်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်မြောက် ဒဂုံမြို့နယ်တို့တွင် မိဘများကိုယ်တိုင် မိမိ၏ သားသမီးများအား ပြည့်တန်ဆာလုပ်ငန်း လုပ်ခိုင်းရသည်အထိပင် ဆိုးဝါးလာခဲ့သည်။ ဤသို့ စီးပွားရေး ကြပ်တည်းလာမှုဒဏ်ကြောင့် အဟာရချို့တဲ့မှုကြောင့် ပြည်သူများ အကျင့်စာရိတ္တပျက်ပြားလာခြင်း၏ နောက်ကွယ်တွင် အေအိုင်ဒီအက်စ်၊ တီဘီ၊ ကင်ဆာရောဂါဆိုးကြီးများ ဖြစ်ပွားလာခဲ့သည်။

စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်တွင် ခေတ်ပျက်သူဌေးပမာ ကြီးပွားချမ်းသာ လာကြသူများမှာ စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏ အသိုင်းအ၀ိုင်းများ၊ ဆွေမျိုးများ၊ ၁၉၉၅ ခုနှစ်တွင် လက်နက်ချ အလင်းဝင်လာသောဘိန်းရာဇာ ခွန်ဆာ၊ လော်စစ်ဟန်၊ ဝ လွတ်မြောက်ရေး တပ်ဖွဲ့များနှင့် စစ်အာဏာရှင်များနှင့် ပေါင်းစားနေသော လက်တစ်ဆုပ်စာရှိ ခရိုနီကြီးများပင်ဖြစ်သည်။ခရိုနီများအနက် လက်နက်ပွဲစားဖြင့်ကြွယ်ဝ ချမ်းသာလာသောခေတ်ပျက်သူဌေးဖြစ်သည်။ယင်းပိုင်ဆိုင်သော ထူးကုမ္ပဏီသည် ရန်ကုန်တိရစ္ဆာန်ဥယျာန်ကို တစ်နှစ်လျှင်    ကျပ်သိန်း၇ဝဝဖြင့် အစိုးရထံမှ ငှားရမ်းခွင့်ရရှိခဲ့ရာရန်ကုန်မြို့တွင် လုံးချင်းတစ်လုံးလျှင် ငှားရမ်းခသိန်း၆၀ရရှိနေရာမြို့လယ်ခေါင်မှဧရိယာများစွာကျယ်ဝန်းလှသောတိရစ္ဆာန်ဥယျာဉ်ကိုအ လွန်သက်သာ သောနှုန်းထားဖြင့်ရရှိခဲ့သည်မှာနိုင်ငံတော်ဘဏ္ဍာငွေများလည်းဆုံးရှုံးပြည်သူလူထုအတွက်လည်းဝန်ဆောင်မှုထူးခြားမှုမရှိချေ။ထိုပြင်၎င်းသည်လောဘတိုက်ကာအဖိုးတန်ကျွန်းသစ်များကို အပြောင်ခုတ်၍လည်းကောင်း၊ ကျောက်တွင်းများမှ အဖိုးတန်ရတနာများကို တူးဖေါ်ကာပြည်ပသို့ တင်ပို ရောင်းချ့၍လည်းကောင်းဘီလျံသူဌေးဖြစ်လာခဲ့သည်။ဤသို့ အာဏာရှင်ဗိုလ်ချုပ်မှူးကြီးပေါင်း၍သူဌေးဖြစ်သွားသည့်ခရိုနီများ၌တေဇတစ်ဦးတည်းမဟုတ်ချေ။ယင်းသို့နိုင်ငံတော်၏သယံဇာတများကိုထင်သလိုလုပ်ခွင့်ပေးခဲ့ခြင်းကြောင့် အခွင့်ထူးခံများသာကြွယ်ဝ ချမ်းသာ၍မြန်မာနိုင်ငံသည်အာရှ၌အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိနေသည်မျာဝမ်းနည်းစရာပင်ဖြစ်သည်။

ထို့အပြင် စစ်အာဏာရှင် စနစ်ဆိုးကြောင့် တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းကာ ပြည့်တန်ဆာ လုပ်ငန်းများ၊ လောင်းကစား လုပ်ငန်းများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများ တိုးတက်များပြားလာသည်။ စစ်အစိုးရသည် ဒီမိုကရေစီလှုပ်ရှားမှုများကိုသာ စနစ်တကျ ဖိနှိပ်ချုပ်ချယ်ကာ မတရား ဖမ်းဆီး၍ ပုဒ်ထီးပုဒ်မ အမျိုးမျိုးတပ်၍ပြစ်ဒဏ်များအသီးသီးချမှတ်လျက်ရှိနေသော်လည်း စစ်ဗိုလ်ချုပ်များ၊၎င်းတို့ ဆွေမျိုးသားချင်း များနှင့် ဘိန်းဘုရင်များ၊ ခရိုနီများ၏ ရာဇဝတ်ပြစ်မှုများ၊ နိုင်ငံတော် သယံဇာတ ပစ္စည်းအား အလွဲသုံးစွဲမှုများ၊ ကိုယ်ကျိုးရှာမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ လူမှုရေး ဖောက်ပြန်မှုများကို လျစ်လျူရူလျက် ရှိသည်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် အဂတိ လိုက်စားမှုများသည် ကမ္ဘာ့စံချိန် တင်လျက် ရှိသည်။ အာဏာလက်ရှိ လက်ဟောင်း စစ်ဗိုလ်ချုပ်ကြီးများ မည်မျှ ချမ်းသာကြွယ်ဝသည်ကို မည်သူမျှ မှန်းဆ၍ မရနိုင်ပေ။ တချိန်က နာမည်အကြီးဆုံးမှာ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်ဖြစ်ပြီး ၊ ၎င်း၏ အမည်ပြောင်မှာ “ထောကြည်” ဖြစ်သည်။ အလယ်ပိုင်းတိုင်း တိုင်းမှူးဘဝတွင် အလွန်နာမည်ကြီးခဲ့သည်။ မန္တလေးမြို့ တစ်မြို့လုံးနီးပါး တရုတ်မြို့တော် ဖြစ်သွားသည်မှာ ၎င်း၏ လက်ချက်ပင် ဖြစ်သည်။

ထို့ပြင် နေပြည်တော်သန်းထွန်းနှင့် နဝတပတ္တမြား ကိစ္စတွင်၎င်း၏ သားမက် စစ်ဗိုလ်တစ်ဦး ရှယ်ယာပါခဲ့သည်။ အဆိုပါ နဝတပတ္တမြားကြီးမှာ မြန်မာပြည်မှ လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိပြီးမှ ဗိုလ်ချုပ်ခင်ညွှန့်၏ ထောက်လှမ်းရေးများမှ ပြန်လည်သိမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့အကြံအစည်ဖြင့်ပင် ဗိုလ်ချုပ်ထွန်းကြည်အား ကုန်သွယ်ရေးဝန်ကြီး ရာထူးခန့်အပ် ပေးလိုက်ခြင်းမှာ ကြက်ခြံကို မြေခွေး စောင့်ခိုင်းသကဲ့သို့ နိုင်ငံတော် ဘဏ္ဍာတိုက်ကို သူခိုးစောင့်ခိုင်းခြင်းပင် ဖြစ်သည်။

ငွေမည်းကိစ္စနှင့် ပတ်သက်၍လည်း စစ်အာဏာရှင်ခေတ်တွင် အစိုးရအား ၂၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ပါက ဝင်ငွေ မည်သို့ရရှိကြောင်း ဖေါ်ပြစရာမလိုဘဲ တရားဝင်ကိုင်ဆောင်ကာ စီးပွားရေး လုပ်ချင်သလို လုပ်၍ ရပေသည်။ စစ်အစိုးရ၏ စီးပွားရေးအပေါ် ဆေးမြီးတိုနှင့် ကုသခြင်းပင် ဖြစ်သည်။ ယခင်က မင်းနေပြည်တော် ရတနာပုံမန္တလေးသည် မြန်မာပြည်မှဟောင်ကောင်အဖြစ် တမဟုတ်ချင်း ဖြစ်သွားခဲ့ရလေသည်။ နိုင်ငံသားဥပဒေနှင့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေသော ဥပဒေများသည် မန္တလေးတွင် အိပ်ပျော်နေသောဥပဒေများဖြစ်သည်။ထို့အပြင် ဝတိုင်းရင်းသားလက်နက်အဖွဲ့အစည်းဟု အမည်ပေးထား သော်လည်း ဝ စစ်တပ်သည် စင်စစ် စစ်ဗိုလ်ချုပ်အားလုံးနီးပါးသည် တရုတ်လူမျိုး စစ်စစ်များသာ ဖြစ်၍ လက်ရှိ အစိုးရလက်ထက်အထိ ခါးပိုက်ထဲမှ မြွှေပွေးပမာ ဖြစ်နေရပေသည်။

စစ်ဗိုလ်ချုပ်ကြီးများ၏ ကိုယ်ကျိုးအတ္တလွန်ကဲမှုကြောင့် တရုတ်တို့၏ စီးပွားရေးနယ်ပယ် ချဲ့ထွင်မှုမှာ ကချင်ပြည်နယ် မြစ်ဆုံမှအစ လက်ပံတန်းတောင် အလယ် ရန်ကုန်တိုင်းဒေသကြီးအဆုံးသို့ပင် ရောက်ရှိ နေပေသည်။ “တရုတ်က ဖိ၊ ရှမ်းကအိ” ဆိုသည့် တဘောင်အတိုင်း ဖြစ်ပျက်နေပေသည်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သော နဝတ တက်တက်ခြင်း နဝတသည် ဒို့တာဝန်အရေးသုံပါး (ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး) ဟု ဆိုသည့် ဆိုင်းဘုတ်များအား နေရာတကာ မျက်စိနောက်အောင် တင်ခဲ့သည်။ ထို့အပြင် တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ၊ ဘယ်သူခွဲခွဲ ဒို့မကွဲ၊ အမြဲစည်းလုံးမည် စသည့် ဆိုင်းဘုတ်များကိုလည်း နေရာတကာ တင်ခဲ့သည်။ စင်စစ် ပြည်ထောင်စု မပြိုကွဲရေး ဆိုသည်မှာ မဆလ ပါတီ၏ လက်သုံးစကားတစ်ခုဖြစ်ပြီး ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် ဖြစ်ပွားခဲ့သော ဖက်ဒရယ်မူကို တလွဲ အဓိပ္ပာယ်ကောက်ယူခဲ့သော စစ်အာဏာရှင် ဗိုလ်နေဝင်း၏ လက်သုံးစကားသာ ဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ပါလီမန်ဒီမိုကရေစီ အစိုးရကို လက်နက်အားကိုးဖြင့် အဓမ္မ သိမ်းပိုက်ကာ ပြည်ထောင်စု မပြိုကွဲစေရန် တပ်မတော်မှ ကယ်တင်ရသယောင် ၀ါဒဖြန့်မှုသာဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ဖျက်ဆီး၍ တစ်ပါတီ အာဏာရှင်စနစ်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြသော “ဗဟုလူ့အဖွဲ့အစည်း” (Plural Society)  ရှိသော နိုင်ငံဖြစ်သည်။ ယင်းလူ့အဖွဲ့အစည်းတွင် စာပေယဉ်ကျေးမှု ထုံးစံအယူဝါဒ၊ အမူအကျင့် ၊ နောက်ခံသမိုင်း စသည်တို့တွင် ကွဲပြားခြားနားမှု ရှိနေသည်ဖြစ်ရာ စည်းလုံးညီညွတ်ရေးကို အခြေခံ တည်ဆောက်ရမည်ဖြစ်ပြီး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်သာ အသင့်လျော်ဆုံးဖြစ်သည်။ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရန်ဟူသောရည်ရွယ်ချက်ဖြင့်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သည်။

သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံးသွားသောအခါ ဖက်ဒရယ်မူကိစ္စများ သွေဖီလာခြင်း၊ ဗဟိုချုပ်ကိုင်မှု အလေးတင်လာခြင်းတို့ကြောင့် လွတ်လပ်ရေးရပြီး မကြာမီမှာပင် ပြည်တွင်းစစ်မီး တောက်လောင်လာခဲ့သည်။ `

ဤသို့ဖြင့် ၁၉၅၈ -၆၂ ကာလအတွင်း ရှမ်းပြည်နယ်မှ အဆိုပြုသည့် ဖက်ဒရယ်စစ်စစ်မူကို အခြေခံလျက် တိုင်းရင်းသား လူမျိုးစုများ၏ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ စေတနာမှန်နှင့် နည်းလမ်းရှာကြံ အဖြေမှန် ဖေါ်ထုတ်နေချိန်အတွင်း ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီ အမည်ခံ စစ်အာဏာရှင် လူတစ်စုက ၁၉၆၂ မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းပိုက်ပြီး ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။ စစ်တပ်က ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်ကို ကယ်တင်လိုက်သယောင် အကြောင်းပြခဲ့ကြသည်။

ထို့အပြင် ယနေ့ အစိုးရသစ်လက်ထက်အထိ စစ်ခေါင်းဆောင်များ ၀ါဒဖြန့် ကြွေးကြော်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး လုပ်နေပါသည်ဟု ဆိုသော်လည်း ယခုအချိန်အထိ ပြည်တွင်းစစ်ကို ရပ်စဲနိုင်ခြင်း မရှိသေးသည်ကပင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲနေလျက်ပင် ရှိကြောင်း ဖော်ပြနေသည်။ ယခုအခါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် စစ်တပ်မှ တင်ပြ တောင်းဆိုထားသော အချက် (၆) ချက်အနက် ဒို့တာဝန်အရေးသုံးပါးကိုပင် ပြန်လည်ထည့်သွင်းထားရာ တိုင်းရင်းသား ခေါင်းဆောင်များက နိုင်ငံရေးအရ လက်နက်ချခိုင်းသည်ဟုယူဆကာငြိမ်းချမ်းရေး ရရှိရန်တစ်နိုင်ငံလုံးအပစ်ခတ်ရပ်ဆဲရေးအတွက်လက်မှတ်ရေးထိုးရန် အဓိက အဟန့်အတား ဖြစ်နေပေသည်။

ထို့အပြင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုရာ၌လည်း အချုပ်အချာ အာဏာတွင် ပါဝင်သော နိုင်ငံတကာ ဆက်ဆံရေးတွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်မှာ ၆၆ နှစ် ကျော်ပြီ ဖြစ်သော်လည်း မိမိသဘောနှင့် မိမိလုပ်ချင်ရာ လုပ်ပိုင်ခွင့်ရှိပြီလား ဆိုသည်ကို ဆန်းစစ်သင့်ပေသည်။ ပွင့်လင်းစွာ ပြောရလျှင် လက်ရှိမြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ အလွန်အမင်း မှီခိုခဲ့သဖြင့် တရုတ်ခေါင်းဆောင်တို့၏ လည်မျိုတက်နင်းထားခြင်း ခံနေရသောကြောင့် အချုပ်အချာ အာဏာတည်တံ့ ခိုင်မြဲမှု ရှိမရှိကို လူတိုင်း သဘောပေါက်နေကြပြီ ဖြစ်သည်။ များမကြာမီအတွင်း တရုတ်တို့က မြန်မာတစ်ပြည်လုံးကို အဆီတထပ်၊ အသားတထပ် ဝါးမျိုးတော့မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

တဖန် တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ ဆိုသော အချက်သည် တပ်မတော်သည် ပြည်သူ့အတွက်သာ ဖြစ်ရမည် ဟူသော အဓိပ္ပာယ်၏ ဆန့်ကျင်ဖက် ဖြစ်နေသည်။ ဤသို့ဆိုလျှင် ပြည်သူသည် တပ်မတော်အတွက်သာ ဖြစ်နေပြီ ဟူသော အဓိပ္ပာယ်ပင်။ ထို့အပြင် လက်ရှိလုပ်ဆောင်နေသော အစိုးရ၏ လုပ်ရပ်များကလည်း ဤသဘောပင် ဖြစ်နေပါတော့သည်။

ယခုအခါ တပ်မတော်တွင် တပ်ရင်းများ အဆမတန် တိုးချဲ့နေသလို ကာကွယ်ရေး အသုံးစရိတ်များလည်း ကြောက်ခမန်းလိလိ သုံးစွဲနေသည်။ စစ်သားစုဆောင်းရာ၌ပင် ယခင်ကကဲ့သို့  စစ်ဆေးသိမ်းသွင်း လေ့ကျင့်ပေးပြီးမှ စုဆောင်းခြင်းမျိုး မဟုတ်ဘဲ ကျေးရွာများအား မဝင်မနေရ ဘယ်နှစ်ဦး၊ အခြေအနေမဲ့သူများထဲမှလည်းကောင်း၊ ထောင်ထွက်ရာဇဝတ်သားများထဲမှလည်းကောင်း စုဆောင်းနေရာ တပ်မတော်သည် စည်းစနစ်ကျနမှု ကင်းမဲ့လာသည်။ လူဦးရေပြည့်မှီရေးကိုသာ အဓိကထားနေပေရာ  မြန်မာ့တပ်မတော်၏ အစဉ်အလာသည် ပျောက်ကွယ်နေပေသည်။ ယခုအခြေအနေတွင် စစ်တပ်မှာ ယခင်တပ်မတော်နှင့် လုံးဝမတူတော့ဘဲ ဂျပန်နိုင်ငံမှ ယာကူဇာဂိုဏ်း၊ အီတလီရှိ မာဖီးယားဂိုဏ်းသာသာကဲ့သို့ လူဆိုးဂိုဏ်းတစ်ခုနှင့် ပိုတူလာသည်။

ယနေ့မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက် သဘာဝ သယံဇာတများကို စစ်အာဏာပိုင် လူတစ်စုနှင့် ယင်းတို့နှင့် ပေါင်းစားနေသော ခရိုနီကြီးများ၏ လောဘဇောတိုက်မှုကြောင့် ပြောင်သလင်းခါကာ အနာဂတ်မျိုးဆက်သစ် နောင်လာနောက်သားများအတွက် သဘာဝသယံဇာတ အမွှေပင်မရှိတော့ပေ။ သဘာဝ အရင်းအမြစ်များ ထုတ်ယူသုံးစွဲရောင်းချရသည့် အကျိုးအမြတ်ကိုလည်း သန်း ၆ယ ရှိသော ပြည်သူလူထုသည် မခံစားရဘဲ လူတစ်စုသာ ကောင်းစားနေပေသည်။ ပို၍ ဆိုးသည်မှာ ပြည်သူလူထု ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ထားသော လူနေအိုးအိမ်များ၊ မိရိုးဖလာ လုပ်ကိုင်စားသောက် လယ်ယာကိုင်းကျွန်းမြေများကို စစ်တပ်ပိုင်ဟု ဆိုင်းဘုတ်တပ်ကာ မတရား သိမ်းဆည်း၍ ငွေကြေးကြွယ်ဝသော ခရိုနီများသို့  လက်ဆင့်ကမ်း ရောင်းချနေရာ မြေယာပြဿနာများ ပေါ်ပေါက်၍ နေ့စဉ်နီးပါး လူထုဆန္ဒပြပွဲ ပေါ်ပေါက်နေပေသည်။

ထို့ပြင် တဖက်သတ် ပြည်သူ့ဆန္ဒ မပါဘဲ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ၌ “နိုင်ငံတော် သမ္မတသည် နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များ ရှိရမည်” ဟု အရည်အချင်း သတ်မှတ်ချက်တစ်ခု ထည့်သွင်းထားရာ မည်သည့်နိုင်ငံတွင်မျှ မရှိသည့် စစ်ရေးအမြင် ရှိရမည်ဟူသော ပြဋ္ဌာန်းချက်မှာ နိုင်ငံတော် သမ္မတ လုပ်လိုသူတိုင်း စစ်သားများနှင့် စစ်သားလူထွက်များသာ ဖြစ်ရမည် ဟု ဆိုလိုရာ ရောက်နေသဖြင့် သမ္မတရာထူးကို အမျိုးသမီးများ ထမ်းဆောင်နိုင်ခွင့် မရှိစေရန် ပိတ်ပင်ထားသလို ဖြစ်နေပေသည်။ ဤသို့ဆိုလျှင် အစ္စရေး ၀န်ကြီးချုပ် ရိုဒါမေရာ အစ္စရေး-အာရပ် စစ်ပွဲတွင် ဦးဆောင်ခဲ့ခြင်း၊ ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ ဖောက်ကလန်စစ်ပွဲတွင် ဦးဆောင်ခဲ့ခြင်း စသော နိုင်ငံတကာ ဖြစ်ရပ်များကိုကို လေ့လာခဲ့မှု မရှိဟု မှတ်ယူရပေမည်။ ယနေ့ ခေတ်မှီတိုးတက်နေသော ကမ္ဘာကြီးတွင် အမျိုးသမီးသမ္မတများ၊ အမျိုးသမီးဝန်ကြီးချုပ်များသည် နိုင်ငံတကာ ရေးရာတွင် ယောက်ျားများနှင့် တန်းတူဆောင်ရွက်လျက် ရှိပေသည်။ ယဉ်ကျေးမှု ရေချိန် တိုးတက်နေချိန် အသားရောင် ခွဲခြားမှု ပြဿနာများ ၊ကျား၊ မ လိင်ခွဲခြားမှု ပြဿနာများကို ဦးစားပေး ဖြေရှင်းနေသော အချိန်၌ စစ်အာဏာရှင် ခေါင်းဆောင်များက ပြဋ္ဌာန်းသတ်မှတ်ထားသည့် သမ္မတ အရည်အချင်းသတ်မှတ်ချက်မှာ ကျား၊ မ ခွဲခြားမှုအားပေးရာ ရောက်သဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို မှေးမှိန်ကျဆင်းစေပါသည်။

ယင်းပြဋ္ဌာန်းချက်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ မဖြစ်ရေးအတွက် တမင်ရည်ရွယ်၍ ပြဋ္ဌာန်းထားသည်နှင့် တူနေပေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု အရည်အသွေးသည် လက်ရှိ စစ်ခေါင်းဆောင်များ၏ အရည်အချင်းနှင့် ဆိုလျှင် ဆီနှင့်ရေ လို ကွာခြားနေရာ နိုင်ငံတကာမှ ချီးမြှင့်ခဲ့သော ဆုတံဆိပ်များနှင့် အင်အားကြီးနိုင်ငံတကာ ခေါင်းဆောင်များ၏ ချီးကျူးဂုဏ်ပြုအလေးထား ဆက်ဆံရေးမူကို ကြည့်ပါက သိသာလှပေသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မည်သည့်နိုင်ငံတကာခေါင်းဆောင်မဆို မြွေခေါင်းဖာကျော်ပမာ လက်ရှိနိုင်ငံတော် သမ္မတကို မလွဲမရှောင်သာ၍ တွေ့ဆုံခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တန်းတူရည်တူ လေးလေးစားစား တွေ့ဆုံဆွေးနွေးပြီးမှ ပြည်တော်ပြန်လေ့ရှိကြသည်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဓိကလာရောက် လည်ပတ်သည့် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးရေးသာဖြစ်သည်။စစ်ခေါင်းဆောင်များအားလက်ဆွဲနှုတ်ဆက် နေရ သည်ကပင်လျှင်သိက္ခာကျသည်ဟုဆိုကြသည်။

ယနေ့တပ်မတော် အဖတ်ဆယ်မရအောင် သိက္ခာကျဆင်းနေသည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို စစ်အာဏာရှင် လူတစ်စု နိုင်ငံရေးတက်လုပ်၍ ကိုယ်ကျိုးစီးပွား ရှာနေ၍ ဖြစ်သည်။ ယနေ့တပ်မတော် ၁၉၆၂ မှ ယနေ့အထိ ခေတ်အဆက်ဆက်ပင် စစ်အာဏာရှင်များ၏ လက်ကိုင်ဒုတ်ဖြစ်နေပေသည်။
ထို့ကြောင့်လည်း ၁၉၄၅ ခုနှစ် သြဂုတ်လ၌ နိုင်ငံရေး ခေါင်းဆောင်များ အစည်းအဝေး တစ်ခုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “စစ်တပ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်အာဏာရှင် စနစ်၊ သက်ဦးဆံပိုင် ဘုရင်စနစ်၊သက်ဦးဆံပိုင် ဘုရင်စနစ်၊ အဲဒီအမျိုးအစားထဲ ဖြစ်တဲ့ ပဒေသရာဇ်မြို့စား၊ ရွာစား ၀ါဒ၊ အထက်က ခန့်ထားပြီး၊ တိုင်းသူပြည်သားဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုး ရှိနေရင် အများပြည်သူတို့ ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်” ဟု မြွက်ကြားခဲ့သည်။

တပ်မတော်ကို ယနေ့ပြည်သူတစ်ရပ်လုံး ကြောက်ရွံ့စက်ဆုပ်မုန်းတီးနေခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်အပေါ် ချမှတ်ခဲ့သော လမ်းညွှန်ချက်များ သွေဖီနေ၍ ဖြစ်သည်။

ဗိုလ်ချုပ်ကဆက်၍ “ဒီဝါဒတွေ ပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာ မရနိုင်တော့ဘူး၊ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားနိုင်အောင် လုပ်ရမယ်၊ အဲဒီဝါဒမျိုး အရသာ လွတ်လပ်တဲ့ မြန်မာနိုင်ငံတော်ကို ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ကျနော်တို့ မြန်မာပြည်သူတွေလည်း နစ်နာမယ်။ ကျနော်တို့ တိုင်းပြည်ကို ကမ္ဘာက ကြည့်မရတဲ့ တစ်နေ့ ဂျာမနီနဲ့ ဂျပန်ကို ၀ိုင်းပြီး နှိမ်သလို အနှိမ်ခံရမယ်ဆိုတာကို သတိချပ်ကြရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်” ဟူ၍ ပြောကြားသွားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts