သူတို့အာဘော် မောင်ရစ်

မောင်ရစ် – ဆိုရှယ်မီဒီယာနဲ့ အင်တာနက်ကတဆင့် အကြမ်းဖက်ခြင်း

ဆိုရှယ်မီဒီယာနဲ့ အင်တာနက်ကတဆင့် အကြမ်းဖက်ခြင်း

မောင်ရစ်၊  မေ ၃၊ ၂၀၁၄

(2014 မေလထုတ် အတွေးအမြင်မဂ္ဂဇင်းမှာ ဖော်ပြတဲ့ စာမူ)

 

တလောက ဗီယက်နမ်နဲ့ တရုတ်မှာ ဆိုရှယ်မီဒီယာကနေ အစိုးရနဲ့ အာဏာရှင်တွေ အပေါင်းအပါတွေကို စော်ကားရင်၊ အဆိုးမြင်လှုံဆော်ဝါဒဖြန့်ရင် ထောင်ချမယ်၊ အရေးယူမယ်၊ ဖမ်းဆီးမယ် စတဲ့ ဥပဒေထုတ်လိုက်တယ်။

ဗီယက်နမ်ကတော့ ဖုံးတွေ အွန်လိုင်းတွေကနေ မက်ဆိတ်ပို့တဲ့ အက်ပ် (app) တွေကိုပါ ပိတ်ပစ်မယ်အထိ လုပ်လာတယ်။ ( WeChat, LINE, Kakao Talk, WhatsApp) ဆိုတဲ့ မိုဘိုင်းမက်ဆိတ်အက်ပ်တွေ ကိုပါ ပိတ်မယ်ဆိုတော့ အနောက်အုပ်စုကတော့ ကန့်ကွက်စကား ဆိုလာကြတာပေါ့။

တရုတ်ပြည်ကတော့ သတင်းမှားတွေ၊ ကောလဟာလတွေ ရေးသားဖြန့်ချိလာရင် အကြိမ် ၅၀၀ ကျော် ထပ်ဆင့်ဖြန့်ချိတာတွေ တွေ့ရှိတာနဲ့ ထောင် ၃ နှစ် အထိ အရေးယူမယ်လို့ ပြောလိုက်တယ်။

တရုတ်နဲ့ ဗီယက်နမ်က လုပ်ငန်းရှင်တွေနဲ့ အစိုးရဘက်လိုက်သူတွေကတော့ သူတို့ဆီက ဆိုရှယ်မီဒီယာတွေမှာ သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေ၊ ကောလဟာလတွေကို မလိုလားအပ်တဲ့ အဖျက်သမားတွေက ဖန်တီးဖြန့်ချိကြတာကြောင့် တိုင်းပြည်နဲ့ ပြည်သူတွေ ဘ၀ ထိခိုက်မှုတွေ ဖြစ်နေတယ် ဒါကြောင့် ကြိုတင်တားဆီးကြတာ ဖြစ်တယ်လို့ ဆင်ခြေပေးကြတယ်။

တရုတ်ကတော့ အခုလို လမ်းညွှန်ချက် ဘယ်နှချက်ဆိုလား ချမှတ်ပြီး ကြပ်မတ်တယ်လို့ ဆိုတယ်။ လက်ရှိ မြန်မာအစိုးရလည်း နမူနာယူထားပြီးလောက်ပြီ ထင်ရဲ့။

တရုတ်အစိုးရ၏ လမ်းညွှန်ချက်ဆိုတာတွေကတော့ … (၁) ဥပဒေကို နာခံရန် (၂) ဆိုရှယ်လစ်စနစ်ကို ဦးရွက်ရန် (၃) အမျိုးသားအကျိုးကို ကာကွယ်ရန် (၄) တဦးချင်းအခွင့်အရေးကို လေးစားရန် (၅) လူမှုဝန်းကျင်ကို စောင့်ရှောက်ရန်  (၆) စာရိတ္တမဏ္ဍိုင် မထိခိုက်ရန် (၇) အချက်အလက် မှန်ကန်တိကျရန် တို့ ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်က ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာပေါ်က ပို့စ်တင်းတွေနဲ့ ချိန်ထိုးပြီး စဉ်းစားမယ်ဆိုရင် ကျနော်တို့ထက် အင်တာနက်သုံးစွဲသူ အဆပေါင်းများစွာ အားကောင်းတဲ့ အာဏာရှင် နိုင်ငံ ၂ နိုင်ငံဟာ ဘယ်လောက်တောင် အတိုက်အခိုက်တွေ၊ အဖျက်အမှောင့်တွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ စဉ်းစားကြည့် ခန့်မှန်းကြည့်လို့ရတယ်။

အနောက်အုပ်စုကတော့ ဒါမျိုးတားဆီးတာကို အကြမ်းအားဖြင့် သဘောမတူဘူး။ လွတ်လပ်စွာ ရေးသား ထုတ်ဖော် ဖြန့်ချိခွင့် ရှိရမယ်။ အာမခံရမယ်လို့ ဆိုပါတယ်။ အာရပ်နဲ့ အစ္စလာန်ကမ္ဘာကတော့ သူတို့ရဲ့ အာရပ်နွေဦးနဲ့ နှောင်းပိုင်းကာလတွေမှာ အာဏာပိုင်တွေက ဖြစ်နိုင်ရင် ပိတ်ဆို့တားဆီးတာတွေနဲ့ တုန့်ပြန်လေ့ ရှိတာကို တွေ့ရတယ်။

လက်ရှိ နိုင်း အီလဲဗင်းနောက်ပိုင်း အင်တာနက်လောက၊ ဆိုရှယ်မီဒီယာလောကမှာ စနစ်ကို အလွဲသုံးစားလုပ်ပြီးတော့ ကောလဟာလဖြန့်ချိတာ၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာ၊ (မှန် မှန် မှား မှား၊ လူထုကို ၀ါဒဖြန့် သွေးထိုး လှုံဆော်ပြီးတော့) နောက်ဆုံး လူမှုဝန်းကျင်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် (ဆန္ဒပြပွဲတွေလည်း ပါတာပေါ့)  အထိ အရေးအခင်းတွေ၊ အုံကြွမှုတွေ ဖြစ်ပွားအောင် လုပ်ကိုင်လာတွေ အများအပြား ဖြစ်ပွားနေပါတယ်။

တဦးချင်း ဆိုက်ဘာစနစ်ဖြင့် အကြမ်းဖက်စော်ကားခံရခြင်း၊ အုပ်စုလိုက် အကြမ်းဖက်ခံရခြင်း နောက်ဆုံး နိုင်ငံသို့မဟုတ် လူမှုအဖွဲ့အစည်းအလိုက် အကြမ်းဖက် ကျုးကျော်ခံရခြင်းတွေ ဖြစ်ပွားနေတာကို လက်ခံနေရပါတယ်။

အမေရိကန်မှာ ဆယ်ကျော်သက် မိန်းကလေးတချို့ဟာ သူတို့အတင်းအဖျင်းတွေ၊ ကာမဆက်ဆံခံရတာတွေအကြောင်း ဆိုရှယ်နက်ဝပ်ပေါ်မှာ ဖြန့်ချိ တိုက်ခိုက်ခံရလို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်တယ်။ လိင်တူဆက်ဆံသူတွေကိုယ်တိုင်လည်း အွန်လိုင်းပေါ်မှာ စော်ကားမော်ကား ပြောဆို ဝေဖန်ခြင်း တိုက်ခိုက်ခံရလို့ ဘ၀ကို အဆုံးစီရင်သွားကြတာတွေ ရှိတယ်။

ဘာသာရေးအစွန်းရောက် အကြမ်းဖက်အုပ်စုတွေကလည်း ဆိုရှယ်နက်ဝပ်၊ ဆိုရှယ်မီဒီယာကနေ အခြားတဖက်ကို ထိခိုက်စော်ကားတဲ့ ၀ါဒဖြန့် သွေးထိုးလှုံဆော်မှုတွေကို ဖြန့်ချိပြီးတော့ ဆူပူလှုံဆော်တာတွေ သတ်ဖြတ် ဖျက်ဆီးတာတွေအထိ လုပ်ကိုင်လာကြတာတွေလည်း တွေ့နေရတယ်။

တနေရာမှာ ခရစ်ယာန်တွေ မီးရှို့ခံရတယ်၊ မွတ်ဆလင်တွေ အသတ်ခံရတယ် ဆိုတဲ့ သတင်းမှားတွေ ဖြန့်ချိပြီးတော့ အဲသည်ဒေသမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးလိုက်တယ်။ အဲသည်နောက်မှ စိတ်မထိန်းနိုင်တဲ့ လူအုပ်တွေက သွေးချောင်းစီး အချင်းချင်း ချကြ၊ သတ်ကြတဲ့နောက်ပိုင်း ဟိုးတုန်းက ငါ့စကောကြီး လွင့်သွားပြီ အော်လိုက်တာ စကောတပ်ကြီး ချီလာပြီ ဆိုတဲ့ ကောလဟလနဲ့ တိုင်းပြည်ပျက်ဆိုသလို ဒေသဆိုင်ရာ ပဋိပက္ခတွေ အပျက်ပျက်နဲ့ နှခေါင်းသွေးထွက်ရုံတင်မကဘူး၊ ခေါင်းပါ ပြတ်ကုန်ကြတယ် မဟုတ်လား။

ပြန်ကြည့်ရင် … တရုတ်ပြည်မှာ တိဗက်နဲ့ တရုတ်ကြား တင်းမာမှုတွေ ရှိနေတာကို အခွင့်ကောင်းယူပြီးတော့ ၂၀၀၈ တရုတ်အိုလံပစ်မှာ သံသယတွေ သွေးထိုးမှုတွေ လူမျိုးစုတွေကြား လှုံဆော်လာတယ်။ အင်တာနက်ကနေ သတင်းမှားတွေ သတင်းမှန်တွေ ရောလွှင့်ကြတာက စတာပဲ။ တရုတ်အာဏာပိုင်တွေက လက်ဦးမှုယူပြီးတော့ အကြောင်းပြချက် ဆင်ခြေယူပြီးတော့ တိဗက်အက်တီဗစ်တွေကို ဖမ်းဆီးနှိမ်နင်းပစ်ခဲ့တာပဲ။

နောက် ၂၀၀၈ ရုရှားပြည်ထောင်စုတွေကြား ဂျော်ဂျီယာ ကျုးကျော်ခံရခြင်း ကို ပြန်ကြည့်။ ရုရှားပြည်မနဲ့  ဂျော်ဂျီယာပြည်ကြား တင်းမာနေတယ်။ နယ်မြေအငြင်းပွားမှုတွေ ဖြစ်တယ်။ အဲသည်မှာ ရုရှားလိုလားသူ ဟက်ကာတွေက ဂျော်ဂျီယာရဲ့ အစိုးရ၀က်ဆိုက်တွေ၊ စီးပွားရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းဝက်ဆိုက်တွေကို ရန်စတဲ့ တိုက်ခိုက်မှုတွေ လုပ်လာတယ်၊ နောက်ဆုံး ရုရှားက စစ်တိုက်ပြီး ကျုးကျော်ချိန်မှာ ဂျော်ဂျီယယပြည်ရဲ့ အင်တာနက်စနစ်တွေ ၀က်ဆိုက်တွေကို ဟက်ကာတွေက နလံမထူနိုင်အောင် တိုက်ခိုက် ချေမှုန်းခဲ့ကြတယ်။

ပြန်နောက်ဆုတ်လိုက်ရင် ၂၀၀၅ တုန်းက ဒိန်းမတ်ပြည် သတင်းစာတခုက တမန်တော်မိုဟာမက်ကို ကာတွန်းဆွဲပြီး ဟာသလုပ်တယ်။ ဒိန်းမတ်ပြည် မွတ်ဆလင်အသင်းက ကန့်ကွက်တယ်။ သတင်းက နောက်ပိုင်း ပြန့်သွားတော့ တကမ္ဘာလုံး ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ကုန်ရော။ အဲသည် ကာတွန်းဆရာကို ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တွေ့ရာသင်းချိုင်း ဓားမဆိုင် သေဒဏ်ပေး ခြိန်းခြောက်မှု ခံရတယ်။ အဲသည်မှာတင် ဒိန်းမတ်ဝက်ဆိုက်တွေကို မွတ်ဆလင်အားပေး ဟက်ကာတွေက ဂျီဟတ်စစ်ကြေညာပြီး တိုက်ခိုက်လိုက်တော့တာပဲ။

ဒါတွေက သာဓက ဆောင်တာပါ။

၂၀၁၂ မှာ အကြီးကျယ်ဆုံး ဆိုင်ဘာစနစ်ကတဆင့် လှုံဆော်ပြီး အကြမ်းဖက်တိုက်ခိုက်မှုကြီး တခုကတော့ နိုင်းအီလဲဗင်း ၁၁ နှစ်ပြည့်၊ မနှစ်က လစ်ဗျားနိုင်ငံ၊ ဘင်ဂါဇီ၊ အမေရိကန်သံရုံး အတိုက်ခိုက်ခံရမှုပဲ။ (အပြစ်မဲ့တဲ့ မူဆလင်တွေ) ဆိုတဲ့အမည်နဲ့ တာမန်တော် မိုဟာမက်ကို ဟာသလုပ်ထားတဲ့ ယူကျုရုပ်ရှင်အပိုင်းတခုကို အမေရိကန်ယူကျုဝက်ဆိုက်မှာ ၂၀၁၂ ဂျုလိုင်လမှာ အပျော်တမ်းရုပ်ရှင်အဖွဲ့က တင်ဆက်လိုက်တယ်။ (http://en.wikipedia.org/wiki/The_Innocence_of_Muslims) ဒါကို အီဂျစ်အခြေစိုက် တီဗီဌာနတခုက အာရပ်ဘာသာပြန်ပြီး ထပ်ဆင့်ဖြန့်ဝေလိုက်တယ်။ အဲသည်မှာ အာရပ်နဲ့ မွတ်ဆလင်တွေရဲ့ ဒေါသပုန်ထ အုံကြွမှု ဖြစ်တော့တာပဲ။  နိုင်ငံတကာမှာ မူဆလင်လူထုရဲ့ ဆန္ဒပြမှုတွေ အုံကြွမှုတွေ ဖြစ်ကုန်တယ်။ အဓိကရုဏ်းတွေကြောင့် လူတွေ သေကြေတယ်။ နောက်ဆုံး စက်တင်ဘာ ၁၁ ချိန်ကိုက် အကြမ်းဖက် ဆူပူမှုတွေက လစ်ဗျားနိုင်ငံ၊ ဘင်ဂါဇီက အမေရိကန်သံရုံးကို ဆန္ဒပြသူတွေက ၀င်ရောက်စီးနင်းတိုက်ခိုက်တဲ့အထိ ဖြစ်ပွားတယ်။ အဲသည်မှာ အဆင်သင့်ပြင် စောင့်ဆိုင်းနေတဲ့ အစွန်းရောက်အကြမ်းဖက်အုပ်စုက လက်နက်သုံးတိုက်ခိုက်တဲ့ဆီမှာ အမေရိကန်သံအရာရှိတွေ သေဆုံးကုန်တဲ့အထိ ဖြစ်ပွားခဲ့ရတယ်။ ဖရီးဒန်း ဖရီးဒန်း ကုန်းအော်နေတဲ့ အမေရိကန်တွေလည်း အဲသည် ယူကျုဗီဒီုယိုကို ကန့်သတ်တဲ့ အဆင့်ကနေ ဖြုတ်ချတဲ့အဆင့်ထိ လုပ်လိုက်ရရှာတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် ရုပ်ပုံတွေကို ဖိနပ်လုပ်စီးတာတွေ၊ အတွင်းခံဘောင်းဘီ ချုပ်ဝတ်ပြတာတွေ ဆိုတဲ့ အထင်အမြင်လွဲ သွေးထိုးလှုံဆော်မှုတွေလည်း ဒီဘက်ခေတ်နောက်ပိုင်းမှာ အင်တာနက်တွေပေါ် တွေ့နေရတာပါပဲ။ ခရစ်ယာန်တွေရဲ့ ကျောင်းဆောင်တွေ၊ ကျမ်းစာအုပ်တွေကို မီးရှို့တာတွေ၊ ဆိုက်ဘာစနစ်ကနေ မဟုတ်တန်းတရား ပြောဆို တိုက်ခိုက်တာတွေလည်း နေ့စဉ်နဲ့ အမျှ ဖြစ်နေတာပါပဲ။ အဲသည် သွေးထိုးလှုံဆော်မှုနောက်ကို သာမန်ပြည်သူတွေ လူအုပ်စုတွေက မခံမရပ်နိုင် ဒေါသပုန်ထပြီး လိုက်ပါ ဆူပူအုံကြွကြမယ်သာဆိုရင် အဲသည်နောက်က အစွန်းရောက် အဖျက်အမှောက် အကြမ်းဖက်သမားတွေ အုပ်စုတွေက ဓားထမ်း၊ မီးတုတ်ထမ်း၊  ရော့ကက်ထမ်းပြီး သွေးထိုး မြှောက်ပင့်ဖို့ အဆင်သင့်ရှိနေနိုင်တယ်ဆိုတာ စဉ်းစားကြည့်သင့်ပါတယ်။

ခုလေးတင် အမေရိကန်ပြည်မှာ မွတ်ဆလင်တွေက သူတို့တွေဟာ လူနည်းစု အနှိမ်ခံ၊ အနင်းခံတွေပါ။ ဒါကြောင့် ၀ါရှင်တန်ဒီစီကို သန်းချီပြီး စုဝေး ချီတက်ကြမယ်လို့ သတင်းတွေ လှုံဆော်မှုတွေ ထွက်ပေါ်လာခဲ့တယ်။ နောက်ကနေ လိုက်ပါစုဝေးကြဖို့လည်း ဆိုရှယ်နက်ဝပ်တွေမှာ တက်လာတယ်။ ဒါကို တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်က လူဖြူမော်တော်ဆိုင်ကယ်သမားတွေက ဆိုင်ကယ် ၂ သန်း ချီတက်ပွဲ လုပ်မယ်လို့ ကြွေးကြော်လာကြပြန်တယ်။ အခုလို စက်တင်ဘာ ၁၁၊ နိုင်းအီလဲဗင်း ၁၂နှစ်ပြည့် နှစ်ပတ်လည်မှာ ဒါမျိုး လှုံဆော်မှုဆိုတာ သတိကြီးကြီး၊ အမြင်ကျယ်ကျယ်ထား တုန့်ပြန်ကြမှ ငြိမ်းငြိမ်းချမ်းချမ်း ပြီးမှာပါ။ တကယ်တန်းကျတော့ လူ ရာဂဏန်းနဲ့  ၀ါရှင်တန်ဒီစီကို Million Muslim March လှုပ်ရှားမှုပဲ ဖြစ်ခဲ့တာပါ။ အားလုံးက ထိန်းထိန်းသိမ်းသိမ်းလုပ်လိုက်တော့လည်း အေးဆေးသွားတာပဲ မဟုတ်ပါလား

လွတ်လပ်စွာ ပြောဆိုရေးသား ဖော်ထုတ်ခွင့်ဟာ လူတိုင်းဆီမှာ အခွင့်အရေးတခုအဖြစ် အာမခံချက် အပြည့်ရှိရမှာပဲ။ လွတ်လပ်စွာ ဆဲရေး တိုင်းတာ စော်ကား ရန်စခွင့်ဆိုတာကတော့ လူ့အခွင့်အရေးတခု မဟုတ်ပေဘူးလို့ ဆင်ခြင်ကြရမယ် ထင်ပါတယ်။

 

(Photo Credit – http://www.zdnet.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts