သတင်းပဒေသာ

ရွေးကောက်ပွဲများတွင် NLD အနိုင်ရရှိရေး အရေးကြီးကြောင်း ဒေါ်စုက အမှာစကားပါး (ဒေါ်စောမြတ်မာ)

ရွေးကောက်ပွဲများတွင် NLD အနိုင်ရရှိရေး အရေးကြီးကြောင်း ဒေါ်စုက အမှာစကားပါး (ဒေါ်စောမြတ်မာ)
မိုးမခအထောက်တော် ၀၀၂၊ ဧပြီ ၃၀၊ ၂၀၁၄

ဆန်ဖရန်ဘေးဧရိယာနေ၊ မြန်မာအရေးလှုပ်ရှားသူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်စောမြတ်မာ လွန်ခဲ့သည့် ရက်သတ္တပတ်များက မြန်မာပြည်သို့ အလည်ပြန်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ကျင်းပမည့်ရွေးကောက်ပွဲများတွင် NLD ပါတီက အနိုင်ရရှိရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

သူမ သမ္မတဖြစ်ရေးသည် အဓိကမကျကြောင်း၊ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်များ အားလုံး ရွေးကောက်ပွဲများတွင် ရွေးကောက်တင်မြှောက်ခံကြရရေး အဓိက ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးသည်လည်း အစိတ်အပိုင်းတခုအဖြစ် အရေးပါကြောင်း အမှာစကားပါးလိုက်သည်ဟု ဆိုသည်။ လက်ရှိအခြေအနေတွင် အနှောက်အယှက်များ၊ သံသယများနောက်ကို သံယောင်မလိုက်ကြဘဲ မိမိတို့ ဒီမိုကရေစီအင်အားစုများ အချင်းချင်း ကူညီဆောင်ရွက်ကြရန်၊ အများအကျိုးကို လုပ်ဆောင်ကြရန်၊ စကားမများဘဲ အလုပ်များများ လုပ်ကြရန် လိုသည်ဟု ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများအား ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ကြောင်း ဒေါ်စောမြတ်မာက မိုးမခသို့ ပြောကြားသည်။

မြန်မာပြည်သို့ ခေတ္တပြန်လည်ရောက်ရှိနေချိန်အတွင်း ဒေါ်စောမြတ်မာက ဦးဝင်းတင်ဈာပနအခမ်းအနားသို့ သွားရောက်ပြီး ဘေးဧရိယာအခြေစိုက် BADA အဖွဲ့အတွက် လွမ်းသူ့ပန်းခြင်းပေးပို့ခြင်း၊ ဈာပနအတွက် ရည်စူးပြီး အလှူငွေများ ထပ်ဆင့်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။ ယခုတခေါက် မြန်မာပြည်သို့ သွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရသည့်အတွက် မိမိအနေနှင့် အင်မတန် ၀မ်းမြောက်မိသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း နှစ်ပေါင်းများစွာ ကွဲကွာနေကြရသည့် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဟောင်းကို ပြန်လည် တွေ့ဆုံရသည့်အတွက် ၀မ်းသာနေသည်ဟု ဒေါ်စောမြတ်မာက ပြောကြားသည်။ နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသမီးများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

 

ဒေါ်စောမြတ်မာသည် NLD ပါတီထူထောင်စက ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်ကိုယ်ရေးအဖွဲ့တွင် လိုက်ပါဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၈၉ ဇူလိုင်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ချ ဖမ်းဆီးသည့်အခါ ဒေါ်စောမြတ်မာသည်လည်း ဖမ်းဆီးချုပ်နှောင်ခံရပြီး အလုပ်ကြမ်းဖြင့် ထောင် ၃ နှစ် အင်းစိန်ထောင်တွင် ကျခံခဲ့ရသည်။ ထောင်ကပြန်လွတ်မြောက်လာပြီးနောက်ပိုင်းတွင် စစ်ထောက်လှမ်းရေးက မိသားစုကို နည်းမျိုးစုံဖြင့် အနှောက်အယှက်များ ပေးနေခဲ့ရာ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်၏ သွားဆရာဝန်အဖြစ် ဆောင်ရွက်နေသည့် ခင်ပွန်းသည် ဒေါက်တာဦးခင်မောင်ချိုကို ၁၉၉၆ ကမ္ဘာအေး ဗုံးခွဲမှုတွင် လုပ်ကြံသူတဦးဟူ၍ ချုပ်နှောင်ပြီး ဖမ်းဆီးထောင်ချရန် စစ်အစိုးရ၏ အမှုဆင်ခြင်း ခံခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် ဒေါ်စောမြတ်မာသည် အမေရိကန်ပြည်ထောင်စုသို့ မိတ်ဆွေများ၏ အကူအညီဖြင့် ပြောင်းရွှေ့ အခြေချနိုင်ခဲ့ပြီး မြန်မာ့အရေးကို တတ်စွမ်းသမျှ ဆက်လက်ဆောင်ရွက်ခဲ့သူ တဦး ဖြစ်သည်။ လက်ရှိတွင် မိသားစုနှင့်အတူ ဆန်ဖရန်ဘေးဧရိယာတွင် နေထိုင်လျက် ရှိသည်။

(ဓာတ်ပုံကို ဒေါ်စောမြတ်မာမိသားစုထံက ရယူသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts