Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

မိုးစက်ဝိုင်ကို ဘန်ကောက်အဲယားဝေးက သံတမန်ခန့်အပ်

 

မိုးစက်ဝိုင်ကို ဘန်ကောက်အဲယားဝေးက သံတမန်ခန့်အပ်
ရန်နောင်(ဗိုလ်တထောင်)၊ ဧပြီ ၃၀၊ ၂၀၁၄

ဘန်ကောက်လေကြောင်းလိုင်းသည် ထူးခြားဆန်းပြားသောနေရာများသို့ ခရီးသွား ဝါသနာပါသည်ဆိုသော မိုးစက်ဝိုင် ( Miss Universe Myanmar  2013 ) ကို ဘန်ကောက်လေကြောင်းလိုင်း၏ ပထမဆုံး မြန်မာပြည် Brand Ambassador အဖြစ် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ  Park Royal Hotel  ၌ ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က အခမ်းအနားဖြင့် ခန့်အပ်လိုက်သည်။

အခမ်းအနားမှူး အစီအစဉ်တင်ဆက်သူအဖြစ် ဆန်းထွဋ်မှဆောင်ရွက်ခဲ့သည်။ ဘန်ကောက်လေကြောင်းလိုင်း၏ ဒုတိယဥက္ကဌ မစ္စနာတီကာ က ဘန်ကောက်လေကြောင်းလိုင်း မြန်မာပြည်တိုးချဲ့ပျံသန်းမှုအစီအစဉ်နှင့် မိုးစက်ဝိုင်အား လေကြောင်းလိုင်းသံတမန် ခန့်အပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

မိုးစက်ဝိုင်ကိုယ်တိုင်က ဘန်ကောက်လေကြောင်းလိုင်း၏ ကြော်ငြာသီချင်းသီဆိုရင်း စင်မြင့်ပေါ်တက်လာခဲ့သည်ကို တွေ့ရသည်။  လေကြောင်းလိုင်းကြော်ငြာကို ဘန်ကောက်တွင် သွားရောက်ရိုက်ကူးခဲ့သော မိုးစက်ဝိုင်က  “ နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုရဲ့ သံတမန်အဖြစ်ပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက် အလွန်ကို ဝမ်းမြောက်မိပါတယ်၊ အရမ်းလည်းဂုဏ်ယူပါတယ် ။ သူတို့ရဲ့ ကမ်းလှမ်းမှုကို မိုးစက်အနေနဲ့ ခက်ခက်ခဲခဲတော့ မစဉ်းစားခဲ့ရပါဘူး ၊ဘာဖြစ်လို့လည်းဆိုတော့ မိုးစက်ကလည်းခရီးသွားရတာကို ကြိုက်တဲ့အပြင် ဘန်ကောက်လေကြောင်းလိုင်းက မြန်မာပြည်သူပြည်သားတွေအပေါ် အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့ လေကြောင်းလိုင်းတခုဖြစ်နေတာလည်းပါပါတယ် ။ အဲဒါကြောင့် လေကြောင်းလိုင်းရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တာပါ”ဟု  ပြောကြားခဲ့ပါသည် ။

ဒုတိယ ဥက္ကဌ မစ္စနာတီကာကလည်း  …     “ မိုးစက်ဝိုင်ကို မြန်မာပြည်မှာ စတိုင်ကျလှပပြီး ဥာဏ်ရည် ဥာဏ်သွေးထက်မြက်တဲ့  Miss Universe Myanmar  တစ်ယောက် ဖြစ်တဲ့အတွက် ရွေးချယ်ရခြင်းဖြစ်ပြီး၊ မြန်မာပြည်ကိုလည်း ကျွန်မကိုယ်တိုင် ချစ်တယ် ၊ ထူးခြားဆန်းပြားလှပတဲ့ နေရာတွေအများအပြားရှိတဲ့အတွက် မြန်မာပြည်ကို ရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ရှင်းပြခဲ့ပါသည် ။

    အာရှ၏ခေတ်မီလေကြောင်းလိုင်းဟူသော ဆောင်ပုဒ်ဖြင့် ပြေးဆွဲပေးနေသော ဘန်ကောက်လေကြောင်းလိုင်းသည်  ၁၉၆၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော ထိုင်းနိုင်ငံ၏ ပထမဦးဆုံး ကိုယ်ပိုင်လေကြောင်းလိုင်းဖြစ်သည် ။ ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်မှ နေ့စဉ် အကြိမ်ပေါင်း တစ်ရာကျော် အထိပြေးဆွဲပေးနေပြီး ထိုင်းနိုင်ငံနှင့် အာရှတိုက်ရှိ  ထူးခြားဆန်းပြားသော နေရာများသို့ ခရီးသွားများကို ပျံသန်းခေါ်ဆောင်ပေးလျှက်ရှိပြီး ငါးနှစ်ဆက်တိုက် Skytrax မှ ပေးအပ်သော Best Regional Airline  ဆုရရှိခဲ့သည်ကတခုတည်းသော လေကြောင်းဖြစ်သည် ။ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်တွင် စတင်ပျံသန်းမှုကို ပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဘန်ကောက် မှ မန္တလေး ၊ဘန်ကောက် မှ နေပြည်တော် သို့ တိုက်ရိုက်ပျံသန်းပြေးဆွဲမှုကို တိုးမြှင့်ခဲ့ပါသည် ။ ဘန်ကောက်လေကြောင်းလိုင်းသည် ရန်ကုန်မြို့သို့ တစ်နေ့လျှင် ခရီးစဉ်များကို သုံးကြိမ် မှ လေးကြိမ်အထိ တိုးချဲ့ပျံသန်းပြေးဆွဲပေးနေပါသည် ။ လက်ရှိအချိန်တွင် ဘန်ကောက်လေကြောင်းလိုင်းသည် လေယာဉ် ( ၂၅ ) စီးရှိပြီး ၎င်းတို့မှာ ATR 72 လေယာဉ် (၈ ) စီး ၊ Airbus 320 (၇ )စီး ၊ Airbus 319 ( ၁၀ )စီး တို့ဖြင့် ပျံသန်းလျှက်ရှိပါသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts