Yan Naung (Bo Ta Htaung) သတင်းပဒေသာ

နိုင်ငံတော်စီးတဲ့ လေယာဉ် အတိုက်ခံရမှု လျော်ကြေး ဆွေးနွေး


နိုင်ငံတော်စီးတဲ့ လေယာဉ် အတိုက်ခံရမှု လျော်ကြေး ဆွေးနွေး
ရန်နောင်(ဗိုလ်တထောင်)၊ ဧပြီ ၂၉၊ ၂၀၁၄

မဟာသင်္ကြန်ကာလအတွင်း ဧပြီလ ၁၄ ရက်နေ့က မတော်တဆမှုဖြစ်ခဲ့သော ရွှေမြန်မာလေကြောင်းလိုင်းလေယာဉ်က အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းပိုင်လေယာဉ်ကို လေယာဉ်ရွှေ့ပြောင်းစဉ် ထိခိုက်မှုဖြစ်ခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း၍ MAI မှ သတင်းစာရှင်းလင်းပွဲကို MAI ရုံးချုပ် တည်ရှိရာ ဆာကူရာတာဝါ ၈ ထပ်တွင်  ဧပြီလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည် ။

MAI Chairman ဦးခင်မောင်လတ် မှ အဆိုပါ ထိခိုက်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင်

“လေယာဉ်တစင်းရဲ့ တန်ဖိုးက ဒေါ်လာ ၁၉.၅ သန်း ရှိပါတယ် ။ ဒီလေယာဉ်က သမ္မတစီးတာဆိုတော့ နိုင်ငံတော်အဆင့် အကြီးအကဲတွေ စီးတဲ့လေယာဉ်ပါ ။ ဒါကိုထုတ်မပြောတာက တဖက်လေကြောင်းလိုင်းက အရမ်းထိတ်လန့်သွားမှာ စိုးလို့ပါ ။ တကယ်လို့ ပြန်လည်ပြုပြင်ပြီးသည့်တိုင် ဒီလေယာဉ်ကို သမ္မတခရီးစဉ်တွေမှာ အသုံးပြုတော့မှာ မဟုတ်ပါဘူး ။ ပျက်စီးမှု အတွက်လျော်ကြေးကိုတော့ နှစ်ဦးနှစ်ဖက် အာမခံကုမ္ပဏီတွေနဲ့ ညှိုနှိုင်းနေဆဲပါ ။”

ပျက်စီးဆုံးရှုံးတဲ့ တန်ဖိုးကို Air Bus ကုမ္ပဏီက လာရောက် စစ်ဆေးနေပြီး ဧပြီ ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ တန်ဖိုးအတိအကျကို မေလလယ်တွင်ထုတ်ပြန်နိုင်ရန် စီစဉ်ထားကြောင်း  ပြောကြားပါသည် ။

MAI မှဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ဟန် ကလည်း တကယ်တော့ အန်ကယ်တို့ လေယာဉ်က night parking မှာရပ်ထားတာပါ ။သူတို့လေယာဉ်က ဘန်ကောက်ကို သွားဖို့အတွက် ထုတ်လာတုန်းဖြစ်သွားတာပါ ။ တကယ်တမ်း လေယာဉ်ချင်း တည့်တည့်တိုက်နိုင်ရင်ခံနိုင်ရည်ရှိအောင် လုပ်ထားပြီးသားပါ ၊အခုဟာကဘေးတိုက်တိုက်တော့ အခြေအနေဆိုးသွားတာပါ  ။ လေယာဉ်ပျံကို ရွှေ့တာကတော့ လေယာဉ်မှူးတွေမလုပ်ပါဘူး ။ အရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေပဲလုပ်တာပါ ။အခုလိုဖြစ်သွားတာက လေယာဉ်ပြောင်းရွှေ့စဉ်မှာ လုပ်ဆောင်ရမယ့် SOP  (STANDARD OPERATING PROCEDURES )  ကိုဂရုမစိုက်မလိုက်နာတဲ့အတွက် ဒီလိုဖြစ်သွားရတာပါ ဟုလည်းဆက်၍ရှင်းပြပါသည် ။

လေယာဉ်ကွင်း ကမကောင်းလို့ဘာညာတော့မပြောပါနဲ့ ။လေယာဉ်ကွင်း ဒီ့ထက်ဆိုးတာတွေတောင် အန်ကယ်တို့မောင်းလာတာပါ ။ကျိုင်းတုံလေယာဉ်ကွင်းဆို ချိုင့်ကြီးဖြစ်နေတာပါ ။အရင်တုန်းကပါ ။ဒီလိုမျိုးအန်ကယ်တို့ မောင်းလာတာပါ ။အန်ကယ်လုပ်သက် အနှစ်သုံးဆယ်လောက် ရှိပါပြီ။ အဓိက ကတော့ စည်းကမ်းတွေမလိုက်နာလို့ပါ ဟုလည်း ဦးခင်မောင်လတ်မှ ဆက်၍ပြောကြားခဲ့ပါသည် ။

အတိုက်ခံရသည့် MAIမှ A319 Airbus XY -AGR လေယာဉ်သည် ညာဘက် နောက်ပိုင်း Frame 62  မှ Frame 71 ညာဘက်ခြမ်း ညာဘက်တံခါးပေါက် ၊Nose Landing Gear ,Main Landing Gear & Toilet No.2 တို့ ပျက်စီးသွားကြောင်းသိရသည် ။အတိုက်ခံရသည့် MAI လေယာဉ်သည် သက်တမ်းအားဖြင့် ၁၂ နှစ်သား သာရှိသေးကြောင်းလည်း သိရှိရပါသည် ။မြန်မာနိုင်ငံတွင် လေယာဉ်ပျံများသည် သက်တမ်း၂၅ နှစ် အထိသာ မောင်းနှင်ပျံသန်းခွင့်ရှိပြီး သက်တမ်းကုန် လေယာဉ်များအား အခြားနိုင်ငံများသို့ရောင်းချသည် ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည် ။ MAI တွင် လေယာဉ် ကိုးစီးရှိပြီး ဘန်ကောက် ၊စင်္ကာပူ ၊မလေးရှား ၊ ကိုရီးယား ၊ဂျပန် အစရှိသော နိုင်ငံများသို့ ပျံသန်းနေသည့် နိုင်ငံတကာလေကြောင်းလိုင်းဖြစ်သည် ။

(Photo – DVB)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts