မော်လမြိုင်မှ ကျိုက္ခမီပင်လယ်ကမ်းခြေသို့ ၅၅ မိုင်ခရီးစဉ် ကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်အကြောင်း
ဘုန်းကြီးနဲ့ပတ်သက်ပြီး မရေးဝံ့၊ မရေးရဲပဲ the Voice သတင်းစာမှာ ၂၀၁၄မှာ ရေးသားထားတဲ့ ဘုန်းကြီးတစ်ဦးဖြစ်သူ ကလောင်အမည် မိုးသု(မန္တလေး)ရဲ့ ရဟန်းသဃာကို ဝေဖန်ကောင်းပါသလား ဆောင်ပါးနဲ့ အခြားဆောင်းပါးပေါင်း ၂၂ခု စာအုပ်ကို ကိုးကားပါတယ်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံးကျောက်စာ၊ ကမ္ဘာ့ရှေးအကျဆုံး ပုဂံဘုရားစေတီများ..စသဖြင့် ရှိကြပါတယ်။ လွန်ခဲ့တဲ့၁၀နှစ်ကျော်ကမှ ပေါ်ပေါက်လာတဲ့ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ (မုံရွာ၊ မိုညှင်းသံဗုန္တေ)၊ ကမ္ဘာအကြီးဆုံးလျောင်းတော်မူ (မော်လမြိုင်၊ ဝင်းစိန်တောရ) တွေကို ကိုယ်တွေ့အဖြစ် မော်လမြိုင် ဝင်းစိန်တောရကျောင်း မြင်တွေ့ချက်များကို ဗဟုသုတအနေနဲ့ ရေးလိုပါတယ်။ လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်။
မြိုအထွက်မှာ ဗျူးပွိုင့် View Point ဆိုတဲ့တောင်ကုန်းပေါ်သွားပြီး၊ မြို့ရှုခင်းကို အပေါ်စီးကကြည့်ပါတယ်။ သံလွင်မြစ်ကိုမြင်ရပြီး ညာဘက်မှာ သံလွင်မြစ်ကူးတံတားကို တွေ့ရပါတယ်။ အလောင်းစည်သူဆံချတယ် ဆိုတဲ့ ကျွန်းက တန်ခိုးကြီးပြီး၊ တော်တန်ရုံလူများ သွားဘုရားဖူးမသွားရဲဘူးလို့ ပြောပါတယ်။ လူတိုင်းမှာ အပြစ်တွေရှိပြီး ကုသိုလ်နိုင်သူများပဲ ဆံချဘုရားဆီသွားကြတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ မသွားဖြစ်ပါဘူး။
– ဝင်းစိန်တောရကျောင်းမှာ ဝင်းစိန်ဆရာတော်တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး လျှောင်းတော်မူ၊ ထိုင်တော်မူ ရုပ်ပွားတော်ကြီးများကို တွေ့မြင်ရပါတယ်။ အာဖကန်နစ္စတန်မှာ ဖြိုဖျက်ခံရတဲ့ ရုပ်ပွားတော်ကြီးတွေကို အောက်မေ့မိပါတယ်။ ဝင်းစိန်ဆရာတော်ကြီး သက်တော်၉၃နှစ်ပါ။ နှစ်ပေါင်းများစွာ တောရမှာ တရားထိုင်ပြီး၊ လွန်ခဲ့တဲ့၁၀နှစ်ကျော်က လှုဒါန်းသူးများအားဖြင့် လျှောင်းတော်မူစေတီတော်ကြီးကို အင်ဂျင်နီယာမပါ၊ သူကိုယ်တိုင် ဒီဇိုင်းရေးဆွဲ၊ ကျောက်တောင်မှာ တည်ပါတယ်။ ထိုင်တော်မူရုပ်ပွားတော်ကြီးလည်း တည်ပြီး၊ ဆရာတော်ကတော့ တောင်ပေါ်တောရကျောင်းမှာ ကြိမ်းပါတယ်။ မနက်၉နာရီကနေ ၁၁နာရီအထိ ကျန်းမာ၊ အဆင့်သင့်ရင် ဧည့်သည်များကို လက်ခံတွေ့ပါတယ်။ ဆိုင်းဘုတ်ကြီးတစ်ခုက – လောကီရေရာများကို မမေးမြန်းကြပါရန် လို့ အတိလင်းရေးထားပါတယ်။ အတူလာကန်တော့သူ ၁၅၀လောက်ကို တန်းစီပြီးဒူးထောက်ရွေ့လာချိန် အနားရောက်တော့ ခေါင်းကိုကိုင်ပြီး (ကောင်းကြီးပေးတယ်) ပုတ်ပေးပါတယ်။ အလှုငွေတွေလည်း လက်ခံပါတယ်။ အမျိုးသားများက ဒူးထောက်ပြဝပ်ပြီး၊ ဆရာတော်ရဲ့ ဒူး၊ ခြေတို့ ကိုင်တွယ်မေတ္တာပို့ခံကြပါတယ်။ အမျိုးသမီး အများစုကတော့ ဆရာတော်ကို မထိဝံ့၊ မကိုင်ဝံ့ကြပါဘူး။ ဗွီဒီယို၊ ဓါတ်ပုံတွေ ရိုက်ခဲ့ပါတယ်။
အလှုငွေများနဲ့ ဘုရားတွေတည်၊ ရုပ်ပွားတော်ကြီးတွေ ဆောက်ကြတာကို သီတဂူဆရာတော်ကြီးရဲ့ တပည့်ဘုန်းကြီးငယ်တစ်ပါး ကလောင်အမည် မောင်မိုးသု(မန္တလေး) ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ကို the Voice မှာ ဖတ်ဖူးပါတယ်။ ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည်မှာ ဘုရားတွေများလှပါပြီး၊ တိုင်းပြည်အတွက်ဆားလိုတယ် ..ဆောင်းပါးက လောကီပညာနဲ့လောကုတ္တရာပညာများပဲ လိုအပ်ကြောင်း၊ ပညာဥာဏ်ဖြင့်လှုဒါန်းပါ ..ဆိုတဲ့ဆောင်းပါးမှာ ဒကာ၊ဒကာမများက ဘုရားတည်ပြီးလှုချင်လို့ အကြံတောင်းလာသူများကို ဘုရားမတည်ဖို့၊ မြန်မာပြည်မှာ စေတီပုထိုးတွေမနည်းလှပါဘူး။ ထပ်မတည်သင့်ပါဘူး။ ဘုရားဒယကာ၊ ဒါယကာမ ဖြစ်လိုသူများအတွက် အကုန်ကျနည်းတဲ့ အရိပ်ပေးတဲ့ ဗောဒီညောင်ပင်တွေ စိုက်ဖို့၊ သံဃာများကိုလှုဒါန်းခြင်းလိုပဲ ကျောင်းပညာ၊ စာသင်ကျောင်း၊ ကျောင်းသားများကို ပညာသင်ပေးဖို့ လှုဒါန်းခြင်းများလုပ်ဆောင်ကြဖို့၊ ဒီလိုလှုဒါန်းခြင်းအားဖြင့် မိမိတို့လည်း ကုသိုလ်ရ၊ ဆင်းရဲချို့တဲ့သူများကိုလည်း မိမိအလှုကို အမီပြုပြီး ကောင်းကျိုးခံစားကြတာမို့ အလွန်မွန်မြတ်လှပါတယ်။ ကုသိုလ်ပြုတဲ့အခါမှာ မိမိလည်း ကုသိုလ်ရ၊ ပတ်ဝန်ကျင်လည်း မိမိအလှုဒါနရဲ့ အကျိုးခံစားရတဲ့ ကုသိုလ်မျိုး ပြုတာက အကောင်းပါပဲ။ ဘုရားဒကာနာမည်ခံချင်လို့ကတော့ အုတ်စေတီမတည်ပဲ ဗောဓိပင်စိုက်ပျိုးခြင်းက အကောင်းဆုံးပါပဲ။
မိမိတို့ဘဝ ၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတကစေချင်တယ်ဆိုရင်၊ ပညာရှင်တည်းဟူသော ဆားပွင့်ဆားခဲများ များပြားသထက်များပြားလာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကျွဲကူးရေပါ ဆိုသလို ပညာရျင်တည်းဟူသော ဆားပွင့်ဆားခဲတွေ များပြားလာတာနဲ့အမျှ မိမိတို့ဘဝ မိမိတို့ပတ်ဝန်းကျင် မိမိတို့နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်စေချင်တယ် ဆိုရင် မိမိတို့တတ်နိုင်သလောက် ကလေးငယ်များ အေးအေးချမ်းချမ်း ပညာသင်ကြားအောင် ကူညီထောက်ပံ့ပေးကြရပါတယ်။ မိမိတို့နိုင်ငံတော်ကြီးကို ဆင်းရဲတွင်းကနေဆွဲထုတ်မဲ့ သူတွေဟာ ပညာရှင်တည်းဟူသော ဆားပွင့်ဆားခဲတွေသာ ဖြစ်ပါတယ်… လို့ ရေးထားပါတယ်။
ပညာသင်သူများကို လှုဒါန်းရင် သူတို့ကလေးတွေ ပညာတတ်လာပြီး၊ ပိုက်ဆံပိုရှာနိုင်မယ်။ နိုင်ငံလဲတိုးတက်မယ်။ ရပ်ရွာတွေ တိုက်၊ကား၊ အစားအစာတွေ ပေါများကြွယ်ဝတဲ့ ဗာရာနသီပြည်ကြီးလို ဖြစ်လာပါမယ်။ ပိုပြီးကောင်းမွန်တဲ့ လောကီ၊ လောကုတ္တရာပညာရေးတွေကို လှုဒါန်းရင်ပိုမွန်မြတ်ပါတယ်လို့ ဘုန်းကြီးဆရာတော် မိုးသု(မန္တလေး)ရေးထားပါတယ်။
မော်လမြိုင်မြို့နှင့်မွန်ပြည်နယ်
မြို့တော်ဟာ အင်္ဂလိပ်လက်ထက်ကတည်းက မြို့ကြီးဖြစ်ပြီး၊ မ.ဆ.လ ဆိုရှယ်လစ်အစိုးရခေတ်က မှောင်ခိုမြို့တော်အဖြစ်စည်ကားခဲ့ပါတယ်။ အခုတော့ တစ်တိုင်းပြည်လုံးစီးပွားပျက်ချိန်မှာ မော်လမြှိုင်မြို့သားများဟာ ပြည်ပအလုပ်သွားလုပ်သူများသာ ဖြစ်နေပါတယ်။ အခုတော့ အစိုးရဝန်ထမ်းများသာ အဆင်ပြေလာပြီး၊ အရောင်းအဝယ်လုပ်ငန်းများလည်း ပြန်လည်စည်ကားလာတာကို တွေ့ရပါတယ်။ ဘလူးကွန်းမှာတော့ မွန်လူမျိုးများ လယ်ယာလုပ်ငန်းသာ လုပ်ကိုင်ကြပါတယ်။ စက်လှေကုန်ကူးသန်းလုပ်ငန်းလည်း ဌာနဆိုင်ရာခွင့်ပြုချက်မရှိ၊ ဖမ်းဆီး၊ သိမ်းဆည်းခံရမှုတွေကြောင့် မလုပ်သလောက် ရှိနေပါတယ်။ ကျိုက္ခမီမှာတော့ ဦးပိုင်ကုမ္မဏီတစ်ခုသာ လုပ်ပိုင်ခွင့်ရှိတဲ့ ပင်လယ်သဲများ စုတ်ယူ၊ ပြည်ပရောင်းချတဲ့လုပ်ငန်းပဲ သင်္ဘောကြီးများကို တွေ့မြင်ရပါတယ်။ ရာဘာလုပ်ငန်းဟာ အနာဂါတ် ကားတာယာလုပ်ငန်းအတွက် ဝင်ငွေကောင်းမဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အခုတော့ ရာဘာအစိမ်းလိုက် ထိုင်းနိုင်ငံကို ရောင်းချနေရပါတယ်။ ခြုံကြည့်လိုက်ရင် ပညာရေး၊ စီးပွားရေး တော်တော်ခေတ်နောက်ကျနေပြီး၊ တက္ကသိုလ်ဆိုရင် မော်လမြိုင်ကိုပဲ လာရောက်သင်ကြားနေရပါတယ်။
ဆန်ကို ရွှေဘို၊ ဖျာပုံ စတဲ့ဒေသတွေက အဝေးပြေးကားများနဲ့ပဲ သယ်ယူနေပါတယ်။ ရေလမ်းကြောင်းက ဖမ်းဆီး၊ တားမြစ်ထားမှုကြောင့် စရိတ်သက်သာတဲ့ ကမ်းရိုးတန်းပင်လယ်ကူးသင်္ဘောလုပ်ငန်း ပျက်စီးနေတာတွေ့ရပါတယ်။ မွန်ပြည်နယ် ပြန်လည်တိုးတက်ဖို့ ပင်ပ ပင်လယ်ကူးသင်္ဘောလိုင်း၊ စက်လှေများကို အခွန်ကောက်စခန်း နိုင်နင်းအောင်လုပ်ဆောင် ဖွင့်ပေးပြီး၊ မြန်မာ့ကမ်းရိုးတန်းခရီးများကို အားပေးမှု လုပ်ရပါမယ်။ အခုတော့ မွန်ပြည်နယ် တာဝန်ရှိသူများဟာ မလုပ်၊ မရှုပ်၊ မပြုတ် ..ပြည်နယ်တိုးတက်မဲ့ လုပ်ငန်းများကို လုံးဝမလုပ်ပဲ၊ သူတို့တိုးတက်မဲ့ အလုပ်များပဲ လုပ်ကိုင်နေတာ ဝမ်းနည်းစရာဖြစ်ပါတယ်။ ပြည်သူလူထုကလည်း အလွန်ဆင်းရဲပြီး၊ ချမ်းသာသူများက၊ အစိုးရအာဏာရှိသူများနဲ့ ပေါင်းသင်း၊ ချမ်းသာသထက်ချမ်းသာလာတယ်။ အခွန်ကောက်စနစ်လည်း မနိုင်နင်းဖြစ်နေပြီး၊ ပြည်နယ်အစိုးရက ဘာမှ တီထွင်လုပ်ကိုင်လိုခြင်းမရှိဖြစ်နေပါတယ်။ တစ်နိုင်ငံလုံး ဒီလိုပဲဖြစ်နေတဲ့အတွက် ထူးမခြားနား မွန်ပြည်နယ်လို့ ပြောရပါမယ်။
တိုးတက်တဲ့လုပ်ငန်းကတေ့ အိမ်မြေခြံအရောင်းအဝယ်၊ ခရီးသွားလုပ်ငန်း၊ ဘတ်စကား၊ လူ၊ဆိုင်ကယ်တင်တဲ့စက်လှေ၊ စားသောက်ကုန်လုပ်ငန်း၊ ပွဲစားလုပ်ငန်း၊ ဓါတ်ဆီ၊လောင်စာဆီ၊ ရာဘာလုပ်ငန်း စသဖြင့်ရှိပေမဲ့၊ အလုပ်အကိုင်ရှားပါးနေဆဲဖြစ်ပါတယ်။ အလုပ်ရှားပေမဲ့ စားသောက်၊ သွားလာစရိတ်ကတော့ အရမ်းကြီးပါတယ်။ လူငယ်ယောင်္ကျားလေးတိုင်း ဆိုင်ကယ်တက္ကစီလုပ်ငန်းလုပ်ရင်း တစ်ရက် ၅ထောင်၊ တစ်သောင်း ဝင်ငွေရနေပါတယ်။ မိန်းမတွေကတော့ ထုံးစံအတိုင်း ခေါင်းရွက်ဈေးသယ်၊ စတိုးဆိုင်ဈေးသယ်ဖြစ်ပါတယ်။ ထော်လာချီ ၃မျိုး (အသေး၊ အလတ်၊ အကြီး) တွေနဲ့ လူ၊ ကုန် တွေတင်ချလုပ်ငန်းကလည်း လူအင်မတန်ပေါများတဲ့ မွန်ပြည်နယ်မှာ အလုပ်ဖြစ်ပါတယ်။ အဝေးပြေး၊ အနီးပြေး ကားလုပ်ငန်း၊ ကုန်ကူးသန်းလုပ်ငန်း၊ ကျူရှင်စာသင်ကျောင်း၊ ဆေးပေးခန်းလုပ်ငန်း ပေါပါတယ်။
ပညာသည်သာ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရလမ်းတည်း
ဒီဆောင်ပုဒ် မှန်ကန်တယ်ဆိုတာကို မြန်မာပြည်၊ ဆင်းရဲချမ်းသာမရွေး သိပေမဲ့၊ ၅တန်းပညာတောင် မတတ်သူတွေ အလွန်ပေါများနေတဲ့ မြန်မာပြည်ကြီးဖြစ်ပါတယ်။ မော်လမြိုင် သင်္ကြန်အတက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့များမှာလည်း မွန်လူငယ်လေးများ၊ ဆယ်ကျော်သက်လေးများစွာ ကခုန်ပျော်ပါးနေကြတော့ ဆင်းရဲမွဲတေမှုကို သက်သာစေပါတယ်။ လဘန်းနား သီချင်းကို ကျယ်လောင်စွာဖွင့်ပြီး၊ မီးသက်ပိုက်ကြီးတွေနဲ့ ပက်ဖြန်းနေကြတယ်။ ကျွန်ုပ်တို့ ဆလွန်းကားကတော့ မှန်တံခါးပိတ်ထားလို့ ဘယ်သူမှ မပက်ပါဘူ။ ရေပက်ခံ ဂျစ်ကား၊ ဒိုင်နာကားများမှာ လူငယ်လေးများ ပန်းခိုင်ကြီးတွေလို မတ်တတ်ရပ်ပြီး ရေပက်ခံထွက်နေတာတွေ့ရပါတယ်။
သင်္ကြန်ရေနဲ့ စနစ်သစ်၊ ခေတ်သစ်ဆီကို ချီတက်ရာမှာ မွန်ပြည်နယ်မှ လူငယ်များ၊ အုပ်ချုပ်သူများ ရွှင်လန်းချမ်းမြေ့ပါစေ။ မိမိမြို့တွင်း အင်အားနဲ့ စီးပွားရေးသမားများ၊ ခရိုနီများထံမှ အခွန်ငွေကို ရအောင်ကောက်နိုင်ပြီး၊ မွန်ပြည်နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး တွေမှာ ပိုမိုအသုံးချနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မြန်မာပြည်မှာ ပရဟိတလုပ်ပြီး ပြန်လာတဲ့ အမေရိကန်လူမျိုးအဖြူလူငယ်လေးတစ်ယောက်ကို မြန်မာနိုင်ငံမှာ ဘုန်းကြီးကျောင်းနဲ့ဘုရားတွေများနေတာနဲ့ပတ်သက်လို့ သူ့အမြင်ကိုပြောပြစမ်းပါဆိုတော့ ဆင်းရဲသားတွေအတွက် အလုပ်ပေးနိုင်လို့ အကျိုးရှိပါတယ်တဲ့။ ချမ်းသာတဲ့လူတွေဆီက အိပ်နေတဲ့ငွေတွေ ဆင်းရဲသားတွေဆီကို ဘုရားတည်ကျောင်းဆောက်ဘာသာရေးအလှူတွေကနေ အလုပ်တွေပေးနိုင်ပြီး ဆင်းရဲတဲ့ သူတို့ရဲ့ သားသမီးတွေကိုလဲပညာတွေ သင်ပေးနိုင်တာပေါ့တဲ့။ အကျိုးမဲ့တော့ မဖြစ်ပါဘူးတဲ့ဗျာ။ ပြောရရင်တော့ အုတ်သဲ ဘိလပ်မြေ သံကျောက် သစ်ရောင်းသူတွေ၊ လက်သမား ပန်းရံအလုပ်သမားတွေ၊ ပစ္စည်းသယ်တဲ့ ကားပိုင်ရှင် ဒရိုင်ဘာ စပယ်ယာတွေ၊ ကားမောင်းလို့လမ်းပျက်တော့ လမ်းပြင်တဲ့ အလုပ်သမားတွေ၊ ဘုရားလာဖူးတဲ့သူတွေကိုရောင်းတဲ့ ဈေးသည်တွေ၊ ဘုရားအနီးက ထမင်းဆိုင်ပိုင်ရှင်တွေလဲ အလုပ်ဖြစ်၊ ဘုရားဖူးတွေများများထမင်းစားကြတော့ တောင်သူတွေလဲ ဆန်များများရောင်းရတော့ချမ်းသာကြ၊ တောင်သူတွေချမ်းသာတော့ တောင်သူကလေးတွေ ပညာသင်ရစသည် စသည်တို့တွေလဲ အလုပ်ဖြစ်ကြပါတယ်လေ။အခုတော့ ပညာတတ်ကြတဲ့ ရဟန်းတော်တွေလဲ ဘုရားတည်ရုံမဟုတ်ဘဲ ပရဟိတပညာရေးကျောင်းကြီးတွေထောင်ပြီးလာကြပြီမို့ ပိုပြီးတော့ အကျိုးရှိလာပါလိမ့်မယ်။ အဲ ကျူရှင်ဆရာတွေ ပုဂ္ဂလိကကျောင်းပိုင်သူတွေကတော့ ဘုန်းကြီးတွေကို ဘကကျောင်းတွေထောင်လို့ သူတို့ကျောင်းတွေ ကျောင်းသားနဲ ဝင်ငွေနဲတာကို ဘုန်းကြီးတွေ ဘကကျောင်းတွေကြောင့်ဆိုပြီး တစ်မျိုးဝေဘန်လာနိုင်တာပေါ့လေ။ ဘုန်းကြီးတွေလဲ ဝေဘန်ခံရလို့ဆုံးမှာမဟုတ်တော့ဘူးပေါ့။ ဘာဘဲဖြစ်ဖြစ် တစ်ဘက်မြင်ကတော့ အကုန်မြင်တာလောက် မကောင်းတာအမှန်ဘဲ။