ဦးဝင်းတင်သို့ ညနေခင်း အတွေး
မောင်ဦး၊ ဧပြီ ၂၂၊ ၂၀၁၄
သည်နေ့(၂၁ ဧပြီ ၂၀၁၄) မနက်ပိုင်းမှာ ဆရာကြီး ဦးဝင်းတင် ဆုံးပါးသွားပြီ ဆိုတဲ့ သတင်းကို သိလိုက်ရတဲ့အချိန်မှာ မိမိ သတိရနေမိတာက ဆရာ ဘာသာပြန်ခဲ့တဲ့ ဥတ္တရအလင်း (မူရင်းက A.J. Cronin ရဲ့ The Northern Light) ။ ပြီးတော့ ဥတ္တရအလင်း မှာပါတဲ့ ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ ဟင်နရီပေ့။ ပြီးတော့ မော်ကွန်းသတင်းစာက လီယိုနတ်ညေး နဲ့ ဟင်နရီပေ့ တို့ရဲ့ အပြန်အလှန် ပြောစကားတွေ။
“ကျွန်တော့်သတင်းစာက ကိုယ့်နယ်ကျဉ်းကျဉ်းလေးထဲမှာ မူဝါဒ တိတိကျကျ ကိုင်စွဲခဲ့တဲ့ သတင်းစာကြီးတွေရဲ့ ခြေရာကိုနင်းတယ်။ တိုင်းသူ ပြည်သားတွေကို ရှေ့ဆောင်ရှေ့ရွက်ပြုတဲ့ သတင်းစာကြီးတွေရဲ့လမ်းကြောင်းကို လိုက်တယ်။ လမ်းညွှန်တဲ့ ပညာပေးတဲ့ သတင်းစာကြီးတွေရဲ့ လမ်းကြောင်းကို လိုက်တယ်။ တိုင်းသူပြည်သားတွေကို ဖိုမကိစ္စတွေ၊ အာရုံလိုက်စားမှုတွေ၊ မကြားဝံ့မနာသာ အတင်းအဖျင်းတွေနဲ့ ကြီးပြင်းရတဲ့ နလပိန်းတုံး အရိုင်းအစိုင်း လူမျိုးအဖြစ် မွေးထုတ်မယ့်အစား ဆင်ခြင်တုံတရားကြီးတဲ့ နိုင်ငံသားကောင်းတွေ အဖြစ် မွေးထုတ်ပေးဖို့ ကြိုးစားတဲ့သတင်းစာကြီးတွေရဲ့ လမ်းကြောင်းကို လိုက်တယ်” (ဟင်နရီပေ့ – ဥတ္တရအလင်း)
“သတင်းစာလုပ်ငန်းကိုများ မြင့်မြတ်တော်မူပေထသောကိစ္စလိုလုပ်ပြီး တရားဟောနေသေးတာ။ အဲဒီ ပထမဆုံးအကြိမ် တွေ့ခဲ့တာကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူး။ အဲဒီလို ပတ်ချွဲနပ်ချွဲ သုစရိုက်သမားတွေ၊ တလွဲဆံပင်ကောင်းတဲ့ သတင်းစာစုတ်နဲ့ လောကနိဗ္ဗာန်ဖန်ဆင်းချင်တဲ့ မြှင့်တင်ရေးသမားတွေကို နည်းနည်းမှ ကြည့်လို့မရဘူး။ လူ့စရိုက်ကို ကျွန်တော်သိတယ်။ သတင်းစာလုပ်ငန်းအကြောင်းဆိုရင် အူသေးချေးခါးမကျန် သိတယ်။ ဒီလုပ်ငန်းကလည်း တခြားလုပ်ငန်းတွေလိုပဲပေါ့။ ငွေရဖို့နဲ့ သြဇာကြီးဖို့ဆိုတဲ့ ပန်းတိုင်နှစ်ခုပဲရှိတာပါဗျ။ အဲဒီ ပန်းတိုင်ရောက်ဖို့ စောင်ရေတိုးရမယ်။ စောင်ရေတိုးဖို့ လူဖတ်ချင်တာတွေကို ရေးရမယ်။ လူအများစုကြီး ဖတ်ချင်တဲ့ ဓာတ်စာသတင်းက ဘာလဲ။ သူတို့ဖတ်ချင်တာ အရေရွှမ်းတဲ့ မတော်တရော် သတင်းတွေဗျ။ အညှီအဟောက် သတင်းတွေ၊ အမနာပ သတင်းတွေ၊ အမြှူအဆွ သတင်းတွေဗျ ” (လီယိုနတ်ညေး – မော်ကွန်း)
“မဟုတ်သေးပါဘူး။ လူသားတွေဟာ ထင်သလောက် မမိုက်မဲကြပါဘူးဗျာ။ ကျွန်တော်တို့လူမျိုးကို ဒီလိုပစ်စလက်ခတ် သဘောထားလို့ ဘယ်ဖြစ်မလဲ။ သူတို့မှာ သတ္တိဗျတ္တိတို့၊ ရွှင်လန်းတက်ကြွမှုတို့၊ စေတနာတို့၊ စိတ်ကောင်း သဘောကောင်းတို့ဆိုတဲ့ အရည်အသွေးတွေ ရှိပါသေးတယ်ဗျ။ ဒါပေမဲ့ အဲဒီ လူထုကြီးရဲ့ လေးပုံသုံးပုံဟာ ပညာမတောက်တစ်ခေါက် ဖြစ်နေတော့ ခင်ဗျားတို့ အရူးဘုံမြှောက်လုပ်တာကို မပယ်လှန်နိုင်ဘူးပေါ့ဗျ။ သိပြီးသားတွေ ပြောမနေတော့ပါဘူးဗျာ။ ခင်ဗျားတို့ သတင်းစာတွေမှာ သွေးသားသောင်းကျန်းမှုတွေ၊ ရာဇဝတ်မှုခင်းတွေ၊ အာရုံနှိုးဆွမှုတွေ၊ အသိမ်အဖျင်းအနုတ်စုတ် ဂုတ်စုတ်တွေ ပြည့်နေတာသက်သက်ကြောင့်သာ အန္တရာယ်ကြီးနေတာ မဟုတ်ဘူးဗျ။ အယုတ်ညံ့ဆုံး အစွဲတွေ၊ အကြိုက်တွေကို ပညာသားပါပါ မီးလောင်ရာလေပင့်လုပ်ပြီး ခင်ဗျားတို့ကို ဆန့်ကျင်သူတွေအပေါ်ချည်း ပက်ပက်စက်စက် အပြစ်ဖို့နေတာကြောင့်လည်း အန္တရာယ်ကြီးနေတာဗျ။ x x x x x x
ခင်ဗျားတို့ လက်ထဲက လက်နက်ဟာ ဘယ်လောက်အစွမ်းထက်သလဲဆိုတာ ခင်ဗျားတို့ အသိဆုံးပါ။ ဘာဖြစ်လို့ အဲဒီ လက်နက်ကို အကျိုးရှိရှိ မသုံးနိုင်ရတာလဲဗျ။ ဒီနေ့တိုင်းပြည်မှာ ဥာဏ်ရှိရှိ၊ မူရှိရှိ သတင်းစာတွေ အလိုကြီး လိုနေတယ်ဆိုတာ ခင်ဗျားတို့ အသိပဲ။ သေမင်းနဲ့ မိတ်ဖွဲ့နေရတဲ့ စစ်ကာလမှာတောင် ကျွန်တော်တို့ ကြီးကျယ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ စိတ်ဓာတ်အရရော ကျွန်တော်တို့ ဖြူခါပြာခါ ကျခဲ့တယ်။ ဒါ ယာယီပဲလို့တော့ ကျွန်တော် ယုံတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုန်းထွက်နိုင်ပါမှဗျ ” (ဟင်နရီပေ့ – ဥတ္တရအလင်း)
ဟင်နရီပေ့ ဟာ ဝတ္ထုထဲက စံပြဇာတ်ဆောင်။ အပြင်လောကမှာ မရှိနိုင်ဘူး လို့ ထင်ခဲ့မိတယ်။
သည်နေ့တော့ တွေးမိတယ်။ ဟာ … ဟင်နရီပေ့ ဟာ တကယ်ရှိတာပဲ။ မဟုတ်သေးဘူး။ ဟင်နရီပေ့ လို လူစားမျိုး တကယ်ရှိခဲ့တာပဲ။
ဟုတ်တယ်။ ဆရာကြီး ဦးဝင်းတင် ဟာ ဟင်နရီပေ့ ပဲ။ ။
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်၊ ခေါင်းစဉ်လည်း ပြင်လိုက်ပါတယ်။ (မိုးမခ))