U Win Tin ဖိုးထက် ရသဆောင်းပါးစုံ ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ဖိုးထက် – ခင်ဗျားတို့အတွက် သေဆုံးတာ

ခင်ဗျားတို့အတွက် သေဆုံးတာ

ဖိုးထက်၊ ဧပြီ ၂၂၊ ၂၀၁၄

(ဦးဝင်းတင် (၁၉၃၀-၂၀၁၄) ကဏ္ဍ၊ မိုးမခ)

သေဆုံးခြင်း (၀ါ) လူ့ဘ၀တစ်ခု အဆုံးသတ်ခြင်း ဆိုတဲ့ အကြောင်းအရာကို ကိုယ်တိုင် ကိုယ်ကျ မျက်ဝါးထင်ထင် ကိုယ်တွေ့ကြုံခဲ့ရတဲ့ အရွယ်က ကျွန်တော် ငါးတန်းနွေရာသီ။ ကျွန်တော့် အဖေရဲ့ အဖေ၊ ကျွန်တော့် အဖိုးဆုံးစဉ်ကပေါ့။  အမေက ယောက္ခမနဲ့ အဆင်မသင့်ပေမယ့် သူ့ယောက္ခထီးကြီး စိတ်သဘော အလွန်ပြည့်ကြောင်းကို အမြဲပြောတတ်တယ်။ လူတွေကို သနားတတ်တယ်။ ကူညီတယ်။ အလွန်ရိုးတဲ့ လူကြီးလို့ အမြဲပြောပြတတ်တယ်။

ကျွန်တော်တို့ မောင်နှမတွေက မန္တလေး မီးခြစ်စက်ဝင်းထဲမှာရှိတဲ့ ဖေကြီးနဲ့ မေကြီးတို့ အိမ်ကို တစ်နှစ်နေလို့ တစ်ခေါက်တောင် အနိုင်နိုင်ရောက်ရတယ်။ ဒါကလဲ သင်္ကြန်ရေကန်တော့တဲ့ အချိန်။ ရောက်တိုင်းလဲ ဖေကြီးကို တွေ့ရတယ်။ ကျွန်တော့် မျက်လုံးထဲမှာ စွဲနေတာက မျက်နှာပြည့်ပြည့် ၊ ပြုံးပြုံးကြီးနဲ့ “ဟာ..ငါ့မြေးတွေ လာပြီဟေ့၊ ဖေကြီးက မင်းတို့ကို မျှော်နေတာကွ” လို့ အမြဲပြောတတ်တဲ့ စွပ်ကျယ်လက်ပြတ်နဲ့ ခပ်၀၀လူကြီး တစ်ဦးပါ။

အဲဒီ ငါးတန်းနွေရာသီမှာ ဖေကြီးဆုံးပြီဆိုတဲ့ သတင်းကြားတော့ ကျွန်တော်တို့ မောင်နှမတွေ ချက်ချင်းဘဲ အရောက်သွားခဲ့ကြတယ်။ ကျွန်တော်တို့ မိသားစုရောက်တော့ ဖေကြီးကို သုဿန်ကို ထုတ်သွားဖို့ ပြင်ပြီး၊ ဆင်ပြီးနေပြီ။ လူတွေ ရုန်းရုန်း ရုန်းရုန်းနဲ့ဆိုတော့ ချာတိတ်အရွယ် ကျနော့်အတွက်တော့ ဘယ်အနားကပ်ရပါ့မလဲ။ သုဿန်ရောက်ပြီး သရဏဂုံတင်တော့လဲ ကျွန်တော့်ကို ကလေးဆိုတော့ လန့်မှာစိုးလို့ ထင်ကြပါရဲ့။ လူကြီးတစ်ယောက်ရဲ့ လက်ထဲကို ထည့်ထားလို့ အသုဘရုပ် အလောင်းနားမကပ်ရဘူး။ မကြည့်ရဘူး။

ဒါပေမယ့် နောက်ဆုံး မြေချတဲ့ အချိန်မှာတော့ “ဟဲ့…. ဟို…သူ့မြေး ဖိုးထက်ခေါ်ပါဟဲ့။ သူ့လဲ မြေဖို့တာ ပါ ပါ့စေ” ဆိုတဲ့ အသံ တစ်သံထွက်လာလို့ ဖေကြီးရဲ့ မြေကျင်းနားကို ကပ်ခွင့်ရသွားခဲ့တယ်။ မြေကြီးထဲကို ငုံ့ကြည့်တော့ ဖေကြီးမျက်နှာကြီးက အရင်လို ဖြူဖြူဖွေးဖွေးကြီး မဟုတ်တော့ဘူး။ ပွယောင်းယောင်း ညိုမဲမဲဖြစ်နေပြီ။ တွင်းဘေးဝက မြေစာခဲတစ်ခုကို ယူပြီး ဖေကြီး ရုပ်အလောင်းကြီးပေါ်ကို ချလိုက်တယ်။ မြေစာခဲကြီးက အခေါင်းသစ်သားနဲ့ တိုက်ပြီး ဖွာထွက်သွားတယ်။ ဖွာထွက်သွားတဲ့ မြေစာ အစတစ်ခုက ဖေကြီးရဲ့ ဆံပင်ကြားထဲကို ခုန်ဝင်သွားတယ်။ ဒီလောက်ဘဲ။ နောက်တော့ လူကြီးတစ်ယောက်ယောက်က ကျွန်တော့်လက်ကို ဆွဲပြီး ပြန်ဆွဲထုတ်သွားခဲ့တယ်။

အဲဒီအတွေ့အကြုံက ကျွန်တော့်ဘ၀မှာ လူတစ်ယောက် ဘ၀အဆုံးသတ်ခြင်း ကို ကိုယ်တိုင် ကိုယ်ကျ ပါဝင် ပါတ်သက်ရခြင်းဘဲ။ ကြောက်စိတ်နဲ့ ဘာရယ်မှန်း မသိတဲ့ ၀မ်းနည်းသလိုလို ဖြစ်နေတဲ့ စိတ်နှစ်ခုက ဒွန်တွဲနေပေမယ့် သေခြင်းတရားဆိုတာ အလွန်ကြောက်ဖို့ ကောင်းတာဘဲလို့ စတွေးမိခဲ့တယ်။

လူဆိုတဲ့ အမျိုးက ကိုယ့်အမျိုးအဆွေ၊ ခင်ရ မင်ရသူတွေ သေဆုံးကြမှာသာ သေခြင်းတရားကို အလန့်တကြီး သတိထားတတ်ကြပေမယ့် အဆုံးစွန်ဆုံးထိ မေ့ထားကြတယ်လို့တော့ ကျွန်တော် မထင်ဘူး။ ငါတို့လဲ တစ်ချိန်မှာ သေကြရမှာဆိုတဲ့ စိတ်ထားက ဘီလျှံချီပြီး ချမ်းသာတဲ့ ဘီလ်ဂိတ်တို့မှာတောင် ရှိလို့ အခုတော့ သူ့ရဲ့ ချမ်းသာသမျှတွေ အကုန်လှူပစ်နေတာပေါ့။ ကျွန်တော်လို သာမန်လူတွေကတော့ မမေ့ပေမယ့် သေခြင်းတရားကို သိပ်ပြီး တွေးဖြစ်တာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက်ကတော့ လူစည်ကားရာ လမ်းမကြီးပေါ် လျှောက်သွားနေရင်း ဟန်တစ်ခွဲနဲ့ လူတွေကို ကြည့်ရင်း “အင်း..ဒီလူတွေ အကုန် မာကလီးယားမယ့် လူတွေချည်းဘဲ” လို့ တစ်ခါတစ်ရံတွေးမိလိုက်ပေမယ့် နီယွန်မီးတွေ၊ တောက်တောက်ပြောင်ပြောင်တွေ၊ ဆူဆူဖြိုးဖြိုး မို့မို့ဖွံ့ဖွံ့တွေကို ကြည့်ပြီး အတွေးစက ဆီမီးတောက်ကို လေပြင်းတိုက်သလို “၀ုတ်ခနဲ့” ပျောက်သွားတတ်တာ များတာပါဘဲ။

ဗုဒ္ဓဘာသာအလိုအရ လူ့ဘ၀ဆိုတာ ရခဲဘိခြင်း လို့ သတ်မှတ်ကြတယ်။ အထက်တက်မလား၊ အောက်ဆင်းမလား။ ကြိုက်တာရွေးတဲ့။ သိပ်ပြီး အရတော်တဲ့ လူ့ဘ၀ကို အလဟဿမဖြစ်နေနဲ့လို့ ပြောကြပေမယ့် လူတွေနေတဲ့ ကမ္ဘာကြီးဟာ ပုပ်စော်၊ နံဟောင်လွန်းလို့ နတ်၊ ဗြဟ္မာတွေက အနားတောင် မကပ်နိုင်ဘူးလို့လဲ စာတွေထဲမှာ ဖတ်ဘူးတယ်။ ဒါတွေက ဘာသာရေး အမြင်တွေပါ။ နံတာတွေ၊ မနံတာတွေ၊ အထက်တက်တာတွေ၊ အောက်ဆင်းတာတွေကို ဗုဒ္ဓရှင်တော်မြတ်က သိပ်ကြီး အရေးထားတယ်လို့ဖြင့် ကျွန်တော် မထင်ဘူး။ သူပြောတာက ရှင်းတယ်။ ဒီလောကကြီးမှာ တည်မြဲတာ တစ်ခုမှ မရှိ။ အကုန်လုံးက ဖြစ်လိုက်၊ ပျက်လိုက်။ မသေခင်မှာ မေတ္တာထားပြီး အဲဒီ ဖြစ်၊ ပျက်တာတွေ မြင်အောင်ကြည့်ကြ။ ဖြစ်ခြင်း၊ ပျက်ခြင်း ကင်းဝေးတဲ့ဆီကို အရောက်သွားကြ။

ဗုဒ္ဓရှင်တော် ပြောတဲ့ နိဗ္ဗာန်ရွှေပြည်မပြောနဲ့ ကျွန်တော်တို့လို သာမန်လူတွေအတွက်က သေခြင်းတရားကို တစ်နေ့မှာ တစ်ခါတောင် မတွေးမိတတ်ကြဘူး။ “သေခါမှ သေရော့ မသေခင်တော့ ငါတို့က ကောင်းကောင်းစား ကောင်းကောင်းဝတ်လေး နေပါရစေဟယ်” ဆိုတဲ့ ပြောနည်းမျိုးဟာ ဘုရား၊ ရဟန္တာတွေအတွက် “ကျွတ်..ကျွတ်…ကျွတ်” လို့ မြင်စရာပေမယ့် အလွန်လူပီသတဲ့ အတွေးအခေါ်မို့လား။ ဘယ်လူကများ ကောင်းကောင်းမစား၊ ကောင်းကောင်းမ၀တ်ဘဲ နေချင်မလဲ။ ဘယ်သူကများ လွတ်လပ်ပေါ့ပါး ပျော်ရွှင်တဲ့ ဘ၀ကို မလိုချင်ဘဲ နေပါ့မလဲ။ နတ်ပြည်တွေ၊ ငရဲတွေ ခဏဘေးထား။ လူဖြစ်ရတဲ့ အချိန်မှာ မပူမပင် မကြောင့်မကျ နေရပြီး ပြည့်ဝတဲ့ လူ့ဘ၀ကို ဘယ်သူကများ မလိုချင်တာ ရှိပါ့မလဲ။ ဒီလိုအင်ဆန္ဒတွေကနေကတဆင့် ဘယ်သူကမှ ဘယ်သူ့အပေါ်မှာ ခေါင်းတစ်လုံး ပိုမြင့်တယ်ဆိုတဲ့ အဆင့်ခွဲထားတာ မရှိတဲ့ ဒီမိုကရေစီ စနစ်ကြီးကို လိုချင်ကြတာမို့လား။

လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်း ဘယ်လောက်ရှိမလဲ။ အထူးသဖြင့် မြန်မာလူမျိုး တစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်း ဘယ်လောက်ရှိမလဲ။ နှစ်ပေါင်း ခုနှစ်ဆယ်ထက်တော့ မကျော်ဘူး ထင်ပါရဲ့။ အသက် ခုနှစ်ဆယ်ကျော်ရင် မြန်မာလူမျိုး တစ်ယောက်ဟာ သေဖို့ အဆင်သင့် ဖြစ်နေတတ်ကြတာ များပါတယ်။ “ငါတို့က သေလူကွ” လို့လဲ လူကြီးသူမတွေ မိန့်ကြားတာ ခဏ ခဏ ကြားဘူးပါရဲ့။ ဒါပေမယ့် တစ်ခါတစ်ရံ အဲဒီလို မိန့်ကြားနေတဲ့ လူကြီးတွေ ကိုယ်တိုင် မသေရတော့မယ့် အတိုင်း ပြုမူနေတတ်ကြတာလဲ မကြာခဏ ကြားဘူး၊ မြင်ဘူးပါရဲ့။ ဘယ်လို သေချင်သလဲ။ ဘယ်လို သေသင့်သလဲ။ စဉ်းစားတတ်ကြပေမယ့် ဘ၀နေ၀င်ချိန်မှာ သဗ္ဗေ သတ္တာ ကမ္မသကာ လုပ်ပြစ်ပြီး နေလိုက်ကြရတဲ့ ဘ၀တွေလဲ နည်းမယ် မထင်ပါဘူး။

ကျွန်တော် ဘယ်လို သေရပါ့မလဲလို့ ရံဖန်ရံခါ စဉ်းစားမိတိုင်း မာတင်လူသာကင်းရဲ့ စကား တစ်ခွန်းကို သတိရမိတယ်။ သူက..

“အကယ်၍ လူတစ်ယောက်ဟာ အသက်ပေးဖို့ တစ်စုံတစ်ရာသော အလုပ်ကို ရှာမတွေ့နိုင်တော့ဘူး ဆိုရင် အဲဒီလူ အသက်ရှင်နေဖို့ မသင့်တော့ဘူး” တဲ့။

ဒီနေရာမှာ သူပြောတဲ့ အလုပ်ဆိုတာ ယုံကြည်ချက်ကို ပြောတာပါ။ ကိုယ်ယုံကြည်တဲ့ အလုပ်ကို ပြောတာပါ။ သူပြောသလိုသာဆိုရင် ကျွန်တော်က သေသင့်တာ ကြာပါပေါ့လား။

အခု ဘဘဆုံးတော့ လူ့သက်တမ်း ၈၅ နှစ်ကို ဇွတ်တားပြီး နှမြောတသနေကြတာ မဟုတ်ဘူး ထင်ပါရဲ့။ ဘဘရဲ့ ပေးဆပ်မှုနဲ့ သူ့ရဲ့ ယုံကြည်ခိုင်မြဲတဲ့ အလုပ်တွေကို နှမြောတသကြလို့ အသက်ရှင်နေသင့်တဲ့ လူကြီးမို့လို့ နှမြောကြတာ ထင်ပါရဲ့။ သူယုံကြည်တဲ့ အလုပ်ကလဲ လူအများရဲ့ ကောင်းကျိုးချမ်းသာဆိုတော့လဲ ပိုပြီးတော့ ပိုပြီးတော့ ယူကျုံးမရ ရှိကြတယ် ထင်ပါရဲ့။ လူတွေကို ဒုက္ခပေးမယ့် ယုံကြည်မှုမျိုးနဲ့ လူတွေ သေသွားရင်တော့ လူတွေကို ဒုက္ခပေးမယ့် လူတွေလောက်ကဘဲ ၀မ်းနည်းကြပေမှာပေါ့။

အခုတော့ ဘဘက ကျွန်တော်တို့လို နင်းပြား သာမန်လူတွေကို အ၀တ်အစား ပြောင်းဝတ်ထားတဲ့ လူတွေကြားမှာ ထားခဲ့လေပြီဘဲ။ သို့ပေသိ လက်နက်အားကိုး ထင်တိုင်း ကြဲတတ်တဲ့ လူတွေကို ဘယ်ပုံ ဘယ်နည်း ဆက်ဆံရမယ်ဆိုတာ ကောင်းကောင်းကြီး သင်ကြားပြသသွားခဲ့ ပါတယ်။

ဘဘဆုံးတော့ လူတစ်ချို့က ပျော်ကြသတဲ့။ သူတို့ ပျော်တာကို ကျွန်တော်ကြည့်ပြီး စိတ်မဆိုးဘဲ ၀မ်းအနည်းကြီး ၀မ်းနည်းရသည်။ ဘဘဦးကြည်မောင် ပြောခဲ့သော စကားတစ်ခွန်းကို သတိရပြီး သူတို့အတွက် ၀မ်းနည်းရသည်။

ဘဘဦးကြည်မောင်ကို ထောင်ချထားစဉ်က စစ်ထောက်လှမ်းရေး တစ်ယောက်က စစ်မေးသတဲ့။ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ထဲ ဘာအတွက် ၀င်ရသလဲ” တဲ့ ။ ဘဘဦးကြည်မောင် ပြန်ဖြေတာက တစ်ခွန်းတည်း။ “မင်းအတွက်” တဲ့။

အခု ဘဘဆုံးပါးတာအတွက် ပျော်ကြသူတွေဟာ သူတို့ အတွက် တိုက်ပွဲဝင်ခဲ့သူကြီး ဆုံးပါးသွားတာကို မသိတတ်လိုက်လေခြင်းလို့ဘဲ တွေးမိတယ်။ စိတ်မကောင်းဖြစ်မိတယ်။

လူတွေ အကုန်လုံး သေရမှာပါဘဲ။ ရေနစ်သေကြမယ်။ မီးလောင်သေကြမယ်။ လေယာဉ်ပျက်ကျတဲ့ အထဲ ပါသွားနိုင်တယ်။ သက်တမ်းစေ့နေပြီး သေရမယ်။ ရောဂါတွေနဲ့ သေရမယ်။ အိုပြီး သေရမယ်။ နာပြီး သေရမယ်။ ဘယ်လိုဘဲ သေသေ မာတင်လူသားကင်း ပြောတဲ့ အသက်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အလုပ်မျိုး လုပ်နေသူတွေရဲ့ သေခြင်းကတော့ အာဇာနည်တွေပေါ့။ ရေနစ်၊ မီးလောင် သေရှာသူတွေကတော့ အလွန်သနားစရာ ကောင်းတဲ့ လူတွေပေါ့။

ခင်ဗျားကို ဘယ်လို သေ၊ ဘယ်လိုနေလို့ ပြောပိုင်ခွင့် ကျွန်တော့်မှာ မရှိပါဘူးလေ။ ကိုယ့်ဘာသာတောင် ဘယ်လို သေရမှန်း မသိတဲ့ဘ၀။ သူများကို ဘယ်လိုသေသင့်တယ်လို့ သွားပြောရင် အလွန်မသိတတ်ရာ ကျတော့မပေါ့။ ကျွန်တော် သေချင်တဲ့ ပုံစံ တစ်ခုတော့ ရှိပါရဲ့။ ကျွန်တော့်ဖေကြီးလို ရိုးရိုးအေးအေး ပေါ့ပေါ့ပါးပါး သေခြင်းမျိုး။ ကျွန်တော့် ကိုယ်ခန္ဓာကြီးကို ချစ်သော ခင်သော သူတွေက ကြည့်ပြီး “သြော် ငါတို့လဲ သေရမှာပါလား” လို့ တွေးမိစေချင်တာမျိုး။

နောက်ပြီး လူ့ဘ၀ကို ရခဲ့တိုင်း ရခဲ့တိုင်း၊ သေဆုံးရတိုင်း သေဆုံးရတိုင်း..ကိုယ့်အတွက် အလုပ် လုပ်သွားကြတဲ့ လူတွေရဲ့ သေခြင်းတရားကို ပြက်ရယ် မပြုခဲ့သော လူသားဘ၀တစ်ခု ပြည့်ပြည့်၀၀ ရချင်တာ။ ကိုယ့်အတွက် သေသွားကြတဲ့ လူတွေရဲ့ သေခြင်းကို သိသောသူ ဖြစ်ချင်တာ။

ခင်ဗျားလဲ ဘယ်အချိန်သေရမယ် မသိ။ မတွေးပါနဲ့။ မလိုအပ်ပါဘူး။ ဒါပေမယ့် တွေးသင့်တာတစ်ခုကတော့ ခင်ဗျားတို့ အတွက် သေသွားကြတဲ့ ဘ၀တွေကို မြင်အောင် ကြည့်သင့်တာ မို့လား။

ခင်ဗျားတို့မှာ အမုန်းစိတ်တွေ မရှိအောင်

ခင်ဗျားတို့မှာ စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့ နစ်မွန်းမနေအောင်

ခင်ဗျားတို့ရဲ့ သေခြင်းတရားတွေ ဖြောင့်တန်းအောင်

ခင်ဗျားတို့ လူ့ဘ၀တွေ အချိန်မကုန် အရ တော်ရအောင်

ခင်ဗျားတို့အတွက် သေပေးကြတဲ့ သေဆုံးခြင်းတွေကို မြင်တတ်အောင် တွေးကြည့် ကြပါလား…

(ဖိုးထက်)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts