အတွေးအမြင်

Nay Lin Nyi – ပရဟိတဆိုင်ရာ ဟိုအကြောင်း၊ ဒီအကြောင်း

ပရဟိတဆိုင်ရာ ဟိုအကြောင်း၊ ဒီအကြောင်း

နေလင်းညီ၊ ဧပြီ ၁၉၊ ၂၀၁၄

ဘာသာရေးအဖွဲ့အစည်းတစ်ခုနှင့် ပရဟိတအဖွဲ့အစည်းတစ်ခုတို့ လုပ်ငန်းအတော်များများတွင် လက်တွဲ ဆောင်ရွက်ခဲ့ကြဖူးသည်။ ပရဟိတအဖွဲ့၏ ဒုတိယဥက္ကဌသည်ပင် ဘာသာရေးအဖွဲ့တွင် အလုပ်အမှုဆောင်ဖြစ်နေ၏။ နှစ်ကိုယ့်တစ်စိတ် အလုပ်လုပ်လာခဲ့သည်မှာ ကြာပြီ။ သွေးလှုပွဲတွေလည်း အတူတူ လုပ်ခဲ့ကြဖူး၏။ စာကြည့်တိုက် အလှူတွေလည်း အတူတူဆောင်ရွက်ခဲ့ကြဖူး၏။ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲတွေကိုလည်း အတူတူစီစဉ်ခဲ့ကြဖူးသည်။ သက်ကြီးပူဇော်ပွဲတွေကိုလည်း အတူတူ ပူဇော်ခဲ့ကြဖူးသည်။

ဘာသာရေးနှင့်ပရဟိတဆိုသည်မှာ အတူတူဟုပင် အထင်ရောက် ၍  အတွဲညီခဲ့ကြဖူးသည်။သို့သော် သူတို့ ၂ ဖွဲ့မှာ ညောင်ညိုရိပ်စခန်းမှာ လမ်းခွဲဖို့ ဖြစ်လာသည်။ အကြောင်းရင်းက ဤသို့ဖြစ်သည်။

၂၀၀၈ တွင် နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ပျက်ဆီးမှုတွေ၊ သေကြေဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။ ဘာသာရေး အဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ အတော်များများလည်း  ကူညီကယ် ဆယ်ရေးလုပ်ငန်းများ၌ ဂရုဏာကြီးမားစွာ ပါဝင်ခဲ့ကြသည်။ ထိုကိစ္စ၌ လည်း ပြဆိုခဲ့သော အဖွဲ့ ၂ ဖွဲ့က ပူပေါင်းဆောင်ရွက်ခဲ့ကြ၏။ ပရဟိတအဖွဲ့က ကယ်ဆယ်ရေးပစ္စည်းအချို့ကို  ဘာသာရေးအဖွဲ့ပိုင် ဗုဒ္ဓဘာသာဓမ္မ္မ္မ္မ္မ္မ္မ္မ္မ္မာရုံ၌ ခေတ္တသိမ်းဆည်းပါရစေဟု ခွင့်တောင်း၏။ ဘာသာရေးအဖွဲ့ကလည်း ခွင့်ပြုသည်။ ပစ္စည်းတွေ လာပို့စဉ်ကတော့ ဘာမှန်း မသိကြ။ နောက်တော့မှ ရေလုပ်သားတွေကို အခမဲ့ပေးဝေမည့် ငါးဖမ်းပိုက်တွေဖြစ်နေမှန်း သိကြရတော့သည်။ ဘာသာရေးအမှုဆောင် တွေမှတဆင့် သြဝါဒါစရိယဆရာတော်များထံ နားပေါက်သွားကာ ငါးပါးသီလကျိုးပေါက်စေမည့် အားပေးဆောင်ရွက်မှုများကို မည်သည့် အခါတွင်မျှ ခွင့်မပြုရန် ဆုံးဖြတ်လိုက်ကြသည်။ ဤသို့ဖြင့် ပရဟိတအဖွဲ့နှင့် ဘာသာရေးအဖွဲ့တို့လည်း လမ်းခွဲခဲ့ကြရသည်။ ထို့နောက်ပိုင်း တွင်  ထိုဘာသာရေးအဖွဲ့ဝင်များသည် ဤသို့ သဘောပေါက်ကြရတော့သည်။

(၁) ပရဟိတလုပ်ငန်းတိုင်း ဗုဒ္ဓတရားတော်နှင့် ညီသည်မဟုတ်။

(၂) တရားတော်နှင့်ညီသော ပရဟိတလုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက် အားပေးသင့်သည်။

(၃) ဤသဘောတရားကို မိမိတို့လို နားဝေတိမ်တောင်ဖြစ်နေကြသော ဗုဒ္ဓဘာသာဝင်အများစု သဘောပေါက်လာကြစေရန် မိမိတို့အဖွဲ့က    စွမ်းသလောက်  ဖြန့်ဝေအသိပေးသင့်သည်။

xxxx

နိုင်ငံတကာတွင် လူမှုရေးဆိုင်ရာ အကူအညီများဆောင်ရွက်နေသော အဖွဲ့အစည်းများစွာရှိသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ဖြစ်ခြင်းကြောင့် သူတို့ကို INGO( International Non Government Organization) များဟု ခေါ်ကြသည်။ မြန်မာနိုင်ငံတွင် သူတို့ကို ကျောထောက် နောက်ခံပြု၍ ပြည်တွင်း  NGO အဖြစ်လည်းကောင်း၊ သူတို့၏အဖွဲ့ခွဲ INGO အဖြစ်လည်းကောင်း ရပ်တည်လှုပ်ရှားနေသူတို့ ရှိကြ၏။ သူတို့ကိုလည်း  စာရေးသူတို့နိုင်ငံတွင် ပရဟိတအဖွဲ့များဟုပင် လွယ်လွယ်ခေါ်နေကြသည်။

ပရဟိတဟူသော စကားသည် စင်စစ် ပါဠိဝေါဟာရဖြစ်၍  (ပရ= အများ ၊ဟိတ=အကျိုး)  အများအကျိုးဟု အဓိပ္ပါယ်ရသည်။ (အတ္တဟိတ= မိမိအကျိုး ) INGO များကို ပရဟိတအဖွဲ့များဟု အချို့က လွယ်လွယ်ခေါ်နေကြသော်လည်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ အစဉ် အ ဆက်က လက်ခံကျင့်သုံးလာခဲ့ကြသော ပရဟိတလုပ်ငန်း သဘောသဘာဝများနှင့်မူ ထပ်တူကျသည် မဟုတ်ပေ။ မြတ်ဗုဒ္ဓ ဒေသနာ တော်အရ မြတ်ဗုဒ္ဓသည်ပင် အကြီးကျယ်ဆုံး ဂရုဏာရှင် ပရဟိတသမားဖြစ်နေပေသည်။

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကြာရှည်လေးမြင့် ပါရမီတော်ဖြည့်ကျင့်ခဲ့ရခြင်းမှာ အဓိကအားဖြင့် သတ္တဝါတို့အား ဆင်းရဲတွင်းမှ လွတ်မြောက်စေလိုခြင်းကြောင့် ဖြစ်သည်။ ကိုယ်တော်မြတ်အတွက်သာဆိုလျှင်မူ သုမေဓါရသေ့ဘဝကပင် နိဗ္ဗါန်ကို မျက်မှောက်ပြုနိုင်သည် သာ ဖြစ်ပါသည်။ထို့ကြောင့် ဗုဒ္ဓအလိုကျ ပရဟိတသည် အဘယ်သို့သော ပရဟိတဖြစ်သည်ကို လေ့လာဆန်းစစ်သင့်ပေသည်။ ငါးရာ့ငါးဆယ်နိပါတ်တော်တွင် မစလရွာသား ဘုရားလောင်း ကိုမာဃနှင့်အဖွဲ့သည် လမ်းများကိုပြုပြင်သည်။ တံတားများကို တည်ဆောက် ပေးသည်။ မေတ္တာဘာဝနာများကို ပွားများကြသည်။ ငါးပါးသီလကို စောင့်ကြ၏။ ပိုင်ရှင်မဲ့ အသုဘအလောင်းများကို ဖုတ်ကြည်းသင်္ဂြိုလ် ပေးကြသည်။ ခရီးသွားများကို ကူညီကြသည်။ မနာလိုသဖြင့် ကုန်းချောသောသူကြီးကြောင့် ဘုရင်က ဆင်ဖြင့်နင်းသတ်စေသော်လည်း မေတ္တာအစွမ်းနှင့် ပရဟိတကုသိုလ်များကြောင့် ဆင်က မနင်းသတ်ပဲ ထွက်ပြေးရသည်။ သူတို့ပြုသောပရဟိတသည်  ငါးပါးသီလကို အခြေခံသည်။ ထို့ကြောင့် ဗုဒ္ဓအလိုကျ ပရဟိတဆိုသည်မှာ ငါးပါးသီလကို မကျိုးပေါက်စေပဲ အများ၏ကောင်းကျိုးကို ဆောင်ရွက်ခြင်းဖြစ် သည်။

အခြေခံစဉ်းစားတွေးခေါ်ပုံ၌ပင် INGO အဖွဲ့များနှင့် ပြည်တွင်းဘာသာရေး ပရဟိတ အဖွဲ့များ  ကွဲပြားခြားနားမှု ရှိသည်။

ပထမကွဲပြားမှုမှာ အကျိုးစီးပွါးဆိုင်ရာ အဓိကထားမှု ဖြစ်သည်။လူမှုဖွံ့ဖြိုးရေး သို့မဟုတ် လူမှုဒုက္ခကယ်ဆယ်ရေးကို ဆောင်ရွက်ရာ၌ INGO များက လူသားဘဝ၊ လူသားအကျိုးစီးပွါးကိုသာ အဓိကထားစဉ်းစား၍ ဘာသာရေး ပရဟိတများကမူ၊ သက်ရှိသတ္တဝါအားလုံး၏ အကျိုးစီးပွါးကိုပါ စဉ်းစားခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့သည် သက်ရှိသတ္တဝါအားလုံးကို မိမိတို့လိုပင် သံသရာခရီးသွားများအဖြစ် ကိုယ်ချင်းစာတရားထားကာ ရှုမြင်သုံးသပ်ကြသည်။ ထို့ကြောင့် လူသားတို့အကျိုးအတွက် အခြားသက်ရှိများ သေကြေပျက်ဆီးရမည့်အရေးကို ခွင့် မပြုနိုင်ကြခြင်းဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော် INGO များသည် ယခုတဘဝတာအရေးကိုသာ ထည့်သွင်းစဉ်စားပြီး၊ ဘာသာရေး ပရဟိတသမားများသည်  သံသရာအရေးကိုလည်း ထည့်သွင်းစဉ်းစားကြခြင်း ဖြစ်သည်။

ဒုတိယ ကွဲပြားခြားနားမှုမှာ လုပ်ငန်းကို အကောင် အထည်ဖေါ်သူတို့၏ ရပိုင်ခွင့်ဖြစ်သည်။ INGO အတော်များများသည်  လစာရယူသော  ဝန်ထမ်းစနစ်ကိုကျင့်သုံး၍ လုပ်ငန်းလည် ပတ်ခြင်းဖြစ်သည်။

ဘာသာရေး ပရဟိတအဖွဲ့များမှာမူ အခမဲ့ကုသိုလ်ဖြစ် လုပ်အားဒါန ပါဝင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်းခေါင်းဆောင် ဦးကျော်သူက နိုင်ငံတကာ ပရဟိတအဖွဲ့များသည် ရံပုံငွေ၊ အလှူငွေတောင့်တင်းသဖြင့် လခကောင်းကောင်းပေးပြီး ဝန်ထမ်းများ ခန့်ထား နိုင်ကြောင်း၊ သူတို့အဖို့ အသင်းမှတ်ပုံတင်ရန် ငွေ ၅ သိန်းမှာ မခဲယဉ်းကြောင်း၊ ပြည်တွင်း ပရဟိတအဖွဲ့များသည် မိမိတို့ကိုယ်တိုင် အလှု ငွေထည့်နိုင်သလောက်ထည့်ပြီး၊ စုစည်းကာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေကြရသူများဖြစ်ကြောင်း၊ ထို့ကြောင့် မှတ်ပုံတင်ကြေးထည့်ရန် အခက်အခဲရှိကြောင်း ပြောကြားခဲ့ဖူးသည်။ မှန်ပါသည်။ ပြည်တွင်း ပရဟိတအဖွဲ့ အများစုသည် လူအား၊ ငွေအား၊ အကြံဉာဏ်အား ထို ၃ မျိုး စလုံးကို မိမိတို့ဖါသာ စိုက်ထုတ်ဆောင်ရွက်ကြ၏။

INGO တစ်ခုတွင် အဆင့်မြင့် အရာထမ်းအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ၏ ဖွင့်ဟဖော်ပြချက်ကို ဂျာနယ်တစ်ခု၌ဖတ်လိုက်ရ၏။ သူတို့ ပရော ဂျက်၏ ကုန်ကျစရိတ် ၆၀ ရာခိုင်နှုန်းကျော်မှာ ဝန်ထမ်းစရိတ်နှင့်အထွေထွေ အသုံးစရိတ်များ ဖြစ်နေသည်ဟု ဆိုသည်။ အဓိပ္ပါယ်မှာ နိုင်ငံ တကာ အလှူရှင်တို့၏ လှူဒါန်းငွေထက်ဝက်ကျော်သည် လူမှုဒုက္ခကြုံနေရသူတို့ထံ မရောက်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် INGO တစ်ခုမှာလုပ်လို့ ထောနေတာလေဆိုသော စကားများကို ကြားသိနေရခြင်းဖြစ်သည်။ ဤပြဿနာတွင်လည်း  ပညာရှင်များကို လခကောင်း ကောင်းပေးပြီးဆောင်ရွက်စေမှ အောင်မြင်မည့် ပရောဂျက်များ ရှိနိုင်သလို၊ ပညာရှင်များ၏လုပ်အားဒါနကို စုစည်းကာ မှန်မှန်ကန်ကန်ဆောင်ရွက်အောင်မြင်နိုင်မည့် ပရောဂျက်များလည်း ရှိနိုင်ပေသည်။ (အဲဒီ INGO ကနေ စေလွှတ်လိုက်တဲ့ အဆင့်မြင့် ဝန်ထမ်း ၃ ယောက်ရဲ့ လစာနဲ့ အသုံးစရိတ်သည်ပင် ဝန်ထမ်းစရိတ်ရဲ့ ထက်ဝက်ကျော် နေတယ်။ မောင်မဲ ခပ်တဲ့ရေ၊ မောင်မဲ ဖင်ဆေးတာနဲ့ ကုန်သွားတယ်ဆို သလိုပါပဲ။ သူတို့ ၃ ဦးမှာ ၂ ဦးရဲ့နေရာကို ပြည်တွင်းဝန်ထမ်းတွေ ခန့်လို့ ရပါတယ်။) ဟူသော ဝေဖန်ချက်ကိုလည်း စာရေးသူ ကြားဖူးပါသည်။

ဗုဒ္ဓဘာသာ ရဟန်းတော်များသည်လည်း ပရဟိတလုပ်ငန်းကြီးများကို ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်တော်မူနေကြကြောင်း တွေ့မြင် ကြားသိ၊ သာဓုခေါ်ရပါသည်။  ဤကိစ္စနှင့်ပတ်သက်ပြီး ကျမ်းတတ်ပေတတ် ဝိနည်းလေးစားသော ဆရာတော်တစ်ပါးက ဤသို့မိန့်ပါ သည်။

“ရဟန်းတစ်ပါးအနေနဲ့ လုပ်သင့်တဲ့အလုပ်က  ပရိယတ္တိရယ်၊ ပဋိပတ္တိရယ်၊ ပရဟိတရယ်လို့ ၃ မျိုး ပြောလို့ရတယ်။ တစ်မျိုးတတ်နိုင်ရင် တစ်မျိုးပေါ့။ တစ်မျိုးထက် ပိုတတ်နိုင်ရင်လဲ ပိုလုပ်ပေါ့။ သတိထားရမှာက ပရဟိတလုပ်တဲ့အခါမှာ ဝိနည်းကို အထိအခိုက်မခံဖို့ သိပ်အရေး ကြီးတယ်။ ကိုယ်တိုင် ငွေမကိုင်ပဲ၊  ငွေကြေးထိန်းသိမ်းတဲ့ ကပ္ပိယကော်မတီကို စနစ်တကျ ဖွဲ့စည်းပြီး၊ ဆောင်ရွက်စေသင့်တယ်။ ငွေဆို တာ မြွေလိုပဲ အဆိပ်ပြင်းတယ်လို့ မင်းကွန်းဆရာတော်ကြီးက ဟောဖူးတယ်။ ပရဟိတတော့ ဖြစ်ပါရဲ့၊ ဝိနည်းထိခိုက်ပွန်းပဲ့ရင် အတ္တဟိတ ပျက်တာပေါ့။ ကိုယ်ကျိုးနည်းတာပေါ့။ မီးပြသမား လမ်းကျွံမှားတယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။ ဘုရားအလိုကျ ပရဟိတမျိုး ဖြစ်ဖို့ လည်း လိုပါတယ်”

တစ်ရံခါတွင် ပရဟိတဆောင်ရွက်သော အမည်ကျော်ဆရာတော်တစ်ပါးသည်  ဘာသာခြားတို့ချည်း နေထိုင်သောဒေသ၌ စာသင်ကျောင်း ဆောင်ကြီးတစ်ခုကို သိန်းပေါင်းရာချီ အကုန်ခံပြီး ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုဒေသရှိ  ဘုရားရှိခိုးကျောင်းတွင် ဝတ်ပြုဆုတောင်းကြရာ ဆုတောင်းသူက ဆိုပါသတဲ့။

“ယခုလို ဗုဒ္ဓဘာသာဘုန်းကြီးကိုတောင် လာလှူခွင့်ရစေဖို့ လမ်းပြပို့ဆောင်ပေးတဲ့  ဖန်ဆင်းရှင် အဖဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ။

ထိုဆုတောင်းကို ဆရာတော်ကြားလျှင် အဘယ်သို့ မိန့်မည်မသိ။ အလှုရှင်ကို ကျေးဇူးမတင်ပဲ၊ အခြားသူကို ကျေးဇူးတင်နေသည်ဟုတော့ ပြောမည်မထင်။ ဘာသာမတူ လူမျိုးမတူတာကိုပင် လှူနိုင်သောသဒ္ဓါတရားက ရှိပြီးသားမို့ပါ။ သို့သော် ကြည့်မြင်တိုင်နေ မိတ်ဆွေတစ်ဦးက တော့ ပြောသည်။

“ရွှေပြည်သာဖက်မှာ လူမျိုးမရွေး ဘာသာမရွေး မိဘမဲ့ကလေးတွေကို စောင့်ရှောက်ပါတယ်ပြောပြီး ပြည်တွင်းကရော ပြည်ပကပါ အလှူခံ နေတဲ့ အဖွဲ့ရှိတယ်။ သွားလေ့လာကြည့်တော့ သူတို့ဘာသာခြားတွေချည်းပဲ။ ဗုဒ္ဓဘာသာ တစ်ဦးမှမပါဘူး။ အခုဆရာတော်က ဒီလို လှူနိုင် တာ ဂုဏ်ယူပါတယ်။ သာဓုခေါ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ ကြည့်မြင်တိုင်တဖက်ကမ်းမှာ လူမှုရေးဒုက္ခရောက်နေတဲ့ တို့ဘာသာဝင် အချို့ တွေကိုထောက်ပံ့ပြီး ဘာသာခြားထဲ ရောက်နေကြပြီ။ လွတ်လပ်စွာ ယုံကြည်ရာကို ကိုးကွယ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ လူမှုဒုက္ခ   တစ်ခု တည်းကြောင့် မျက်စိမှိတ်ဝင်သွားသူတွေကိုတော့ လွတ်လပ်စွာကိုးကွယ်တယ်လို့ ပြောရတာခက်မယ်ထင်ပါတယ်။ ဒါတွေကို ခုနက အလှူ ရှင်ဆရာတော်ကို သိစေချင်ပါတယ်”

ပရဟိတလုပ်ငန်းများတွင်လည်း တကယ့်စေတနာ၊ တကယ့်စာနာမှုဖြင့် ကိုယ်ကျိုးမဖက်ဆောင်ရွက်လုပ်ကိုင်နေသာ အဖွဲ့များရှိနိုင်သလို ၊အခြားသော ရည်ရွယ်ချက်များဖြင့် အယောင်ပြလုပ်ကိုင်မှုများလည်း ရှိနေကြောင်း နိုင်ငံတကာမှတ်တမ်းများအရ ကြားသိနေရပါသည်။ တကယ့်ပရဟိတလုပ်ငန်းများကိုမူ မှတ်ပုံတင်ကြေး မကောက်သင့်ရုံမက ကာကွယ်မှုများ၊ ကူညီမှုများကို နိုင်ငံ တော်အစိုးရက ပေးရမည်ဖြစ် ပါသည်။ လူမှုအသင်းအဖွဲ့တိုင်းလည်း ပရဟိတအဖွဲ့များ မဖြစ်နိုင်ပေ။ ပရဟိတနှင့် ပတ်သက်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လို အပ်လျှင် သီးခြားကျင့်သုံးရမည်ဖြစ်၏။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts