ရသဆောင်းပါးစုံ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ

စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ
ငြိမ်းချမ်းအေး
ဧပြီ ၁၄၊ ၂၀၁၄


စီးပွား သင်္ကြန် မဏ္ဍာပ် ပေါ်က ဖျော်ဖြေခံ အကသမလေးများက ထိုင်းမမို့ ဖင်ပေါ်တာပေါ့၊ ဖင်ပေါ်ပါစေ ဆိုတဲ့ အတွေးအခေါ်မျိုး ဟာ စင်ပေါ်တက် ဖင် မပေါ့်ပေါ်အောင် က နေရရှာတဲ့ အကြောင်းကို မျက်ကွယ်ပြု ယဉ်ကျေးမှု ခေါင်းစဉ်အောက် ထည့် အပြစ်ဆိုချင်သူများ နဲ့ အဆင့်တူပဲ။  ဒါမျိုးက မှ လူမျိုးရေး အမြင်မို့ ပိုဆိုးတယ် ဆိုရမယ်၊ မြန်မာမ ဆို မပေါ်ဘူး ဆိုတဲ့ သဘောပေါ့။  ပက်ပုန်း မှာ ရာဇဝင်ကြွေး ဆပ်ချင်တဲ့ မြန်မာ သင်္ဘောသား ပုံပြင် မကြားဖူးကြဘူး ထင်တယ်၊ “အမလေးတော့်” နဲ့ တွေ့ဖူးမှ စာနာတတ်မယ် ထင်ပါ့။

ဒီမယ်.. မြန်မာ ဖြစ်ဖြစ်၊ ထိုင်းမ ဖြစ်ဖြစ် စီးပွား ဘီလူး၊ ရာဂ ဘီလူး၊ ကာမ ဘီလူး ကြီးများ အတွက် အသုံးချခံ အဖြစ် လူသား ဂုဏ်သိက္ခာ ကိုချနင်း ဖင်ပေါ် အောင် ကနေရခြင်း ဟာ စာနာ ထောက်ထား နားလည် ခံစား ပေးရမယ့် ကိစ္စ ဖြစ်တယ်။  ဒါဟာ လူသား ကျင့်ဝတ်၊ သိက္ခာ၊ ယဉ်ကျေးမှု ချို့တဲ့မှု ပြဿနာ ဖြစ်တယ်။  လူ့ ဂုဏ်သိက္ခာ ကို ချ စတေး ကာ စီးပွားရှာ ဝမ်းကြောင်းရတဲ့ အရင်းရှင် စီးပွားရေး စနစ်ဆိုး ရဲ့ သရုပ် ဖြစ်တယ်။  တိုင်းပြည် မှာ အမြစ်တွယ် နေပြီ ဖြစ်တဲ့ စစ်ခရိုနီ အရင်းရှင် စနစ် ကို ပုံပေါ်စေတဲ့ ပြယုဂ် တခုလည်း ဖြစ်တယ်။

ခင်ဗျား က အခုမှ ရိုးရာ လိုလို၊ ယဉ်ကျေးမှု လိုလို ရာသီစာ မကျက်တကျက် အမြင်မှာမှ တဏှာ စိတ် အခံနဲ့ ထပ်ကြည့်တော့ ဖင်ပေါ်တာကို မြင်တယ်။  တကယ်တော့ စနစ်ဆိုး မှာ အလိုက်အထိုက် ကျင်လည် ကျက်စား ရုန်းကန် ရှင်သန်ရင်း ခင်ဗျား ကိုယ်တိုင် လိပ်ပြာ ဖင်ပေါ်နေပြီး ဖြစ်တယ်။

ဒီ စနစ်ဆိုးကို တချို့က အရှက်ဖင်ပေါ်ရင်း  ခါးစည်းခံ ဖြတ်သန်းရတယ်၊ တချို့ကျ သီလကျင့်ဝတ် ဖင်ပေါ်ရင်း အသက်ဆက်ရတယ်၊ တချို့ကျ လူသား အခွင့်အရေး၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာ ဆုံးရှုံးခံ ဖင်ပေါ်ရင်း အံကြိတ် ကျော်လွှားရတယ်။

ဒီလိုနဲ့ စနစ်ခံ လူသာမန် အများဟာ လူသား ပီသမှု တရားတွေ၊ အကျင့်တွေ ကို လမ်းခင်းကာ သီလ အောက်စလွတ် ဖင်ပေါ်ရင်း ဘဝ လမ်းကြောင်း ထမင်းအိုးတည်နေရတယ်။

ကာရာအိုကေ စင်တင်၊ အနှိပ်ခန်း၊ သင်္ကြန် စီးပွား ကြော်ငြာ စင်မြင့် ထက်က အမျိုးသမီး ငယ် ဖြစ်ဖြစ်၊ လူသား သိက္ခာ၊ အခွင့် အရေး၊ လွတ်လပ်မှု ကို မျက်ကွယ်ပြု တိုင်းတပါး မှာ၊ မွေးရပ်မြေမှာ “ငါတို့က ပညာနဲ့ ဝမ်းစာရှာတာကွ” ဆိုပြီး ကိုယ့်ဘာသာ အားတင်း ဆိုရတဲ့ ပညာတတ် လူတန်းစား ဖြစ်ဖြစ်၊ အရောင်း၊ အဝယ် စီးပွားလုပ်ကိုင် ရှာစားရတဲ့ အလယ်အလတ်တန်းစား ဖြစ်ဖြစ်၊ ခိုးစားမှ နပ်မှန်ပါတယ် ဆိုတဲ့ အခြေခံ အလုပ်သမား လူတန်းစား ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းရဲ့ လူအများစု ဟာ စနစ်ဆိုး က ထုဆစ် သွန်းထုတ်လိုက်တဲ့ အကျင့်၊ စာရိတ္တ၊ လူ့ ဂုဏ် သိက္ခာ၊ လွတ်လပ် တရားမျှတမှု ပဲ့ရွဲ့ နေတဲ့ ဒင်္ဂါပြား တချပ် ရဲ့ ကျောချင်းကပ် မျက်နှာစာ နှစ်ဖက်၊ ခေါင်း နဲ့ ပန်း အတူတူ သာ ဖြစ်တယ်။

စနစ်ဆိုးရဲ့ သားကောင် ဖင်ပေါ်ခံ ဟာ စင်မြင့်ထက် က မိန်းကလေး မှ မဟုတ်၊ ခင်ဗျားလည်း ဖြစ်တယ်၊ ကျနော်လည်း ဖြစ်တယ်။

ခင်ဗျား က စနစ်စံ ထဲက တယောက် ဖြစ်တယ် ဆိုရင်လည်း လူ့အဖွဲ့အစည်း ရဲ့ ဆီဦးထောပတ် ကို စုပ်ယူ လူသား မျက်ရည်၊ သွေး၊ ချွေး ကို စတေးကာ မိုက်ရိုင်းရင်း ထွားကျိုင်းလာခဲ့သူ ဖြစ်လို့ လူသား ဂုဏ်သိက္ခာ ဟာ သုည အဆင့် ကျ ပြီး ဖြစ်တယ်။

ခင်ဗျား ဟာ ကိုယ်ကျိုး စီးပွား  အတွက် မိန်းကလေး ငယ်များကို ဖင်ပေါ် အောင် ခေါ် က ခိုင်း နိုင်တယ်၊ တဏှာ ရာဂ အတွက် ဖင်ဖေါ် စေနိုင်တယ်၊ စီးပွား ဖြစ်မှု အလို့ငှာ ပညာတတ် လူငယ်များကို ခေါ် ဂုဏ်သိက္ခာ လိပ်ပြာ ဖင်ပေါ်အောင် ပြု ခိုင်းနိုင်တယ်။  ဒါပေမယ့် ခင်ဗျား ရဲ့ လူသား အရည်အသွေး၊ လူသား ဂုဏ်ရည်၊ သိက္ခာ၊ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှု ကတော့ ဖင်ပေါ်ရုံမက ကိုယ်လုံးတီး ဖြစ်နေပြီး ဖြစ်တယ်။

ဒီလို လူတန်းစားထဲက တယောက်ဟာ အခု လို စနစ်ဆိုးကို အလျားလိုက် ကူးနေရရှာတဲ့ ဖင်ပေါ်ခံ မိန်းကလေး ငယ်များ ကို ယဉ်ကျေးမှု မရှိသူ လို့ ဆိုရင် ပုဆိုး မပါတဲ့ သူက သူများကို သွား အောက်စလွတ်နေကြောင်း ပြော၊ လုံအောင် ထိုင်ခိုင်းနေသလိုပဲ ဖြစ်မယ်။  စနစ်ဆိုးစံ အားလုံးဟာ လူသားတဦးမှာ ရှိရမယ့် ကျင့်ဝတ်၊ သီလ၊ ယဉ်ကျေးမှု အားလုံး ပျက်ယွင်းပြီးမို့ ဒါမျိုးထက် ပို ယဉ်ကျေးမှု မရှိသူ၊ ရိုင်းသူ၊ လူသား မပီသသူ မရှိပါ။

ဒါမျိုးကမှ တကယ့် ယဉ်ကျေးမှု မရှိသူ လို့ သတ်မှတ်ရမှာပါ။

အလားတူပဲ အမှောင်ခန်းမှာ၊ အခု စက်မြင့်ထက်မှာ အကြောင်း အမျိုးမျိုး ကြောင့် ဖင်ပေါ်နေရသူ များ ကို စာနာ ထောက်ထား မှု မပေးနိုင်၊ နောက်ခံ စနစ်ကို မြင်ကြည့် အဖြေ မရှာနိုင်ဘဲ ယဉ်ကျေးမှု လမ်းကြောင်းချ နှမချင်း မစာနာ ဆိုနေသူများ ရဲ့ လူသား ပီသ၊ ယဉ်ကျေးမှု (Human Decency) ရေချိန်ဟာလည်း သုည နီးနီးပါပဲ။

ကိုယ်တိုင် စနစ်ခံ ရင်း လိပ်ပြာ ဖင်ပေါ် နေရတာကိုကျ မမြင်နိုင်ဘူး။  စနစ်ဆိုးရဲ့ သားကောင် ဘဝတူ အမျိုးသမီးငယ်များ ဖင်ပေါ်တာကို ပဲ သွားရည် တများများ သွားကြည့်၊ ရုပ်သေ၊ ရုပ်ရှင် ရိုက်၊ ဖြန့်၊ (ဖြန့်တဲ့ အထဲမှာ ခေတ်ကို ဦးဆောင်ရတဲ့ သတင်းသမား၊ စာရေးဆရာ၊ ကာတွန်း ဆရာ ဆိုသူများ ပါတော့ အံ့သြ၊ တုန်လှုပ်မိပါရဲ့)၊ ပြန် ကြည့်သူများက လည်း မျက်စိ အရသာခံကြည့်၊ ပါးစပ် အရသာခံ ပြော၊ စနစ်ကို စစ်နိုင်တဲ့၊ အကြောင်းကို ရှာနိုင်တဲ့ အမြင် မရှိ၊ သူများ ဘဝတွေကို စာနာ၊ နားလည် မျှဝေ ခံစား ပေးနိုင်တဲ့ နှလုံး မကျယ် မကြီး တော့ ဆီသည်မလက်သုတ် ရိုးရာ၊ ယဉ်ကျေးမှု ကိုပဲ လမ်းကြောင်း ဇောင်းပေး ဆိုနေသူများ အားလုံး ဟာလည်း လူ့ယဉ်ကျေးမှု မရှိသူများပဲ ဖြစ်တယ်။

ဒီလို စနစ်ဆိုး လူ့ အဖွဲ့အစည်း က ပုံဖော်ပေးလိုက်တဲ့ စနစ်စံ သီလ ကျိုးပျက် ဖင်ပေါ်ခံများ၊ စနစ်ခံ လွတ်လပ်မှု ဂုဏ်သိက္ခာ မဲ့ ဖင်ပေါ်ခံများ ကြီးစိုးနေတဲ့ ဗမာပြည်မှာ လူသား တရားမဲ့၊ လူသား ယဉ်ကျေးမှု မရှိ၊ ပျက်ယွင်း အားနည်းနေခြင်းဟာ အဆန်းမဟုတ်ဘူး။

ယဉ်ကျေးမှု မရှိလို့ စနစ်စံ စစ်အုပ်စု နဲ့ အပေါင်းအပါ ခရိုနီ တစု ဟာ ကိုယ်ကျိုး အာဏာ၊ စီးပွား အလို့ငှာ လူသား အချင်းချင်း စစ်ပြု၊ နှိပ်စက်၊ ညှင်းပမ်း သတ်ဖြတ်၊ မြေသိမ်း၊ ယာသိမ်း၊ ဘုရားဖျက်၊ ကျောင်းလု လုပ်နေကြတာပေါ့။

ယဉ်ကျေးမှု မရှိလို့ စနစ်ခံ လူအများကလည်း လူကို လူလို မမြင်နိုင် လူမျိုး၊ ဘာသာ မတူတာနဲ့ပဲ အပြစ်မြင်၊ သည်းမခံနိုင်၊ အမုန်းပွား၊ ရန်ငြိုးထား၊ သတ်ချင် ဖြတ်ချင် ရှိနေတာပေါ့။  အခုပဲ ကြည့်ပါလား၊ ဒီလို လူတွေပဲ နို့ပေါ်၊ ဖင်ပေါ် တာကို မြန်မာ မ ဟုတ်/မဟုတ် ငြင်းရင်း စိတ်ဖြေရာရှာနေကြတာ။  လူမျိုးရေး အမြင် ဘယ်လောက် ရှိ၊ ပြင်းမလဲ ဆိုတာ ခန့်မှန်းနိုင်တယ်။

တိုင်းပြည် ရဲ့ ယဉ်ကျေးမှု ရေချိန်ဟာ ကြီးစိုးတဲ့ နိုင်ငံရေး၊ စီးပွားရေး စနစ်ဆိုး ကို ပုံဖော် လမ်းကြောင်းပေးမှု အတိုင်း ဝမ်းနည်းဖွယ် ကျဆင်း ခဲ့ရတယ်၊ လူသား မပီသသူ၊ မယဉ်ကျေးသူ၊ တင်းပြည့်ကျပ်ပြည့် လူသား အတွေးအခေါ်၊ အမြင်၊ နှလုံးသား မဲ့၊ ချို့ငဲ့ နေတဲ့ လူအများသာ လူ့အဖွဲ့အစည်းမှာ စိုးရိပ်ဖွယ် တိုးပွားလာခဲ့ရတယ်။

ဖျော်ဖြေရေး စင်မြင့် က အကသမလေး ဖင်ပေါ်တာလောက် ပဲ မြင်နိုင်စွမ်းပြီး သမားရိုးကျ ယဉ်ကျေးမှု၊ ရိုးရာ ခေါင်းစီးတပ်ချင်တဲ့ သဘောလောက်နဲ့တော့ (၂၁) ရာစု ပေမီဒေါက်မီ ယဉ်ကျေး၊ လူပီသတဲ့ လူ့အဖွဲ့အစည်း ကို မတည်ထောင်နိုင်ပါ။  သမားရိုးကျ ရိုးရာ ယဉ်ကျေးမှု ကို ထိန်းသိမ်းချင်ရင်လည်း အရင် လူသား တဦးမှာ ရှိရမယ့် အခြေခံ လူ့ယဉ်ကျေးမှု၊ လူ့ ကျင့်ဝတ်၊ လူ့တန်ဖိုး တွေကို မြှင့်တင်ရမှာပါ။

တိုင်းပြည်မှာ လူသား ယဉ်ကျေးမှု ထွန်းကားချင်သလား၊ လူယဉ်ကျေးများ များပြား စေချင်သလား၊ နောင်ခံ စနစ်အဖွဲ့အစည်း ကို အပြစ်ရှာ ထောက်ပြ၊ ဝေဖန် တော်လှန် ရမှာပါ။  ခုလောလောဆယ်မှာ အမြစ်တွယ် နေပြီ ဖြစ်တဲ့ စစ် ခရိုနီ အရင်းရှင် စနစ်ကို အရင် မျိုးပြုတ်အောင် တိုက်ဖို့ အရင် ဇောင်းပေး ရပါမယ်၊ တိုင်းပြည်မှာ လူမှု-စီးပွား တရားမျှတမှု တပြေးညီ ရအောင် အရင် ဖော်ဆောင် ရပါမယ်၊ ဇာတိ နောက်ခံ၊ လူမှု အတန်းအလွှာ၊ လူမျိုး၊ ဘာသာ မခွဲ လူသား ဂုဏ်သိက္ခာ နဲ့ အညီ နေထိုင်၊ စားသောက် ဘဝ ရပ်တည်နိုင်ခွင့် ရှိဖို့ ကြိုးစားရပါမယ်။

လူသာမန် လူတဦးချင်း အနေနဲ့ အရင်ဆုံး အလုပ်သင့်ဆုံး၊ အလုပ်နိုင်ဆုံးကတော့ “စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ” စာရင်းမှာ ငါလည်း ပါ ပါ့လား ဆိုတဲ့ အခြေခံ သဘောကို သိမြင်ကာ ကိုယ့်ထက် ပို လူသား ဂုဏ်သိက္ခာ ကို ချနင်း ကံအကြောင်းမလှစွာနဲ့ လူ့ဘဝကို ဖြတ်သန်းနေရတဲ့ နို့ပိန် ပျဉ်းတွဲ ခေတ်စနစ်ဆိုးရဲ့ နို့ဆို့ဖက်၊ ဖွားဖက်တော် ဘဝတူများကို ပိုမို စာနာ နားလည်၊ ခံစား ပေးကာ လူသား အခြေခံ ယဉ်ကျေးမှု ကျင့်ဝတ် လူပီသမှု တရား တိုးပွားဖို့ ကြံဆောင်ခြင်းပါပဲ။

ဒီ့ အတွက် စနစ်ဆိုး ရဲ့ သားကောင် ဖင်ပေါ်ခံ စာဖတ်သူ ခင်ဗျား နဲ့ စာရေးသူ ကျနော့် မှာ ကျင့်ဝတ် တာဝန် ရှိကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ငြိမ်းချမ်းအေး – စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ
  1. ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ စောစောကဆောင်းပါးတစ်ပုဒ်ကိုလည်း ကြိုက်တယ်။ ဆရာကြီးလေသံနဲ့ ပြောတာမဟုတ်။ အားပေးတာပါ။ ယဉ်ကျေးမှုနဲ့ ပတ်သက်လာရင် မျက်စိကြီး နားကြီးပါတယ်ဆိုတဲ့ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေ စတဲ့စတဲ့သူတွေ တော်တော်များများဟာ တလွဲချည်းတွေပဲ။ ကျနော်တော့ ဟိရီသြတ္တပ္ပဆိုတဲ့ လောကပါလတရားနဲ့အညီ (ကိုယ်တိုင် အပြည့်အ၀ မကျင့်သုံးနိုင်တောင်) နေထိုင်တာကိုပဲ သဘောကျတယ်။ ဘယ်အယူဝါဒ၊ ဘယ်ပညာရပ်၊ ဘယ်လူမျိုး၊ ဘယ်ဓလေ့ထုံးတမ်းဖြစ်ဖြစ် အမြဲတမ်း ကူးလူးဆက်ဆံ ပြောင်လဲနေတာ သဘာဝပဲ။ ယဉ်ကျေးမှုဆိုပြီး အော်နေမော်နေတဲ့ လူတွေက ကိုယ်အလေ့အထနဲ့ စိမ်းနေသေးတဲ့ အရာတွေကိုကြည့်ပြီး တောပြောတောင်ပြော လုပ်နေကြတာ။ နှစ်တစ်ရာ၊ နှစ်ရာ ကြာသွားတော့မှ ဒါငါတို့ယဉ်ကျေးမှု လုပ်ချင်ကြတာ။ အခုကျနော်တို့ ၀တ်နေတဲ့ အ၀တ်အစား၊ အစားအစာ၊ သင်ယူနေတဲ့ ပညာတွေ၊ ဂီတ၊ ကိုးကွယ်တဲ့ ဘာသာ စတာတွေကို ဘယ်အနှီပညာရှိက ကိုယ့်ဟာအစစ်ပါလို့ ပြောရဲလဲ။ ကျောက်ခေတ်ကို ပြန်ကြည့်လိုက်ပါ။ ယဉ်ကျေးမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ရှုထောင့်ပေါင်းစုံကနေ စာတစ်အုပ်ရေးစေချင်ပါတယ်။ ဒေါသနည်းရင် ပိုကောင်းမှာပါ(ကျနော် အပါအ၀င်ပါ)။ ကိုယ့်အယူအဆက ကျိုးကြောင်းဆီလျော်မှု ရှိနေရင်တောင် ရေးတဲ့စာက ဒေါသပါနေရင် လက်မခံခခချင်တတ်ကြလို့ပါ။ ကျေးဇူးတင်ပါတယ်။

  2. Nyein Chan Aye ..

    There are obviously two great authors in MoeMakha…as far as I concerned . ….Nyein Chan Aye and Than Win Hlaing .

    I like your article here. There are various kinds of readers. Perhaps you may like to write so that ‘ basic grassroots laymen can understand ‘ even in own Mother language of Myanmar. Try to put a paragraph in simple Myanmar amidst decorative Myanmar Language writing.

    The mainstay of writing is to attract more readers. Or . ‘ Yay kar Yay eat, Phat thu ma Sheet ‘ . Then the objective of writing these articles will be ‘ in vain ‘ . Thanks.

  3. I agree. people cannot see the way you see or think critically because they dont teach you to think like that in school. But you need to tone down a bit b/c it sounds like you re way too angry.

Comments are closed.