သရော်စာ

မောင်လူပေ – သင်္ကြန်တွင်း၊ ယမမင်းနဲ့  ပန်းရထားကိစ္စ

သင်္ကြန်တွင်း၊ ယမမင်းနဲ့  ပန်းရထားကိစ္စ
မောင်လူပေ
ဧပြီ ၁၄၊ ၂၀၁၄

သရုပ်ဖော် – ကာတွန်း စောငို

“မနက်ဖြန် သင်္ကြန်ကျပြီဆိုတော့ ရှင့်မွေးနေ့ ရောက်ပြန်ပြီပေါ့” လို့ မဒမ်ပေက ပြောလာပါတယ်။ ဟုတ်ပ။ သင်္ကြန်သီချင်းတွေ နားထောင်ရင်း ငယ်မူပြန်နေတဲ့ မောင်လူပေက ကိုယ့်မွေးနေ့ ကိုယ်သတိမေ့နေတာ။ ကိုယ်က သင်္ကြန်တွင်းမှာ မွေးတဲ့သူ။ ကိုယ်ဟာကိုယ် မွေးနေ့ပွဲလုပ် မယ်။ အိမ်နားက ကိတ်မုန့်ဆိုင်မှာ မွေးနေ့ကိတ်တစ်လုံး ဖုန်းဆက်ပြီးမှာလိုက်တယ်။ ဖယောင်းတိုင်ပါ ယူခဲ့ပါလို့ ပြောလိုက်တယ်။ ဖွ ဘုတ်ထဲက သူများတွေ ဓါတ်ပုံလို ကိတ်မုန့်ပေါ်မှာ မီးတွေထွန်း၊ ဆုတွေတောင်း၊ မီးတွေမှုတ်နဲ့  မလုပ်ဖူးတာတွေလုပ်ပြီး ဓါတ်ပုံရိုက်မယ်။ ပြီးရင် ဖွဘုတ်ပေါ်တင်မယ်။

ခဏနေတော့ လူငယ်တစ်ယောက် တံခါး လာခေါက်ပါတယ်။ ကိတ်မုန့် လာပို့တာတဲ့။ သူပေးတဲ့ ကိတ်မုန့်ပုံးနဲ့  ဖယောင်းတိုင်ကို ယူလိုက် တယ်။ ဖယောင်းတိုင်က လေးဂဏန်းနဲ့   ရိုးရိုးအတိုင် ကိုးချောင်း။ ဘုရား၊ ဘုရား။ လူဖြစ်တာ ဒီလောက်တောင်ကြာခဲ့ပြီလား။ ရှေ့နှစ်ဆို  ငါးထိပ်စီးပြောင်းပြီ။ လန့်သွားတဲ့စိတ်ကို အသာထိန်းပြီး ကိတ်မုန့်ပုံးကို ဖွင့်ကြည့်လိုက်တော့ ကိတ်ပေါ်မှာ “မွေးနေ့ပေါင်း ၄၉ နှစ်ပြီးကာ သေရန်တစ်နှစ်နီးလာသော မောင်လူပေအားကြိုဆိုပါသည် “လို့ရေးထားတာတွေ့ လိုက်ရပါတယ်။ ဟာ.. မှားနေပြီ။ ငါမှာတာ ဒီစာမဟုတ် ဘူး။ ဖေ့ဘုတ်ပေါ်က ကိတ်မုန့်တွေလို “ကိုကိုရဲ့ ၄၉ နှစ်မြောက်မွေးနေ့မှာ ပျော်ရွှင်ပါစေ” လို့ ရေးခိုင်းတာ။ ညီမငှေးက ပေးသလိုလို ဘာလိုလိုနဲ့  ဘော်ဘော်တွေကို ကြွားမလို့။ ဒီမုန့်ဆိုင်ကလူ ငါ့ကို သက်သက်စော်ကားတာ။ စိတ်ဆိုးဆိုးနဲ့ ခေါင်းမော့ကြည့်လိုက်တော့ မုန့်လာပို့တဲ့လူငယ်လေးက ပြုံးပြီးရပ်ကြည့်နေတာ တွေ့ ပါတယ်။

“ဟေ့ကောင်လေး။ လူကြီးကို ဘာလို့ ဒီလိုနောက်ရတာလဲ။ ဒါနောက်စရာမဟုတ်ဘူး”
“ဘာလူကြီးလဲ ငါ့ကိုဘယ်သူထင်လို့လဲ။ ငါယမမင်းကွ”

လူငယ်လေးကနေ ဇာတ်ထဲက အဝတ်အစားတွေဝတ်ထားတဲ့ အဖိုးကြီးပုံစံ ချက်ချင်းပဲပြောင်းသွားပါတော့တယ်။

“ယမမင်းက မုန့်ဖုတ်လား။ ကျွန်တော်က ကိတ်မုန့်ဆိုင်ထင်လို့ မှာတာ”
“ယမမင်းလည်း အစုံလုပ်ရတာပေါ့ကွာ။ မင်းတို့ဆီက ခရိုနီတွေလိုပေါ့”

“မုန့်ဆိုင်ပိုင်ရှင်ဆိုရင်တော့ ပြောရမယ်။ မုန့်ပေါ်မှာ ရေးထားတာ မှားနေတယ်။ ကျွန်တော်မှာတာ ဒီစာတန်းမဟုတ်ဘူး”
“သေသေချာချာ ဖတ်ပါဦးကွာ။ ငါရေးထားတာ ဘာမှားနေလို့လဲ။ အမှန်တွေပဲရေးထားတာ”

“မှန်တော့ မှန်တာပေါ့ဗျာ။ ဒါပေမဲ့ ဖတ်လို့ဘယ်ကောင်းမလဲ”
“အမှန်မြင်မှ အမြင်မှန်မှာပေါ့ကွာ။ မင်းလည်းငါ့ဆီလာဖို့  အရင်ထက်စာရင် နီးလာပြီပဲ”

“မခေါ်ပါနဲ့ ဦးဗျာ။ သမီး ကောလိပ်ပြီးတဲ့ အထိတော့စောင့်ပါဦး။ နီးပြီဆိုတာ တရက်လား၊ တနှစ်လား၊ ဆယ်နှစ်လား”

ယမမင်းကပြုံးပြီး သူ့အင်္ကျီအိပ်ထဲက အိုင်ပက်ကြီးထုတ်ကာ နှိပ်လိုက်ပါတယ်။

“အဖြေက ပြောလို့မရဘူးကွ။ နှစ်လုံး၊ သုံးလုံးလိုပဲ။ တွက်ကိန်းလွဲတတ်တယ်။ ဂဏန်းငယ်ထွက်မယ်ထင်ရင် ဂဏန်းကြီးထွက်တတ်သလို ဂဏန်းကြီးတွေ အပိုင်အောတဲ့ အပတ်ကြမှ ဂဏန်းငယ်တွေ ထွက်သွားတာမျိုးပေါ့”

“ယမမင်းက တယ်ခေတ်မှီပါလား။ အိုင်ပက်ကိုင်ပြီး နှစ်လုံး၊ သုံးလုံးအကြောင်းတွေပြောလို့”
“ခေတ်က အိုင်ပက်ခေတ်လေ။ ကလေးပီစီကွေးတောင် စကားမပြောတတ်ခင် အိုင်ပက်ကိုင်နေပြီ။ မနက်ဖြန် လူ့ ပြည်ဆင်းမဲ့ ကိုမာဃလည်း ခွေးသားရေ အန်းတိတ်ကြီးကို ပြတိုက်ပို့လိုက်ပြီ။ သူလည်း အိုင်ပက်ကိုင်ဆင်းမှာ။ ဒီတော့ငါလည်း မင်းတို့ရဲ့ဒေတာတွေ အိုင်ပက်ထဲထည့် ရတော့တာပေါ့ကွာ”

“ထားပါတော့။ ဒါနဲ့  ခင်ဗျားက မဖိတ်ပဲ ကျွန်တော့်ဆီလာတာ ဘာကြောင့်လဲ။ ကျွန်တော့်ထက်ဆိုးတဲ့ အဘတွေ၊ ခရိုနီ ခရိုပြာတွေဆီတော့ မသွားဘူး”
“သူတို့ဆီလဲ သွားမှာပါကွာ။ ဒီနှစ်က မင်းတို့ရွှေပြည်တော်ကြီးမှာ ခွေးသားရေမှတ်တမ်းဝင်မဲ့သူ အရမ်းများတာ။ ကိုမာဃက သူတစ်ယောက် ထဲ မနိုင်ဘူးဆိုပြီး ငါ့ကို အကူတောင်းတာမို့ ဘော်ဒါစိတ်နဲ့ လိုက်ကူနေတာဟေ့။ မင်းကတော့ အမေ့တတ်ဆုံးကောင်မို့ မင်းကို ပထမဆုံး လာပြီးသတိပေးတာ”

“သန်းကောင်စာရင်းလို လူခွဲကောက်တာပေါ့။ ဒါဆိုရင် လူတွေ အားလုံးကို မှတ်သွားမှာလား”
“ မဟုတ်ဖူးကွ။ နတ်ပြည်သွားမဲ့ ပန်းရထားဆောက်ပြီးသားသူတွေကို မကောက်ဘူး”

“ဒါဆို ပန်းရထားကို ကြိုလုပ်ထားရမှာပေါ့”
“ဟုတ်တယ်။ မင်းစီးမဲ့ ပန်းရထားကို ကိုယ့်ဟာကိုယ် ကြိုလုပ်ထား”

“ကျွန်တော်က ဖွဘုတ်ပေါ်က အမေရိကားပြန် ဒေါက်တာမကြီးပြောတဲ့အတိုင်း အရွက်တွေကြိတ်သောက်၊ ဗီတာမင်တွေစား လုပ်နေတော့ အသက်ရှည်မှာပါ။ ပန်းရထားဆောက်ဖို့ အချိန်ရှိပါသေးတယ်”
“ထင်လို့လား။ တချို့တွေ ပထမနမိတ်ကနေ တတိယနမိတ်ကို ကျော်တက်သွားတာ မကြားဖူးဘူးလား”

“ဘာပြောတာလဲ။ နားမလည်ဘူး”
“နမိတ်ကြီးလေးပါးမှာ ပထမနမိတ်က အိုခြင်းကွ။ လေးဆယ်ကျော်ရင် ပထမနမိတ်စပြီပဲ။ မင်းတို့တွေက စပွန်ဆာလေးတွေနဲ့ ကာရာအို ကေမှာ စိုပြေနေတာမို့  မေ့နေကြတာပါ။ ဒီလိုပျော်ကောင်းနေတုန်း ဒုတိယနမိတ်ကို မရောက်လိုက်ပဲ အကောင်းကြီးကနေ ရုတ်တရက်သေ သွားတာတွေ မင်းမကြားဖူးဘူးလား။ အဲဒါ သေခြင်းဆိုတဲ့ တတိယနမိတ်ကို ကျော်တက်သွားတာပေါ့ကွာ”

“ဟုတ်သားပဲ။ အက်ဆီးဒန့်တို့ ၊ ဦးနှောက်သွေးကြောပြတ်တာမျိုးတွေပေါ့။ မေ့သွားလို့”
“မင်းက တယ်မေ့တတ်တာကိုး။ ငါကတော့ မမေ့ဘူးဟေ့။ အချိန်ကြရင်လာခေါ်မှာပဲ”

“ကြောက်ပါပြီဗျာ။ ပန်းရထားဆောက်နိုင်အောင် ကြိုးစားပါ့မယ်”
“ဒါဆိုပြီးရော။ ငါပြန်တော့မယ်။ မင်းနဲ့စကားပြောတာ တော်တော်ကြာနေပြီ။ ကောက်ရမဲ့စာရင်းက အများကြီး။ သင်္ကြန်အမှီ အပြီးကောက်ရ မှာ။ သွားပြီဟေ့”

မောင်လူပေနားက ယမမင်းကြီး ချက်ခြင်းပဲ ပျောက်ကွယ်သွားပါတော့တယ်။ မောင်လူပေလည်း စဉ်းစားရပါပြီ။ သူက ပန်းရထားအဆင်သင့် ဖြစ်အောင်ပြင်ထားတဲ့။ မောင်လူပေကရထားဆောက်ဖို့ ဘာမှ မလုပ်ဖြစ်သေး။ မနက်ဖြန်များလာခေါ်ရင် အခက်။ ကိုရစ်ဆီက မိုးမခ မဂ္ဂဇင်းလေးတောင် လက်ဆောင်သွားမတောင်းရသေးဘူး။

မောင်လူပေရဲ့သူငယ်ချင်းများဆိုလည်း ပျော်ကောင်းတုန်း။ ကြက်တောကြီးဆိုဘန်ကောက်မှာ ခြေခေါက်လာတာတောင် ကိုလေးတို့ ဝဏ္ဏ တို့ တွေနဲ့  နေ့တိုင်း သောက်ဖြစ်နေသတဲ့။ ကူနီနန်းက ပခန်းပျော် မင်းကျော်စွာရဲ့  မျိုးဆက်သစ်တွေအလား “သန်းကောင်ကို နေ့မှတ်ပါလို့ အရပ်ကလေးကိုတဲ့ အားမနာ၊ မသောက်ရရင် သီလဆောက်တဲ့ ကိုးကျောင်းတကာ” တွေ လုပ်လို့ကောင်းတုန်း။ အင်းလေ။ သူတို့တွေက ပန်းရထားဆောက်ပြီးပြီမို့  ပိုတဲ့အချိန်တွေကိုအပျင်းပြေ ဖြုန်းနေတာနေမှာ။

မူမူ၊ မော်မော်၊ ဝင်းဝင်းနဲ့  မိစမ်းတို့ ဆိုလည်း ခုထိ လန်းနေကြဆဲ။ တလောကတောင် သူတို့ချောင်းသာသွားပြီး လန်းကြတဲ့ပုံတွေ ဖွဘုတ် မှာတွေ့လို့ မနာလိုတောင် ဖြစ်ခဲ့ရသေး။ သူတို့လည်း ဟိုမောင်တွေလို ပန်းရထားအဆင်သင့်မို့ ကြိုက်တဲ့ အချိန်တွေမှာ လန်းနိုင်ကြတာပေါ့။

မာမာတယောက်ကတော့ တရားစခန်းမှာ ပန်းကန်ဆေးရင်းကုသိုလ်ယူနေတယ်။ မတတ်နိုင်သူတွေကို မျက်မှန်ဒါနလည်း ပေးတယ်တဲ့။ မျိုးမျိုးဆိုလည်း ပြင်ဦးလွင်က ရိပ်သာမှာ လူငါးရာစာအတွက် ဝေရာဝစ္စလုပ်ရင်း တရားဝင်နေလေရဲ့။ သူတို့တွေလည်း ပန်းရထားတွေ ကိုယ်စီနဲ့  အဆင်သင့်ဖြစ်နေပြီ။ ကိုချိုဦး၊ မျိုးလွင်ကြီး၊ ကိုစိန်တို့တွေဆို မာဃလုလင်တွေလုပ်၊ ဘုန်းကြီးကျောင်းပွဲတွေမှာ တက်ကြွစွာ ကူညီရင်း ပန်းရထားကိုယ်စီနဲ့။ ဘယ်သူ သကြားမင်းလောင်း ဖြစ်မယ်သာ မသိသေးတာ။

မောင်လူပေကတော့ ပန်းရထားဆောက်ဖို့  သစ်တောင်မခုတ်ရသေး။ တောတွေကလည်း အဘတွေ၊ ခရိုနီတွေကောင်းမှုနဲ့ ကုန်သ လောက်ရှိပြီ။ ကိုယ့်အတွက် သစ်တောင်ကျန်ပါသေးရဲ့လား မသိ။ ရထားမရှိရင် ယမမင်းကြီးရဲ့  ပြန်တမ်းဝင်ဖြစ်ပြီး ယောယုဝကို ချေလျှင် ခရီးနှင်ရမှာမို့  ဇောချွေးတွေပြန်နေမိပါတယ်။ မဒမ်ပေရဲ့ ပန်းရထား ကပ်စီးရင် ကောင်မလား။ သူကတော့ တရားစခန်း မကြာခဏမြန်းသူမို့ ပန်းရထားရှိမှာ။ တလောကတောင် ဘဝဆက်တိုင်းဆိုလား ဆုတောင်းနေတာကြားမိသလိုပဲ။ သူ့ရထား ကပ်စီးရမယ်။ ဒါမှ ဘဝဆက်တိုင်း ဆိုတဲ့ ဆုတောင်းပြည့်မှာ။ ယမမင်းဆီ ဂျောင်းရရင် သူကအထက်၊ ကိုယ်ကအောက်နဲ့ မမိုက်ဘူး။ ကပ်စီးမယ်။ ပန်းရထားကပ်စီးမယ်။

“ကိုလူပေ၊ ကိုလူပေ”
“ပန်းရထားကပ်စီးမယ်နော် မဒမ်ပေ။ ခွင့်ပြုမယ် မဟုတ်လား”

“ဘာတွေပြောနေတာလဲ။ ရှင် သင်္ကြန်သီချင်းတွေဖွင့်ရင်း အိပ်ပျော်နေလို့ လာနိုးတာ”
“ဟင်။ ဟုတ်လား။ အိပ်မက်ထဲမှာ နင့်ပန်းရထားကပ်စီးမလို့”

“ကြံကြံဖန်ဖန်။ ဘယ်က ပန်းရထားက အိပ်မက်ထဲပါလာရတာလဲ။ ထတော့။ ရေချိုး။ ပြီးရင် ထမင်းစားမယ်။ မိုးတောင်အတော်ချုပ်နေပြီ။ အိပ်လည်းအိပ်နိုင်တဲ့လူ”

ရုံးပိတ်ရက်လေးမှာ သင်္ကြန်သီချင်းနားထောင်ကာ အိပ်ပျော်သွားတဲ့ မောင်လူပေလည်း အိပ်မက်ထဲက ပန်းရထား ခဏမေ့ရင်း မဒမ်ပေရဲ့  အမိန့်အတိုင်း နာခံကာ ရေချိုးဖို့ ပြင်ရပါတော့တယ်။ သင်္ကြန်မှာ သကြားမင်းမဆင်းပဲ ယမမင်းဆင်းခိုင်းတဲ့ မောင်လူပေရဲ့  ပေါက်ကရ အိပ်မက်အတွက် စိတ်မဆိုးကြနဲ့နော်။ သူငယ်ချင်းတို့ရော ပန်းရထားတွေ အဆင်သင့်ဖြစ်ပြီလား။ မောင်လူပေကတော့ သူများရထားပဲ ကပ်ပြီးစီးတော့မယ်ကွယ်။

(ဖွဘုတ်ပေါ်က ဘော်ဘော်တွေရဲ့နာမည်တွေ ယူသုံးထားတဲ့အတွက် ခွင့်လွှတ်ကြပါရန်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts