ရသဆောင်းပါးစုံ

မွန်ဦးမြေ – တိမ်ကြောကို ပျံပါလေ – – – သင့်ချစ်သူ မျှော်ရှာနေရော့မယ်

တိမ်ကြောကို ပျံပါလေ – – – သင့်ချစ်သူ မျှော်ရှာနေရော့မယ်

မွန်ဦးမြေ၊ ဧပြီ ၁၀၊ ၂၀၁၄

(ကွယ်လွန်သူ ဒေါက်တာကောင်းညွန့် (မွန်ဦးမြေ) ရဲ့ နောက်ဆုံးစာမူ ဖြစ်ပါတယ်)

 

“သား … မောင်ဦးက အမိုးအကြောင်းသိချင်တယ်ဆိုပြီး လာမေးတော့ ရယ်ချင်တယ်။ အမိုးအကြောင်းတွေမပြောခင် မောင်ဦးကို ပြန်မေး မယ်။ ဘာ့ကြောင့် သိချင်တာလည်း ဟင်”

 

“အော်ဒီလိုပါ … အမိုးဟာ ဇရာကြောင့် ပြောင်းလဲလာခဲ့ပေမယ့် ငယ်မူငယ်သွေးကလေးတွေက ရောင်ပြန်ဟပ်တုန်း ရှိသေးတယ်။ ကရင်အမျိုးသမီးကြီးတစ်ယောက်ဆိုပေမယ့် မြန်မာအမျိုးသမီးများထက် မရှုံးအောင် ပုံပြောကောင်းတယ်။ နောက်ပြီး မူလတန်းတောင် ပြီးအောင် မသင်ခဲ့ဘူးလို့ပြောပေမဲ့ ခုနက ပန်းကန်ဆေးနေတုန်း ဆိုလိုက်တဲ့သီချင်းက ကရင်သံမ၀ဲဘဲနဲ့ တကယ့်အဆိုကျော်ကြီး ဖြူသီအတိုင်း ဆိုနေ တာ မောင်ဦးအတွေးတွေ ရှုပ်ထွေးသွားတယ်။ အမိုး အဲဒီ့သီချင်းကို ရသလောက်ပြန်ဆိုပြပါလား?”

 

“ရသလောက် မဟုတ်ဖူး၊ အစအဆုံး ပြန်ဆိုပြမယ်။ မူရင်းအဆိုတော်ကြီးက ဖြူသီ။ စာရေးဆရာကိုတော့ မသိတော့ဘူး။ သီချင်းနာမယ်က တိမ်ကြားကိုပျံပါလေတဲ့။ နားထောင်ကြည့် ပါ”

 

[ရှုတိုင်းထွေလီ၊ အို …. မျက်ရည်မြင်သန်း (ထွေထွေဆန်း – ထက်နန်းဝတိံသာ) ၂ xxxx

သူသာကျင်မဲ့ ကလာဆက်သည်၊ သိန်းနွဲ့လျှံပြေး မြင်းမိုရ်ကျေး xxx အိုဘဲ့ ရွှေကျေးတမာလေးရယ်] ၂ xxx…. လေသာမွှေးတဲ့ သလင်း အိုင်မှာကွယ် xxxx အဖော်အပေါင်းတွေ သိုက်မြိုက်လို့ရယ် xxx ငှက်သဘင် ညီလာခံညောင်း သောင်းသောင်း ညံကြွယ် (ကောင်းကင် ပိုက်ကို ရှောင်ခွင်းလို့  ပျံသန်းခဲ့တယ် xxxx ငှက်ခတ်သမားကို လွတ်ကင်းအောင် သတိရှိလို့ရယ် )  ၂   xxxx တိမ်ကြောဝယ် ပျံပါလေ အုန်း ကွယ် xxx  သိုက်မြုံနန်းဝယ် xxx သင့်ချစ်သူ မျှော်ရှာနေရော့မယ် xxxx 

 

ဂရုဏာအပြည့်နဲ့ ခြေဆင်းကလေး စဆိုကထဲက၊ အမိုးမျက်ဝန်းမှာ မျက်ရည်စို့လာတာကို သတိပြုမိပါတယ်။ နောက်ဆုံး သင့် ချစ်သူမျှော် နေရှာရော့မယ်လည်းပြီးရော လက်ကိုင်ပုဝါကလေး မသိမသာထုတ်လိုက်တာကို သတိပြုမိပါတယ်။ ဘုမသီဘမသီ မောင်ဦးလည်း ရှုပ် ထွေးပွေလီဖြစ်သွားတာကြောင့် အမိုးကိုမေးပြီး ဒီဇာတ်လမ်းကို တင်ပြလိုက်ပါတယ်။

 

ဒဏ္ဍာရီထဲက နတ်သမီးပုံပြင်

အဖေ ကရင်ရွာသူကြီး ရှေ့မီ နောက်မီ မြန်မာစာတတ်တစ်ဦးဖြစ်တာကြောင့်၊ ရှေးနန်တွင်း ကချေသည် မထွေးလေးအမည်ကို သဘော ကြပြီး သူ့သမီးကို မပဲလေးလို့ မှဲ့ခေါ်ပါတယ်။ အော် … နှစ်တွေ ခေတ်တွေပြောင်းလာလိုက်ထာ မပဲဟာ ဖီပဲ ဖြစ်လာပါတော့တယ်။

 

“ဖီဆို တာ ကရင်လို အဖွားလို့ခေါ်တာကွဲ့။ မရယ်ပါနဲ့ကွယ်၊ မင်းတို့ရဲ့ တချိန်က အသဲစွဲ မာမာအေးတောင်အခုတော့ မေမေအေးဖြစ်လာတာကို လောကဓံလို့ဘဲ မှတ်ပါကွယ်။ ဆယ်ကျော်သက်အရွယ်တုံးက မပဲတေးလို့ခေါ်ကြတယ်။ တေးလို့ခေါ်တဲ့ နောက်ဆက်တွဲလေးဖြစ်လာတာ ကတော့ အမိုး အသက် ၁၂ ကျော်တုံးမှာ မြို့ကပြောင်းလာတဲ့အက ဆရာမတစ်ဦးသင်ပြပေးမှုကြောင့် အကကော အဆိုပါ ပိုင်ပိုင်နိုင်နိုင်ကြီး တတ်လာခဲ့တယ်။ ပလာပွဲ (ဘလာပွဲ) တောအငြိမ့်ကလေးမှာ ရှေ့ထွက်အဖြစ် ကပြခဲ့ရပါတယ်။ အသက် ၁၅ နှစ်ထဲမှာ ခေါင်းဆောင်မင်းသမီး ထွက်သွားတာကြောင့် အမိုးခေါင်းဆောင်ပြီး အထက်က “တိမ်ကြောကို ပျံပါလေ” ဆိုတဲ့အကနဲ့ အဆိုကို ရွာအလှူမှာ ပထမဦးဆုံး ကပြပြီး ကတည်းက ပရိသတ်က အကထက် အဆိုကိုပိုပြီးကြိုက်ထာကြောင့် တေးဆိုမလေး မပဲကို အတိုခေါက် မပဲတေးလို့ ခေါ်ကြတာဘဲ”

 

“အော်ဒါနဲ့ မောင်ဦးရေ အမိုးကခဲ့တာတွေဘဲပြောနေလိုက်တာ ကိုယ့်ရွာကလေးအကြောင်းပြောဖို့ ကျန်နေတယ်။ ရွာကလေးဆိုပေမဲ့ တကယ်တော့ ရွာကြီးလည်းမက၊ မြို့ငယ်လေးမကျတဲ့ မူရင်းအမည်က ပြည်ချမ်းသာရွာကြီးပေါ့။ ဒါပေမဲ့ အလွယ်ခေါ်ကြတာကတော့ ပြည်ချမ်းရွာ ပြည်ချားရွာ စသဖြင့် ပြောင်းပြီးခေါ်ကြတယ်။ နေရာကတော့ တနင်္သာရီတိုင်း မြင်းမိုရ်လက်ခတ်တောင်ကြောကြီးရဲ့ အနောက် တောင်ဘက် တောင်ခြေမှာရှိတယ်ကွဲ့ ။ ပလောက်မြို့ ရဲ့အရှေမြောက်ဘက်မှ စီးဆင်းလာတဲ့ ပလောက်ချောင်းအတိုင်း ဆန်တက်လာရင် ယောက်ျားခြေနဲ့ဆိုရင် နှစ်နာရီလောက်ဆို ရောက်နိုင်တယ်။ ပလောက်ချောင်းဟာ ပြည်ချမ်းရွာအလယ်လောက်ရောက်တော့ ငတက် ချောင်းဆိုပြီး အမည်ပြောင်းသွားတယ်။ ရေစီးသန်ပြီး လှေများ တက်မရတဲ့နေရာမှာ ရပ်ထားရပြီး အဲဒီ့နေရာကစပြီး ငတက်ချောင်းရွာလို့ ခေါ်ကြတာဘဲ။

 တကယ်တော့ ပြည်ချမ်းရွာနဲ့ ငတက်ချောင်းရွာဟာ တစ်ခုထဲ ရွာတန်းရှည်ကြီးပေါ့။ ပြည်ချမ်းရွာရဲ့တောင်ဘက် ကွင်း ပြင်ကြီးကို ပလောက်ချောင်းမှ ဒီရေတက်လာပြီး ရေအတက်အကျရှိတာကြောင့် ပြည်ချမ်းမောလို့ ကရင်လိုခေါ်တယ်။ မောဆိုတာက စာကျက်မြေဖြစ်ပြီး သဘာဝဆားကျင်းများကြောင့် တောတိရစ္ဆာန်အများအပြား ဆားလာလျှက်ကြတယ်။ ငတက်ချောင်းမှာ အမြဲတန်းရေ မရှိပေမဲ့ ရေအိုင်ကြီးများ အဆင့်ဆင့် တည်နေတာကြောင့် မိုးရွာရင် သဘာဝရေတံခွန်များနဲ့ အလွန်လှတယ်ပေါ့။ ရေအိုင်များမှာ ခလေးဘ၀ ငါးကောက်ကြ ဖားကောက်ကြနဲ့ အင်မတန်ပျော်စရာကောင်းတယ်ကွဲ့။

 နောက်ပြီး အဲဒီ့ရွာတန်းရှည်ကြီးအလယ်လောက်မှာ လမ်းသွယ် ကလေးတစ်ခုခွဲထွက် သွားတာကတော့ မြင်းမိုရ်လက်ခတ်တောင်ကြီးကို ဒီအတိုင်းဖြတ်ကျော်လို့ မရတဲ့အတွက် တောင်ခြေကို တောင်ပိုင်းမှ ၀ိုက်ကျော်သွားတဲ့ တောင်ပေါ်လမ်းကလေးကနေ တနင်္သာရီမြစ်ကို ရောက်တယ်။ အဲဒီ့မြစ်ကိုဖြတ်ပြီး ကရင်ရွာကလေးများ ကိုကျော်သွား ပါက ထိုင်းနိုင်ငံဘက်ကိုရောက်တဲ့ တောင်ကျားလမ်းကလေးတစ်ခုရှိပါတယ်။ ရွာလယ်ကလမ်းကလေးနဲ့ ရွာတန်းရှည်ကြီးဟာ အင်္ဂလိပ် စာလုံး ၀ိုင် (Y) လိုဖြစ်နေတယ်။ အလယ်ဂွဆုံက ပြည်ချမ်းရွာကြီး အလယ်ပါဘဲ။

ဟိုးရှေးရှေးတုံးက အိန္ဒိယသားတွေ ပင်လယ်ဘက်ကတက်လာပြီး ပလောက်ချောင်းမှာ ခဲသတ္ထုတွေ ကောက်ကြတာကစပြီး စီးပွားရေး ရွာကြီး ဖြစ်လာတယ်။ အားလုံးကောင်းရာကောင်းကြောင်း အသက်မွေးဝမ်းကျောင်းကြတာကြောင့် လူမျိုးစုံဘာသာ မျိုးစုံရောနှောပြီးနေကြ ပေမဲ့ ဘာပြဿနာမှ မရှိဘူး။ ဟိန္ဒူနဲ့ မူဆလင်ယူတာလည်း ရှိတယ်။ အမိုးဟာ နှစ်ခြင်းခရစ်ယာန် သူတို့အဖေက ဗုဒ္ဓဘာသာ၊ ဘာ ပြဿနာမှ မရှိဘူး။ မောင်ဦးတို့လက်ထက်ကြမှ ပေါ်လိုက်တဲ့ပြဿနာတွေ။ အဲဒီ့ပြဿနာကောင်တွေ အားလုံးဖမ်းပြီး ပလောက်ချောင်းမှာ ခဲကောက်ခိုင်းရင် ဒီပြဿနာတွေ ငြိမ်းချမ်းသွားမှာပဲလို့ အတည်နဲ ပြောတာကိုး။

တည်နေရာကိုကြည့်ပြီး ဘာထွက်ကုန်တွေရှိသလည်းလို့ မမေးနဲ့ မောင်ဦးရဲ့။ စပါးကွင်းတွေ၊ အုန်း ငှက်ပျော ကွမ်း ကွန်းသီး မရန်း သရက် မင်းကွတ် ဘူး ဖရုံ ခြံတွေအားလုံးရှိတယ်။ အေး တစ်ခုဘဲမပေါတာက ပိုက်ဆံဘဲ။ အိမ်တိုင်းမှာရှိသင့်သလောက်တော့ရှိကြတယ်။ ဒါပေမဲ့ နေ့စဉ်မသုံးဘူး။ ခြံထွက်ပစ္စည်းတွေအလဲအလှယ်နဲ့ ပဲ စားသုံးကြတယ်။ တောလိုက်မုဆိုးတစ်ယောက် တောကောင်တစ်ကောင်ရလာရင် အိမ်တိုင်း ခွဲဝေစားရတယ်။ ဥပမာ တောဝက် တစ်ကောင်ရရင် တစ်ရွာလုံး ၀က်သားစားရမယ်။ တချို့ မျှစ်ချိုးထွက်ကြပြီး တောဝက်သားနဲ့ မျှစ်ပေါင်းထားတာ စားကောင်းသလားမမေးနဲ့ ။ မောင်ဦးတို့ဆိုနေတဲ့ “ကိုယ့်ဌာနေ၀န်းကျင်မှာကွယ် သဘာဝအလှရှိတယ်” ဆိုတာ သီချင်းထဲမှာပဲ ရှိတယ်။

 

တရားမဲ့မင်းနှင့် အခိုးအငွေ့ကင်းသည့်မီး

ခုနက သီချင်းကလေးနဲ့ ကျော်ကြားခဲ့ပေမဲ့ အဲဒီသီချင်းလေးဟာ အမိုးအတွက် ကျိန်စာလိုဖြစ်နေတယ်။ စာထဲမှာပါတဲ့ မြင်းမိုရ်ကျေးဆိုတဲ့ အတိုင်း၊ မြင်းမိုရ်လက်ခတ်တောင်ကြောကြီးက မြကျေးကလေးတွေ အမြဲတမ်း အစာရှာလာကြတယ်။ နေ့မွန်းလွဲရင် သိုက်မြုံကိုပြန်သွား ကြရော။ အဲဒီ့အချိန်မှာ ရွာထဲကမုဆိုးတွေ ငှက်ထောင်ကြတယ်။ ပိုက်ကွန်တွေနဲ့ ပစ်ဖမ်းကြတယ်။ အမိုးကတော့ သနားလွန်းလို့ ငှက် ကလေးတွေ ဘေးလွတ်အောင် အမြဲဆုတောင်း မေတ္တာပို့ပေးတယ်။ ပွဲကရင်လည်း တကယ့်ရင်ထဲက ခံစားမှုနဲ့ ဒီသီချင်းကလေးအဆုံးကို “သိုက်မြုံနန်းဝယ် … သင့်ချစ်သူ မျှော်ရှာနေရော့မယ်” ဆိုပြီး ငိုပြခဲ့တာကြောင့် တောထဲကဒဏ္ဍရီ မင်းသမီးကလေး အဖြစ် နာမည်ရခဲ့ပါတယ်။

အမိုး ၁၇ နှစ်သမီးမပြည့်ခင်မှာဘဲ အဖေဆုံးသွားတယ်။ ၁၈ နှစ်ပြည့်ပြီးတော့ အမေမုဆိုးမကြီးနဲ့ နှစ်ယောက်ထဲ ရွာထဲမှာမသင့်တော်ဘူးလို့ ရွာလူကြီးတွေက နှစ်ယောက်စလုံးကိုနားချပြီး ကလေးတွေအဖေနဲ့ မင်္ဂလာဆောင်ပေးတယ်။ ပထမသားဦးကလေး မီးတွင်းထဲမှာဘဲ ဆုံးသွားတယ်။ မိဘနှစ်ပါးကွယ်လွန်သွားတာကို လွမ်းမိပေမဲ့ မိသားစု ဥမကွဲသိုက်မပြက် အခိုင်အမာရှိတာကြောင့် ဘာသောကမှ အကြီး အကျယ်လို့ မထင်မိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ သားငယ်ကလေး ထပ်မွေးတယ်။ သားကြီးကလည်း သူ့အဖေနဲ့ အဖော်ရပြီး အိမ်မှုကိစ္စတွေ ကော သူ့အဖေအလုပ်ကိစ္စတွေမှာပါ မျက်နှာလွှဲတဲ့အဆင့်ကိုရောက်လာတာကြောင့် တစ်ရွာသူကလေးနဲ့ အကြောင်းပါခဲ့တယ်။ သားငယ် ကလေးကအသက် ၇ နှစ်လောက်အရွယ်ရောက်လာပြီး သားကြီးက မြေးကလေးနှစ်ယောက်ရလာတဲ့အချိန်ကစပြီး ကံကြမ္မာရဲ့အလှည့် အပြောင်းတွေကို အမိုး စခံစားရတော့တာပါဘဲ။

အစပထမတော့ ရွာလူကြီးကဦးစီးပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) အတွက် သီးနှံဆက်ကြေးပေးရပါတယ်။ တအိမ်ထောင်ကို စပါး နှစ်တင်းနဲ့ ငွေအစိတ် တနှစ်စာပေးပြီးရင် ပြီးတာဘဲ။ ဘာခက်တာလိုက်လို့။ ခလေးတွေအဖေ တခါတောထဲဝင် မျှစ်ချိုးပြီး ပလောက်မြို့က အ၀ယ်ဒိုင်မှာသွားသွင်းရင် ငွေတစ်ရာ ချက်ခြင်းထုတ်ပေးတယ်။ အဲဒီ့တုန်းက မြို့ထဲမှာ လက်ဖက်ရည်တစ်ခွက်မှ တမတ်ရှိတယ်။ စပါး နှစ်တင်းနဲ့ ငွေအစိတ်ပေးပြီးရင် လောကနိဗ္ဗာန်ဘဲ။ ဘယ်သူခိုး ဒါးပြမှမလာရဲဘူး။ KNU က တာဝန်ယူတယ်။ အဲဒါကြောင့် အဲဒီ့ဆက်ကြေးကို ရွာထဲကလူတွေက နိဗ္ဗာန်ကုန်လို့ ခေါ်ကြတယ်။

တချိန်မှာတော့ အစိုးရတပ်သားတွေ ရွာထဲကလူတွေအားလုံးခေါ်ပြီး ကျုပ်တို့တပ်မတော် က ဖြတ်လေးဖြတ်လုပ်ထားတာကြောင့် ခင်ဗျားတို့ သူပုန်တွေကို ဆက်ကြေးမပေးရဘူး။ ပေးရင် တစ်ရွာလုံးကို မီးရှို့ပြီး လူတွေကို လောင် စာသွင်းမယ်လို့ ခြိမ်းခြောက်တယ်။ ရွာကလူကြီးတွေကလည်း ကျွန်တော်တို့ ဆက်ကြေးမပေးပါဘူး။ ရွာမှာလုပ်တဲ့ ကထိန်ပွဲမှာတော့ ဘုန်းတော်ကြီးနဲ့အတူ နိဗ္ဗာန်ကုန်ကူးတယ်လို့ ပြောလိုက်မှ ပြန်ထွက်သွားကြတယ်။ ဒါပေမဲ့ ခဏဘဲထွက်သွားတာ။ ပြဿနာကောင်ကတော့ အမိုးကိုတဖက်သတ်ကြိုက်နေတဲ့ မြို့သားလူလယ်က စစ်ဗိုလ်တွေနောက်လိုက်ပြီး နိဗ္ဗာန်ကုန်ဆိုတာကိုရှင်းပြတော့ ယမ်းပုံမီးကျပါလေရော။

ရွာသူကြီးကိုယ်တိုင် ရှေ့ထွက်ပြီး အသနားခံပါတယ်။ နောက်ကို ဆက်ကြေးမပေးတော့ပါဘူး။ သူတို့ရွာကို လုံခြုံရေးအတွက် အစောင့်ချ ထားပေးပါလို့ တောင်းပန်တာကို ရွာလူထုရှေ့မှာ သူကြီးပါးကို ဘယ်ပြန် ညာပြန် ရိုက်ပြလိုက်ပါတယ်။

 ရွာသူကြီးလည်း “အို … မျက်ရည် မြင် သန်း …” ဆိုတဲ့အတိုင်းဘဲ ကျွန်တော်တို့ပေးရမဲ့ ဆက်ကြေးတွေကို KNU ကိုမပေးတော့ဘဲ ဗိုလ်ကြီးတို့ဆီ လာပေးပါ့မယ်ဆိုပေမဲ့လည်း မရပါ။ ခင်ဗျားတို့စပါးကျည်ထဲက စပါးအားလုံး (၇) ရက်အတွင်း လာပေးရမယ်ဆိုပြီး ရာဇသံပေးခဲ့တာကြောင့် ဟုတ်ကဲ့ဆိုပြီး ခေါင်းငိုက်စိုက် နဲ့ ရှုတိုင်းထွေလီအဖြစ် ရွာကိုပြန်ခဲ့ရပါတယ်။

တရားမဲ့မင်းတို့၏ ရာဇသံကြောင့် အခိုးအငွေ့ကင်းတဲ့မီး ရွာထဲမှာ စလောင်ပါတော့တယ်။ (၇) ရက်တော့အချိန်ရှိတယ်။ ဘာလုပ်မလည်း။ ရွာလူကကြီးတွေ အားလုံးခေါင်းဆိုင်ပြီး တိုင်ပင်ကြတယ်။ မေးခွန်းက ဒို့မှာရှိတဲ့ စပါးတွေ အားလုံးပေးလိုက်တာ ကိစ္စမရှိဘူး။ ပေးပြီးရင်ဘာ ဆက်လုပ်မလဲ? ဆိုတဲ့မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ဘူး။ အဲဒီ့အဖြေကို သဲလွန်စရ နိုင်တာက အမိုးကို တဖက်သတ်ကြိုက်နေတဲ့ မြို့သားလူလယ်ဆီမှာ ရနိုင်တယ်ဆိုပြီး ကလသားခေါင်းကပြောတော့ အားလုံးက မျှော်လင့် ချက်တစ်ပုံကြီးနဲ့  အမိုးကို ၀ိုင်းကြည့်ကြတယ်။

 

သူသာကျင်မဲ့၊ ကလာဆက်သည်

ခလေးတွေအဖေနဲ့ သူကြီးက “မပဲခဏလာအုံး” ဆိုပြီးပြောတာကတော့

‘ရွာအတွက် မြေအောက် ကချေသည်မလေးအဖြစ် မနက်ဖြန် ပ လောက်မြို့က အလှူပွဲမှာသွားကပြရမယ်။ နောက်ပြီး အဲဒီ့လူလယ်ကိုမျှားခေါ်ပြီး ဒို့သိခြင်တဲ့အဖြေကို မိန်းမမာယာနဲ့ မေးရမယ်။ အဖြေရ ရင် ညမအိပ်နဲ့ ချက်ခြင်း ပြည်ချမ်းကိုပြန်ခဲ့ပါ။ ဒါဘဲ’

လို့ ဒုံးတိတိကြီး သူတို့အဖေက ဆိုတယ်။ အမိုး ငိုချင်လိုက်ထာ။

‘မပဲအချိန်မရှိဘူး ငါ စောရီဖိုလ် မင်းရဲ့တစ်ဦးတည်းသောလင်ယောက်ျား ရွာကလူတွေအသက်နဲ့လဲပြီး ငါ့မိန်းမကို ငါးမျှားချိတ်မှာ ချိတ်ပေးလိုက်တာ (သူသာ ကျင်မဲ့ …) လို့ မင်းသီချင်းမဆိုလေနဲ့။ ငါဟာမြင်းမိုရ်လက်ခတ်တောင်ကြောကြီးက မုဆိုးဘဲ။ ရွာ့အတွက်ဆိုရင် အရာရာကို စွန့်လွှတ်နိုင်တယ်။ ငါ့အသက်ကိုလည် ပေးနိုင်တယ်။ ကျန်မိသားစုနဲ့ ခလေးတွေကို ဘာမှမပူနဲ့။ သွားရမယ့်အဖွဲ့ကို သူကြီးစီစဉ်ထားပြီးပြီ ကဲထတော့ …’ တဲ့။

 

အဲဒီ့ညက … “ကလာဆက်သည်၊ သိန်းနွဲ့လျှံပြေး မြင်းမိုရ်ကျေး၊ အိုဘဲ့ ရွှေကျေးတမာလေးရယ် …”

ဆိုပြီး ကြာအပြည့် နှာအပြည့်နဲ့ ပွဲခင်း ထဲက ကိုလူလယ်ကိုကြည့်ပြီး ကပြခဲ့တယ်။ နောက်ပြီး အဆိုတော်ကြီး ဒေါ်စံရှားတင်ရဲ့ ပွဲပြီးလို့ ချိန်အတန်၊ အိမ်အပြန်လိုက်ပို့ရမယ် အကို့ အကို့ဆိုတာကို မျက်စပစ်ပြီး ချိန်းလိုက်ထာကို ကိုလူလယ် သဘောပေါက်သွားတယ်။ ပွဲပြီးတော့ ရွာက ခလေးမကလေးကိုလွှတ်ပြီး မြို့ထဲ က အိမ်တစ်အိမ်ကို ချိန်းလိုက်တယ်။ မလာရဲဘူး လှေယူခဲ့ပြီး လှေဆိပ်ကိုလာခဲ့ တဖက်ကမ်းက အရီးတို့အိမ်မှာ စကားပြောကြရအောင်၊ အဖော်မခေါ်ခဲ့နဲ့။ နှစ်ယောက်ထဲဘဲတွေ့ချင်တယ်လို့ ပြောခိုင်းလိုက်တော့၊ လွယ်လွယ်နဲ့ပဲ ငါးကလေးတစ်ကောင် မိတယ်။ အရင်စောင့်နေ တဲ့ သူကြီးလူယုံတော် တွေက ကိုလူလယ်ကို ကြိုးနဲ့ တုတ်ပြီး စစ်မေးတယ်။ အမိုးရဲ့ကြိုတင်တောင်းဆိုမှုကြောင့် အသက်ကိုတော့ ချမ်းသာ ပေးပြီး စိတ်ချရတော့ပြန်လွှတ်ပေးရမယ်။ ကတိအတွက် ညတွင်းချင်း ပြည်ချမ်းရွာကို ဖမ်းခေါ်လာကြတယ်။ ရွာမှာ ညတွင်းချင်း ခေါင်းချင်း ဆိုင်ကြတယ်။

 မြို့က သင်္ဘောဆိပ်မှာ လက်နက်ကြီးတွေရောက်နေပြီး (၇) ရက်ပြည့်တဲ့နေ့မှာ စပြီးပစ်လည်းပစ် အလုံးအရင်းနဲ့ တပ်ရင်း သုံးရင်းဝင်ပြီး ရွာတစ်ခုလုံးကို မီးရှို့မယ်ဆိုတဲ့သတင်းလည်းရရော ခလေးများ၊ မိန်းမများနှင့် လမ်းပြယောက်ျား လူရွယ်လူသန် အားလုံး လူသုံးရာကျော်ကို ညတွင်းခြင်းဖွဲ့ပြီး နံနက်လင်းအားကြီးမှာ ရွာလယ်က တောင်ပတ်လမ်းအတိုင်း ထွက်ခိုင်းပါတယ်။ အမိုးရယ် ခလေးတွေ ရယ် သားကြီးစောညိုဟဲနဲ့ သူ့မိသားစုတို့က အရင်ထွက်လာခဲ့တယ်။ အဲဒီ့အချိန်ကစပြီး အမိုး စောရီဖိုလ်ကို နောက်ဆုံးတွေ့ခဲ့တာဘဲ။ သူမဆိုခိုင်းပေမဲ့ အမိုးကတော့ “သူသာကျင်မဲ့” လို့ဘဲ ဆိုခဲ့တယ်။

ကျန်ရစ်ခဲ့တဲ့ မုဆိုးကျော်ကြီးတွေနဲ့ ယောက်ျားကြီးတွေကတော့ ရွာကိုမြေလှန်ခဲ့ပြီး အမိုးတို့လာခဲ့တဲ့ တောင်ပတ်လမ်းကိုလည်း ခြေရာ ဖျောက်ခဲ့တယ်။ သူတို့ကတော့ ပလောက်ချောင်းတစ်ဖက်ကမ်းကိုကူးပြီး မြောက်ဖက်ကို အရောင်ပြ တောလမ်းတွေ ဖောက်လုပ်ကြတယ်။ လမ်းမှားပြီး အချိန်ကြာအောင် ဆွဲထားတာဖြစ်တယ်။ ခုခံဖို့လည်း အပ်တစ်ချောင်းတောင်မရှိတာကြောင့် ကောင်းကင်ပိုက်ကို ရှောင်ခွင်းလို့ ပျံသန်းခဲ့တယ်။ ငှက်ခတ်သမားကို လွတ်ကင်းအောင် သတိရှိလို့ရယ်ဆိုပြီး ရန်ကို ရန်ခြင်းမတုန့်ပြန်ခဲ့ပါဘူး။ ရှောင်ခွင်းလို့ပဲလာခဲ့တယ်။

လမ်းပြတွေရဲ့ နယ်မြေနဲ့ တောကျွမ်းမှုကြောင့် ဘာပြဿနာမှမရှိဘဲ ရွာကိုဝင်တိုက်တဲ့ စစ်ဗိုလ်ကြီးတွေအတွက်ကတော့၊ မူလတန်းကျောင်း ဆရာတစ်ဦးက သူ့ကျောင်းမှာ ထောင်ထားတဲ့ဆိုင်းဘုတ်မှာ ကရင်လိုရေးခဲ့တာက – “ပဒဲဟွေ (ရ)း ဆူး ကလီထိ၊ ထွီ လူဆူး ကလီစို့  -“ ဆိုပြီးရေးခဲ့တာရဲ့ မြန်မာစကားအရတော့ – ယုန်တောင်ပြေး၊ ခွေးမြောက်လိုက် – ဆိုတဲ့စကားပုံနဲ့ ကွက်တိဖြစ်နေတာကြောင့် အမိုးတို့  ပြေး လမ်းအတိုင်း ပြောပြောပြီး ရယ်ရတာမဆုံးဘူး။

 

တိမ်ကြောဝယ် ပျံပါလေဦးကွယ်

မြင်းမိုရ်လက်ခတ်တောင်ကြားလမ်းကို ပျော်ပွဲစားထွက်သလို ပျော်ပျော်ကြီးထွက်လာခဲ့ရင်း လမ်းမှာရပ်နားခဲ့တဲ့ မွန် ကရင် မြိတ်စကားပြော ရွာတွေမှာ ကပြခဲ့ရသေးတယ်။ ဇာတ်စင်ကြီးတွေမထိုးဘဲ မြေ၀ိုင်းအကလို ကပြခဲ့ပါတယ်။ အမိုးတို့ ကချေသည်တွေရဲ့ မိခင်ကြီး ဒေါ်ကြည် ကြည်ဌေး အကအဆိုမျိုးနဲ့ဆို ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲကို အများကကြိုက်လွန်းတာကြောင့် ခဏခဏ ပြန်ဆိုကပြရတယ်။ ဒါပေမဲ့ အမိုးကတော့ တစ်ယောက်ထဲရှိနေချိန်တွေမှာ ကိုယ့်ကိုကိုယ် ဖျော်ဖြေတဲ့သီချင်းကလေးကတော့ ဆရာကြီးဇော်ဂျီရဲ့ – မယ့်လမ်းပါလား – ဆိုတာကို မောင်ဦး နားထောင်ကြည့်ပါ။

 

ပန်းနီလာ xxx ဗေဒါဆင်သလို xxx ယဉ်လှတယ်လေး။

စုန်ချည် ဆန်ချည်နဲ့ xxx  ဒီချောင်းရေ ဗေဒါလမ်းမှာ xxx တန်းစီလို့လေး။

အိုအချင်း ကျူရိုးရှင် xxx မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်မယ်ပြင်။

စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း။

သူ့ လိပ်ပြာ ခြံအရံနဲ့  xxx သူ့စံရာ သူပျော်မွေ xxx  ပြေးတွေ့ ချင်စမ်း xxx တဲ့။

တွေ့ချင်တဲ့ စေတနာရယ် xxx ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့  xxx အေးချိုလှတယ်။

လိပ်ပြာက ၀တ်ရည်သယ်၊ စံပယ်က မအား။

ပွင့်ဖူးတဝေေ၀နဲ့ xxx ဒီချောင်းရေ ဗေဒါလမ်း xxx မယ့်လမ်းပါလား။

 

တော်ပါတော့ အမိုးရဲ့ မြင်းမိုရ်လက်ခတ် တောလားကြီးကို ခဏထားပြီး ရှေ့ဆက်ပါဦးလို့ ဆိုတော့။ အဲဒီ့ကနေ ရွာတွေ ဖြတ်၊ ချောင်းတွေ ကျော်၊ နောက်ဆုံး တနင်္သာရီမြစ်ကိုဖြတ်ပြီး နယ်စပ်ရွာကြီး ကမာပလောကိုရောက်တယ်။ ရွာကြီးက ခဲမိုင်း အကြီးအကျယ်လုပ်ဖို့ တာတ မံတုတ် ဆည်လုပ်ထားတာကြောင့် ကမာလို့ခေါ်ပြီး ပလောဆိုတာက ကွင်းပြင်ကြီးလို့ ကရင်လိုခေါ်တယ်။ အဲဒီ့ရွာမှာ ရွားသုပ်မူဒို (God Army) ကိုသင်းအုပ်ဆရာသာဖေ တည်ထောင်ထားတဲ့ ဂျော်နီထူးနှင့် လူသာထူးခေါင်းဆောင်သော တပ်ဖွဲ့  ၃၀၀ ခန့်နှင့် တွေ့ခဲ့ရပါတယ်။

အဲဒီ့မှာ တလလောက်ဘဲနေခဲ့ရပြီး စစ်ရောက်လာပါတော့တယ်။ ဘက်စုံက စစ်ထိုးလာတာကြောင့် အဲဒီ့ကနေ ယိုးဒယားနိုင်ငံထဲကို စစ်ပြေးအဖြစ် လူသုံးရာ့ငါးဆယ်ကျော် ၀င်ခဲ့ရပါတယ်။

ထိုင်းဘက်ခြမ်းနယ်ခြားနှင့်ကပ်လျှက်ရှိသော တောအုပ်ကြီးတွင်းမှာ ခိုအောင်းနေရင်း သားကြီးစောညိုဟဲ လာပြောသည်မှာ၊ ၀ါယာလက်စက်ဖြင့် ကရင်အဖွဲ့အစည်းတစ်ခုမှ God Army တပ်များ၊ ထိုင်းတပ်မတော် (First Army 9th Division) တပ်မ ၉ တွင် လက်နက်ချပါက၊ အားလုံးကို ဘန်းဒုံယန်းဒုက္ခသည်စခန်းမှာ UN ဒုက္ခသည်အဖြစ် ပို့ပေးမယ်ဆို တာကြောင့် အားလုံးဝမ်းသာကြပါတယ်။

နံနက်ကြက်မတွန်ခင် တောထဲမှာအတူရှိနေတဲ့ ဂျော်နီထူးနှင့် လူသာထူးတို့တစ်သိုက် ထွက်ပြေး သွားတာကို နံနက်လင်းအားကြီးကြမှ သိရပါတော့တယ်။ နေထွက်ချိန်လောက်မှာတော့ တောအုပ်ကို ထိုင်းတပ်မ ၉ မှ ၀ိုင်းထားပြီဖြစ်တဲ့ အတွက် လက်နှက်ချပြီးထွက်လာဖို့ လော်စပီကာနှင့် အော်ပြောတာကြောင့် အားလုံးထွက်လာပြီး၊ မိန်းမတွေနဲ့ ခလေးတွေ သက်ကြီးရွယ်အို တွေကို ခွဲထုတ်ပြီး၊ အသင့်ပြင်ထားတဲ့ကားတွေအပေါ် တက်ခိုင်းတယ်။ အဲဒီ့အချိန်မှာဘဲ သန်သန်မာမာ လူငယ် ၅၅ ယောက်ခန့် ကို ရွေးထုပ်ပြီး သီးခြားခေါ်ထုတ်သွားပါတယ်။ အဲဒီ့အချိန်ဟာ သားကြီးစောညိုဟဲကို နောက်ဆုံးတွေ့လိုက်ရတဲ့အချိန်ပါဘဲ။

ယခုအချိန်ထိ သတင်းတွေက အမျိုးမျိုးကြားရပေမဲ့ ဘာအတိအကျမှ မရှိဘူး။ သေချာတာကတော့ သားကြီး အသက်ထင်ရှားရှိနေရင် သူ့မိန်းမနဲ့ခလေး နှစ် ယောက်ကိုဘယ်တော့မှ ပစ်မထားခဲ့ဘူး။ ရောက်တဲ့နေရာက လာတွေ့မှာဘဲ။ နောက်တစ်ခုက သားကြီးတို့ ၅၅ ယောက်ကို ဖမ်းခေါ် သွားတာ ထိုင်းတပ်မ ၉ မှာခေါ်သွားတာကို မျက်ဝါးထင်ထင် ကျန်လူ ၃၀၀ ခန့်က မြင်လိုက်ပါတယ်။ ဘယ်သူ့မှာ တာဝန်အရှိဆုံးပါလဲ။ နောက်မှ သူသူ ကိုယ်ကိုယ် လွှဲချနေတာကို ရှင်းမနေပါနဲ့ ။ ထိုင်းတပ်မ ၉ အရင်ဆုံးရှင်းပါ ? ? ? ။

အမိုးပေါင်ပေါ်မှာထိုင်နေတဲ့ မြေးမလေး သူ့အဖေကို လက်ယမ်းပြီး နောက်ဆုံးနှုတ်ဆက်လိုက်ထာ ခုထိ မျက်စေ့ထဲက မထွက်သေးဘူး။ ဒါဟာကမ္ဘာအလယ်မှာ လူယဉ်ကျေးကြီးများလို့ ကြွေးကျော်နေတဲ့ စစ်တပ်ကြီးများက တောကချေသည်မလေး မပဲတေး မဆိုရဘူးလို့ သေ နတ်ကြီးတွေနဲ့ ချိန်ပြီး ခြိမ်းခြောက်ပေမဲ့လည်း  ဆိုပြ ကပြလိုက်ခြင်တာက နံနက်တိုင်းလည်း၊ နံနက် တခြား၊ မောင်ခံစစ်သားအဖ ရောက် မယ်လားရှင့်။

 

ညနေတိုင်းလည်း၊ ညနေတစောင်း၊ မောင် ခံစစ်သားအဖ၊ ရောက်လွယ်ကောင်းငဲ့။

တပေါင်းငယ်မှ တဖော်အောင်ပွဲခံလို့ ၊ ပြန်ချိန်တော်ကို၊ မယ်မျှော်လိုက်ကဲ့၊ ရွာပေါင်းငယ်မှဝန်းရုံ၊

ရဲမက်ပုံမှာ၊ စိတ်ကုန်အောင် မယ်ချစ်တဲ့၊ မောင်ခံစစ်သားအဖရယ်လေး – – –

(အမည်မသိ ရှေးစာဆို)          

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts