သတင်းဆောင်းပါး

ဇာနီကြီး – မှုန်မှုန်ဝါးဝါး ဟံသာဝတီလေဆိပ် ဆိုင်းဘုတ်

မှုန်မှုန်ဝါးဝါး ဟံသာဝတီလေဆိပ် ဆိုင်းဘုတ်
ဇာနီကြီး
ဧပြီ ၉၊ ၂၀၁၄

ပဲခူးကို မြေတွေအရောင်းအဝယ်လုပ်တယ်ဆိုလို့ မိတ်ဆွေတစ်ဦးနဲ့အတူလိုက်ရင်း စက်မှုဇုံလေ့လာရေးခရီး ထွက်ခဲ့ပါတယ်။ ရန်ကုန်မန္တ လေး ကားလမ်းဟောင်းကြီးက မင်္ဂလာဒုံလေဆိပ်၊ ထောက်ကြံစစ်သင်္ခြိုင်း၊ လှည်းကူး ဗဟိုဝန်ထမ်းတက္ကသိုလ်၊ စတဲ့နေရာဟောင်းလေးများကို ကျော်ပြီး ရန်ကုန်မြို့ပြင်မှာတော့ ထော်လာချီ၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးကားဟောင်းများ၊ လမ်းဘေးတစ်လျှောက်က ဖရဲသီးခင်းတွေ၊ ဖရဲသီးရောင်းသူများကို တွေ့ရပါတယ်။ ပဲခူးမြို့ကိုရောက်ချိန်မှာ မြေအရောင်းဝယ်လုပ်သူများကို ဘုရားအရင်ဖူးတာကောင်းတယ် လို့ အကြံပေးခဲ့ပါတယ်။ ရောက်တဲ့နေရာမှာ အသက်ရွယ်ရသူများအတွက် စိတ်ချမ်းမြေ့စရာကတော့ ဘုရားကို ဦးစွာရှာပြီး၊ တွေ့သွားဖို့ပါပဲ။ မိုးလင်းတာနဲ့ ဘုရားကိုသတိရသလား၊ ပြသနာကိုသတိရသလား၊ ငွေ၊ အာဏာနဲ့ မိသားစုအရေးကိုပဲ ပထမဆုံး သတိရသလားဆိုတာ ဘဝမှာ စဉ်းစားစရာပါ။ လူဖြစ်နေသေးတော့ ငွေရဖို့လုပ်ရင်း၊ လုပ်ရင်းနဲ့ မြေပိုင်ရှင်သူဌေးကြီးဖြစ်သွားသူများ၊ ရလေပိုလိုချင်လေ ..တစ္ဆေအိုတေလေ ..ဆိုလား၊ စကားပုံအတိုင်း အိမ်ခြံမြေပိုင်ရှင်ကြီးများရဲ့ အကြောင်းကို အနည်းငယ်ရေးလိုက်ပါတယ်။

ဟံသာဝတီလေဆိပ်ကို ဆောက်မယ်။ ကိုးရီးယားတွေက ဦးဆောင်ပြီး ၅နှစ်အတွင်း ပြည့်ကျပ်သွားပြီဖြစ်တဲ့ ရန်ကုန်လေဆိပ်နေရာကို အစားထိုးဖို့ လေဆိပ်အသစ်တစ်ခု အရေးတကြီးလိုနေကြောင်း သိလိုက်ရတယ်။ ရန်ကုန်ပဲခူး မိုင်၆၀လမ်းမကြီးတစ်လျှောက် ပဲခူးမြို့အဝင်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုင်းဘုတ်ကို ဓါတ်ပုံရိုက်လိုက်တာ ခပ်ဝါးဝါးဖြစ်နေလို့၊ မှုန်မှုန်ဝါးဝါး ဟံသာဝတီလေ ဆိပ်ဆိုင်းဘုတ် လို့ပဲ အမည်တပ်လိုက်ပါတယ်။ ကိုးရီးယားများက မြန်မာအာဏာပိုင်များ (ဦးအောင်တောင်း)တွေရဲ့ တောင်းဆိုမှုကို မလိုက်နာနိုင်တော့တဲ့အတွက် နောက်ဆုတ်သွားပြီဖြစ်ကြောင်း၊ စင်ကာပူ ချန်ဂီလေဆိပ်ဆောက်ခဲ့တဲ့ ကုမ္ပဏီနဲ့ အခြားတစ်ခုက လုပ်ပိုင်ခွင့်ရရှိရေးအတွက် ဆက်လက်ကြိုးစားနေကြကြောင်း သတင်းစာတွေမှာ ဖတ်မိပါတယ်။ လေဆိပ် နေရာမှာတော့ ဘာမှမရှိပါဘူး။ ဓါတ်ပုံထဲမှာတော့ ထော်လာချီတစ်စင်း၊ မော်တော်ဆိုင်ကယ် ၂စီးနဲ့ ကွမ်းယာဆိုင်၊ ပါဝါထရန်စဖွန်မာ တစ်ခုကို တွေ့လိုက်ပါတယ်။ လမ်းမ အခြားတစ်ဖက်မှာတော့ ခရိုနီတွေလုပ်ထားတယ်ဆိုတဲ့ ဂေါက်သီးကွင်းတစ်ခုတွေ့လိုက်ပါတယ်။ ဟင်္သာမောင်နှံ (ငှက်အဖို အပေါ်ကို ငှက်အမ တက်ရပ်နေတဲ့ ပဲခူးမြို့သင်္ကေတ ရုပ်ပုံလေးကို ဂေါက်သီးလုံးအပေါ်တင်ထားတဲ့ မှတ်တိုင်ကို တွေ့လိုက်ပါတယ်။ ဘာမှ မဆောက်လုပ်ရသေးတဲ့ ဟံသာဝတီလေဆိပ်ဖြစ်ပါတယ်။ ပဲခူး၊ ရန်ကုန် ကားလမ်းမကြီးဘေးက မြေတွေအားလုံး သူတို့သိမ်းသွားကြပါပြီ။

မြန်မာပြည်တစ်နိုင်ငံလုံး ၂၀၁၁ နောက်ပိုင်း သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ ဝန်ကြီးများရဲ့ ဒီမိုကရေစီအစိုးရ တက်လာပြီးတဲ့နောက်မှာ အဆိုးဝါးဆုံးဖြစ်ရပ်ကြီးကတော့ အိမ်ခြံမြေဈေးတွေ တစ်နိုင်ငံလုံး တစ်ဟုတ်ထိုး တက်သွားပါတော့တယ်။ ၂နှစ်အတွင်းမှာ ရန်ကုန်မြို့လယ် အိမ်မြေယာဈေးနှုန်းများ နယူးယောက်၊ တိုကျိုမြို့လယ်ဈေးလောက် ကြီးသွားပါတယ်။ မြို့တိုင်းမှာလည်း ဈေးနှုန်းတွေ ထိုးတက်သွားပြီး၊ ၂၀၁၀က သိန်းတစ်ရာနဲ့ ဝယ်ထားတဲ့ အိမ်မြေခြံကလဲ ၂၀၁၃မှာ သိန်း ၄၀၀လောက် ဖြစ်သွားတယ်။ ၂၀၁၄မှာတော့ ဈေးနှုန်းတွေ တံ့နေပါတယ်။ ကျဆင်းသွားတယ်ပြောရပါမယ်။

စင်ကာပူမှာ နိုင်ငံခြားသားများ အိမ်ခြံမြေတွေ အတင်းလာဝယ်ကြတာကြောင့် ပြည်သူများ အိမ်မဲ့ဖြစ်သွားခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး သိပ်မကောင်းချိန်၊ အိမ်ဈေးတွေ တဟုတ်ထိုးတက်ချိန် ဆင်းရဲသားများက အိမ်ကိုရောင်း၊ အမြတ်တွေထုတ်ပြီး၊ အိမ်အသစ်ထပ်ဝယ်မယ် ကြိုးစားရင်း ရောင်းရတဲ့ ငွေထုတ်၊ တဖြေးဖြေးလျော့ပါး၊ သုံးစွဲရင်း နောက်ဆုံး ဆင်းရဲသား စင်ကာပူလူထုဟာ အိမ်ယာမဲ့ဖြစ်သွားပါတယ်။ ဒီတော့ အတိုက်အခံနဲ့ပေါင်းပြီး ဆူပူမှုတွေ ဖြစ်လာတယ်။ နိုင်ငံခြားသားတွေ အိမ်လာဝယ်လို့ နိုင်ငံသားတွေ အိမ်မဲ့ဖြစ်ရတယ်။ ဆင်းရဲချမ်းသာ အလွန်ကွာခြားလာတယ်လို့ အတိုက်ခံပါတီက မဲဆွယ်လာခဲ့တယ်။ အာဏာရ ဝန်ကြီးချုပ် လီရှန်လုံး ပါတီက အထူးသဖြင့် ၂၀၁၁မှာ အိမ်ခြံမြေ ဥပဒေသစ်ကို ထုတ်ပြန်လိုက်ပါတယ်။ ၂နှစ်အကြာမှာ အိမ်ခြံမြေဈေးနှုန်းများ ၁၅% လောက် ကျဆင်းသွားတာ အံ့သြဘွယ်တွေ့လိုက်ရပါတယ်။

၁။ ပုဂ္ဂလိက (မြေအိမ် – landed property) နိုင်ငံခြားသား လုံးဝဝယ်ခွင့်မပေးခြင်း (နိုင်ငံခြားသားများသည် ၅၀%အထက် ပိုင်ဆိုင် သွားပြီးဖြစ်သည်)။

၂။ ပုဂ္ဂလိက (ကွန်ဒိုတိုက်ခန်း –  private property)

– နိုင်ငံခြားသားများ ၁၈% အခွန် (stamp duty) ပေးရမည်
– ယခင်ကဲ့သို့ ဘဏ်ထဲငွေသွင်းပြီး၊ ချက်ခြင်းပြန်ထုတ်ခြင်းဖြင့် ငွေချေးခွင့်မပြု
– ၈၀%ထက်မပိုသော ငွေကိုသာ စင်ကာပူဘဏ်မှ ချေးခွင့်ပေးသည်။ (ယခင်က ၁၀၀%အထိ ချေးပေးသည်)
– စင်ကာပူမြိုလည်တွင် ကွန်ဒိုများ ဒေါ်လာ တစ်သန်းကျော် (ကျပ်သိန်းတစ်သောာင်း) ဈေးရှိပြီး၊ မြို့ပြင်တွင် ဒေါ်လာ ၇သိန်းခန့်ဈေးရှိသည်။
– လက်ပြောင်းလက်လွှဲ လုပ်လေလေ၊ ရောင်းသူက အခွန်များစွာပေးရလေလေ လုပ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ သိန်းတစ်ထောင်နှင့်ဝယ်ပြီး၊ စာချုပ်တွင် သိန်း၃၀၀ဟု လိမ်လည်ရေးသား၊ အခွန်ရှောင်မရပါ။ ထိုသို့လုပ်ပါက ၉၉% ဖမ်ခံရန်သေချာနေသည်။ ပွဲစားများ၊ အစိုးရအိမ်တန်ဖိုးဖြတ်သူများ Valuation ကိုခြစားမှုမရှိအောင် အနှစ်၄၀ကြိုးစားထားသော စင်ကာပူနိုင်ငံဖြစ်သည်။ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်များတွင်လဲ ထိုသို့ လိမ်လည်စာချုပ်မလုပ်နိုင်ပါ။ မြန်မာနိုင်ငံတစ်ခုတည်းသာ အရှေ့တောင်အာရှတွင် ဥပဒေမဲ့ဖြစ်နေပါသည်။

၃။ လူလတ်တန်းစားများနေထိုင်သော အစိုးရတိုက်ခန်း HDB Flat (80% of population live in HDB)

– ရောင်းခွန်၊ ဝယ်ခွန်များကို အကြီးကျယ်မြှင့်လိုက်သည်။ ဒေါ်လာ၃သိန်းတန် အိမ်ကိုဝယ်ပါက၊ ရောင်းခွန် ၂%ခန့်ပေးရပြီး၊ ဝယ်သူလည်း နိုင်ငံခြားသားကို ၁၅%ခန့် လက်ငင်းငွေချေခိုင်းသည်
–  ပြန်လည်ရောင်းချခြင်းကို ၅နှစ်အတွင်း လုံးဝလုပ်ခွင့်မပေးပါ
–  ဘဏ်များမှ ငွေချေးခြင်းကို အထူးသတိထားစီစစ်သည်
– ဆင်းရဲသားများအတွက် တန်ဖိုးနည်းအိမ်ယာများ အမြန်ဆောက်သည်။ ဆင်းရဲသားများကို အိမ်ခန်းများ ရှယ်ခြင်း (၂ဦး၊ တစ်အိမ်) စီစဉ်ငှားရမ်းပေးခြင်း

၂နှစ်ကြာသောအခါ အိမ်ဝယ်ချင်သူ နိုင်ငံခြားသားများသည် လက်ငင်းငွေ ၂၀% မတတ်နိုင်သဖြင့် အိမ်မဝယ်တော့ပါ။ ရောင်းပြီး နောက်ထပ်တစ်အိမ် ဝယ်ဖို့လဲခက်သွားပါသည်။ အထူးသဖြင့် အစိုးရတိုက်ခန်းနေလူတန်းစားမှာ စင်ကာပူနေထိုင်သူ ၈၀%ရှိသည်။ အစိုးရတိုက်ခန်းကို ဝယ်ရောင်းလုပ်ခွင့် ၅နှစ်ကြာမှ ရောင်းရခြင်း စသည့်စည်းမျဉ်းများ ဥပဒေ ၁၀၀% ကြီးစိုးသောနိုင်ငံဖြစ်သည်။ ထို့ကြောင့် ၂နှစ်အကြာ ၂၀၁၄တွင် အိမ်ဈေးများ ၁၅%ခန့် ကျသွားသည်။ နိုင်ငံခြားသားများ အမြတ်ထုတ်သဖြင့် ပြည်တွင်းမှ သာမန်လူ တန်းစားများ ဒုက္ခရောက်မှုကို  အောင်မြင်စွာဖြေရှင်းနိုင်သောကြောင့် လူထုနှင့်အတိုက်ခံများ ဆူပူမှုများကို ကြိုတင်ကာကွယ် လိုက်နိုင်ပါသည်။

နောက်တစ်ခု… စင်ကာပူ၊ ဟောင်ကောင် အိမ်မြေခြံဈေးက ကမ္ဘာ့ထိပ်တန်းဖြစ်တာ သဘာဝကျပါတယ်။ အဲဒီနိုင်ငံမှာ အနိုမ်ဆုံးအလုပ်သမားက တစ်နာရီ ၇ဒေါ်လာ၊ တစ်ရက် ၈နာရီ ၄၂ဒေါ်လာ ရပါတယ်။ ကျပ်ငွေ ၃သောင်း နေ့စားဝင်ငွေဟာ အနိုမ့်ဆုံး ဆိုပေမဲ့၊ နေထိုင်၊ ဘတ်စကား၊ တယ်လီဖုန်းခများက တစ်နေ့ကို ၂သောင်းလောက် ပြန်ကုန်သွားပါတယ်။ စင်ကာပူ]မြို့ဟာ ၂၀၁၄မှာ ကမ္ဘာ့ဈေးအကြီးဆုံး မြို့ဖြစ်နေပါတယ်။ ဒါကြောင့် အိမ်ဈေးကျဆင်းမှုကို စင်ကာပူပုံစံလုပ်ခြင်းဟာ Role Model ဖြစ်ပြီး ၊ မြန်မာပြည်အတွက် စင်ကာပူပုံစံ လုပ်လို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ အနားက ထိုင်းနိုင်ငံ၊ မလေးရှား၊ ဗီယက်နမ်များကို လှမ်းကြည့်ပြီး အတုယူရပါတယ်။ အဲဒီ ၃နိုင်ငံမှာ Low Cost Housing များဟာ ဒေါ်လာတစ်သောင်းလောက်ဆို ရန်ကင်းတိုက်ခန်းလောက် ဝယ်လို့ရပါပြီ။ မြန်မာနိုင်ငံမှာတော့ ရန်ကင်းတိုက်ခန်းလောက်ကို ဒေါ်လာ ၄သောင်း (ကျပ် သိန်း၄၀၀အထက်) ဈေးပေါက်နေပြီး၊ ဆောက်လုပ်ရေးပစ္စည်းများလည်း ဈေးတက်၊ ကန်ထရိုက် စည်ပင်နဲ့အိုးအိမ်ကလည်း နင်းကန်တောင်း၊ စည်းကမ်းကျပ်တော့ ဆောက်လုပ်စရိတ်ကြီးနေပါတယ်။ အလုပ်သမားလည်း ရှားပါးလွန်းတာတစ်မျိုး။ အရည်သွေးမြင့်အလုပ်သများ Skilled Labor အတန်းပညာရှိစေ၊ မရှိစေ လုပ်ငန်းကျွမ်းကျင်သူများလည်း နိုင်ငံခြားမှာရောက်နေတော့ အများကြီးခက်ခဲနေပါတယ်။  အခုအခါမှာတော့ ကန်ထရိုက်တိုက် ခေတ်ကုန်လာပါပြီ။ ကွန်ဒိုဆိုပြီး အိမ်နီးခြင်းနိုင်ငံများမှာ ဒေါ်လာ ၅သောင်းလောက် တန်တဲ့ ကွန်ဒိုများကို ဈေးကြီးကြီးနဲ့ဆောက်ပြီ၊ ဒေါ်လာတစ်သိန်းကျော်နဲ့ ရောင်းနေပြန်ပါပြီ။ ဒါလဲ မကြာခင် ၂၀၁၅ဆိုရင် ကွန်ဒိုဈေးကွက်လည်း ထိုင်း၊ မလေးရှား၊ ဗီယက်နမ်တို့လို ဒေါ်လာ၅သောင်း ဈေးနှုန်းကို ကျသွားမှာပါ။ ကျပ်ငွေ-ဒေါ်လာ လဲလှယ်နှုန်းကတော့ ဘယ်လိုဖြစ်မယ်မသိနိုင်ပေမဲ့၊ ဖြစ်နိုင်တာတော့ ၂၀၂၀ လောက်ဆို တစ်ဒေါ်လာ ကျပ်၂၀၀၀လောက်များ ဖြစ်လာမလား စဉ်းစားနေမိပါတယ်။ ငွေဖေါင်းပွနှုန်းဆိုတာ အတက်ပဲရှိပါတယ်။

မြန်မာနိုင်ငံအာဏာပိုင်များအတွက် သင်ခန်းစာ
ယခုအခါ သမ္မတဦးသိန်းစိန်က စစ်အာဏာရှင်ဟောင်းများနှင့် ခရိုနီကြီးများကို — ဟေ့..မင်းတို့တစ်တွေ၊ ပိုင်တာလဲမနည်းတော့ဘူး၊ သယံဇာတတွေကို အခွန်မဲ့ထုတ်ယူနေတာလဲ ယခင်ကတည်းကလုပ်တယ်။ အခု ငါတို့အစိုးရသစ်မှာလည်း ၃နှစ်လုပ်ကိုင်ခွင့်ပေးထားပြီးပြီ။ စား၊ဝါး၊ ပလုပ်ပလောင်းဖြစ်နေတာတွေ တော်၊တန်၊တိတ်ကြတော့… ပုံစံမျိုး ပြောလိုက်တော့ အချို့သူဌေးများက ရပ်လိုက်ပါတယ်။ သမ္မတဦးရွှေမန်း မိသားစုကတော့ အိမ်မြေ၊ လယ်မြေတွေ ဆူပူမဲ့နေရာများမှာ အကုန်နီးပါးပြန်ပေးခဲ့ပေမဲ၊ ကျန်တဲ့ စစ်ဗိုလ်ဟောင်း၊ ဗိုလ်သစ်၊ ခရိုနီတွေကတော့ ဘယ်ပေးနိုင်ပါမလဲ။ အထူးသဖြင့် ဇေကမ္ဘာ ဒေါက်တာအတုကြီး ဦးခင်ရွှေက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွေမှာ အိမ်မြေလုပ်ငန်းအပြင်၊ စက်မှုဇုံလုပ်ငန်းမှာ မနှစ်က သူ့ဂွင်ထဲ ဝန်ထမ်းအရာရှိတွေကို ဆွဲသွင်းလိုက်ပုံ ရေးပြချင်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှတ်နှံမှုမှာ အရေးကြီးတဲ့ နွားနို့စက်ရုံကို ခွင့်မပြုပဲ၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ အချိုရည်စက်ရုံတွေကို ဒလဟော ခွင့်ပြုလိုက်လို့၊ သမ္မတကြီးက FDI, MIC ရင်းနှီးမြှတ်နှံမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ရပါတယ်။ ဝန်ကြီး ၃၅ဦးမှာ နာမည်ကျော် ဆက်သွယ်ရေးဝန်ကြီး (ဗိုလ်) နဲ့ လျှပ်စစ်ဝန်ကြီး (ဗိုလ်) ၂ဦးကို တာဝန်က အနားပေးလိုက်ပါတယ်။ တော်တော်ဆိုးလွန်းအောင် လာဘ်စားတဲ့အပြင် လျှပ်စစ်ဝန်ကြီးက ဒီမြန်မာပြည်မှာ သူလောက် လျှပ်စစ်အကြောင်းသိတာ မရှိဘူးလို့ ပြည်သူလူထုကို သတင်းစာရှင်းလိုက်တော့ လူထုအုံကြွမှုဖြစ်လုနီး ဖြစ်ခဲ့ပါတယ်။ အဲဒီ၂ယောက်ကို အငြိမ်စားပေးပြီး၊ ထောင်တော့မချပါဘူး။ သူတို့က နောက်ခံ ဘက်ဂရောင်းနည်းလို့ အလုပ်က အနားပေးနိုင်သော်လည်း ဝန်ကြီးများစွာ ၇၅% လောက်က ဗိုလ်တွေဖြစ်ကြပါတယ်။ နောက်ခံလည်း ရှိတော့ သမ္မတကြီးက မဖြုတ်နိုင်ပါဘူး။ ဥပမာ ထမင်းတစ်နပ်ပဲစားပါပြောတဲ့ဝန်ကြီး၊ နယ်လှည့်ပါးရိုက်လာတယ်ပြောတဲ့ ဝန်ကြီးတွေကို တာဝန်ကအနားပေးသင့်ပေမဲ့ ထောက်ထားစရာများ (အားနာမှု)ကြောင့် ဘာမှလုပ်လို့မရဖြစ်နေပါတယ်။ လွှတ်တော်ထဲမှာ ခပ်တည်တည်ရောက်နေတဲ့ မျက်နှာပြောင်များစွာမှာ ဇေကမ္ဘာဦးခင်ရွှေ နဲ့ ဦးအောင်သောင်းတို့ အသိုင်းအဝိုင်းကတော့ အထင်ရှားဆုံးဖြစ်ပါတယ်။

ဇေကမ္ဘာနဲ့ ခရိုးနီများ ပဲခူးတိုင်းမှာ လွန်ခဲ့တဲ့ တစ်နှစ်က ထပ်မံလုပ်စားသွားပုံကတော့ ၊ မြို့ပြင်မှာ စက်မှုဇုံတွေ တိုးချဲ့ပါတယ်။ နိုင်ငံတော်အစိုးရက အထည်ချုပ် (ကိုးရီးယား)၊ လက်အိတ်စက်ရုံ၊ စသဖြင့် နိုင်ငံခြားစက်ရုံများအတွက် ပေးထားတဲ့မြေနေရာတွေကို နိုင်ငံခြားစက်မှုဇုံသတ်မှတ်ပြီး၊ အရက်၊ ဘီယာစက်ရုံများကို နေရာချပေးပါတယ်။ ဒီတော့ ဇေကမ္ဘာနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်အသိုင်းဝိုင်း၊ အခြားငွေရှင်ကြီးများက နိုင်ငံခြားသားတွေကို တစ်ဧက ကျပ်သိန်း၂၀နဲ့ ရောင်းချပြီး၊ ပြည်တွင်စက်မှုဇုံကိုတော့ တဧက ကျပ်သိန်း ၃၀လောက်နဲ့ ရောင်းချလိုက်ပါတယ်။ အစိုးရ စစ်တပ်ဗိုလ်များ၊ ယခင်ဗိုလ်ဟောင်းများ၊ အခွန်ဦးစီးမှုး၊ စည်ပင်ဦးစီးမှုး၊ ပင်စင်၊ ရဲ၊ များနဲ့ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့ န.အ.ဖ ၊ မ.ဆ.လ လူကြီးများကို ငွေပေးစရာမလိုပဲ ရောင်းချလိုက်ပါတော့တယ်။ အဲဒီမှာ ဦးခရိုနီ၊ ဒေါ်ခရိုနီမိန်းမ စသဖြင့် တရုပ်ပေါက်ဖော်များက သိန်း၆၀နဲ့ ပေးဝယ်လိုက်ပါတယ်။ သူတို့က ခရိုနီအသေးနဲ့ အစိုးရလက်နက်ကိုင်၊ တိုင်းရင်းသားလက်နက်ကိုင်၊ ပေါက်ဖေါ်မာမွတ် သူဌေးများကို ထပ်ဆင့်ရောင်းစားလိုက်ပါတယ်။ မြေက ဂရံပေါက်အောင် အမြန်လုပ်နေပါတယ်။ အာဏာနဲ့ပိုက်ဆံရှိသူ ဦးဇေကမ္ဘာ အုပ်စုက မဟာဦးနှောက်နဲ့ လုပ်ဆောင်တော့ အိမ်မြေဈေးတွေ ခေါင်းခိုက်နေဆဲ ဖြစ်နေပါတယ်။

တကယ် လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ ဝန်ထမ်းမိသားစုများကို မြေဝေငှမပေးပဲ၊ သူတို့ချည်းယူနေတာကို ဥပဒေဘောင်တွင်းလုပ်တယ် ပြောရပေမဲ၊ ဥပဒေကို အလွဲသုံးစား ပေါ်တင် လုပ်ခြင်းဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ကော်မရှင်ကို ဥက္ကဌလုပ်ခိုင်းပြီး နိုင်ငံသမ္မတများ ဖြစ်မလား ကြိုးစားနေတဲ့ အင်အယ်ဒီအုပ်စုကြီးခမြာ၊ ဒါတွေကို ဂရုမစိုက်နိုင်ပါဘူး။ အိမ်မြေခြံဈေး တစ်နိုင်ငံလုံး တရားဥပဒေမဲ့ ထိုးတက်နေခြင်းဟာ တိုင်းပြည်အတွက် အလွန့်အလွန် အန္တရယ်ကြီးကြောင်း သမ္မတကြီးသိသော်လည်း သူ့လူတွေကို ထိန်းရခက်နေတဲ့ သဘောဖြစ်ပါတယ်။

ဒါကြောင့် ဆင်းရဲသားလူထုကို ဆူပူလာရင် ဖြေရှင်းဖို့ သမီးလေးကျေးရွာသားများအတွက် ဒီကေဘီအေ နေရာချထားဖို့ ခေါ်သွားတယ်လို့ သိရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များလည်း သယံဇာတ နဲ့ အခွန်ကောက်မှု ဝေစုနည်းလို့ ဥပမာ ကချင်လူမျိုးစုများ အခုထိ တိုက်ခိုက်နေရခြင်းဖြစ်ပါတယ်။ ကရင်များကတော့ အမေရိကန်၊ ထိုင်းနိုင်ငံနဲ့ အဆင်ပြေလို့ ငြိမ်သွားပေမဲ့၊ တရုပ်-မြန်မာ စစ်အာဏာပြိုင်မှုကြား ညှပ်နေတဲ့ ကချင်ဒုက္ခသည် တစ်သိန်းခန့်ကတော့ ဓါးစာခံအဖြစ် ဒုက္ခသည်စခန်းများမှာ နေရဦးမှာပါ။ စိတ်မကောင်းစရာပါပဲ။

အိမ်မြေဈေးနှုန်းကျဆင်းရေး
အိမ်မြေ၊ စက်မှုဇုံများကို မြေကွက်သစ်ဖန်တီးပေးခြင်း၊ တန်ဖိုးနည်းအိမ်ယာများ ဆောက်ပေးခြင်း နည်းလမ်း အပြင်၊ ၅နှစ် တဆင့်ပြန်မရောင်းရ၊ စက်မှုဇုံနဲ့အိမ်မြေများကို တစ်နှစ်အတွင်း အိမ်၊ စက်ရုံဆောက်လုပ်နေထိုင်ရန် ၊ မနေလျှင်၊ စက်ရုံမဆောက်၊ မလည်ပတ်လျှင် ပြန်သိမ်းမည် …ဆိုတဲ့ မြိ့နယ် အိမ်မြေဥပဒေများကို မြိုမိဖများက လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေ အုပ်ချုပ်ရေး စစ်ဗိုလ်များနဲ့ ရေးဆွဲ၊ အကောင်ထည်ဖေါ်သင့်ပါတယ်။ နိုင်ငံတော်ကရေးဆွဲတဲ့ ဥပဒေတွေက အကြမ်းဖျင်းဆန်လွန်းပါတယ်။ ပြည်နယ်တိုင်းဒေသကြီးများမှာ အိမ်မြေဝယ်၊ရောင်း ဥပဒေကို အမြန်ဆုံးရေးဆွဲပြီး၊ လက်တွေအကောင်ထည်ဖေါ်ဖို့ လာဘ်စားမှုအနည်းဆုံး ဥပဒေပညာရှင်၊ အစိုးရအရာရှိနဲ့ မြိုမိ၊ မြို့ဖများ ကြိုးစားသင့်နေပါပြီ။

ပဲခူးမှာ အိမ်အရောင်းအဝယ်ကို ရန်ကုန်မှာ ငွေဖြူ၊ ငွေမဲ ၃၇% အခွန်ကောက်မှု မရှိပဲ ရောင်း၊ဝယ်လုပ်နေတော့ လုပ်ရတာ လွယ်ပါတယ်။ ဝယ်သူများကလည်း ဝယ်ရောင်းလုပ်ဖို့ ဝယ်ထားကြပါတယ်။ ဒါကြောင့် တစ်နှစ်အတွင်း ဝယ်ရောင်းမလုပ်ရ သတ်မှတ်ပြီး၊ စီးကမ်းမရှိသူများကို မြေပြန်သိမ်းခြင်း၊ ဒဏ်ငွေ (Buy/Sell stemp duty) မြှင့်တင်ခြင်း လုပ်ဆောင်ရန်ဖြစ်ပါတယ်။ ဥပဒေထုတ်လေလေ လက်တစ်လုံးခြားလုပ်စားလေလေ ဖြစ်တော့ သမင်မွေးရင်း၊ ကျားစားရင်း နဲ့ တဖြေးဖြေး လူတော်၊ လူကောင်းများကို ရှေ့တန်းတင်ရင် ၁၀နှစ်အတွင်း ဗီယက်နမ်နိုင်ငံလောက် တိုးတက်၊ ဆင်းရဲခြင်း ပပျောက်သွားမှာ သေချာပါတယ်။

စိတ်ဓါတ်ကျစရာတွေ ရေးရင် အများကြီးပါ။ ဗီယက်နမ်လို မြန်မာဆင်းရဲသားများက သန့်ရှင်း၊ မွှေးကြိုင်မှု မရှိပဲ၊ ရန်ကုန်မြို့တွင်းမှာလဲ အမှိုက်ပုံးမရှိ၊ ညမှာစည်ပင်က အမှိုက်လည်းကန်ထရိုက်နဲ့ အပြောင်းရှင်း၊ လှပနေပြီး မနက်၁၁နာရီလောက်ဆို အမှိုက်တွေ ရှုပ်ပွနေတဲ့ ရန်ကုန်မြို့ဖြစ်ပါတယ်။ အလားတူ မြန်မာပြည်တစ်ပြည်လုံးမှာ လူတွေက နံစော်နေပါတယ်။ အထူးသဖြင့် အသက်ကြီးသူများက ပိုပြီး နံစော်ပါတယ်။ အကျင့်ဟောင်းတွေ၊ အနံ့ဟောင်းတွေအပေါ် ရေးမွှေးဖြန်းပြီး၊ အင်္ကျီအသစ်ဝတ်နေကြပါတယ်။ ဆင်းရဲသားများကတော့ အထူးသဖြင့် လယ်သမားများဘဝက တကိုယ်ရည်သန်ရရှင်းမှု ၊ အဝတ်အစားဟောင်းနွမ်းမှုများ ကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။

သို့သော် အစိုးရက ဆင်းရဲသားပပျောက်ရေး နဲ့ အိမ်မြေဈေးကျရေးကို ဘာလုပ်ရမလဲ၊ ဘယ်လိုလုပ်သင့်သလဲ သိသမှ၊ အလွန်သိပါတယ်။ အလုပ်ပြုတ်သွားမှာစိုးလို့ အစိုးရအရာရှိမင်းများက လာတ်ယူမြဲ ယူနေရခြင်းဖြစ်ပါတယ်။ ဒီတော့ ဝန်ကြီး ၃၅ပါး၊ ဒု-ဝန်ကြီး ၆၀၊ လွှတ်တော် ကာ/လုံ ၁၁ဦးနဲ့ နောက်လိုက်များက အထူးအရေးကြီးပါတယ်။ လောလောဆယ် အင်ဒိုနီးရှားက လာဘ်မစားပဲ ပြည်သူလူထုကြားက ရေပန်းစားလာတဲ့ ဂျိုကိုဝီ ဆိုသူဟာ ဒီနှစ် သမ္မတရွေးပွဲမှာ အနိုင်ရဖို့ သေချာနေပါပြီ။ ဂျိုကိုဝီ လုပ်သလို အခု အသက် ၂၅နှစ်၊ ၃၀နှစ် အရွယ်မြန်မာလူငယ်များစွာ ရှိပါတယ်။ သူတို့ကို နေရာပေးတာ ပါးစပ်ကပဲ ပြောလို့မရပါ။ ပြည်ပက လူငယ်များ ပြန်လာရင် သူတို့ကို ပြန်လာပါ ခေါ်နေတာ ပါးစပ်ကပဲ ပြောနေလို့မရပါ။ ပြီးတော့ အဲဒီ ပြည်တွင်း၊ ပြည်ပ မြန်မာလူငယ်များ ပေါင်းစည်းပေးဖို့ က  အစိုးရနဲ့လက်နက်ကိုင်တိုင်းရင်းသား ငြိမ်းချမ်းရေးလုပ်တာထက် အများကြီးလွယ်ပါတယ်။ ကားပါမစ်လဲ ပေးစရာမလိုပါဘူး။

ရယ်စရာပြောရရင် ကျွန်တော်သာ သမ္မတ ၂၀၁၅မှာ ဖြစ်ခဲ့ရင် ပထမဆုံး ပဲခူး၊ ရန်ကုန်လမ်းမဘေးက မြေတွေ အကုန် အစိုးရပြန်သိမ်းမယ်။ မြေကွက်ချပြီး ဝန်ထမ်းတွေကို ပြန်မရောင်းရ စည်းမျဉ်းနဲ့ ရောင်းချပေးမယ်။ နောက်တစ်နှစ်မှာ ကျွန်တော်လည်း သမ္မတအဖြစ်ကနေ ဖြုတ်ချခံရရင်ရ၊ မဖြုတ်ခံရရင်တော့ စစ်တပ်အာဏာသိမ်းမလားမသိ။ ရယ်စရာပြောတာပါ။ အဲ ဇေကမ္ဘာနဲ့ဦးအောင်သောင်းတို့ မြေလောက်ပဲ ပြန်သိမ်းရင်တော့ ကျွန်တော် သမ္မတရာထူးက မပြုတ်လောက်ပါဘူးနော်…။

သူတို့လို လူငယ်များကို လာဘ်မစားတတ်သေးခြင်း၊ မစားချင်ခြင်း စာရိတ္တပညာရှိမှုကို ဂုဏ်ယူစရာပါပဲ။ ပြန်မရောင်းချနိုင်တဲ့ မြေတစ်ကွက်စီ သူတို့ကို ရောင်းချပေးပြီး၊ SME လုပ်ငန်းများ လုပ်ခွင့်ပေးလိုက်ပါလားခင်ဗျာ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts