ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – အမေ့အတွက် မဟာအင်အား

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အမေ့အတွက် မဟာအင်အား
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၅၊ ၂၀၁၄


အတာကူးသည့် တန်ခူးလသည် မြန်မာလူမျိုးများအတွက် ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူး ရေကစားကြသော မဟာသင်္ကြန် အချိန်ကာလ တစ်ခုဖြစ်သည်။ ထို့အပြင် နှစ်ဟောင်းမှအညစ်အကြေးများအား မဟာသင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ကြသည့် လထူး လမြတ်တစ်ခု လည်း ဖြစ်ပေသည်။ထို့ကြောင့် မြန်မာပြည် သူ/သားများအတွက် မှတ်မှတ်ရရ လမြတ်တစ်ခုလည်း ဖြစ်တော့သည်။ ကျွန်တော့်အတွက် နှလုံးသားထဲတွင် အစဉ်သဖြင့် အမှတ်ရစေမည့် လမြတ်တစ်ခုလည်း ဖြစ်ခဲ့သည်။

၎.၄.၂ဝ၁၄ ခုနှစ် တန်ခူးလဆန်း (၅) ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးစီးဦးဆောင် ဖွဲ့စည်းထား သော ပညာရေးကွန်ယက် (၃) နှစ်ပြည့် ရံပုံငွေရှာဖွေ ရေး ဂီတပွဲတော်အား မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမ အဆောက်အဦးကွင်းပြင်တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ပညာရှင်များ စုံညီစွာဖြင့် ကျင်းပခဲ့သည့် ပထမနေ့ ၄.၄.၂ဝ၁၄ ရက်နေ့ ဖျော်ဖြေပွဲ အစီအစဉ်၌ လွတ်လပ်ငြိမ်းချမ်း “ပန်းရဲ့လမ်း” လူမှုကွန်ယက် တေးဂီတအဖွဲ့နှင့်အတူ ကျွန်တော်အတူပူးတွဲ ပါဝင်ခွင့် ရရှိခဲ့သည်။ လွတ်လပ်ငြိမ်းချမ်း “ပန်းရဲ့လမ်း” အဖွဲ့မှ ဦးရဲလွင် (မဇ္ဈိမလှိုင်း)နှင့် ကိုသား ထွေးတို့၏ တိုက်တွန်းချက်အရ ကျွန်တော် ပါဝင်ခဲ့ရခြင်း ဖြစ်သည်။ တေးဂီတ ဖျော်ဖြေ ပွဲဖြစ်သည့်အတွက် ယခင်နှစ်များက ကျင်းပပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက်ပွဲတွင် ကျွန်တော် မပါဝင်ခဲ့ချေ။ ကျွန်တော်သည် ဂီတ ပညာရှင်၊ အဆိုတော်တစ်ဦး မဟုတ်သည့်အတွက် ဖြစ်ပေသည်။ ယခုနှစ် ဂီတ ဖျော်ဖြေ ရေးပွဲတွင် ဦးရဲလွင်၊ ကိုသားထွေးတို့မှ ကျွန်တော့်အား မည်ကဲ့သို့ ပုံစံမျိုးဖြစ်ဖြစ် ပါဝင် ဆင်နွှဲပေးရန် ပြောကြားခြင်းကြောင့် ကျွန်တော် ၂ဝ၁၁ ခုနှစ်တွင် ရေးသားထားသော ကဗျာတစ်ပုဒ်အား ပြန်လည် သတိရမိသည်။ ထို့ကြောင့် ယခု ၂ဝ၁၄ ခုနှစ် ပညာရေး ရံပုံငွေပွဲအား ပါဝင်ဆင်နွှဲရန် ဆုံးဖြတ်ခဲ့တော့သည်။


၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ သံဃာ့အရေးအခင်း (ရွှေဝါရောင် တော်လှန်ရေး) တွင် ကျွန်တော်သည် မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ကြသော သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းမှုကြောင့် ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ဦး (၇) ရက် အဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက် လာသည့်နေ့တွင် ကျွန်တော်၏ အနု ပညာလုပ်ငန်းများ လုံးဝပိတ်ပင် ရပ်ဆိုင်း လိုက်ရသည်ကို သိရှိလိုက်ရသည်။ ထို့ကြောင့် ကျွန်တော် နေအိမ်တွင် ထွက်ပေါက်တစ်ခုအနေဖြင့် ပန်းချီကားများ ရေးဆွဲခဲ့သည်။ ထိုပန်းချီကား များအား ရန်ကုန်မြို့တွင် တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပရန် ကြိုးစားခဲ့သည်။ သို့ရာတွင် ကျွန်တော့်အား ပန်းချီပြပွဲပြုလုပ်ရန် အစိုးရမှ ခွင့်မပြုခဲ့ချေ။ ထို့ကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကျွန်တော့်၏ဇနီး ရွှေဇီးကွက်၏ မွေးနေ့၌ မိမိလေးစားခဲ့သော၊ မိမိမြတ်နိုးခဲ့သော၊ မိမိချစ်ခင်ခဲ့သော မိတ်ဆွေ သူငယ်ချင်းများနှင့် နိုင်ငံရေးလောကတွင် အထင်ကရဖြစ်သော ပုဂ္ဂိုလ်ကြီးများ အပြင် မိမိနှင့် လက်တွဲဖော် လက်တွဲဖက် ပရဟိတ လူမှုရေးသမားများအား နေအိမ်သို့ ဖိတ်ကြား၍ မိမိရေးဆွဲ ထားသော ပန်းချီကားများအား ပြသရန် စီစဉ်ခဲ့သည်။ ထိုနေ့တွင် အမေ ဒေါ်အောင်ဆန်း စုကြည် နေအိမ်သို့ ရောက်ရှိလာပြီး ကျွန်တော်တို့ ဇနီးမောင်နှံအား လာရောက်အား ပေး၍ ကျွန်တော်ရေးဆွဲထားသော ပန်းချီကားများအား ဂရုတစိုက်ကြည့်ရှုခဲ့သည်။ ထိုပွဲတွင် အမေစုအား ကျွန်တော်မှ “အမေ … ကျွန်တော့်ကို အမှတ်တရ ပန်းချီကား တစ်ကား ရေးဆွဲပေးပါ” ဟု တောင်းဆိုမှုကြောင့် အမေစုသည် မဆိုင်းမတွဘဲ စုတ်တံ ကိုကောက်ယူလိုက်ပြီး ရောင်စုံဆီ ဆေးထည့်ထားသော ဆေးစပ်သည့်ခွက်ထဲမှ အပြာနုရောင်ဆီဆေးအား စုတ်တံနှင့် တို့လိုက်သည်။ ထို့နောက် အသင့်ထောင် ထားသော အဖြူရောင် ပိတ်ကားပေါ်တွင် ရေးဆွဲလိုက်သည်။ ထို့နောက် ကျွန်တော့်အား “သား … ဆက်ဆွဲလိုက်ပါ” ဟု ပြောကြားလိုက်သည်။ ကျွန်တော် ဘယ်ဆက်ဆွဲဝံ့မှာလဲ အမေ။ ကျွန်တော် အာခေါင်လှံမစူးဝံ့ပါဘူး အမေ။ အမေစုဆွဲထားသော ပန်းချီကားသည် ရေလှိုင်းလေးများလိုလို၊ ကွန်ယက်လိုလို၊ ကွင်းဆက်လိုလို အဓိပ္ပါယ်နက်ရှိုင်းသော ပန်းချီကားတစ်ချပ် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်ရွှေဘောင်ကွပ်၍ ကျွန်တော့်၏ နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးခန်းတွင် ချိတ်ဆွဲထားခဲ့သည်။ ထိုပန်းချီကားနှင့် ပတ်သက်၍ ကျွန်တော် ကဗျာတစ်ပုဒ် စပ်ခဲ့သည်။ ထိုကဗျာအမည်ကား “အမေ့ကျေးဇူး” ဟု အမည်ပေးလိုက်တော့သည်။ ယင်းကဗျာအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ရံပုံငွေပွဲတွင် ကျွန်တော်သည် LED ပိတ်ကားပြင်ထက်တွင် ဖြစ်ရပ်မှန်ပုံရိပ်များဖြင့် သရုပ်ဖော်ပြသကာ လွတ်လပ်ငြိမ်း ချမ်း “ပန်းရဲ့လမ်း” ဂီတပညာရှင်များနှင့် တွဲဖက်၍ အများပြည်သူ ပရိသတ်တို့အား ရွတ်ဖတ်၍ အမေစုအား ဂုဏ်ပြုလိုက်ပါတော့သည်။

“အမေ့ကျေးဇူး”
ကွန်ယက်လေလား …
ကွင်းဆက်လေလား …
ဒီရေအလား .. ဖြည်းဖြည်းတက်သွား။
စည်းလုံးမှုအား … ညီညွတ်မှုအား။
လက်ချင်းတွဲထား … ခိုင်မြဲမှုအား။
သွေးမကွဲတဲ့ … ဒို့ပြည်ထောင်စုအား။
အပြာရောင်နုနု … ငြိမ်းချမ်းမှုအား
ရာဇဝင်တွင်မယ့် ဂန္တဝင်ပန်းချီကား။
အဖြူပေါ်အပြာနု … ‘အမေစု’ ဆွဲတဲ့ မှော်ဝင်အနုပညာကား။
“သားဆက်ပြီးဆွဲတဲ့” … လက်ဆင့်ကမ်းပေးမှုလား၊
သားဆက်ပြီး မဆွဲရက်ဘူး အမေ။
အမေ့ရဲ့လက်ရာ သားမဖျက်ဝံ့ဘူး အမေ။
အမေ့ရဲ့ခံစားမှု သားမမှေးမှန်စေချင်ဘူး အမေ။
အမေ့ရဲ့တင်ပြမှု သားအကျည်းတန်အောင် မလုပ်ပါရစေနဲ့ အမေ။
အမေ့ထက် သားတစ်လ မကြီးဝံ့ပါအမေ။
သား အာခေါင်လှံမစူးဝံ့ပါအမေ။
သား အရှင်လတ်လတ် မဟာမြေကြီးထဲ မဆင်းဝံ့ပါအမေ။
အမေဟာ … အမေပါ အမေရယ်။
အမေ့နောက်မှာ သားတို့ရှိတယ်။
အမေ့ဘေးမှာ သားတို့နေမယ်။
အမေ့ခြေလှမ်းနောက်ကို သားတို့ထပ်ကြပ်မကွာလိုက်မယ်။
အမေမောရင် သားတို့တွဲခေါ်ပေးမယ်။
အမေဆာရင် သားတို့ခူးခတ်ကျွေးမယ်။
အမေ … လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းမှုကို သားတို့ဝိုင်းရံပေးမယ်။
အမေ … ယက်နေတဲ့ မျိုးဆက်သစ်ကွန်ယက်ကို သားတို့ချည်နှောင်ပေးမယ်။
သားတို့ အမေ့ကို ဒီလိုပဲ ကျေးဇူးဆပ်ခွင့်ပြုပါ အမေ။

 

ကဲ … ဟေ့! … အမေ့သားတွေ
ညီစေနော် … ညီစေ။
လက်ချင်းတွဲထား … မဟာအင်အား။
စိတ်ချင်းဆက်ထား … မဟာအင်အား။
ရဲသွေးနီထား … မဟာအင်အား။
အမေ့ကျေးဇူးကို ဆပ်ကြပါစို့လား။

ယခုလက်ရှိ အချိန်ကာလတွင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ပြည်သူ/သားများ အားလုံး ကဗျာပါ နောက်ဆုံးစာပိုဒ်အတိုင်း “လက်ခြင်း ချိတ်ထား … မဟာအင်အား၊ စိတ်ချင်းဆက်ထား … မဟာအင်အား၊ ရဲသွေးနီထား … မဟာအင်အား” ဆိုသည့်အတိုင်း စည်းလုံးမှုအင်အားများ တည်ဆောက်ရန် အချိန်ကာလ တစ်ခုသို့ ရောက်ရှိနေပြီဖြစ်တော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts