စာအုပ်စင်

မြန်မာပြည်က မိုက်ကယ်အိန်ဂျလို – ပန်းချီဦးဘကြည်

မြန်မာပြည်က မိုက်ကယ်အိန်ဂျလို – ပန်းချီဦးဘကြည်

ပန်းချီလှတင်ထွန်းရေး – ပန်းချီဦးဘကြည် ရာပြည့်အထိမ်းအမှတ်၊ ပန်းချီဦးဘကြည် ဘ၀နဲ့ သူ့လက်ရာ

မိုးမခစာအုပ်စင်၊ ဧပြီ ၃၊ ၂၀၁၄

ထုတ်ဝေသူ – ပန်းဝေေ၀စာပေ၊

ဖြန့်ချိရေး – Professional Publishing House၊ ရန်ကင်း၊ ရန်ကုန်မြို့။

ပထမအကြိမ်၊ ဇူလိုင် ၂၀၁၂၊ အုပ်ရေ ၁ ထောင်။ တန်ဖိုး ၁ သောင်း ကျပ်။

မျက်နှာဖုံး – ပန်းချီမောင်မောင်သိုက်၊ Professional Publishing House

စာမျက်နှာ ၃၀၈၊ မဂ္ဂဇင်းဆိုက်၊

            အထက်ပါစာအုပ်ကနေ မြန်မာပြည်ရဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရဲ့ ဘ၀စာမျက်နှာ၊ ဖြတ်သန်းမှုနဲ့ သူ့အနုလက်ရာ အားထုတ်မှုများ၊ မှတ်တိုင်များအကြောင်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။ စာရေးသူက သူ၏ တပည့် ပန်းချီဆရာတဦး၊ ပန်းချီအသင်းအဖွဲ့ လှုပ်ရှားမှုတွေမှာ လှုပ်ရှားသူတဦးဖြစ်တာကြောင့် ပန်းချီဆရာရဲ့ ဘ၀နဲ့ နောက်ခံသမိုင်းကြောင်းတွေ အဖြစ်အပျက်တွေကို ရုပ်လုံးဖော် ရေးသားထားတာ ဖြစ်ပါတယ်။ မြန်မာပြည်က ခုချိန် ၅၀၊ ၄၀၊ ၃၀ တန်း မျိုးဆက်တွေရဲ့ အသည်းစွဲ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ သရုပ်ဖော်ဆရာကြီးအကြောင်းဖြစ်တာမို့ တိုင်းပြည်ရဲ့ တမိပေါက် တယောက်ထွန်း ပါရမီရှင် ပန်းချီဆရာကြီးအကြောင်း ဖတ်ရှုလေ့လာ မှတ်သားသင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

            စာအုပ်စင် ခေါင်းစဉ်မှာ တပ်ထားသလို – မြန်မာပြည်က မိုက်ကယ်အိန်ဂျလို လို့ ရေးထားမိတာကတော့ မိုးမခရဲ့ ဖြည့်စွက်ချက်ပါ။ ရာသက်ပန် အစိုးရ၀န်ထမ်း ပန်းချီနည်းပြ၊ ပန်းချီကထိကနဲ့ အစိုးရအဆက်ဆက်ရဲ့ နိုင်ငံတော်ပန်းချီဆရာတဦးအဖြစ် ရပ်တည်ခဲ့သူ၊ နိုင်ငံတော်ရဲ့ အထင်ကရပွဲတော်များ၊ အဆောက်အဦများမှာ သူရဲ့ လက်ရာတွေနဲ့ တခမ်းတနား တန်ဆာဆင် ဖွဲ့သီခြင်း ခံရသူဖြစ်တာမို့ အဲသည်လို နံမယ်တတ်မိတယ် ဆိုကြပါစို့။ မိုက်ကယ်အိန်ဂျလိုကဲ့သို့ သူ့ကိုချီးမြှောက်သူ အာဏာပိုင်တွေ၊ သာသနာပိုင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေ၊ အငြင်းအခုံတွေ ဖြစ်ပွားခဲ့တဲ့ မှတ်တမ်းတွေကိုတော့ သည်မြန်မာပန်းချီဆရာကြီးရဲ့ စာအုပ်မှာ မတွေ့ရပါဘူး။ ဆရာကြီးဟာ ကလေးတွေအတွက် ရွှေသွေးဂျာနယ်မှာ စတင်ထူထောင်သည်ကနေ သူအနားယူချိန်အထိ ကလေးပုံပြင်ဇာတ်လမ်းများအတွက် သရုပ်ဖော်ရုပ်ပြများစွာ ရေးသားခဲ့ပါတယ်။ အဲသည်မှာ စာပေစိစစ်ရေးနဲ့ အထက်ဝန်ထမ်းအာဏာပိုင်တွေက ဆရာကြီးရဲ့ ရုပ်ပုံတွေကို ကန့်သတ်တာ ဝေဖန်တာ ပြင်ဆင်တာတွေနဲ့ ကြုံဆုံခဲ့ရတာတွေ ရှိခဲ့ပုံရပေမယ့် အဲသည်အကြောင်းတွေလည်း အနုပညာရှင်ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေမှာ မဖတ်ရှုရပြန်ပါဘူး။

            မြန်မာပြည်ရဲ့ တော်လှန်တဲ့ကာတွန်းဆရာတွေဖြစ်တဲ့ ဦးရွှေတလေး၊ ဦဘဂျမ်း၊ ဦးဖေသိန်းတို့ကဲ့သို့သော အနုပညာရှင်အဖြစ် ပုံဖော်ရေးသားထားခြင်း မတွေ့ရသော်လည်း ဆရာရဲ့ မြန်မာလူနေမှု ဓလေ့ထုံးတမ်း အစဉ်အလာကို ထိန်းသိမ်း ဖော်ကျုး ဖွဲ့ဆို ဂုဏ်ယူသော ပန်းချီ သရုပ်ဖော် အနုပညာများစွာဟာ မြန်မာပြည်ရဲ့ အဲသည်ခေတ်က ကလေးသူငယ် မျိုးဆက်များစွာအပေါ်မှာ ကြီးမားလှပတဲ့ လွှမ်းမိုးမှု သက်ရောက်ခဲ့တာကတော့ အမှန်ပဲ ဖြစ်ပါတော့တယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts